နေဝင်း (ဘဝတက္ကသိုလ်)- ဘဝတက္ကသိုလ် အစ လမ်းဘေးက- အပိုင်း (၁)နှင့် (၂)


ဘဝတက္ကသိုလ် အစ လမ်းဘေးက-၁
စက်တင်ဘာ ၁၃၊ ၂၀၁၇

ဘဝတက္ကသိုလ်ကို ဘယ်လို စခဲ့သလဲ။
အမှန်ကတော့ လမ်းဘေးမှာစာအုပ်ရောင်းတာက စခဲ့တာပါ။
အချိန်ကိုပြန်ပြောရရင် ၇၅ မှာ ဘွဲ့တခုရခဲ့ပါတယ်။
ကျောင်းပြီးသွားတော့ ဟိုအလုပ်ဒီအလုပ် ဝင်လုပ်ခဲ့သေးတယ်။
အစိုးရဝန်ထမ်းတော့မဟုတ်ပါ။ အပြင်အလုပ်တွေပဲ ဆိုပါတော့။ ဒါပေမဲ့ ကျွန်တော် မပျော်ပါ။ 

ငယ်စဉ်ကတည်းက ကျွန်တော့်ဝါသနာက စာအုပ်နှင့်ရုပ်ရှင်ပါ။ စာရေးချင်တာထက် စာအုပ်ထုတ်ချင်တာ ပါ။
ရုပ်ရှင်ဆိုလည်း ပရိုဂျူဆာတယောက် ဖြစ်ချင်တာပါ။ ဒါပေမဲ့ လက်တွေ့ဘဝနှင့် ဝေးလှပါတယ်။
စာဖတ်တာကလွဲလို့ စာအုပ်လောကနှင့် စိမ်းလှပါတယ်။
အသိအကျွမ်း မရှိ၊ မျိုးရိုးမရှိ၊ အတတ်ပညာ မရှိဘာဆိုဘာမှ မရှိပါ။

ဒီတော့ ဘာလုပ်ရမလဲစဉ်းစားတဲ့အခါ လမ်းဘေးမှာ စာအုပ်အဟောင်းရောင်းတဲ့ ကိုဝင်းတင်ကို သတိရတယ်။
သူ့ကို အဟောင်းသမား တော်တော်များများသိကြပါတယ်။ ဒါနှင့် ကိုဝင်းတင်ကိုချဉ်းကပ်ကြည့်တော့ သူက လိုလိုလားလားခေါ်ပါတယ်။ အမှန်ကတော့ သူကလည်း အဲဒီအချိန်က အရင်းပြုတ်နေတဲ့အချိန်။

ဒါနှင့် သူငယ်ချင်းတယောက်ကိုပါအဖော်စပ်ပြီး စုထားတဲ့ငွေလေးတယောက် ၃၀၀၀ စီနှင့်ကိုယ်ကငွေစိုက် ကိုဝင်းတင်က လူစိုက်လမ်းဘေးမှာ စာအုပ်အဟောင်းဆိုင်လေး ဖွင့်ကြပါတယ်။
အဲဒီနေရာကတော့ ခု ကျွန်တော် ဒီနေ့ပဲသွားရိုက်ခဲ့တဲ့ဓာတ်ပုံထဲကနေရာ ကုန်သည်လမ်းနှင့် ၃၅ လမ်း ၃၆ လမ်းကြားမှာပါ။
တကယ်တော့ ကိုဝင်းတင်က ငွေလိုလို့သာ ကျွန်တော်တို့နှင့် စပ်တာပါ။
ဒီလမ်းဘေးစာအုပ် ရောင်းတဲ့အလုပ်ကို ကျွန်တော်တကယ်လုပ်မယ်လို့ သူမယုံတဲ့အကြောင်း သူကိုယ်တိုင် နောက်ပိုင်းမှာ ဖွင့်ပြောခဲ့ပါတယ်။

အဲဒီအချိန်ကအကြောင်းပြန်ပြောရရင် လမ်းဘေးမှာ တာလပတ်စလေးခင်းပြီး စာအုပ်တွေတင်ရောင်း၊ ဖမ်းမယ့်ဆီးမယ့်ဂဠုန်လာရင် အဲဒီနေရာ ရှေ့က လှေကားပေါ် စာအုပ်တွေတာလပတ်စနှင့်လုံးထွေးပြီး တက်ပြေးရတာပါ။
ဂဠုန်ဆိုတာ ခု စည်ပင်ပေါ့ဗျာ။ ကျွန်တော်လည်း ပေါက်တဲ့နဖူး မထူးဘူးဆိုပြီး ဆက်ရောင်းပါတယ်။
အဲဒီအချိန်ကာလက လမ်းဘေးဈေးသည်က ခုလောက်မများသေးပါဘူး။
တစ်နှစ်လောက်ကြာတော့ စာအုပ်ကတော့ ရောင်းရပါရဲ့အရင်းက ပြုတ်ပါ လေရော။

