ရွှေပြည်စိုး - ကြုံတုန်းဆုံတုန်း ပြောရအုံးမယ့် - အစွန်းရောက် သံဃာအချို့ လူအချို့တို့အကြောင်း




ရွှေပြည်စိုး - ကြုံတုန်းဆုံတုန်း ပြောရအုံးမယ့် - အစွန်းရောက် သံဃာအချို့ လူအချို့တို့အကြောင်း
( မိုးမခ) စက်တင်ဘာ ၃၊ ၂၀၁၇


ဒီဆောင်းပါးရဲ့ အဓိက ဇာတ်ကြောင်းကတော့ လတ်တလော ရန်ကုန်၊ မန္တလေးမြို့တို့မှာ ဖြစ်ပေါ်နေတဲ့ “NLD ပြည်သူ့အစိုးရ ဖြုတ်ချရေး” ထိုင်သပိတ် ကျင်းပနေတဲ့ အမျိုးသားရေး အရေခြုံ သံဃာအချို့ လူအချို့တို့ရဲ့ ဇာတ်ကြောင်း ဖြစ်ပါတယ်။

သပိတ်မှောက်တဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်လိုသူ စုပေါင်းဖွဲ့စည်းထား တယ်ဆိုတဲ့ မျိုးချစ် အမည်ခံ အမျိုးသားရေး သံဃာအချို့နဲ့ လူအချို့တို့ဟာ ရန်ကုန်၊ မန္တလေး မြို့တို့မှာ ၂၀၁၇-သြဂုတ်လ ၂-ရက်နေ့ ညနေ (၅)နာရီခန့်က ထိုင်သပိတ် တပြိုင်တည်း ပြု လုပ်ကြပြီး “အစိုးရ ဖြုတ်ချရေး” အပါအဝင် တောင်းဆိုချက် အချို့ကို တောင်းဆိုကြတာ ဖြစ်ပါ တယ်။ တောင်ကြီးမြို့က ၂၀၁၇-သြဂုတ်လ ၄-ရက်နေ့မှာ သပိတ်မှောက်ပွဲမှာ ပါဝင်လာတာ သိရပါတယ်။ (RFA, BBC, 7 Day Daily, 2-Aug-2017)

ရန်ကုန်မြို့ သပိတ်စခန်းက ဗဟန်းမြို့နယ်၊ ရွှေတိဂုံဘုရား အရှေ့ မုခ်ရှိ ကြေးသွန်း ဘုရားကြီး အဝင်ပေါက်မှာ ဖြစ်ပြီး၊ မန္တလေး သပိတ်စခန်းကတော့ ချမ်းမြသာစည်မြို့နယ်၊ မဟာမုနိ ဘုရားကြီး အနောက်မုခ်ရှိ သာသနာ ၂၅၀၀ ရတနာဗိမာန်တော်ကြိး အတွင်းမှာ ဖွင့်ထားကြတာ ဖြစ်ပါတယ်။

ရန်ကုန်သပိတ်စခန်းနေရာကို သာသနာရေး၊ ပြည်ထဲရေး၊ အထွေထွေ အုပ်ချုပ်ရေး စတဲ့ ဌာနတို့က တာဝန်ရှိသူတွေ၊ လွှတ်တော် ကိုယ်စးလှယ်တွေ ပါဝင်တဲ့ အဖွဲ့တဖွဲ့က သွား ရောက်ပြီး ဆန္ဒပြသူတွေနဲ့ ညှိနှိုင်းပေမယ့် မအောင်မြင်ပါ။ ဒါ့ပြင် ဗဟန်းမြို့နယ် သံဃနာယက ဆရာတော်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထိန်စိုး၊ မြို့နယ် စခန်းမှူး ဒုရဲမှူး အေးမင်းသိန်းတို့က “ယခု ဆန္ဒပြပွဲသည် ခွင့်ပြချက် မတင်ထား၍ ခွင့်မပြုကြောင်း သွားရောက် တားဆီး ပြော ဆိုပေမယ့် ဆန္ဒပြသူများက လက်မခံကြ။ ဆန္ဒပြပွဲ ဦးဆောင်သူမှာ ဦးပညာဝံသ ဖြစ်ကြောင်း သိရပါတယ်။ (7 Day Daily, 3-Aug-2017)

