မောင်ရစ် - အမေရိကန်သမတကြီးထားခဲ့တဲ့ နောက်ဆုံးကျန်ရစ်သူကြီး (Designated Survivor)


မောင်ရစ်  - အမေရိကန်သမတကြီးထားခဲ့တဲ့ နောက်ဆုံးကျန်ရစ်သူကြီး (Designated Survivor)
(အတွေးအမြင် အမှတ် ၃၀၂၊ စက်တင်ဘာ) မိုးမခ၊ စက်တင်ဘာ ၇၊ ၂၀၁၇
ကျန်ရစ်သူ ဆိုတာက အိမ်ထောင်စုတခုမှာ ဦးစီးခေါင်းဆောင် ကွယ်လွန်တဲ့အခါ ကျန်ရစ်တဲ့ မိသားစုတွေကို ဆိုလိုပါတယ်။ အမွေဆက်ခံဖို့၊ ပင်စင်လစာ ဆက်ယူနေဖို့၊ အိမ်ထောင့်တာဝန်တွေ ဆက်ထမ်းဆောင်ဖို့အတွက် အနောက်နိုင်ငံတွေကတော့ သေတမ်းစာမှာ Beneficiary ခံစားခွင့်ရရှိသူ၊ နောက်တမျိုးကတော့ designated survivor ကို သတ်မှတ်ထားခဲ့လေ့ရှိတယ်တဲ့။

အစိုးရခေါင်းဆောင်တွေမှာလည်း line of succession ဆိုတာ ရှိပါတယ်။ တိုင်းပြည်ခေါင်းဆောင် မတော်တဆ ကွယ်လွန်သော် ဆက်လက် အာဏာလွှဲပြောင်း အုပ်ချုပ်မည့်သူပေါ့။ အမေရိကန်မှာကတော့ သမ္မတ လွန်သော် ဒုသမတ၊ ပြီးတော့ လွှတ်တော်ဥက္ကဌ (ပြောရေးဆိုခွင့်ရှိသူလို့ သုံးပါတယ်)၊ အထက်လွှတ်တော်ခေါင်းဆောင်၊ နိုင်ငံခြားရေးဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ ရှေ့နေချုပ် စသည်ဖြင့် အဆင့်ဆင့် အာဏာရယူနိုင်သော စာရင်းကို သတ်မှတ်ထားပါတယ်။ သည်လိုနဲ့ စာရင်းသတ်မှတ်ထားတဲ့အပြင် အကုန်လုံး မာလကီးယား သွားခဲ့သော် နောက်ဆုံး ကျန်ရစ်သူကြီး တဦး (Designated Survivor) ကိုပါ သတ်မှတ်ထားပါသေးသတဲ့။

ဥပမာ – အမေရိကန်သမတကြီးက လွှတ်တော် ၂ရပ်လုံး နဲ့ အစိုးရတဖွဲ့လုံး ရှေ့မှာ တိုင်းပြည်အရေး မိန့်ခွန်းခြွေတဲ့ အစီအစဉ် (state of the union) မှာ အကုန်လုံး မပြောကောင်း မဆိုကောင်းဖြစ်သွားခဲ့ရင် (နောက်ဆုံး ကျန်ရစ်သူ) က တိုင်းပြည်ကို ဆက်လက်အုပ်ချုပ်ရဖို့ ဖြစ်ပါတယ်။ state of the union အချိန်အပိုင်းအခြား အတွက်သာ “နောက်ဆုံးကျန်ရစ်သူ” ကို သတ်မှတ်တာ ဖြစ်ပါတယ်။ တခြားအချိန်တွေမှာတော့ အကုန်လုံး တနေရာတည်း တချိန်တည်း သေကုန်မှာ မဟုတ်ဖို့ များလေတော့ line of succession အတိုင်းပဲ အာဏာကို လွှဲယူလို့ ရတာကြောင့် အဲသည် (နောက်ဆုံးကျန်ရစ်သူ) ဆိုတာက မလိုအပ်လို့ အချိန်တိုင်းမှာ မထားရှိပါဘူး။

နောက်ဆုံးကျန်ရစ်သူဆိုတာ အမေရိကန်မြေမှာ မွေးသော၊ အသက် ၃၅ နှစ်ထက် ကြီးသော အစိုးရအဖွဲ့ဝင်၊ လွှတ်တော်အဖွဲ့ဝင် စသဖြင့် သမတကြီးက ရွေးချယ်တဲ့ ပုဂ္ဂိုလ်တဦး ဖြစ်ပါတယ်။ သမ္မတရဲ့ အဆောင်အယောင်တွေအားလုံးကို အဲသည် သတ်မှတ်ထားတဲ့ ကာလ (အစိုးရနဲ့ လွှတ်တော် ခေါင်းဆောင်တွေ အားလုံး စုဝေးနေတဲ့ အခမ်းအနားအချိန်ကာလ အပိုင်းအခြား) အတွင်း လျို့ဝှက် လုံခြုံပြီး နေပြည်တော်နဲ့ ဝေးကွာသော တနေရာမှာ အကုန်လုံး ခံစားခွင့်နဲ့ အစောင့်အရှောက်ပေးပြီး ထားရပါတယ်။ သူ့ထံမှာ နူကလီးယားဘောလုံး (Nuclear football) လို့ အာလုပ်ပြုတဲ့ နူလက်နက်တွေ ပစ်လွှတ်နိုင်တဲ့ ကိရိယာလည်း ပါရှိတယ်လို့ ဆိုပါတယ်။ နောက်ဆုံး အမေရိကန်အစိုးရနဲ့ ခေါင်းဆောင်တွေ အားလုံး သေဆုံးကုန်လို့ သူချည်းသာ ကျန်ရစ်ရင် သူကိုယ်တိုင်က တိုင်းပြည်ကို ဦးဆောင်ပြီး အုပ်ချုပ်ရ စစ်တိုက်ရတော့မှာမို့ အဲသည် ကိရိယာတွေ ဘာတွေ အဆင်သင့် ထားရှိပေးတယ်လို့ ဆိုပါတယ်။ အတော်ကို စေ့စေ့စပ်စပ်နဲ့ ကြံကြံဖန်ဖန် စီစဉ်ထားမှု ပါပဲ။

