လွင် (ဘော်တွင်း) ● နှုတ်ဆက်အက်ဆေး

လွင် (ဘော်တွင်း) ● နှုတ်ဆက်အက်ဆေး
(မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇

မိုးမခ အတွဲ ၄၊ အမှတ် ၇၊ ဇူလိုင် ၂၀၁၇ ထုတ်မဂ္ဂဇင်းမှ ဖြစ်သည်။

ကွင်းပြင်ကျယ်မှာ လေက ဟူးဟူးရားရားတိုက်နေတယ်။ တချက်တချက် လူပါယိမ်းထိုး သွားမတတ်ပဲ။ မြက်ပင် စိမ်းစိမ်းနုနု လေးတွေတောင် ကွေးညွတ်အိပြားနေကြတယ်။ ဒီကွင်းပြင်ကျယ်ကြီးထဲမှာ အိမ်ရာစီမံကိန်း စနေပြီမို့ လမ်းတွေဖောပြီးပြီ။ နောက်၊ အိမ်တွေဆောက်ရင်၊ လူတွေနေရင် ဒီလို အေးအေးဆေးဆေး လမ်း လျောက်လို့ မရနိုင်တော့ဘူး။ ခုတော့လမ်းနဘေး ကွက်လပ်တွေမှာ မိုးရေတွေပြည့်လို့။ ခတ်ပြင်းပြင်း တိုက်ခတ်တဲ့လေကြောင့်ရေပြင်ငယ်မှာ လှိုင်းကလေးတွေ ပြေးနေတယ်။ မြက်တွပေါက်နေတဲ့နား၊ ရွှံ့စပ်စပ်မှာ  နွားခြေရာခွက်တွေက ခပ်နက်နက်။ နွားခြေရာတွေထဲမှာရေမရှိဘူး။ ဖားသူငယ်လည်း မရှိဘူး။ ဖားလက်တက် တွေရဲ့တကွက်ကွက်အော်သံက ဟိုနားသည်နားညံလို့။ ပင်လယ်ကြီးလောက် မကျယ်ဘူးဆိုပေမယ့် နွားခြေရာခွက်လည်း မဟုတ်တဲ့၊ ဖားသူငယ်တွေအတွက် လွတ်လွတ်လပ်လပ် ရှင်သန်ကြီးပြင်း နိုင်လောက်တဲ့  ရေပြင် ကျယ်ကျယ်ရှိပါတယ်။ ဖားကလေး ဂုဏ်ယူဝင့်ကြွားနိုင်ဖို့ ပင်လယ်ကြီးကိုမြင်ဖူးဖို့လိုလို့လား။

ညိုမှောင်တိမ်ထုကြောင့် နေရောင်ခြည်က မလင်းဘူး။ လေကလည်းအေးမြမြ။ စက်ဘီးစီးနေတဲ့ ကလေးတွေကို စောင့်ကြည့် ရင်း ခပ်ဖြည်းဖြည်းလမ်းလျောက်တယ်။ လမ်းဘေးက မြက်ပင်တွေကြားထဲ ထိကရုန်းပင်ကလေးများ တွေ့ရမလားလို့ ရှာတယ်။ တွေ့ရင် လက်ထဲမှာကိုင်လာတဲ့ ထီးချွန်နဲ့ တို့ထိတယ်။ အရွက်ကလေးတွေ ပိတ်သွားတာကိုစောင့်ကြည့်တယ်။ အရွက်ကလေးတွေပိတ်သွားတော့ အရွက်ရဲ့ မျက်နှာပြင်စိမ်းစိမ်းကလေး ပျောက်သွားပြီး အရိုးနီနီကလေးတွေနဲ့ တစ်ရောင် ထဲ ဖြစ်သွားတယ်။ ထိကရုန်းပင်လေးတွေက ဘာကိုများကြောက်ကြတာပါလိမ့်။