အဲလို ဆန္ဒပြသူများရဲ့ ငြင်းဆန်မှုနဲ့ ပတ်သက်၍ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီး ဌာနရဲ့ ထုတ်ပြန်ချက်တခုမှာ - ရန်ကုန်၊ မန္တလေးမြို့တို့မှာ ပြုလုပ်နေတဲ့ သပိတ်မှောက်ပွဲမှာ ပါဝင်တဲ့ သံဃာအချို့နဲ့ လူအချို့တို့ဟာ သံဃာအများစုနဲ့ လူထုရဲ့ ဆန္ဒကို ကိုယ်စား မပြု ကြောင်းနဲ့ တိုင်းပြည် တည်ငြိမ်မှုကို မလိုလားသူများက ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်အချို့ကို အသုံးချတာ ဖြစ်နိုင်ကြောင်း” ပါရှိပါတယ်။ (Irrawaddy, 3-Aug-2017)။

သာသနာရေးဝန်ကြီးဌာနက ပြောတာ မှန်ပါတယ်။ ရန်ကုန်မြို့မှာ ဖွင့်တဲ့ ထိုင်သပိတ် စခန်းမှာ သံဃာ (၁၃)ပါး၊ လူ(၁၀)ဦး၊ ယောက်ျားလေး၊ မိန်းကလေး (၆)ဦးသာ ပါဝင်ပါတယ်။ (VOA, 2-Aug-2017)၊ မန္တလေး ချမ်းမြသာစည်မြို့နယ် ထိုင်သပိတ်စခန်းမှာလည်း သံဃာ (၂၀)ပါးနဲ့ လူအချို့သာ ရှိပါတယ်။ (RFA, 3-Aug-2017)၊ ဒါကြောင့် သာသနာရေး ဝန်ကြီး ဌာနက ပြေသလို - “သပိတ်မှောက်နေတဲ့ အမျိုးသားရေး လှုပ်ရှားသူ အမည်ခံ သံဃာအချို့နဲ့ လူပုဂ္ဂိုလ်တို့ဟာ သံဃာအများစုနဲ့ လူထုရဲက ဆန္ဒကို ကိုယ်စား မပြုနိုင်ပါ။ ခုသပိတ်စခန်း ဖွင့်တဲ့ ရန်ကုန်နဲ့ မန္တလေး (၂)နေရာ ပေါင်းမှ (၁၀၀) ကျော်လောက်လေးနဲ့ ဘာကိုမှ ကိုယ်စား မပြုတာ အမှန်ပါ။ ခု ထိုင်သပိစခန်းဖွင့်တဲ့ ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်တို့ဟာ တိုင်းပြည်ကို တကယ်ချစ်လို့၊ အမျိုးဘာသာ သာသနာကို တကယ်စောင့်ရှောက်လိုလို့ မဟုတ်ကြပါဘူး။ တိုင်းပြည် တည်ငြိမ်အေးချမ်းမှုကို မလိုလားတဲ့၊ စစ်တပ်ကို အာဏာ ပြန်သိမ်းစေလိုတဲ့၊ ရာထူး၊ အာဏာ၊ အသပြာနဲ့ အခွင့်ထူးတွေ မက်မောတဲ့ သူတွေရဲ့ ပေးတာယူ၊ ကျွေးတာစား၊ ခိုင်းတာလုပ်နေတဲ့ အမျိုးသားရေး အရေခြုံသမားတွေ ဖြစ်နေမှန်း အားလုံး သိထားကြပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် သပိတ်စခန်းတွေအပေါ် ဘယ်သူမှ အယုံအကြည် မရှိကြတော့ဘဲ မူမမှန်တဲ့ အဖျက်သမား အင်အားစု အဖြစ်သာ မြင်လာကြတာကြောင့်လည်း ဘယ်သူမှ ပါဝင် ပူးပေါင်းခြင်း၊ ထောက်ခံခြင်း မပြုကြဘူးဆိုတာ ထင်ရှားပါတယ်။

