မောင်မောင်စိုး ● အသစ်မြင် မြန်မာပြည်ငြိမ်းချမ်းရေး - အပိုင်း (၂)

မောင်မောင်စိုး ● အသစ်မြင် မြန်မာပြည်ငြိမ်းချမ်းရေး - အပိုင်း (၂)
(ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သုံးသပ်ချက်)
(မိုးမခ) စက်တင်ဘာ ၅၊ ၂၀၁၇


● မြောက်ပိုင်းမဟာမိတ်များ

ဤသို့ NCA ထိုးရေးနှင့်ပတ်သက်၍ ဝိဝါဒကွဲပြားနေစဉ်မှာပင် တိုင်းရင်းသားများကြား စုဖွဲ့မှု အပြောင်းအလဲသည် ၂၀၁၇ ခုနှစ် ဖေဖဝါရီလကုန်ပိုင်းတွင် ပေါ်ထွက်လာခဲ့သည်။ NCA လက်မှတ်ထိုးရန်မလိုဟု ငြင်းဆန်နေခဲ့သော UWSA / NDAA မိုင်းလား အဖွဲ့ ၂ ဖွဲ့၊ UNFC အဖွဲ့ဝင်များဖြစ်သည့်KIO နှင့် SSPP အဖွဲ့ ၂ ဖွဲ့ နှင့် TNLA/MNDAA /AA အဖွဲ့ ၃ ဖွဲ့ စုစုပေါင်း အဖွဲ့ ၇ ဖွဲ့ သည် UWSA အား ဗဟိုပြုသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့သစ်အဖြစ်ပေါ်ထွက်လာခြင်းဖြစ်သည်။ ထိုသို့ အသစ်ပေါင်းစုလာသည့် တပ်ပေါင်းစုအသစ်သည် မူလက မတူညီသော အခင်းအကျင်းတွင်ရှိနေရာမှ ပေါင်းစည်းလာခြင်း ဖြစ်သည်။

ထိုမြောက်ပိုင်းအဖွဲ့များသည် နောက်ထပ်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ကြခဲ့ပြီး FPNCC ခေါ် ပြည်ထောင်စုနိုင်ငံရေး ဆွေး နွေးညှိနှိုင်းရေးကော်မတီကိုဖွဲ့စည်းခဲ့ပြီး ၎င်းတို့သည် နိုင်ငံရေးပြဿနာကို တဖွဲ့ချင်းမဆွေးနွေးဘဲ FPNCC နှင့်သာ ဆွေးနွေး မည်ဟုလည်းကောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား NCA လမ်းကြောင်းအတိုင်းမသွားဘဲ သီးခြားလမ်းကြောင်းသစ် ရှာ ဖွေသွားမည်ဟုလည်းကောင်း ကြေညာခဲ့သည်။ အစိုးရနှင့်တပ်မတော်ဖက်မှ NCA ကို ဆုပ်ကိုင်ထားသည်ဖြစ်ရာ မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ၂၀၁၇ ခုနှစ် ဧပြီလမှစ၍ အကြပ်အတည်းတခု ထွက်ပေါ်လာခဲ့သည်ဟု ဆိုရပါမည်။