ကိုယ်ရော ထိကရုန်းပင်လိုပဲလား။ ကိုယ့်ရဲ့စိတ်ကိုတို့ထိလာရင် ပိတ်ထားလိုက်မိတာ။ အရွက်ရဲ့ အစိမ်းရောင် အပိုင်းလေးကို မမြင်ရတော့သလိုပဲ ကိုယ့်ရဲ့ရင်ထဲက စိမ်းလန်းရှင်သန်နေမှုကို တခြားသူတွေ မတို့ထိစေချင်ဘူး။ ကိုယ်ဖုံးကွယ်ထားချင်တာ၊ တိတ်တဆိတ်ပဲ စိမ်းလန်းနေချင်တာ။ ဒါမှပဲ ကိုယ်ဟာ ကြည်နူးချမ်းမြေ့မှုတွေကို ထိန်းထားနိုင်မှာမဟုတ်လား။ ကြုံလာနိုင်တဲ့ နာကျင်မှုတွေကို ကြောက်လို့ပါကွယ်။ ကိုယ့်ကိုမတို့ထိကြပါနဲ့။

လယ်ပတူပင်တွေထိုးထိုးထောင်ထောင်ပေါက်နေပုံက သေသေချာချာ အတန်းလိုက်စိုက်ထား သလား အောက်မေ့ရတယ်။ လမ်းဘေးတလျှောက်ဆိုတော့ ရိုးတလျောက်လို့ ပြောလို့များရနိုင်မလား။ သူတို့ရဲ့အစိမ်းရောင်က သိပ်လှတယ်။ ခူးမယ့်သူ လည်း မရှိဘူးထင်ပါရဲ့။ ရေထဲမှာရော၊ လမ်းဘေးမှာ ရော၊ နေရာတကာမှာလယ်ပတူ၊ ပုစွန်စာ၊ ကနဖော့တွေ သူတို့ချည့်။ ဖားကပေါင်တွေလည်း ပါမယ်ထင်ရဲ့။ ကန်စွန်းလိုပဲနွယ်လို့။ လယ်ပတူတွေရဲ့ကြားမှာ ပီလောတွေလည်း ရောနှောလို့။ မှိုနား တိုကိုတော့ နည်းနည်းကလေးပဲ တွေ့တယ်။

ရိုးတလျှောက်၊ ဖြိုးမောက်ပါတဲ့ လယ်ပတူ။
အရွက်ချွန်း၊ ကန်စွန်း ပုစွန်စာနှင့်
လွန်တရာ ကညို့ပေါတယ်
တောဖြစ်လို့ထူ။

မှိုနားတိုငွေရောင်ဖျော့ငယ်နှင့် ရွှေကနဖော့ ကြာရိုးဖြူ
ချိုးယူလို့ မကုန်ခန်း
ပတ္တမြားရောင်၊
ဖားကပေါင်သံလွင်လွင်နှင့်
ရွှေညံပင်ရှုပ် မရှင်းတယ်၊
ကွင်းပြည့်ခမန်း။

ဘယ်နှစ်တန်းမှာသင်ခဲ့ရမှန်း မမှတ်မိတော့တဲ့ ကဗျာကို တီးတိုးရေရွတ်မိတယ်။ ကိုယ်က လယ်ပတူ၊ ကနဖော့၊ ဖားကပေါင် တွေကို ဘယ်ဟာကဘယ်ဟာမှန်း မခွဲခြားတတ်ပါဘူး။ ကန်စွန်းတမျိုးကိုပဲ ကောင်းကောင်းသိ တာလေ။