အတူစပ်လုပ်တဲ့သူငယ်ချင်းကတော့ ရှက်လို့လား ပင်ပန်းလို့လားမသိ ရဲထဲဝင်သွားပါတယ်။

ဒီတစ်နှစ်လောက်ရောင်းတဲ့အချိန်အတွင်း မှတ်မှတ်ရရ ဗိုလ်တထောင်ဘုရားပွဲ၊ ရွှေတိဂုံဘုရားပွဲတွေလည်း လိုက်ရောင်းခဲ့သေးတယ်။
ဗိုလ်တထောင်ဘုရားပွဲမှာဆို ညအိမ်မပြန်ရဘဲသန်းခေါင်လောက်မှဆိုင်သိမ်းပြီး စာအုပ်ပုံပေါ်အိပ်ရတာပါ။
အရင်းပြုတ်တဲ့နေရာကနေ ပြန်ဆက်ရရင် အိမ်မှာ ပြန်ထိုင်နေပြီး ငွေလေးနည်းနည်းရှာလို့ရတဲ့အခါ မမှတ်သေးဘူးဗျ။
ဗိုလ်အောင်ကျော်လမ်းမှာတခါ ဆိုင်လေးတဆိုင်အိမ်ရှေ့ခန်းလေးပေါ့၊ ငှားပြီး မြန်မာပြည်အကြောင်းရေးတဲ့ စာအုပ်တွေ သီးသန့်ရောင်းခဲ့သေးတယ်။
ဒါလည်း ကိုဝင်းတင်နှင့်ပေါင်းပြီး ဖွင့်ခဲ့တာပါပဲ။ ဒါလည်း ထုံးစံအတိုင်းအရင်းပြုတ်တာပါပဲ။
ခုပြောတဲ့ ကိုဝင်းတင်ဆိုတာ စာသမားများဖတ်ဖူးကြပါလိမ့် မယ်။

ကျော်ပြီးပြောရရင် နောက်ပိုင်းမှာ သူမိတ်ဆက်ပေးလို့ဆရာ မောင်ထွန်းသူနှင့်တွေ့ပြီး ရဲတိုက်ဝတ္ထုကြီးကို ကျွန်တော်ထုတ်ဖြစ်ခဲ့တာပါ။
ဆရာမောင်ထွန်းသူလည်း ဒီအကြောင်းကိုတနေရာမှာ ရေးခဲ့ဖူးပါတယ်။
ကဲ ဒီအရင်းပြုတ်တဲ့အချိန်က ကျွန်တော်သာ နောက်ဆုတ်လိုက်မယ်ရင် ဘဝတက္ကသိုလ်ဆိုတာ ဖြစ်တည် လာမှာ မဟုတ်ပါဘူး။
ဖတ်ချင်သေးရင် နောက်တစ်ပိုင်းဆက်ရေးပါဦးမယ်။
ဖတ်ပေးတဲ့အတွက် ကျေးဇူးဗျာ။


 ဘဝတက္ကသိုလ် အစ လမ်းဘေးက- (၂)
စက်တင်ဘာ ၁၅၊ ၂၀၁၇

မနေ့က ရေးတဲ့စာထဲမှာ ကျွန်တော်ပြောခဲ့ပါတယ်။
စာအုပ်သာထုတ်ချင်တာ အသိအကျွမ်းမရှိ၊ မျိုးရိုးမရှိ၊ အတတ်ပညာမရှိလို့။
ဘာကြောင့်လဲဆိုတော့ ကျွန်တော့်မိဘများဟာ စာကို မနည်းကြိုးစားပြီးမှဖတ်နိုင်တဲ့ လူတွေပါ။
အသိအကျွမ်းထဲမှာလည်း စာအုပ်ထုတ်ဝေသူတို့ စာရေးဆရာတို့ ဆိုတာယောင်လို့တောင် မကြားဖူးပါဘူး။
အတတ်ပညာဆိုတာကတော့ ဝေးပြီပေါ့ဗျာ။

