မောင်မောင်စိုး ● နှင်းဆီအိပ်မက်များ - အပိုင်း (၄၇)

မောင်မောင်စိုး ● နှင်းဆီအိပ်မက်များ - အပိုင်း (၄၇)
(မိုးမခ) အောက်တိုဘာ ၂၂၊ ၂၀၁၇

● ငှက်ဖျား
ထိုစဉ်က ရှမ်းပြည်ရောက်ဧည့်သည်များကို အထူးဧည့်ခံကြိုဆိုသူကတော့ ငှက်ဖျားဖြစ်သည်။ ယခုခေတ်ကဲ့သို့ ဆေးစွမ်းကောင်းများမရှိသေး၍ငှက်ဖျားဒဏ်အတော်ခံရသည်။ ငှက်ဖျားဖြစ်သည့်နှင့် ခိုက်ခိုက်တုန်အောင်ချမ်း၍ ငှက်ဖျားတက်တော့ သည်။ ရှိသမျှ စောင်အကုန်ခြုံသော်လည်း အပေါ်အောက်သွား တဂတ်ဂတ်ရိုက်၍ ထိမ်းမရအောင်ချမ်း၍တုန်သည်။ အဖျား ကျသွားပါက ချွေးများ ရွှဲနစ်၍ ကျန်နေတတ်သည်။ လူလည်း ပျော့ခွေ၍ ကျန်နေခဲ့သည်။ ငှက်ဖျားသည် အချိန်မှန်လှသည်။ မပျောက်မချင်း နေ့စဉ် အချိန်မှန်ငှက်ဖျားတက်သည်။ သုံးလေးရက်လောက်ဆက်တိုက် ငှက်ဖျားတက်လျင် လူလည်းပျော့ ခွေပြီး ပါးစပ်တွေလည်းခါး၍ ဘာစားစား အရသာမရှိတော့။ စားချင်စိတ် ပျောက်သည်။

မိမိ၏ငှက်ဖျားလည်း ပျောက်လိုက်ပြန်ဖြစ်လိုက်နှင့် လူလည်းပျော့ခွေလာ၍ သင်တန်းကျောင်းဆရာဝန်ခမ်းသာက မိမိအား ဆေးရုံတင်ရန် စီစဉ်သည်။ သို့နှင့် နယ်စပ်အနီး တရုတ်လွတ်မြောက်ရေးတပ်မတော်က ဖွင့်လှစ်ထားသော ၁၀၈ စစ်ဆေးရုံသို့ တက်ခွင့်ကြုံ ခဲ့ပေသည်။ ထိုစဉ်က အရှေ့မြောက်စစ်ဒေသ နယ်စပ်တလျောက်တွင် တရုတ်လွတ်မြောက်ရေးတပ်မတော်က စစ်ဆေးရုံများဖွင့်ထားပြီး CPB မှ ရဲဘော်များကို ဆေးဝါးကုသပေးသည်။ မိမိတို့ CPB ကွတ်ခိုင်ခရိုင်၊ နမ့်ခမ်းခရိုင်၊ ၂၀၂ စစ်ဒေသနှင့် တပ်မဟာ၂ မှ ရဲဘော်များအတွက် တက်ရောက်ကုသနိုင်သည့် စစ်ဆေးရုံအား ကျယ်ဖန့်အနီးတွင် ဖွင့်လှစ်ထား သည်။ ကျယ်ဖန့်မြို့လေးမှာ ယခု ရွှေလီနှင့်မန်စီကြားအလယ်လောက်လောက်တွင်ရှိပြီး မြို့နှင့် ခပ်လှမ်းလှမ်း တောင်ကြော တနေရာတွင် ၁၀၈ စစ်ဆေးရုံရှိသည်။

ဆေးရုံမှာ ကုတင် ၁၀၀ ဆန့်ဆေးရုံဖြစ်သည်။ ပြင်ပဒဏ်ရာလူနာများအတွက် ကုတင် ၅၀ အတွင်းရောဂါ လူနာများအတွက် ကုတင် ၅၀ ဖြစ်သည်။ ခွဲစိတ်ခန်း၊ ဓါတ်မှန်၊ ဂလူးကို့စ်နှင့် ဓါတ်ဆားရည်ချက်လုပ်သည့် စက်ငယ်များအပါ ထိုစဉ်ကာလက ခေတ်မှီကရိယာများရှိသည့် ဆေးရုံဖြစ်သည်။ ဆေးရုံဝန်ထမ်းအားလုံးမှာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ဝင်များဖြစ်ကြပြီး အင်အား ၂၀၀ ခန့်ရှိသည်။