UWSA အားဗဟိုပြုသည့် မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့ ပေါ်ပေါက်လာခြင်းနှင့်ပတ်သက်၍ အောက်ပါအတိုင်း သုံးသပ်ရပါ သည်။ အဓိကအကြောင်းအချက်မှာ စစ်ရေးတိုက်ပွဲများကြောင့်ဟု ဆိုရပါမည်။ NLD အစိုးရသစ်တက်လာခါစက စစ်ရေး တိုက်ပွဲများ ငြိမ်သက်နေသေးသော်လည်း ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံပြီးသည်မှစ၍ စစ်ရေးတိုက်ပွဲများ ပြန်လည် ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ မြန်မာပြည်ပြည်တွင်းစစ်သမိုင်းတွင် ပြင်းထန်သောစစ်ပွဲများဟုဆိုနိုင်သည်။ တိုက်လေယဉ် ဗုံးကြဲလေယဉ် တိုက်ခိုက်ရေးရဟတ်ယဉ် စသည့်လေကြောင်းပစ်ကူများအပါအဝင် လေကြောင်းချီ ခြင်း လေကြောင်းဖြင့် ခဲယမ်းသယ်ယူပို့ဆောင်ခြင်းတို့ဖြင့် တပ်မတော်မှ လေကြောင်းအင်အား အပြည့်အဝသုံးစွဲခဲ့သည်။ မြေပြင်ခြေလျင်တပ်များနှင့် အတူ ၁၀၅ မမ၊ ၁၂၀ မမ စသည့် လက်နက်ကြီးပစ်ကူ သံချပ်ကာယန္တယားတပ်ဖွဲ့အကူအညီများဖြင့် စစ်ဆင်ခဲ့သည်ကို တွေ့ရသည်။ ထို့ပြင် ထိုစစ်ရေးတိုက်ပွဲများသည် ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နယ်စပ်တကြောရှိ KIA/TNLA/MNDAA/AA အဖွဲ့ ၄ ဖွဲ့ကို ဦးတည်တိုက်ခိုက်သည်ကို တွေ့ရသည်။ ဤသို့မြောက်ပိုင်းရှိ တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့ ၄ ဖွဲ့အား ဦးတည်၍ စစ်ဆင်နေသည့်အချိန်တွင် ထိုမြောက်ပိုင်းရှိ အဖွဲ့ ၄ ဖွဲ့ ပို၍ ကျောချင်းကပ်လာသည်သာမက ကျန်မြောက်ပိုင်းမှ အဖွဲ့ ၃ ဖွဲ့ဖြစ်သော UWSA/NDAA/SSPP အဖွဲ့၃ ဖွဲ့သည်လည်း စစ်ရေးအလားအလာများကို တွက်ဆ၍ အဆိုပါ မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့ ပေါ်ပေါက်လာသည်ဟု ဆိုရပါမည်။