ခဲတစ်လုံးကို ကောက်ယူပြီး ရေပေါ်ရှပ်တိုက်ပြေးအောင်ပစ်လိုက်တယ်။ ပလုံဆိုပြီး မြုပ်သွားတယ်။ တကယ်တော့ ရေပေါ် ရှပ်ပြေးအောင် မပစ်တတ်ပါဘူး။ ခဲလုံးကျသွားတဲ့နေရာကို လိုက်ကြည့်တော့ မြောင်းဘောင်မှာကပ်နေတဲ့ ပန်းရောင်တောက် တောက်ကို မြင်လိုက်တယ်။ မှိုတွေထင်ပါရဲ့။ အင်္ဂတေမြောင်းဘောင် အသစ်စက်စက်မှာမှိုပေါက်တယ်လား။ ပန်းရောင် တောက်တောက်ဆိုတော့ အဆိပ်ပြင်းမှာပဲ။ အနီးကပ်ကြည့်လိုက်တော့ မှိုမဟုတ်ပဲ ဥကလေးတွေဖြစ်နေတယ်။ ခရုဥက လေးတွေ။

ပန်းရောင်တောက်တောက် ဥအစုကလေးတွေက ဟိုနားတစု၊ သည်နားတပုံ၊ ရေလွတ်လောက်တဲ့ အမြင့်မှာဥထားတာ။ တချို့ဥတွေက အင်္ဂတေမြောင်းဘောင်မှာကပ်လို့။ တချို့ဥတွေက မြက်ကိုင်းရှည်ရှည်မှာ ရစ်ပတ်လို့။ ဥတလုံးစီက ခရု တကောင်စီပေါက်လာမယ်ဆိုရင် အများကြီးဖြစ်လာမှာပဲ။ ရေစပ်ကို သေသေချာချာကြည့်တော့ မြက်ပင်ကိုတွယ်ပြီး ခပ်ဖြည်းဖြည်းတက်လာတဲ့ခရုကိုမြင်ရတယ်။ သူလည်း ဥမလို့ ထင်ပါရဲ့။

ကျွတ်ကျွတ်အနက်ရောင်တခုကိုကိုင်ထားတဲ့ လူတယောက်က ရေစပ်၊ မြက်ပင်တွေကြား သေေ သချာချာစူးစုးစိုက်စိုက်ကြည့် ရင်း မြောင်းဘောင်အတိုင်း ခပ်ဖြည်းဖြည်း လျောက်လာတယ်။ ကွင်းပြင်တဖက် ခပ်လှမ်းလှမ်းတနေရာမှာလည်း ကလေး ငယ်တသိုက် ရေစပ်စပ်ထဲ ဘာနှိုက်နေကြတယ်မသိ။ သူတို့ကိုယ်မှာ ရွှံ့တွေ ရေတွေနဲ့ ပေလူးလို့။ ဖိနပ်တွေကို ကွန်ကရစ် လမ်းပေါ်မှာ ချွတ်ထားကြတယ်။ သူတို့တွေ ခရု ကောက်နေကြတာ။ ကိုင်ထားတဲ့ကြွပ်ကြွပ်အိတ်တွေထဲမှာ ခရုတွေအပြည့်။ ပြုတ်စားမတဲ့။ အဲဒီခရုတွေက ဥ ဥပြီးတဲ့ခရုတွေလား၊ ဥမလို့ပြင်ဆင်နေတဲ့ခရုတွေလား။ ကိုယ်ဆက်မတွေး တော့ဘူး။ လောကကြီးက ဒီလိုပဲမဟုတ်လား။ ပေါပေါများများ မျိုးပွားရှင်သန်တတ်တဲ့ အပင်တွေ၊ အကောင်တွေရှိတယ်။ အဲဒါတွေ မတန် တဆများပြားမလာအောင် တားဆီးတဲ့အရာတွေရှိတယ်။ ဒါဟာသဘာဝပဲ။ ဒါဟာဂေဟစနစ်ပဲ။