မိမိအား ဆေးရုံရောက်သည့်နေ့မှစ၍ တောက်လျောက် ပုလင်းချိတ်၍ ဆေးသွင်းကုသတော့သည်။ ပုလင်းချိတ်၍ တောက် လျောက် ဆေးသွင်းကုသခြင်းကို တရုတ်ဆရာဝန်တို့ အားသန်ပေ၍လော မိမိငှက်ဖျားဘဲ ပြင်းထန်၍လော မသိတတ်တော့ ပေ။ ၅၀၀ စီစီ ပုလင်း ၃၅ ပုလင်းခန့်အား ၇ ရက်ခန့် တောက်လျောက်အချိတ်ခံလိုက်ရသည်။ သို့နှင့် ငှက်ဖျားရပ်၍ အနည်း ငယ် နလံထူလာတော့သည်။

နလံထူလာသော မိမိတို့ဆေးရုံတက်ရဲဘော်များအတွက် ကောင်းသည့်အချက်တခုမှ အစားအသောက်ကောင်းခြင်းဖြစ်သည်။ မနက်စာ နေ့လည်စာညနေစာ တရက်လျင် သုံးနပ်ကို အသား အသီးအရွက်ကို ကောင်းမွန်စွာ ကျွေးသဖြင့် နလံထမြန်စေ သည်ဟု ဆိုရမည်။ မိမိတပ်ဖွဲ့မှာသာဆိုလျင်ဒီလောက်ကောင်းကောင်း စားရဖို့မလွယ်ကူပေ။ ထို့ပြင် ၁၅ ရက်လျင် အသေး သုံး တရုတ်ငွေ ၁၀ ယွမ်ထုတ်ပေးသည်။ ဆေးရုံအတွင်း ဖွင့်လှစ်ပေးထားသော ကုန်စုံဆိုင်တွင် သွားတိုက်ဆေး ဆပ်ပြာ စီးကရက်စသဖြင့် တကိုယ်ရေသုံးပစ္စည်းများ ဝယ်ယူရနိုင်သည်။ ထိုစဉ်က တရုတ်တို့သည် CPB အား အပြည့်အဝ ကူညီပေး ခဲ့သည်ဟုဆိုရမည်။ သာမန်ရောဂါများထက် ပို၍ အရေးပါသည်မှာ တိုက်ပွဲဖြစ်ပွါးပါက ဒဏ်ရာရရှိလာ သော ရဲဘော်များ အတွက် ရှေ့တန်းဆေးရုံများတွင် အရေးပေါ်ကယ်ဆယ်ကုသပြီးနောက် နယ်စပ်အထိသယ်ပို့ပေးပါက တရုတ်မှ ကားဖြင့် လာခေါ်ပြီး ဆေးဝါးကုသပေးရာ CPB အတွက် အလွန်ဝန်ပေါ့သည်ဟု ဆိုရမည်။ သို့သော် ထိုသို့သော လိုလေးသေး မရှိသည့် အကူအညီများအား အကျိုးရှိစွာ အသုံးချ ရမည့်အစား မိမိကိုယ်မိမိအားကိုး အားထုတ်လိုသည့် စိတ်များလျော့ပါးစေ သည်ကိုလည်း ဖြစ်ပေါ်စေတတ်သည်ကို တွေ့ရပေသည်။