ဒါပေမဲ့ ကျွန်တော့်အစ်ကိုအကြီးဆုံးကတော့ စာတော်တော်လေးဖတ်တယ်လို့ ပြောလို့ရတယ်။
ကျန်တဲ့မောင်နှမတွေလည်း စာဖတ်ကြပေမဲ့ သူ့ကိုတော့မမီဘူး။

သူ ဝယ်ထားတဲ့စာအုပ်တွေကို ကျွန်တော်ကယူဖတ်ရာက ဝါသနာပါလာတယ်ဆိုလည်း မမှားပါဘူး။
သူ့စာအုပ်တွေထဲမှာ မှတ်မှတ်ရရ ပုဂံစာအုပ်တိုက်ကထုတ်ခဲ့တဲ့ဆရာ မြသန်းတင့်ရဲ့ စစ်နှင့်ငြိမ်းချမ်းရေးစာအုပ်ကိုးအုပ်ကို ကျွန်တော် ကိုးတန်းဆယ်တန်းလောက်မှာ ဖတ်ဖူးနေပြီ။

(စစ်နှင့် ငြိမ်းချမ်းရေး စာအုပ် ၁၀ ကနေ ၁၂ အထိကိုဆရာ မြသန်းတင့်လွတ်လာပြီးမှ ဆက်ထုတ် တာပါ။)
အဲဒီမှာ ပုဂံတို့၊ နံ့သာတို့၊ နှလုံးလှတို့၊ ပင်မရေစီးတို့၊ လူထုတို့ဆိုတဲ့စာအုပ်တိုက်တွေက စာအုပ်တွေကိုလည်းဖတ်ဖူးပြီး တနေ့ကျရင် ငါလည်း သူတို့လို စာအုပ်တိုက်တစ်တိုက် ထူထောင်နိုင်အောင် ကြိုးစားမယ်ဆိုတဲ့စိတ်ကကျွန်တော့် ရင်ထဲမှာ ကိန်းအောင်းနေခဲ့ပါတယ်။

ဒါပေမဲ့ စိတ်ကူးနှင့်ဘဝက အစပ်အဟပ်ကင်းဝေးလှပါတယ်။

ဒီနေရာမှာ ကံကောင်းတာတခုက ဆယ်တန်းအောင်ပြီး တက္ကသိုလ်ရောက်စနှစ်တွေမှာ ကျွန်တော်နှင့် စိတ်တူသဘောတူ မိတ်ဆွေလေးငါးယောက်စုပြီး ရပ်ကွက်စာကြည့်တိုက်လေးတစ်ခုလုပ်ဖြစ်ကြပါတယ်။

စာကြည့်တိုက်အတွက် စာအုပ်ဝယ်တဲ့တာဝန်ကိုယူရတဲ့အတွက် အဲဒီအချိန် ၁၉၇၀ ကျော်နှစ်များမှာ ကျွန်တော် ရန်ကုန်မြို့ရဲ့စာအုပ်တန်းလို့ခေါ်ရမယ့်၃၁ လမ်း၊ ၃၂ လမ်း၊ ၃၃ လမ်း တဝိုက်ကို နေ့စဉ်ရောက်ပြီးကိုယ့်စိတ်ကြိုက်စာအုပ်ဆိုင်တွေကိုမွှေနှောက် ရှာဖွေနိုင်ခဲ့ပါတယ်။

ဘဝတက္ကသိုလ် စာအုပ်တိုက်ကိုထူထောင်ရာမှာအရေးပါတဲ့ ဖြစ်ရပ်တခုကိုပြောချင်လို့ ဒီအကြောင်းတွေကို အစပျိုး ခဲ့တာဖြစ်ပါတယ်။
အဲဒီအကြောင်းကတော့ ဒီလိုပါ။
စာကြည့်တိုက်လုပ်ကြရင်းက ကျွန်တော်တို့ရပ်ကွက်ထဲမှာ ဆရာအထောက်တော်လှအောင်လည်း နေတယ်ဆိုတာ သိလာရပါတယ်။
ဆရာက အဲဒီ အချိန်မှာ သတင်းဂျာနယ်ကိုထုတ်ဝေနေပြီး အုတ်အော်သောင်းတင်း အောင်မြင်နေတယ်လို့ မှတ်မိ တယ်။