တဖွဲ့ချင်းအနေနှင်ကြည့်လျင် UWSA သည် ၁၉၈၉ ခုနှစ် CPB မှ ခွဲထွက်ချိန်မှစ၍ မည်သည့်တပ်ပေါင်းစုတွင်မှ ပါဘူးသည့် အဖွဲ့မဟုတ်ပေ။ UWSA သည်၁၉၉၀ နှစ်ကာလများက MTA ခွန်ဆာအဖွဲ့ကို တိုက်ခိုက်စဉ်က တပ်မတော်နှင့်သာ ပူးပေါင်းခဲ့ ဘူးသည်။ NDAA/SSPPတို့နှင့်ကောင်းမွန်သော ဆက်ဆံ ရေးရှိသော်လည်း တိကျသော တပ်ပေါင်းစု ဖွဲ့စည်းထားခြင်းမရှိပေ။ သို့သော် ၂၀၀၉ ခုနှစ် နအဖမှ BGF ဖွဲ့စည်းရေး စတင်ဖိအားပေးစဉ်က NDAA နှင့် စစ်ရေးအရပူးပေါင်းမှု စတင်ခဲ့သည်။ ၂၀၁၅ ခုနှစ် အစိုးရနှင့်တပ်မတော်မှ NCA လက်မှတ်ထိုးရန်တောင်းဆိုသည်ကို စတင်ငြင်းဆန်ချိန်မှစ၍ အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စတင်ဆက်စပ်မှုပြုလာပြီး ပန်ဆန်းသို့ ဖိတ်ခေါ်၍ ဆွေးနွေးပွဲများ ပြု လုပ်လာခဲ့သည်။ ၂၀၁၅ ခုနှစ်နောက်ပိုင်း ဖြစ်ပွါးလာသော တရုတ်နယ်စပ်တွင် တိုက်ပွဲများဖြစ်လာသောအခါ ထိုအဖွဲ့များထောက်ခံပြီး ထို အဖွဲ့များနှင့် နီးနီးကပ်ကပ်ဆက်ဆံလာခဲ့သည်။ UWSA အနေနှင့် နိုင်ငံရေးအရ NDAA နှင့်အတူရပ်တည်နေသော NCA မထိုးဟူသော မူကိုရပ်တည်နေချိန်တွင် တဖက်ကအစိုးရနှင့်တပ်မတော်တို့က NCA ထိုးရန် ဖိအားပေးခံနေရသည်။ တဖက် ကလည်း တရုတ်သံတမန်ဖြစ်သူက NCA ထိုးရန် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပါဝင်ရန် ဖိအားပေးခံနေရသည်။ ထိုအချိန် ကာလတွင် နိုင်ငံရေးအရ တပ်ပေါင်းစုတခုဖွဲ့ပြီး ၎င်းနှင့်အတူရပ်တည်မည့် သူများနှင့် စုဖွဲ့ရပ်တည်ရန် ကြိုးစားခဲ့သည်ဟု သုံးသပ်ရသည်။ စစ်ရေးအရဆိုလျင်လည်း ၂၀၀၉ ခုနှစ်က ၎င်းတို့နယ်စပ်အနီးတွင် BGF ပြောင်းလဲဖွဲ့စည်းရေး လက်မခံသော MNDAA ကိုးကန့်အဖွဲ့ အင်အားသုံးဖြေရှင်းခံခဲ့ရသည်ကို တွေ့ရပြီး ၎င်းတို့နှင့်စစ်ရေးတင်းမာမှု ဖြစ်ပွားခဲ့ သည်။ လက်ရှိကာလတွင်လည်း မြောက်ပိုင်းရှိ အဖွဲ့ ၄ ဖွဲ့အား ပြင်းထန်စွာတိုက်ခိုက်နေသည်ကို တွေ့မြင်နေရရာ အဆိုပါ အဖွဲ့များ အင်အားချိနဲ့သွားပါကစစ်ဦးသည် ၎င်းတို့ထံသို့ ဦးတည်လာနိုင်သည်ကို တွက်ဆထားပုံရသည်။ သို့ဖြစ်ရာ အ ထက်ပါ နိုင်ငံရေး စစ်ရေးအကြောင်းအချက်များအောက်တွင် UWSA သည် မြောက်ပိုင်း ၇ ဖွဲ့တပ်ပေါင်းစုတွင် တက်ကြွ စွာပါဝင်လာခြင်းဖြစ်သည်ဟု သုံးသပ်ရသည်။

ဒုတိယအနေနှင့် NDAA မိုင်းလားအဖွဲ့သည်လည်း UWSA နှင့်အလားတူပင် CPB မှခွဲထွက်ပြီးကထဲက မည်သည့်အဖွဲ့နှင့်မှ တပ်ပေါင်းစုဖွဲ့ခြင်းမရှိပေ။ UWSA /SSPP အဖွဲ့များနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည်မှအပ တပ်ပေါင်းစုဖွဲ့စည်းထားခြင်းမရှိပေ။ ပြီးခဲ့သောအစိုးရများနှင့်လည်း ကောင်းမွန်သောဆက်ဆံရေးရှိခဲ့သည်။ ၂၀၀၉ ခုနှစ် BGF ဖွဲ့စည်းရေးနှင့် ပတ်သက်၍ နအဖ နှင့်စစ်ရေးတင်းမာမှု များဖြစ်ပွားချိန်မှစ၍ UWSA နှင့်စစ်ရေးအရ ပူးပေါင်းမှု ရှိခဲ့သည်။ ၂၀၁၀ ဧပြီလ အတွင်းမှစ၍ UWSA မှ တပ်မဟာတခုသည် မိုင်းလားဒေသ ရှေ့တန်းစစ်မျက်နှာတခုတွင် ဝင်ရောက်တပ်စွဲနေရာယူခွင့် ပေးထားသည်မှာ ယနေ့တိုင်ဖြစ်သည်။ ၂၀၁၆ ခုနှစ် ပထမ အကြိမ် ၂၁ ရာစု ပင်လုံအပြီး UWSA မှ တပ်မဟာတခုသည် NDAA သဘော တူညီမှုမပါဘဲ စစ်ရေးခရီးကြမ်းလေ့ကျင့်သည်ဆိုသည့် ခေါင်းစဉ်ဖြင့် မိုင်းလားဒေသ ကျိုင်းတုံ တာပင်းဂိတ် နှင့် မျက်နှာချင်းဆိုင် ရင်ကွဲတောင်တဝိုက်တွင် ဝင်ရောက်တပ်စွဲရာမှ UWSA နှင့် NDAA ကြား အတန်ငယ်ရှု ပ်ထွေးမှုဖြစ်ပွား ခဲ့ပြီး တပ်မတော်ကလည်း မိုင်းလားကိုသွားသည့် တာပင်းဂိတ်အားပိတ်လိုက်ပြီး စစ်ရေးတင်းမာမှု များဖြစ်ပွားခဲ့သည်။ သို့ သော် မကြေလည်မှုများကြားကပင် သေနတ်သံမထွက်ဘဲ ဖြေရှင်းနိုင်ခဲ့သည်။