● တရုတ်တပ်စုတစု
တရုတ်စစ်တပ်ဆရာဝန်များသည် မိမိအပေါ် လွန်စွာသဘောကောင်းနေကြပြီး ငှက်ဖျားအပြင် ကျန်သည့်ရောဂါများပါ ရှာဖွေကုသပေးနေကြသေးသည်။ အကြောင်းမဲ့ သဘောကောင်းနေခြင်းတော့မဟုတ်။ မိမိ ၁၀၈ ဆေးရုံ၌ ရှိနေစဉ် ဆေးရုံသို့ တရုတ်လွတ်မြောက်ရေးတပ်မတော် ခွင်းမင်စစ်ဒေသမှ တပ်စုတစု ရောက်လာသည်။ စုစုပေါင်း ၃၀ ခန့်ဖြစ်သည်။ ဆရာ ၃ ယောက်နှင့် အခြားအဆင့် ၂၇ ယောက်ပါဝင်သည်။ အခြားအဆင့်များတွင်ကြည်းတပ် က ၁၄ယောက် လေတပ်က ၁၃ ယောက်ပါဝင်သည်။ ၎င်းတို့အား ထိုစဉ်က ဘေကျင်း နိုင်ငံခြားဘာသာသင်တက္ကသိုလ် မြန်မာစာ ၃ နှစ်သင်တန်းတက်ပြီး နောက်ဆုံးတလကို မိမိတို့တက်နေသည့် ၁၀၈ ဆေးရုံ၌ လက်တွေ့သင်တန်းလာဆင်းကြခြင်းဖြစ်သည်။ ထိုစဉ်ဆေးရုံတက်ရဲဘော်များသော်လည်းဗမာစကားကောင်းစွာမတတ်သည့် ဒေသခံတိုင်းရင်းသားရဲဘော်ကများနေပြီး ဗမာရဲဘော်က မိမိအပါ လေးငါးယောက်ခန့်သာရှိ၍ မိမိတို့အား အချိန်ဆွဲကုသပေးနေခြင်းဖြစ်သည်။

ဆရာ ၃ ယောက်အနက် ၂ ယောက်မှာ မြန်မာပြည်ပေါက် ပင်လယ်ရပ်ခြားတရုတ်များဖြစ်ပြီး တရုတ်ဗမာအရေးအခင်း ကာလကမှ တရုတ်ပြည်သို့ ပြန်သွားခဲ့ကြပုံရသည်။ နောက်တယောက်က တရုတ်ပြည်ပေါက်အစစ်ဖြစ်သည်။ မားလောက် ဆစ် ဝါ ဆရာမားဟု ခေါ်သည်။ မားဆိုသည်က သူ၏မျိုးအမည်ဖြစ်သည်။ သူ၏နာမည်ကိုတော့ မမှတ်မိတော့ပေ။ တရုတ် ပြည် သားတရုတ်အစစ်ဖြစ်ပေသည့် ဗမာစကား ကျွမ်းကျင်စွာ ပြောဆိုနိုင်သည်။ ထို တပ်စုရောက်လာပြီးနောက် မိမိတို့ ဗမာများနှင့် ဗမာစကားလာပြောပြီး လေ့ကျင့်ကြသည်။ စာဖတ်လျင် အခက်အခဲမရှိသော်လည်း စကားပြောအကျင့် မရှိ သေး၍ အတန်ငယ် ထစ်ငေါ့မှုရှိသော်လည်း ၃ နှစ်ခန့်သင်ထား၍ အတော်လေး တတ်သည်ဟု ဆိုနိုင်သည်။ တရုတ်စစ်တပ် အနေနှင့် ထိုစဉ်ကထဲက ဗမာစကားတတ်သူများကို စနစ်တကျ နှစ်စဉ်မွေးထုတ်ပေးနေခဲ့သည်ဟု ဆိုနိုင်သည်။ သူတို့၏နယ် စပ်လုံခြုံရေးနှင့်ပတ်သက်၍ ပြင်ဆင်မှုအား လျှော့မတွက်မိကြရန်လိုပေသည်။ နောက်နှစ်ပိုင်းများတွင် ၎င်းတပ်စုထဲမှအချို့ အား နယ်စပ်ရှိ အချို့ယူနစ်များတွင် ရောက်ရှိတာဝန်ထမ်းဆောင်နေသည်ကို တွေ့ရှိသည်။ နီးစပ်သူများက ထိုသူများသည် မြန်မာပြည်တွင်းသို့ ဝင်ထွက်သွားလာ သတင်းရယူလေ့ရှိသည်ဟုဆိုသည်။ ဗမာစကားလည်းတတ် ဗမာမှတ်ပုံတင်ကလည်း လုပ်ရလွယ်ကူသည် မဟုတ်ပါလော။

ထိုတရုတ်တပ်စု ပြန်သွားပြီး နောက်နေ့တွင် မိမိအား ဆေးရုံက ဆင်းခွင့်ပေးလိုက်ပါသည်။ တရုတ်တို့ကား ပြတ်သားလှပေစွ။