သပိတ်မှောက် ဆန္ဒပြပြီး အစိုးရကို ဖြတ်ချ၍မရ။
“ကိုယ့်ထက်သာ မနာလို” ဆိုရိုးစကားအတိုင်း သူတို့ထက် အဖက်ဖက်က သာနေတဲ့ NLD ပါတီကို မနာလို ဝန်တို ဖြစ်နေတဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတဲ့ ကြံ့ခိုင် ရေးပါတီနဲ့ မိတ်ဖက်ပါတီတွေက NLD ပြည်သူ့အစိုးရ အမြန်ဆုံး ပြုတ်ကျအောင် အမျိုးမျိုး ကြံစည် ကြိုးစားနေတာ ကြိမ်ဖန်များစွာ တွေ့မြင်နေရပါတယ်။ ဒီလို ကြိုးစားတဲ့အခါ ဘာသာ ရေး၊ လူမျိုးရေး အစွန်းရောက် သံဃာအချို့နဲ့ လူအချို့တို့ဟာ ပေးတာယူ၊ ကျွေးတာစား၊ ခိုင်းတာလုပ်တတ်ကြတဲ့သူတွေ ဖြစ်မှန်း သိထားလို့ ထိုသူတို့ကို လက်သတ်မွေးပြီး လက်ပါးစေ အဖြစ် အသုံးချလိုက်တာပါပဲ။ အဲဒီ အစွန်းရောက် လက်ပါးစေ ခိုင်းဖတ်တွေကလည်း အယုတ် တမာကောင်တွေရဲ့ သွေးထိုးမှုတွေကို အဟုတ်ကြီး ထင်နေတာရယ်၊ သူတို့ကိုယ်သူတို့ အာဇာနည် သူရဲကောင်းကြီးတွေလို့ အထင်ကြီးနေတာရယ်၊ အလွယ်တကူ နေ့စားခ ငွေကြေး ရတာရယ်တွေကြောင့် တရားဝင် အာဏာရ ပြည်သူ့အစိုးရနဲ့ မဟန (နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့)က ဆရာတော်ကြီးများ မေတ္တာရပ်ခံ၊ မိန့်ကြားတာတွေကိုပင် မနာခံ အာခံ ကာပြန်ပြီး ကလန်ကဆန် လုပ်ကြပါတယ်။

သနားစရာ ကောင်းတာက သူတို့ကိုယ်တိုင်က အာဏာ မက်မောသူ၊ ငွေကြေး ရှိသူ တို့ရဲ့ အကျိုးစီးပွားအတွက် လက်ပါးစေ ခိုင်းဖတ် ဖြစ်နေမှန်း မသိကြရှာဘူး။ ဥပမာ - မန္တလေး ချမ်းမြသာစည်မြို့နယ် သံဃမဟာနာယကအဖွဲ့က လက်ရှိသပိတ်စခန်းဟာ ဘုရား ဝတ္တက နယ်မြေဖြစ်လို့ ရွှေ့ပြောင်းပေးဖို့ မေတ္တာရပ်ခံတာကို သပိတ်စခန်း တာဝန်ရှိသူ ခိုင်းဖတ် ဦးမြင့်ဦးက - “သပိတ်စခန်းကို ရွှေ့ပြောင်းမပေးဘူး”လို့ ငြင်းဆန်တဲ့အပြင် “ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ NLD အစိုးရ နုတ်ထွက်ပေးဖို့ အပါအဝင် သူတို့ တောင်းဆိုချက်တွေ မရမခြင်း သပိတ် ဆက်မှောက်မယ်”လို့ပင် ပြင်းပြင်းထန်ထန် ငြင်းဆန်လိုက်ပါသေးတယ်။ (RFA, 3-Aug-2017)

အဲဒီအချိန်မတိုင်မီက - ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ နုတ်ထွက် ပေးဖို့ အမျိုးသားရေးဝါဒီဆိုသူ ဦးဝီရသူက သူ့ရဲ့ ဖေ့စ်ဘုတ် ဗီဒီယိုဖိုင်မှာ တင်ပြီး တောင်း ဆိုပြီး တဲ့နောက်ပိုင်းမှာ ခုလို ရန်ကုန်၊ မန္တလေးမြို့တို့က အစိုးရနုတ်ထွက်ပေးဖို့ ထိုင်သပိတ်တွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ အစိုးရ နုတ်ထွက်ပေးဖို့ တောင်းဆိုနေတဲ့ သံဃာတော်နဲ့ အမျိုးသားရေး လှုပ်ရှားသူတွေက ဦးဝီရသူ တောင်းဆိုတဲ့အတိုင်း ဒေါ်စု ဦးဆောင်တဲ့ NLD အစိုးရ နုတ်ထွက်ပေးဖို့ အပါအဝင် အခြား တောင်းဆိုမှုအချို့လည်း ပါဝင်ပါသေးတယ်။ ရန်ကုန် သပိတ်စခန်း ဦးဆောင်ဆရာတော် ဦးပညာသာရဇောတိက ကတော့ “အစိုးရ ပြုတ် ကျတဲ့အထိ ဆောင်ရွက်သွားမယ်”လို့ ကြုံးဝါးပါသေးတယ်။ သူပြောသလို ဖြစ်မဖြစ် ဆက် ကြည့်ပါ။