မြောင်းကူးတံတားဘောင်လေးတစ်ခုပေါ် ခဏထိုင်ပြီး ရေထဲကိုငုံ့ကြည့်တော့ အကောင်ပေါက်ကလေးတစု လှစ်ခနဲကူးပြီး ပြေးထွက်သွားတယ်။ ဖားလောင်း လေးတွေလားပဲ။ ရေကခပ်နောက်နောက်၊ သူတို့ေ တွကသိပ်မြန်ဆိုတော့ ကွဲကွဲပြားပြား မမြင်လိုက်ရဘူး။ ခရုတွေက သူတို့လိုမမြန်ဘူး။ ဖားကလေးတွေလိုလည်း မခုန်ကြပါဘူး။ ခုန်ဖို့အချိန်တောင် မရလိုက်ရှာ ပါဘူး။ သူတို့တွေရှင်သန်နေတဲ့ ရေအိုင်ကလည်း လှိုင်းကလေးတွေ အပြေးမပျက်ဘူး။ ခရုက ခုန်ဖို့ မကြိုစားခဲ့ပေမယ့် ဒီရေ အိုင်က သိပ်မကြာခင်မှာ ပျက်တော့မှာ။

လယ်ပုစွန်လုံးလေးတကောင် ကျောက်ခဲတွေကြားကို တိုးဝင်သွားတယ်။ နောက်ထပ် ဘယ်နှစ်ကောင်လောက်များ ရှိဦး မလဲ။ ငါးတွေများရှိမလားမသိ။ ဗျိုင်းတွေလာတာတော့မတွေ့ဘူး။ ကောင်းကင်ပေါ်မှာ လေးငါးကောင်အုပ်စုဖွဲ့ပြီး ပျံသွားတတ် တယ်။ ဆက်ရက် မောင်နှံ၊ စာကလေးအုပ်တွေကိုတော့ ဟိုနားသည်နား တွေ့ရပါရဲ့။

လေတိုက်နှုန်းပိုပြီးပြင်းထန်လာသလိုပဲ။ ကောင်းကင်ကိုမော့ကြည့်တော့ ညိုမှောင်တိမ်တိုက်က ပိုပြီး ရင့်မှောင်လာတယ်။ ပိုပြီး အိကျလာတယ်။ မိုးရွာတော့မှာပဲ။ အပြန်လမ်းကိုခြေဦးလှည့်ခဲ့တယ်။ နံစော်နေတဲ့အမှိုက်ပုံထဲမှာ အမှိုက်ရွေးနေ သူတချို့ရှိတယ်။ ဗူးခွံတွေကိုသတ်သတ်ခွဲထုတ်နေကြတာ။ အမှိုက်ပစ်ရင် ဗူးခွံတွေကို သီးသန့်ထုတ်ပိုးမှပဲ။ သူတို့မွှေရ နှောက်ရ နည်းနည်းသက်သာလည်း မဆိုးဘူးပေါ့။

ကွင်းပြင်မှာတင်နေတဲ့ မိုးရေတွေ၊ ဟိုနားသည်နားက တကွပ်ကွပ်အော်မြည်နေတဲ့ ဖား လက်တက်တွေ၊ ပန်းရောင်ခရုဥတွေ၊ တို့ထိလိုက်ရင် အရွက်ကလေးတွေကိုပိတ်လိုက်တတ်တဲ့ ထိကရုန်းတွေ၊ လွတ်လွတ်လပ်လပ် ပေါက်ရောက်နေတဲ့ အပင် တွေ၊ တဝှီးဝှီးတိုက်ခတ်တဲ့ လေ၊ ရေထဲက ခရုတွေနဲ့ ဖားလောင်းလေးတွေ၊ ပုစွန်လုံးလေးတွေ၊ ဒါတွေအားလုံးဟာ မကြာ ခင်မှာ ပျောက်ကွယ်သွားတော့မှာ။ အသစ်ပေါ်လာတဲ့ တိုက်တန်းတွေမှာ လူသံသူသံတွေနဲ့ ဆူညံနေဦးတော့မှာ။ အေးအေး ဆေးဆေး အတွေးများရင်း လမ်းလျှောက်ဖို့နေရာ ရှာရပြန်ဦးမှာ။ အများအပြား ပေါက်ပွားတတ်တာတွေကို လျော့ချပေး တတ်တဲ့ ဂေဟစနစ်ကို ကြောက်လန့်နေဦးတော့မှာ။ 


လွင် (ဘော်တွင်း)
0