လင်းသက်ငြိမ် ● နိုင်ငံတော်နဲ့ စကားစမြည်

လင်းသက်ငြိမ် ● နိုင်ငံတော်နဲ့ စကားစမြည်
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၁၆

မနေ့ညက ဆယ့်နှစ်နာရီထိုးဖို့ နှစ်ဆယ့်ငါးမိနစ်အလိုမှာ
နိုင်ငံတော်နဲ့တွေ့တယ်
တမင်ချိန်းဆိုထားတာတော့ မဟုတ်ပါဘူး
အိပ်မရလို့ ပလက်ဖောင်းပေါ်လမ်းလျှောက်နေတုန်း
လမ်းလျှောက်လာတဲ့ နိုင်ငံတော်နဲ့တွေ့လို့
လှမ်းပြီး နှုတ်ဆက်လိုက်မိတာကနေ
ထိုင်ခုံတစ်ခုမှာ အတူထိုင်ဖြစ်သွားတာပေါ့
နိုင်ငံတော်ဆိုတာ ကျွန်တော်သိတဲ့လူပေါ့
သူ့နာမည်ကို ကျွန်တော်က နိုင်ငံတော်လို့ပဲခေါ်တယ်လေ
ဘာလို့ ခေါ်မိတဲ့နာမည်လည်း မသိပေမယ့်
သူနဲ့တွေ့တိုင်း နိုင်ငံတော်လို့ ကျွန်တော်ခေါ်တယ်
ကျွန်တော်တို့မတွေ့ဖြစ်တာလည်းကြာပြီလေ
နိုင်ငံတော်ဟာ ဗိုက်နည်းနည်းပူလာတယ်
မျက်နှာမှာ ကြပ်ခိုးစွဲနေသလို မည်းလို့
ခြေထောက်တစ်ဖက်ကထော့နဲ့ထော့နဲ့
လက်ဆွဲနှုတ်ဆက်တော့
အသားမာတက်နေတဲ့ကြမ်းရှရှလက်တွေ
နိုင်ငံတော်ရုပ်ကို မနည်းဖမ်းမှ နိုင်ငံတော်မှန်းသိရတယ်လေ
နိုင်ငံတော်ဟာ လောကဓံမှာ ဂျုံးဂျုံးကျခဲ့ရပုံပဲ
ဘာတွေဖြစ်နေတာလဲလို့ကျွန်တော်မေးတော့
ငါမပျော်ဘူးကွာ တဲ့
နေမကောင်းလို့လား ဆိုတော့
ကောင်းစရာကောရှိလားဟ ဒီအနေအထားကို
မင်းကြည့်လေ တဲ့
ဝတော့ဝနေသလိုပဲ မျက်နှာကဘာလို့မည်းနေတာလဲ
ဝတာမဟုတ်ဘူးကွ ဖောနေတာ
ဒဏ်ဖော ဖောနေတာကွ
ငါ့သားသမီးတွေနဲ့ငါနေရတာ ဘယ်လောက်ကြီးတဲ့
ဝဋ်ဒုက္ခဆိုတာ မင်းသိမှာမဟုတ်ဘူး...
ဟုတ်ပါပြီဗျာ ဒါဖြင့်မျက်နှာကကော
မီးပေါ့ကွာ မီးပေါ့ ငါတို့အိမ်နေ့တိုင်းမီးလောင်တယ်လေ
မင်းမသိဘူးလား
ပထွေးကရှို့လိုက် သားသမီးကရှို့လိုက်နဲ့
ငါ့မျက်နှာတောင် ပင်ကိုယ်အသားအရေမရှိတော့ဘူး
ခင်ဗျားက မတားနိုင်ဘူးလား ကိုယ့်သားသမီးကိုယ်
သောက် သားသမီးတွေရဲ့ သောက်စိတ်ဓာတ်တွေက
မင်းသိတဲ့အတိုင်းပဲလေ
ပထွေးဆိုတဲ့သူတောင်းစားကြီးကလည်း
ရှိတဲ့ဟာခွာယူနေတာနဲ့ အိမ်ကပစ္စည်းလည်း
ပြောင်သလောက်ပဲ
ဟာ ခင်ဗျားကလည်း တရားဥပဒေက
ဘာလုပ်ဖို့ထားတာလည်း တိုင်လေဗျာ
မင်းပြောတဲ့ တရားဥပဒေက
ငါ့ကို မလှုပ်နိုင်အောင်ကိုင်ထားတာပဲဟ
ငါလှုပ်သလောက် ငါပဲမြှုပ်နေတာ
အိမ်နီးချင်းတွေက ခင်ဗျားကိုမကူကြဘူးလား
ဟဲ့ကောင်ရ ပေးနိုင်မှပေါင်းတဲ့ကောင်တွေချည်းပါကွာ
လမ်းတွေ့တောင် အကူအညီတောင်းမှာစိုးလို့
မမြင်ချင်ယောင်ဆောင်နေကြတာ
ဒေါသနဲ့စကားတွေပြောပြီး ချောင်းတဟွပ်ဟွပ်ဆိုးနေတဲ့
နိုင်ငံတော်ကို ကျွန်တော် ခေါင်းခါရင်းကြည့်နေမိတယ်
သနားစရာအနေအထားနဲ့နိုင်ငံတော်ကိုကြည့်ရင်း
ကျွန်တော်စိတ်မကောင်း
အထည်ကြီးပျက်တစ်ယောက်ရဲ့စိတ်ဒဏ်ရာဆိုတာ
သာမန်ထက်ပို စိတ္တဇဆန်တယ်လေ
အားပေးနှစ်သိမ့်စရာလည်း ကျွန်တော့်မှာမရှိ
ရွှေထီးဆောင်းခဲ့ဖူးတဲ့ နိုင်ငံတော်ဟာ
အခုတော့ ဒဏ်ရာဒဏ်ချက်တွေနဲ့ အိုစာလို့
အရင်က ကျွန်တော်တို့ငေးကြည့်နေခဲ့ရတဲ့
လူချောလူလှနိုင်ငံတော်ကြီးဟာ အခုတော့ စုတ်ချာလို့
ပွဲတော်တွေနဲ့ပျော်ပျော်နေတတ်တဲ့နိုင်ငံတော်ဟာ
အခုတော့ စစ်ကြောင်းကျ ရွာကလေးလို
ငိုနေတဲ့သူ့ကိုကြည့်ရင်း ညဥ့်နက်လာတော့
ပြန်ရအောင်လို့ ကျွန်တော်ပြောလိုက်တယ်
သူ့ပုခုံးကိုထိန်းပေးရင်း ကျွန်တော်တို့
တိတ်ဆိတ်စွာ ပြန်လာခဲ့ကြတယ်
သူပျော်ပါစေလို့ ဆုတောင်းဖို့ ကောင်းကင်ကိုကြည့်တော့
ကြယ်တွေမထွက်ဘူး မှောင်လို့
မီးမလင်းတဲ့ လမ်းမကြီးထဲ ကျွန်တော်တို့တိုးဝင်လာခဲ့ကြတယ်
မနက်ဖြန်မှာ ကျွန်တော်တို့ဆက်တွေ့ကြရအောင်လို့ ပြောပြီး
သူ့ကုတ်အင်္ကျီထဲ ကျွန်တော်ခုန်ဝင်လိုက်တယ်
နံစော်နေတဲ့ကုတ်အင်္ကျီကြီးကလည်း မှောင်လို့ ။

လင်းသက်ငြိမ်

Comments