ဆရာတော် ဦးကောဝိဒ၊ ဦးမောင်မောင်ဝင်းနဲ့ ဒေါက်တာ ရန်မျိုးသိမ်းတို့ရဲ့ အမြင်များ။
ကနေဒါနိုင်ငံ အခြေစိုက် အပြည်ပြည်ဆိုင်ရာ မြန်မာ သံဃာတော်များအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဦးကောဝိဒ မိန့်ကြားရာမှာ - ရန်ကုန်၊ မန္တလေးမြို့တို့က သပိတ်စခန်းနဲ့ ပတ်သက် လို့ “လက်ရှိအစိုးရ နုတ်ထွက်ပေးဖို့ ဆန္ဒပြနေတဲ့ အမျိုးသားရေး အင်အားစု အမည်ခံ သံဃာ အချို့နဲ့ လူအချို့တို့ရဲ့ လုပ်ရပ်ကို လက်မခံနိုင်ကြောင်း၊ ဒီမိုကရေစီ နိုင်ငံတွေမှာတောင် လွတ်လွတ်လပ်လပ် ဆန္ဒပြခွင့် ရှိပေမယ့် သက်ဆိုင်ရာ ရဲအာဏာပိုင်တွေရဲ့ ခွင့်ပြုချက် ယူရ ကြောင်း၊ လက်ရှိ သံဃာတော်တွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေဟာ ရိုးသားမှု မရှိကြောင်း၊ ပြီး တော့လည်း သူတို့မှာ (NLD အစိုးရ) အာဏာအပြည့်အဝ မရှိဖြစ်နေချိန်မှာ ဒီလို ပယောဂ တွေရဲ့ အစိုးရ ပြုတ်ကျအောင် သပိတ်မှောက်တယ်ဆိုတော့ ဘုန်းဘုန်းတို့အနေနဲ့ လက်မခံ နိုင်ကြောင်း” မိန့်ကြားပါတယ်။ (VOA, 3-Aug-2017)

တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်ဝင်းကတော့ - “ဥပဒေကြောင်းအရ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဆန္ဒဖော်ထုတ်ခွင့် ရှိပါတယ်။ အစိုးရဖြုတ်ချဖို့ကျတော့ တရားဥပဒေနဲ့ သွားရမှာပါ။ ဆန္ဒပြ သပိတ်မှောက်တာနဲ့ အစိုးရ ပြုတ်ကျမသွားနိုင်ပါဘူး။ လက်ရှိ သပိတ် မှောက် တောင်းဆိုနေသူတွေအနေနဲ့ ခုလို အာဏာပိုင်တွေဆီက ခွင့်ပြုချက် မယူဘူးဆိုရင် ပုဒ်မ ၁၈၊ ပုဒ်မ ၅၀၅(ခ)စတာတွေနဲ့ အရေးယူခံရဖွယ် ရှိကြောင်း”ကိုလည်း သတိပေး ပြော ကြားပါတယ်။

ခုတဖန် နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းကလည်း - “အခု အစိုးရ ဟာ ၂၀၁၅-ခု ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲနဲ့ ၂၀၁၇ ကြားဖြတ် ရွေး ကောက်ပွဲမှာ ပြည်သူလူထုက တိုက်ရိုက် တင်မြှောက်တဲ့ အစိုးရဖြစ်တဲ့အတွက်ကြောင့် အစိုးရ ကို နုတ်ထွက်ပေးဖို့ တောင်းဆိုတာဟာ ကြောင်းကျိုး ဆီလျော်မှု မရှိ၊ ခိုင်လုံမှု မရှိဘူး”လို့ သုံးသပ်ထားပါတယ်။ (BBC, 3-Aug-2017)