● တရုတ်တို့နှင့် တိန့်ရှောက်ဖင်
မိမိ ၁၀၈ ဆေးရုံတွင်ရှိနေစဉ် ၁၉၇၇ ခုနှစ် ဇူလိုင်သို့မဟုတ် သြဂုတ်လတွင် တရုတ်ပြည်ကွန်မြူ နစ်ပါတီတွင် တိန့်ရှောက်ဖင် နေရာပြန်ရသည့်သတင်းပေါ်ထွက်လာသည်။ မော်စီတုန်းခေတ်က ပြန်လည်ပြင်ဆင်ရေးသမားအဖြစ် သတ်မှတ်ခံရသည့် တိန့်ရှောက်ဖင်တယောက် ပြန်လည်နေရာရလာသည့် အလှည့်အပြောင်းကို မိမိရုတ်တရက်နားမလည်နိုင်ခဲ့ပေ။ ၁၉၇၆ ခုနှစ်အတွင် မော်စီတုန်း၊ ကြိုးအင်းလိုင် စသည့် တရုတ်ထိပ်တန်းခေါင်းဆောင်များကွယ်လွန်ပြီးနောက် ပါတီဥက္ကဌ အဖြစ် ဟွကိုဖုန်းတက်လာသည်။ ဟွကိုဖုန်းသည် အစဉ်အလာခေါင်းဆောင်ထဲကမဟုတ်။ "မင်းကို ငါယုံကြည်စိတ်ချတယ်" ဆို သည့် မော်စီတုန်းစကားတခွန်းသာ သူအတွက် ကိုးကားရာဖြစ်သည်။တရုတ်ပါတီအတွင်း သြဇာကြီးမားလှသည်မဟုတ်ပေ။ တချိန် တည်းလိုလိုပင် မော်စီတုန်းကာလက လက်သံပြောင်၍ ရှေ့တန်းရောက်သည့် ဝမ်ဟုန်ဝင်၊ ကျန်းချွင်းချောင်၊ ကျန်ချင်း၊ ယောင်ဝေယွမ်တို့အား လေးဦးဂိုဏ်းအဖြစ် အရေးယူခံရသည်။ ထို့နောက် မော်စီတုန်းခေတ်က အရေးယူခံထားရ သည့် တိန့်ရှောက်ဖင်နေရာပြန်ရလာသည်။

တိန့်ရှောက်ဖင်ကား ယဉ်ကျေးမှု တော်လှန်ရေးကာလကထဲက လျူရှောက်ချီနှင့်တွဲ၍ ပြန်လည်ပြင်ဆင်ရေးသမားအဖြစ် တိုက်ခိုက်ခံခဲ့ရသူဖြစ်သော်လည်း နေရပြန်ရလိုက် ပြန်ပြု တ်လိုက်ဖြစ်နေသူဖြစ်သည်။ သို့သော်မော်စီတုန်းခေတ်ကာလမှာပင် သူ့အား တရုတ်ကွန်မြူနစ်ပါတီဝင်အဖြစ်ကဖယ်ရှားခြင်းမပြုချေ။ ကွန်မြူနစ်ပါတီ အာဏာရသောတိုင်းပြည်တွင် ပါတီဝင် ၏ အခန်းကဏ္ဏသည် အရေးကြီးသည်။ တိန့်ရှောက်ဖင်သည် တရုတ်ပြည်တော်လှန်ရေးကာလကထဲက တရုတ်လွတ်မြောက် ရေးတပ်မတော်၏ မာရှယ် (စစ်သူကြီး) ၁၀ ဦးတွင် တဦးအပါအဝင်ဖြစ်သည်။ မော်စီတုန်းကွယ်လွန်ပြီးနောက် မာရှယ် ၁၀ ဦးထဲမှ ယဲ့ကျန်ယင်း၊ လီရှင့်နင် နှင့်သူတို့သာ ကျန်တော့သည်။ ကြူးတက်၊ ချင်ယီတို့မှာ ကွယ်လွန်ခဲ့ကြပြီး ဖုန်တက်ဟွိုင်၊ လင်ပြောင်တို့ အရေးယူခံရပြီး ကွယ်လွန်ခဲ့ကြပြီဖြစ်သည်။ ကျန်ခဲ့သော မာရှယ် ၃ ယောက်ထဲမှ သူကား ထွန်းပေါက်သူတဦးဖြစ် လာခဲ့သည်။ တိန့်ဆိုသည်ကသူ၏ မျိုးရိုးနာမည်ဖြစ်သည်။ ရှောက်ဖင်ဆိုသည့် သူ၏နံမည်မြန်မာအဓိပ္ပါယ်မှာ "ပုလင်းငယ် လေး" ဟူ၍ဖြစ်သည်။ နံမည်နဲ့လိုက် အရပ်ခပ်ပုပု သူတယောက်သည် အောင်မြင်ကျော်ကြားသူများသည် အရပ်ပုကြသည်ဟူသောအနောက်တိုင်းဆိုရိုးကို အားဖြည့်ပေးလိုက်သည်။