NDAA သည် သီးခြားအဖွဲ့အစည်း သီးခြားတပ် သီးခြားနယ်မြေနှင့် ရပ်တည်သည်ဖြစ်သော်လည်း စစ်အင်အားအရ တပ်မ ဟာ ၃ ခုသာရှိပေရာ တပ်မတော်နှင့် စစ်ရေးပဋိပက္ခဖြစ်ပွါးပါက အထီးတည်းရပ်တည်ရန် ခက်ခဲသဖြင့်UWSA နှင့်တွဲ၍ ရပ်တည်သည်ကို ၂၀၀၉ ခုနှစ် ပဋိပက္ခကာလက မြင်တွေ့ခဲ့ရပြီ ဖြစ်သည်။ နိုင်ငံရေးအရလည်း သီးခြားတပ် သီးခြားနယ်မြေ သီးခြားအုပ်ချုပ်ရေးတို့ကို ဆက်လက်ဆုပ်ကိုင်ထားလိုပါက UWSA နှင့် တွဲ၍ ရပ်တည်ရန်သာရှိပေသည်။ စစ်ရေးအရဆိုလျင် UWSA အဖို့ မိုင်းလားဒေသသည် အရေးပါသည်။ မဲခေါင်မြစ်အား ဖြတ်သန်း၍ လာအိုနှင့် ကုန်သွယ်ရေးနှင့်ပတ်သက်၍၎င်း ၊ မိုင်းဆတ်ခရိုင်အတွင်းရှိ UWSA ၁၇၁ စစ်ဒေသနှင့် ဝ နယ် ပန်ဆန်းနှင့် ဆက်သွယ်ရေးတွင်၎င်း မိုင်းလားသည် UWSA အတွက်အရေးပါနေပေရာ မိုင်းလားသည် UWSA တို့ လက်မလွှတ်နိုင်သည့်ဒေသဖြစ်သည်။ သို့ဖြစ်ရာ UWSA အနေနှင့် နည်းလမ်းပေါင်းစုံသုံး၍ သူတို့နှင့်ပေါင်းစည်းရေးကို လုပ်ဆောင်မည်ဖြစ်ရာ NDAA အဖို့ ငြင်းပယ်ရန် ခက်ခဲပေမည်။ သို့ဖြစ်ရာ NDAA သည် မြောက်ပိုင်းမဟာမိတ်တွင် UWSA ရှိနေသ၍ ဆက်လက်ရှိနေမည်ဟု သုံးသပ်ရပေသည်။

