မင်းကိုနိုင် ● မေ့မစိုးလို့ .. ခိုးဆိုတယ်


မင်းကိုနိုင် ● မေ့မစိုးလို့ .. ခိုးဆိုတယ်
(မိုးမခ) စက်တင်ဘာ ၆၊ ၂၀၁၇

ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။

ဆောင်းဦးနံနက် နှင်းသစ်ခက်ပေါ်
ငှက်တော်လေးတွေ အော်ဂင်စမ်းကြသည်မြင်လျှင်
အိပ်ယာမထ သားက စကားထူး စလာ၏။

“ဖေဖေရေ ...
သားလည်းသီချင်းစပ်ထားတယ်၊
ဆိုပြမယ်နော်....”
ဖခင်သည်
ထောက်ချင့်ငဲ့ညှာ အိုမျက်နှာဖြင့်
“နေပါဦးလား၊ မိသားစုတွေ မစုံဘူးကွယ်” ဟု တား၏။

လူကလေးမှာ သူ့တေးအစား
“တယောက်လို....တယောက်လို.....” ဟူ၍သာ
မြည်တမ်းလျက်.....
- 🙇 -

တနေ့ဝယ်
“ဖေဖေ .. သားဆိုပြလို့ ရပြီလား” မေးသော်.....
ဟိုဘက်အိမ်က အသုဘကို လက်ညွှန်လျက်
ဖခင်တဖန် တားပြန်၏
လူကလေး၏ တေးသီအံ့နှုတ်ခမ်းမှာ
လေကြမ်းအောက် ပုန်းညက်ပန်းကလေးများပမာ
ခပ်မဆိပ်နေရပြန်ရှာ...
- 🐌 -

နေခြည်နုဝယ်
ခရုငယ်တကောင် ဦးမင်ထောင်သည်ကို မြင်လျှင်
လူကလေး..... တေးဆိုရန် ပြင်သည်တွင်
“ဒီဘက်အိမ်မှာ လူမမာနဲ့” ဟု ဖခင်က ဟန့်ပြန်၏။
လူကလေးလည်း ၊ သူ၏တေးကို မမေ့အောင်
ကျွန်းတုံးပေါ် ကြောင်ကလေး ခြေဖေါ့လျောက်သံမျှ
ဖွဖွရွတ်ကြည့်နေရ၏။
-🌴-

အခါတပါး
လူကလေးနှင့်ဖခင်၊ အကြည့်ခြင်းဆုံသည်တွင်
“သူများတွေ စာမေးပွဲရှိသေးတယ်” ဟု
လေသံသဲ့မျှ သတင်းပေးရာ
လူကလေးမှာ နွေကောင်းကင်နှင့် ထနောင်းပင်ကို ငေးလျက်သာ......
-🌴🌿🌴-
ခြေခင်းလက်ခင်း ၊လေညှင်းသာ တနေ့ဝယ်
“သားရယ်လာ၊ မင့်တေးကိုသီစမ်းပါ့” တောင်းဆိုလျှင်
“သားမေ့သွားပြီ ဖေဖေ” ဟု တုန့်ပြန်ခဲ့လေသော်...။ ။

မင်းကိုနိုင်

မှတ်ချက် - [တခါကတင်ပြီး ပျောက်သွားတဲ့ စာ၊ မှတ်မိသလိုသာပြန်ရေးပါတယ်။]
0