ဆရာတော် အရှင်သုစိတ္တ၊ ဆရာတော် အရှင်ဆန္ဒာဓိကနဲ့ စာရေးဆရာ ဦးအောင်သင်းတို့ ဖွင့်ဆိုထားတဲ့ စာစုလေးများ။
ကြံ့ခိုင်ရေးပါတီနဲ့ မိတ်ဖက်ပါတီ (၁၄)ခုလောက်က NLD ပြည်သူ့အစိုးရ အမြန်ဆုံး ပြတ်ကျပြီး စစ်တပ်က အာဏာ ပြန်သိမ်းနိုင်ဖို့ အလွှာပေါင်းစုံက ဘက်ပေါင်းစုံ၊ နည်းလမ်း ပေါင်းစုံနဲ့ အပြစ်ရှာ ပြဿနာ ဖန်တီးနေတာတွေကို ကြည့်ပြီး ဆရာတော် အရှင်သုစိတ္တ (မော် ကျွန်း) သာသနဓဇဓမ္မာစရိယ)၊ ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိကနဲ့ စာရေးဆရာ ဦးအောင်သင်းတို့ရဲ့ မှတ်သားဖွယ်ရာ စာစုတိုလေးတွေကို သွားပြီး သတိရမိလို့ ထပ်ဆင့် မျှဝေပေးလိုက်ရပါတယ်။ ကြည့်ကြပါ - ဆရာတော် အရှင်သုစိတ္တရဲ့ စာစုလေးက -“လူမိုက် သည် သူများဒုက္ခရောက်ရင် ဝမ်းသာ၍ သူတပါး အဆင်ပြေရင် မနာလိုတတ်ပေမယ့်၊ ပညာရှိ တို့ ကြောက်တာက ဒုက္ခရောက်သူကို မကယ်နိုင်မှာနဲ့ အဆင်ပြေသူကို ဝမ်းမသာမိမှာ ဒီနှစ်ခုကို အကြောက်ဆုံးပါ”တဲ့။ အဓိပ္ပာယ်ရင်းက - ကြံ့ခိုင်ရေး ပါတီနဲ့ မိတ်ဖက်ပါတီတွေက NLD အစိုးရနဲ့ ခေါင်းဆောင်တွေ ဒုက္ခရောက်ရင် ဝမ်းသာတာဖြစ်လို့ ဒုက္ခရောက် မျက်ဖြူဆိုက်အောင် နည်းမျိုးစုံနဲ့ ကြံစည် အားထုတ်နေသလို NLD အစိုးရ ခေါင်းဆောင်တွေ အဆင်ပြေတာကို မနာလို ဝန်တို ဖြစ်ကာ အဆင်မပြေအောင်၊ ဒုက္ခရောက်အောင် လုပ်နေတာနဲ့ အတူတူပါပဲ။ (မှတ်ချက် - ဆရာတော် အရှင်သုစိတ္တ (မော်ကျွန်း)သည် ရန်ကုန် မျိုးချစ် မြန်မာ ရဟန်းတော်များ သမဂ္ဂ အတွင်းရေးမှူး ဦးသုစိတ္တ မဟုတ်ကြောင်း သဲကွဲရှင်း လင်းအောင် တင်ပြရခြင်း ဖြစ် ပါတယ်။)

ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိက က -“နိုင်ငံသားတွေကို ဆိုးကျိုးဖြစ်စေ တဲ့သူ၊ နိုင်ငံတိုးတက်မှုကို အဟန့်အတား ဖြစ်စေတဲ့သူ၊ နိုင်ငံကို မတည်ငြိမ်အောင် လုပ်တဲ့သူ၊ နိုင်ငံသားတွေရဲ့ စိတ်နှလုံး အေးချမ်းမှုနဲ့ ဘဝ တိုးတက်မှုကို နှောင့်နှေးစေတဲ့သူတိုင်းဟာ နိုင်ငံ ရဲ့ ရန်သူတွေချည်းပါပဲ။ အဲဒီနိုင်ငံရန်သူရဲ့ “အမြစ် အညွန့်”တို့ကို ပြတ်ပြတ်သားသား ဖြတ် တောက်ပြစ်ရမယ်”လို့ မိန့်ကြားထားပါတယ်။

ဆရာတော် အရှင်ဆန္ဒာဓိကရဲ့ ဆိုလိုရင်းကလည်း - “နိုင်ငံတိုးတက်မှုကို အဟန့် အတားဖြစ်အောင် လုပ်နေတဲ့၊ နိုင်ငံသားတွေရဲ့ စိတ်နှလုံး အေးချမ်းမှုနဲ့ ဘဝတိုးတက်မှု နှောင့်နှေးအောင် လုပ်နေတဲ့ ကြံ့ခိုင်ရေးပါတီနဲ့ ဒီပါတီရဲ့ နောက်လိုက် လက်ဝေခံပါတီတွေနဲ့ အမျိုးသားရေးလို့ ဟစ်ကြွေးနေကြတဲ့ သံဃာအချိုနဲ့ လူအချို့တို့ကို ရည်ညွှန်း ပြောနေမှန်း သိနေကြမယ်လို့ ယုံကြည်ပါတယ်။

စာရေးဆရာ ဦးအောင်သင်းရဲ့ စာစုလေးက -“သံပုရာသီးတို့ကို နှစ်လုံးပေါင်း၍ စား သောအခါ ပို၍ မချဉ်လာသော်လည်း လူယုတ်မာတို့ နှစ်ယောက်ပေါင်းမိသောအခါ၌ ပို၍ ယုတ်မာသော အမှုကို ပြုတတ်ကြကုန်၏”တဲ့။ ဆရာ့ စကားစုလေးက -“သွေးထွက်အောင် မှန်ကန်ပါတယ်”။ ဆရာ့စကားစုလေးရဲ့ အဓိပ္ပာယ်နဲ့ ကြံ့ခိုင်ရေးပါတီရဲ့ ယုတ်မာတဲ့ လုပ်ရပ် တွေက ရာနှုန်းပြည့် မှန်ကန်နေတာ တွေ့နေရပါတယ်။ နဂိုကတည်းက ယုတ်မာပြီးသားဖြစ်နေ တဲ့ ကြံ့ခိုင်ရေးပါတီနဲ့ ပေါင်းပြီး ယုတ်မာစပြုလာပြီးဖြစ်တဲ့ မိတ်ဖက်ပါတီတို့နဲ့ ပေါင်းမိတဲ့အခါမှာ ပို၍ ပို၍ ယုတ်ယုတ်မာမာ ပြုလုပ်လာကြတာကို ဖော်ပြပါ လတ်တလော ဖြစ်စဉ် ဖြစ်ရပ်တွေက ခိုင်ခိုင်မာမာ သက်သေပြနေပါတယ်။ တနည်း ပြောရရင် သူတို့တွေဟာ “ယုတ်မာမှုအပေါင်း သရဖူဆောင်းတဲ့ပါတီတွေ” ဖြစ်လာနေတာ ပိုထင်ရှားလာပါတယ်။