တတိယအနေနှင့် မြောက်ပိုင်း ၃ ဖွဲ့ဖြစ်သည့် TNLA/MNDAA/AA အဖွဲ့၃ ဖွဲ့မှာ NCA လက်မှတ်ထိုးရန် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွင် ပါဝင်ရန် ငြင်းပယ်ခံရသည့်အဖွဲ့များဖြစ်သည်။ လက်နက်ကိုင်လမ်းစဉ်စွန့်လွှတ်ကြောင်းကြေညာပါက ပထမအကြိမ် ၂၁ ရာစုပင်လုံတက်ခွင့်ပြု မည်ဟု ဆိုခဲ့သော်လည်း NCA လက်မှတ်ထိုးခွင့်ပြုပြီး နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်ခွင့်ပြု မည် မပြုမည်မှာ ရှင်းလင်းမှုမရှိပါ။ ထို့ပြင် အဆိုပါ အဖွဲ့ ၃ ဖွဲ့မှာ စစ်ရေးအရတောက်လျောက် တိုက်ခိုက်နေရသည်ဖြစ်ရာ မြောက် ပိုင်းနယ်စပ်ရှိ လက်နက်ကိုင်အင်အားအကြီးဆုံးဖြစ်သည့် UWSA နှင့် မဟာမိတ်ဖွဲ့ခြင်းမှာ မလွှဲမရှောင်သာ ကိစ္စဖြစ်သည်။ ထို့ပြင် စစ်မက်ဖြစ်ပွါးနေသော ထို ၃ ဖွဲ့အတွက်လက်နက်ခဲယမ်းမီးကျောက် ရရှိရန်အတွက်လည်း လိုအပ်နေသည်။ သို့ဖြစ် ရာ နိုင်ငံရေးအရလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲပါဝင်ရန် ငြင်းပယ်ခံထားရပြီး စစ်ရေးအရ တိုက်ပွဲများဖြစ်ပွါးနေသည့် မြောက် ပိုင်း ၃ ဖွဲ့သည် လက်နက်ကိုင်အင်အားအတောင့်တင်းဆုံးဖြစ်သည့် UWSA နှင့်တွဲ၍ မဟာမိတ်ဖွဲ့ခြင်းသည် အံ့သြဘွယ် ရာမရှိဟုဆိုရပေမည်။

စတ္ထုထအနေနှင့် KIA အဖွဲ့ ထိုမြောက်ပိုင်း ၃ ဖွဲ့တွင် ပါဝင်လာခြင်းအား အချို့က အံ့အားသင့်ကြသည်။ UNFC တွင် ခေါင်း ဆောင်မှုရပြီး ဘုံသဘောတူညီချက်များ ရေးဆွဲထားသည့် KIA သည် အဘယ်ကြောင့် UNFC မှနှုတ်ထွက်ပြီး UWSA အား ဗဟိုပြု သည့် မြောက်ပိုင်းမဟာမိတ်တွင် ပါဝင်လာသည်ဆိုသည်မှာ အားလုံးအတွက် မေးခွန်းဖြစ်ခဲ့သည်။ နိုင်ငံရေးအရပြော လျင် KIA သည် UNFC တွင်လည်းကောင်း၊ NCA လက်မှတ်ထိုးထားသောအဖွဲ့များနှင့် ဖက်ဒရယ်မူဝါဒများနှင့်ပတ်သက်၍ ညှိနှိုင်းသဘောတူထားပြီးဖြစ်သည့် အပြင် ပထမအကြိမ် ၂၁ ရာစုပင်လုံ၌လည်း ၎င်းတို့သီးသန့်သဘောထားတင်ပြခြင်းမျိုး မဟုတ်ဘဲ UNFC အနေနှင့်သာ တင်ပြခဲ့သောအဖွဲ့ဖြစ်သည်။