အဲဒီမှာ မနေ့ကရေးခဲ့တဲ့ လမ်းဘေးစာအုပ်ဆိုင် စပ်တူလုပ်ဖြစ်မယ့်သူငယ်ချင်းနှင့် ကျွန်တော်နှင့် နှစ်ယောက်သားတိုင်ပင်ပြီး တစ်ရက်မှာ ဆရာ့အိမ်ကို သွားကြပါတယ်။
ဆရာ ပြန်မရောက်သေးတာနှင့် ဆရာကတော်နှင့်စကားပြောရင်း ထိုင်စောင့်နေကြပါတယ်။
အတော် မိုးချုပ်မှ ဆရာပြန်ရောက်လာပါတယ်။

ဆရာကတော်က ကျွန်တော်တို့နှင့်မိတ်ဆက်ပေးပြီးတဲ့နောက်ကျွန်တော်တို့က ဒီရပ်ကွက်ထဲက လူငယ်တွေဖြစ်ကြောင်း၊ စာအုပ်တွေကိုစိတ်ဝင်စားပြီး စာအုပ်ထုတ်ချင်ကြောင်း၊ ဆရာ့ဆီက အကြံဉာဏ်လေးများလိုချင်ကြောင်း ပြောကြပါတယ်။

ဆရာက ခဏစဉ်းစားနေပြီးတဲ့နောက်သူ့အနေနှင့် အပွင့်လင်းဆုံးပြောရရင် စာပေကို တကယ်ချစ်ရင် ဒီလောကထဲကို ဘယ်နည်းနှင့်မှဝင်မလာသင့်ကြောင်းတဲ့တိုး ပြောချလိုက်ပါတယ်။
ကျွန်တော်တို့နှစ်ယောက်လည်း ဘာပြန်ပြောရမှန်းမသိဘဲမျက်နှာပူပူနှင့်နှုတ်ဆက်ပြီး ပြန်ခဲ့ရပါတယ်။
ဆရာက အဲဒီအချိန်မှာ နည်းနည်းလည်းထွေနေပုံရပါတယ်။

ပြန်စဉ်းစားကြည့်တော့လည်း အလုပ်မှာတနေကုန်ခေါင်းစားပြီးပြန်အလာ ကျွန်တော်တို့ကိုလည်း ဘယ်သူဘယ်ဝါ မှန်းမသိနှင့်စိတ်တိုတိုနှင့် အပြတ်ပြောလွှတ်လိုက်ပုံရပါတယ်။
ဒါပေမဲ့ ဆရာအဲဒီလိုပြောလွှတ်ခဲ့တာကိုမခံချင်တဲ့စိတ်က ကျွန်တော့်ရင်ထဲမှာ ဘဝတက္ကသိုလ်ကို မဖြစ်မနေထူ ထောင်ချင်တဲ့ စိတ်အဖြစ်နှစ်ပေါင်းများစွာ ကိန်းအောင်းနေခဲ့ပါတယ်။

တကယ်လို့သာ အဲဒီအချိန်က ကျွန်တော်နောက်ဆုတ်ခဲ့မယ်ဆိုရင် နောင်တချိန်မှာ ဆရာ့ရဲ့အကျော်ကြား ဆုံး 'အုတ်ကြားမြက်' ခြောက်အုပ်တွဲကိုဘဝတက္ကသိုလ်က ထုတ်ဖြစ်ခဲ့မှာမဟုတ်ပါဘူး။
ဒီအဖြစ်အပျက်ဟာလည်းဘဝတက္ကသိုလ်ဖြစ်တည်လာမှုမှာ အရေးပါတဲ့အတွက် ကျွန်တော်တင်ပြလိုခြင်း ဖြစ်ပါတယ်။
သည်းခံဖတ်ရှုကြတဲ့ မိတ်ဆွေများကိုအထူးပင် ကျေးဇူးတင်ကြောင်း ပောလိုပါတယ်။


(ဆက်ရန်)
-
ဘဝတက္ကသိုလ် စာပေတိုက်တည်ထောင်ပိုင်ဆိုင်သူ ဆရာနေဝင်း(ဘဝတက္ကသိုလ်)၏ စာပေခရီးလမ်းဘဝ မှတ်တမ်းတစေ့တစောင်းကို ၎င်း၏ဖေ့ဘွတ်စာမျက်နှာတွင် အပိုင်းလိုက်တင်ဆက်လျက်ရှိရာ စာချစ်သူများကျယ်ကျယ်ပြန့်ပြန့် ဖတ်ရှုခံစားနိုင်ရန်အတွက် ဆရာ့၏ခွင့်ပြုချက်ရယူကာ ယခု အပိုင်း(၁) နှင့်(၂)ကို စတင် တင်ဆက်လိုက်ပါသည်။ 
မိုးမခ

Comments