ဆရာနဲ့ ဆရာတော်တို့ရဲ့ မှတ်သားဖွယ်ရာ စာစုလေးတွေရဲ့ ဆိုလိုရင်း အဓိပ္ပာယ်တွေ ဟာ ကြံ့ခိုင်ရေး ပါတီနဲ့ မိတ်ဖက်ပါတီတွေရဲ့ မနာလို ဝန်တိုတဲ့ ယုတ်မာတဲ့ လုပ်ရပ်တွေနဲ့ တသားတည်း၊ တထပ်တည်း ထပ်တူထပ်မျှ မှန်ကန်နေကြောင်း တိုင်းသူပြည်သား အားလုံး သိစေဖို့ စာရေးသူက ထပ်လောင်း၍ ဖော်ညွှန်းပေးလိုက်ရခြင်း ဖြစ်ပါတယ်။

သပိတ်ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက စောင့်ကြည့်နေပြီ။
ရန်ကုန်၊ မန္တလေးမြို့တို့မှာ ဖွင့်တဲ့ သပိတ်စခန်းတွေကို သာယဉ် ဝန်ကြီးဌာန ညွှန်ကြား ရေးမှူး ဦးမြင့်ဇော်ဝင်းက -“သက်ဆိုင်ရာ တာဝန်ရှိသူတွေက စောင့်ကြည့်ပြီး လိုအပ်လာရင် ဥပဒေအတိုင်း ဆောင်ရွက်သွားမည်” “သက်ဆိုင်ရာ တာဝန်ရှိသူများထံ ကြိုတင်ခွင့်ပြုချက် တောင်းခံခြင်း မရှိကြောင်း” ပြောဆိုထားသလို သက်ဆိုင်ရာ တိုင်းသံဃနာယက အဖွဲ့များက လည်း သြဝါဒပေး တားမြစ် ညှိုနှိုင်းပေမယ့် မနာခံတဲ့အပြင် မန္တလေး သပိတ် ဦးဆောင် သံဃာ တပါးက -“ဦးဇင်းတို့က ဆန္ဒပြတာမဟုတ်၊ သပိတ်မှောက်တာဖြစ်တဲ့အတွက် ခွင့်ပြုချက် တောင်းမှာ မဟုတ်ဘူး”လို့ ဆိုင်ရာ အာဏာပိုင်တွေကို ဆင်ခြေပေး မိန့်ကြားကြောင်း သိရပါတယ်။

သပိတ်မှောက် သံဃာတွေဟာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက မေတ္တာရပ်ခံ၊ သတိ ပေး၊ အကြောင်းကြားတိုင်း ပြန်ပြီး ဆင်ခြေပေးကာ စကားနာထိုးရဲနေကြတာဟာ သူတို့ နောက်ကွယ်မှာ အားကိုး အားထားရာ အကောင်ကြီးကြီးတွေနဲ့ မဘသအဖွဲ့ကြီးလို ငွေကြေး တောင့်တောင့်တင်းတင်း ပြည့်ပြည့်စုံစုံ ရှိတဲ့ အဖွဲ့အစည်းကြီးတွေ ရှိနေလိုသာ သူတို့ ခုလို အမိန့်မနာခံဘဲ အာခံရဲနေကြတယ်ဆိုတာ သံသယ ဖြစ်စရာ မလိုအောင် ထင်ရှားနေပါတယ်။ မဘသ အဖွဲ့မှာ အစွန်းရောက် ဘာသာရေး အဖွဲ့တွေကို ထောက်ပံ့ဖို့ငွေ ကျပ်သန်းပေါင်း (၅)ထောင်ခန့် ရှိတယ်လို့ သူရဦးအောင်ကိုက သတင်းရရှိထားတယ်လို့ ဆိုပေမယ့် မဘသ အဖွဲ့ ဦးဆောင် ဆရာတော် ဦးဝီရသူကတော့ “မဘသ ရန်ပုံငွေဟာ ကျပ်သန်းပေါင်း (၂)ထောင်ခန့် ရှိတယ်”လို့ ဝန်ခံထားတာ တွေ့ရပါတယ်။ (BBC, 26-5-2017)