သို့သော် NCA လက်မှတ်ရေးထိုးရေးနှင့်ပတ်သက်ပြီး UNFC ၏ DPN အဖွဲ့တင်ပြချက်များနှင့်ပတ်သက်၍ ဆွေးနွေးမှု များသည် တနှစ်ကျော်သည်အထိ အဖြေထွက်လာခြင်းမရှိရာ နိုင်ငံရေးအရလမ်းကြောင်းသစ်ရှာရန် ကြိုးပမ်းပုံရသည်ဟု သုံးသပ်ရသည်။ တဖက်တွင် ၂၀၁၁ ခုနှစ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်စကထဲက စစ်ရေးအရ ပြင်းပြင်းထန်ထန် ရင်ဆိုင်ရသည်မှာ KIA ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အစိုးရတက်လာပြီးနောက်တွင်လည်း စစ်ရေးတိုက်ပွဲများကို ပြင်းထန်စွာရင် ဆိုင်နေရဆဲ ဖြစ်သည်။ ထို့အတွက်လည်း တိုင်းရင်းသားအင်အားစုများ စစ်ရေးအရ အင်အားစုစည်းနိုင်ရန် KIA အနေနှင့် လုံးပမ်းခဲ့သည်။ အဆိုပါ စစ်ရေးတိုက်ပွဲများတွင် TNLA/ MNDAA/AA  အဖွဲ့ ၃ ဖွဲ့သည် KIA နှင့် နယ်မြေချင်းရောယှက်နေသည့် သဘာဝ မဟာမိတ်များဖြစ်ကြသည်။ ထို ၃ ဖွဲ့နှင့် ကင်းကွာရပ်တည်ရန် မဖြစ်နိုင်ပေ။

ထို့ပြင် တကယ်တမ်းအားဖြင့် သီးခြားရပ်တည်နေသော စစ်အင်အား အတောင့်တင်းဆုံးဖြစ်သည့် UWSA အား တပ်ပေါင်းစု အတွင်း ဆွဲသွင်းရန် KIA အနေနှင့် စတင် ကြိုးပမ်းခဲ့သည်ဟုပင် ဆိုနိုင်သည်။ ထို့ကြောင့်လည်း KIA အနေနှင့် မြောက် ပိုင်းမဟာမိတ်အဖွဲ့ ၇ ဖွဲ့အတွင်းသို့ဝင်ရောက်လာခြင်းမှာ နိုင်ငံရေးအရ စစ်ရေးအရ အင်အားတောင့်တင်းမှသာ ရည်မှန်း ချက်ပေါက်နိုင်မည်ဟူသော မျှော်လင့်သုံးသပ်ချက်ဖြင့် ပါဝင်လာခြင်းဖြစ်သည်ဟု သုံးသပ်ရပါသည်။

ပဉ္စမအနေနှင့် SSPP အဖွဲ့မှာ မူလက UNFC အဖွဲ့ဝင်ဖြစ်သည်။ သို့သော်SSPP သည် UWSA / NDAA အဖွဲ့ ၂ ဖွဲ့နှင့် ရင်းနှီး သော ဆက်ဆံရေးရှိသည်။ ပြီးခဲ့သောကာလ တိုင်းရင်းသားအဖွဲ့ချင်းဖြစ်စေ အစိုးရနှင့်ဖြစ်စေ ပြုလုပ်သော ဆွေးနွေးပွဲများ တွင် မတွေ့ရသော SSPP ဥက္ကဌ စဝ်ပန်ဖအား ဝ နယ် ပန်ဆန်းအစည်းအဝေးတွင်တွေ့ရခြင်းမှာ SSPP နှင့် UWSA ၏ ရင်းနှီးသောဆက်ဆံရေးကို ဖေါ်ပြသည်ဟုဆိုရမည်။ SSPP သည် နယ်မြေအရလည်း သံလွင်မြစ်ရိုးတလျောက် UWSA ဧရိယာနှင့် ဆက်စပ်မှုရှိသည်။ တဖက်ကလည်း SSPP လှုပ်ရှားရာဒေသသည် ပြောက်ကျားဒေသကဲ့သို့ ဖြစ်နေပေရာ UWSA နှင့် NDAA မိုင်းလားဒေသတို့သည် SSPP အတွက် စိတ်ချရသော နောက်တန်းကဲ့သို့ဖြစ်သည်။ ထို့ပြင် TNLA/MNDAA/AA အဖွဲ့ ၃ ဖွဲ့ကဲ့သို့ပင် SSPP အတွက် လက်နက်ခဲယမ်းရရှိရာ လမ်းကြောင်းသည် UWSA ဖြစ်ပေရာ SSPP အနေနှင့် မြောက် ပိုင်း ၇ ဖွဲ့တွင်ပါဝင်လာသည်မှာ အံ့သြဘွယ်မရှိပေ။