ဒါက အမေရိကန်နဲ့ ရုရှားတို့ သွေးအေးစစ်ပွဲကြီးအတွင်းမှာ စတင်ခဲ့တဲ့ အလေ့အကျင့်လို့ ဆိုပါတယ်။ အခုချိန်ထိလည်း လုပ်ဆောင်ဆဲဖြစ်ပါတယ်။ ၂၀၁၆ ဇန်န၀ါရီလက အိုဘားမားက လွှတ်တော်မိန့်ခွန်း ပြောတဲ့အချိန်မှာ သမတကြီးရဲ့ နောက်ဆုံးကျန်ရစ်သူက ပြည်ထဲရေးဝန်ကြီး ပါတဲ့ ခင်ဗျ။ အဲသည်လူက ၀ါရှင်တန်ဒီစီနဲ့ မနီးတဲ့ လုံခြုံတဲ့ဒေသမှာ သီးခြား သမ္မတအဆင့် အစောင့်အရှောက်နဲ့ စတင်းဘိုင် နေနေခဲ့ရပါသတဲ့။

အဲ … လွှတ်တော်မိန့်ခွန်းပြီးသွားတာနဲ့ နောက်ဆုံးကျန်ရစ်သူ အဆင့်အတန်းကို ချက်ခြင်း ရုတ်သိမ်းပြီး ဈန်လျောလိုက်ပုံက တရားကျစရာလို့ ဆိုပါတယ်။ သမတကြီးတို့ အားလုံး ကိစ္စပြီးစီးသွားပြီဆိုတာနဲ့ ကျန်ရစ်သူကြီးဆီကနေ လုံခြုံရေးတွေက ဆုတ်ခွာသွားလိုက်တာများ အဲသည်လူမှာ အိမ်ပြန်ဖို့တောင် တက္ကစီ ငှားမရလို့ လမ်းလျောက်တောင် ပြန်ရတယ် ဆိုပဲ။ (ဒါလည်း ချဲ့ကားပြောတာ နေမှာပါ၊ မသကာ ဘတ်စကားလောက်တော့ စီးပြန်ချင် ပြန်မှာပေါ့)။

မြန်မာပြည်မှာကတော့ ကြားဖူးနားဝ အင်္ဂါစဉ် ဆိုတာ ရှိတယ်လို့ ပြောပါတယ်။ ကိုးကားရန် အစဉ်အတိုင်း ဖော်ပြရသော် အမှတ်စဉ် ၁ ကနေ ၃၈ အထိ ရှိပါတယ်။ အရေးကြီးတဲ့ ထိပ်တန်းတွေကတော့ -

၁ နိုင်ငံတော်သမ္မတ
၂ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
၃ ဒုတိယသမ္မတ (၁)
၎ ဒုတိယသမ္မတ (၂)
၅ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
၆ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ
၇ ပြည်ထောင်စုတရားသူကြီးချုပ်
၈ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
၉ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ
၁၀ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ
၁၁ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်
၁၂ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ
၁၃ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ
၁၄ ပြည်ထောင်စုဝန်ကြီးများ
၁၅ ပြည်ထောင်စုရှေ့နေချုပ်
၁၆ ပြည်ထောင်စုစာရင်းစစ်ချုပ်
၁၇ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ
၁၈ နေပြည်တော်ကောင်စီဥက္ကဋ္ဌ
၁၉ ဝန်ကြီးချုပ်များ

ဆိုပြီး တွေ့ရပါတယ်။ Designated Survivor ထားတယ်လို့တော့ မတွေ့မိပါ။ စာဖတ်နာသူများ အလင်းပြကြရင် စိတ်ဝင်စားဖွယ် ဖြစ်ပါလိမ့်မယ်။

တိုင်းပြည်ရဲ့ အရံခေါင်းဆောင် ဆိုပြီး သီးခြားသတ်မှတ်ထားကာ အထက်ပါ ပုဂ္ဂိုလ်ကြီးများအားလုံး တစုတစည်းတည်း စည်းဝေးနေကြချိန် ဘေးရန်ကင်းရာတနေရာမှာ အရံခေါင်းဆောင်ဆိုသူကို အစောင့်အရှောက်နဲ့ ထားတဲ့ အလေ့ ရှိကြောင်း မြန်မာပြည်မှာတော့ မကြားမိသေးပါကြောင်း။

Comments