အဲလို မဘသ အဖွဲ့မှာ ငွေသန်းပေါင်း ထောင်နဲ့ချီပြီး ရှိနေတာကြောင့် 20-5-2017 ရက်နေ့ နေပြည်တော်ရှိ သူရဦးအောင်ကိုအား ရာထူးက နုတ်ထွက်ပေးဖို့အတွက် ငွေကျပ် သိန်းပေါင်း (၈)ထောင်ခန့် သုံးစွဲခဲ့ကြောင်းနဲ့ ဆန္ဒပြသူ (၃)ထောင်လောက်ကို တယောက်လျှင် ကျပ်(၇)ထောင်၊ (၁)သောင်း၊ (၂)သောင်း (၃)သောင်း ထောက်ပံ့ကြောင်း လူမှုကွန်ရက် တွေကတဆင့် ကမ္ဘာပျံ့ နှံ့သွားတာ သိရပါတယ်။ (Irrawaddy, 20-5-2017)

ဒါပေမယ့် တောင်းဆိုဆန္ဒပြပွဲကို တယောက်ဖို့ ထောက်ပံ့ကြေး ပေးမယ်ဆိုပြီး အနယ် နယ် အရပ်ရပ်က လက်လုပ်လက်စားတွေကို မက်လုံးပေးပြီး ခေါ်လာတဲ့အထဲက ထောက်ပံ့ငွေ မရလို့ နေရပ်ပြန်ဖို့ ငွေကြေးအခက်အခဲ ပြဿနာ ပေါ်နေကြောင်း၊ ငွေကြေးပြဿနာဖြစ်လို့ သာယဉ်ဝန်ကြီးဌာနကို အကြောင်းကြားလာသူ (၃)ရက်အတွင်း အယောက် (၁၀၀) ရှိသွား ပြီဖြစ်ကြောင်း သိရပါတယ်။ (RFA, 26-5-2017)

မဘသအဖွဲ့ဟာ ကျပ်ငွေ သန်းပေါင်း ထောင်နဲ့ချီပြီး ချမ်းသာနေမှန်း၊ မဘသ ဦး ဆောင်နေသူတွေဟာ ဒါကြောင့် ထောင်ထောင်၊ ထောင်ထောင် ဖြစ်နေမှန်းနဲ့ ဝန်ကြီး သူရ ဦးအောင်ကို နှုတ်ထွက်ပေးဖို့ ဆန္ဒပြပွဲ ဦးဆောင်သူတွေဟာ နယ်စုံမှ ခေါ်လာတဲ့ မရှိဆင်းရဲသားတွေရဲ့ နေ့စားခ ငွေကြေးတွေကို ခေါင်းပုံဖြတ် အမြတ်ထုတ်တဲ့ သူတွေ ဖြစ်နေမှန်း ခုမှ သိရတော့တယ်။ ဒါပေမယ့် ခေါင်းပုံဖြတ် အမြတ်ထုတ် ခိုးစားနေကြသူတွေ အတွက်ကတော့ နည်းတယ်တောင် ထင်နေအုန်းမှာပါ။ လုပ်မှ လုပ်ရက်တဲ့ ငဖြတ်စားတို့ရယ်။

သက်ဆိုင်ရာ တာဝန်ရှိသူများရဲ့ နောက်ဆုံးအဆိုအမိန့်များ။
ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ ဥက့္ကဋ္ဌ ဦးခင်မောင် ဝင်းက - “ဒီကိစ္စကို အစိုးရက ဥပဒေနဲ့အညီ ဖြေရှင်းနိုင်မယ်လို့ ထင်ကြောင်း၊ ဆရာတော်တွေ အနေနဲ့လည်း သံဃမဟာနာယက အဖွဲ့ကနေ တင်ပြ တောင်းဆို၍ ရကြောင်း၊ ခုလို သပိတ် မှောက်ရုံနဲ့ အစိုးရကို ဖြုတ်ချ၍ မရကြောင်းနဲ့ ဆန္ဒပြတဲ့နည်းလမ်းကလည်း မှန်ကန်တဲ့ နည်းလမ်းမဟုတ်ကြောင်းနဲ့ သပိတ်မှောက်နေတာဟာ တရားမဝင် လုပ်ရပ် ဖြစ်နေကြောင်း” သွယ်ဝိုက်တဲ့နည်းနဲ့ ပြောကြားတာ သိရပါတယ်။ (Irrawaddy, 4-Aug-2017)