သို့သော် လက်ရှိအချိန်တွင် SSPP ၏ မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့တွင်ပါဝင်နေမှုနှင့်ပတ်သက်၍ မေးခွန်းထုတ်ဖွယ်ဖြစ် နေသေးသည်။ အဘယ်ကြောင့်ဆိုသော် UNFC ဥက္ကဌ ဖြစ်ခဲ့သူ KIA အနေနှင့် UNFC မှ နှုတ်ထွက်ပြီးဖြစ်သော်လည်း SSPP သည် UNFC က နှုတ်ထွက်ခြင်းမရှိသေးပေ။ တပ်ပေါင်းစု ၂ ခုလုံးတွင် ပါဝင်နေဆဲဖြစ်သည်။ ထို့ပြင် SSPP သည် ပြီးခဲ့သော ၄နှစ်ခန့်ကပင် RCSS နဲ့ တဖွဲ့တည်းပူးပေါင်းရေး ဆွေးနွေးမှု များပြု လုပ်ခဲ့ပြီးပြီးမြောက်အောင်မြင်ခြင်းတော့ မရှိသေးပေ။ SSPP အနေနှင့် ၂၀၁၃/၂၀၁၄/၂၀၁၅ နှစ်များတွင် စစ်ရေးအရဖိအားရှိခဲ့ပြီး တိုက်ပွဲများရှိခဲ့သော်လည်း၂၀၁၆/၁၇ အတွင်း တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည်ကို တွေ့ရသည်။ NCA လက်မှတ်ထိုးသော RCSS နှင့် တပ်မတော်တို့ကြား ၂၀၁၇ ခုနှစ်အတွင်း တိုက်ပွဲအချို့ ပြန်လည်ဖြစ်ပွားခဲ့သော်လည်း SSPP နှင့် တပ်မတော်ကြား တိုက်ပွဲမဖြစ်ပွားတော့ခြင်း ၂၀၁၆/၁၇ အတွင်း စစ်ရေးအရ ထူးခြားမှုတခုဟုဆိုနိုင်သည်။ သို့ဖြစ်ရာ SSPP အနေနှင့် မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့နှင့် အတူဆက်သွားမည်လော သို့မဟုတ် UNFC အဖွဲ့ဝင်အဖြစ် ဆက်သွားမည်လော သို့တည်းမဟုတ် NCA လက်မှတ်ထိုးပြီး သည့် RCSS နှင့်ပူးပေါင်းသွားမည်လော ဆိုသည်မှာ စိတ်ဝင်စားဘွယ်ရာ စောင့်ကြည့်ရမည့် ဖြစ်စဉ်တခုဟုဆိုရပါမည်။ နောက်ဆုံးအနေနှင့် ၂၀၁၇ ခုနှစ် ဇူလိုင်လအတွင် ဝမ်ဟိုင်းတွင်ကျင်းပသည့် SSPP ဗဟိုကော်မတီအစည်းအဝေး၌ တပ် ပေါင်းစု၂ ခုလုံးတွင် ဆက်လက်ပါဝင်ရန် ဆုံးဖြတ်ခဲ့သည်။ ၂၀၁၂ ခုနှစ် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သ ဘောတူညီချက်ကိုအခြေခံပြီး ငြိမ်းချမ်းရေးလမ်းစရှာရန် ဆုံးဖြတ်ခဲ့ကြသည်ဟု ဆိုပါသည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး

Comments