ရန်ကုန်၊ မန္တလေးမြို့တို့မှာ အစိုးရ နုတ်ထွက်ပေးဖို့ အပါအဝင် အခြားတောင်းဆိုမှုတွေနဲ့ ပတ်သက်ပြီး သံဃနာယကအဖွဲ့တွေနဲ့အတူ ရှေ့နေ၊ တရားရေးဌာန၊ သာသနာရေးဌာန၊ ပြည်တွင်းပြည်ပက သံဃအဖွဲ့အစည်း၊ သံဃာအချို့၊ လူအချို့တို့က သပိတ်မှောက်ပွဲ ဦးဆောင် သူ ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်များကို ပြေလည်ရာ ပြေလည်ကြောင်း ဝိုင်းပြီး ဖြောင်းဖြ ညှိနှိုင်း ပေမယ့် မရတော့တဲ့ အဆုံးမှ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက -“သာသနာရေးပိုင်း က အုပ်ချုပ်ရေးလမ်းကြောင်းအတိုင်း ဆောင်ရွက်ရန် ညွှန်ကြားလာပါက သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြေရှင်းသွားမည် ဖြစ်ကြောင်း” ပြောကြားပေမယ့် အားကိုးအား ထားတွေ ရှိနေလို့ သွေးကြွ မာန်တက်နေတဲ့ ဦးဆောင်သံဃာတော်များက လက်မခံကြပါ။ မန္တလေး သပိတ်စခန်းက ဆရာတော် ဦးအဂ္ဂ က - “ဒီသပိတ်စခန်းတွေက ဦးဇင်းတို့ရဲ့ တောင်း ဆိုချက်တွေ ရရ၊ မရရ ရေရှည်သွားမယ့် စခန်းတွေ ဖြစ်ကြောင်း” မိန့်ကြားသလို ရန်ကုန် သပိတ်စခန်းမှ ဆရာတော် ဦးပညာဝံသ ကလည်း - “သူတို့ တောင်းဆိုချက်တွေ မရမခြင်း သပိတ်စခန်းဖွင့်၍ သပိတ် ဆက်မှောက်သွားမှာ ဖြစ်ကြောင်း” မိန့်ကြားပါတယ်။

ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်က ဘာ့ကြောင့် ဝင်ပြီး သတိပေးရသလဲဆိုတာကို နောက်ခံ အားကိုးအားထား ရှိနေတဲ့ သံဃာတော်များက - ဒါဟာ ဟန်ပြ ပြောတာပဲလို့ ယူဆ ပုံရတယ်။ ဒါ့ကြောင့် ဗိုလ်ချုပ်စကားကို ဂရုမစိုက်ဘဲ ဆက်လုပ်နေကြတာ ဖြစ်တယ်။ အမှန်က ဗိုလ်ချုပ်တွေ ချုပ်ကိုင်ထားတဲ့ ပြည်ထဲရေး ဝန်ကြီးဌာနက စစ်အစိုးရ အဆက်ဆက်ကို မပြောနဲ့ အရပ်သားဟန်ဆောင် ဗိုလ်ချုပ်သိန်းစိန် လက်ထက်မှာတောင် သံဃာတော် အပါအဝင် သူတို့ ဘက်တော်သားတွေက ဆန့်ကျင်ဘက် နိုင်ငံရေး ပါတီတွေ၊ ရဟန်းသံဃာ၊ ကျောင်းသားတွေနဲ့ ပြည်သူတွေအပေါ် ဘာလုပ်လုပ်၊ ဘယ်လိုအနိုင်ကျင့်ကျင့် ဘာမှ ဝင်မပြော(သို့) ဘာမှ ဝင်ဟန့် တားလေ့ မရှိဘူး။ ခု NLD အစိုးရ လက်ထက်ရောက်မှ ခုလို ဝင်ပြောရခြင်းမှာ သူ့လူတွေ ဘက်က လုပ်ထုံးလုပ်နည်းတွေကို ကျော်လွန်ပြီး ဆန့်ကျင်ဘက်တွေ လုပ်နေတာကြောင့် တကယ်လို့ ဥပဒေအရ အရေးယူရင် သူ့လူတွေ ခံရမှာ စိုးလို့ ဝင်ပြောတာပါ။ ဒါကို မရိပ်မိတဲ့ ခေါင်းဆောင် ဆရာတော်တွေက သူတို့အဘ ဗိုလ်ချုပ်ရဲ့ စကားကို ဆန့်ကျင်နေကြတာ ဖြစ်တယ်။


ရွှေပြည်စိုး
၈-၃၀-၂၀၁၇

Comments