တိန့်ရှောက်ဖင်သည် မော်စီတုန်းကွယ်လွန်ပြီးနောက် လေးဦးဂိုဏ်းကရှင်းလင်းရန် လိုက်လံရှာဖွေသော်လည်း သူ၏တပ်မှူး များက အကာအကွယ်ပေးထားခဲ့သည်ဟု ဆိုသည်။ ထိုတပ်မှူးကြီးများ၏အားနှင့်ပင် လေးဦးဂိုဏ်းဖယ်ရှားခံရပြီး သူနေရာ ပြန်ရလာခြင်းဖြစ်သည်။ မော်စီတုန်းကွယ်လွန်ပြီးတနှစ်ကျော်ခန့်အကြာတွင်ဖြစ်သည်။ ထိုသတင်းထွက်လာသည့်နေ့က အပျော်ရွှင်ဆုံးအဖြစ်တွေ့ရသူမှာ တရုတ်တပ်စုအား ခေါင်းဆောင်လာသည့် ဆရာမား ဖြစ်သည်။ သူသည် ခွင်းမင်းစစ်ဒေသမှ သင်တန်းသားတပ်စုအား ခေါင်းဆောင်လာသူဖြစ်သော်လည်း ဘေးကျင်းတက္ကသို့လ်မှ ဆရာတဦးဖြစ်ပေရာ ဘေကျ င်း မြို့တော် အခြေအနေများကို ထဲထဲဝင်ဝင် သိပုံရသည်။ ယဉ်ကျေးမှု တော်လှန်ရေးကာလမှစ၍ ၁၀ နှစ်ကျော် တိုက်ခိုက်ခံထားရသူတဦးပြန်နေရာရလာခြင်း မိမိတဦးချင်းအနေနှင့် ကောင်းစွာနားမလည်နိုင်သေးပေ။ သို့သော် ဘေကျင်းအခြေစိုက် တရုတ်စစ်ဖက်အရာရှိတယောက်၏ပျော်ရွှင်မှုအားကြည့်ပြီး တရုတ်ကွန်မြူ နစ်ပါတီတွင်း တိုက်ပွဲ၏ နက်ရှိုင်းရှုပ်ထွေးမှုကို စဉ်းစားနေမိသည်။ ဆရာမားကတော့ မိမိအား "ကျနော်တို့ တရုတ်ပြည် ခေတ်သစ်တခုထဲ ရောက်ပြီဗျ" ဆိုကာ ပျော်ရွှင် တက်ကြွနေသည်ကို ငေးမောနေမိတော့သည်။

တိန့်ရှောက်ဖင်တက်လာတော့ ခက်ဦးမည်မှာ မိမိတို့ CPB ဖြစ်သည်ကို ချက်ခြင်းပြေးမြင်မိသည်။ လွန်ခဲ့သော တနှစ်ကျော်ခန့် တိန့်ရှောက်ဖင်ပြု တ်တုန်းက မိမိတို့ CPB က သဝဏ်လွှာပို့၍ ထောက်ခံထားသည်မဟုတ်ပါလော။ ထိုစဉ်ကထဲက မိမိတို့ မနှစ်သက်ခဲ့ပါ။ မည်သို့ပင် ညီနောင်ပါတီဖြစ်သည်ဆိုစေကာမူ သူများပါတီတွင်း ပဋိပက္ခအား တဖက်ဖက်မှ ဝင်ရောက် ထောက်ခံရန် မသင့်ဟု မိမိတို့ကယူဆခဲ့ကြသည်။ သိပ်မကြာမီမှာပင် တိန့်ရှောက်ဖင်နေရာပြန်ရသည်ကို ထောက်ခံကြောင်း မိမိတို့ CPB ဗဟိုမှ သဝဏ်လွှာ ပို့ပြန်သည်ကို တွေ့ခဲ့ရပြန်သည်။ ပြု တ်တုန်းကလည်းထောက်ခံလိုက်တက်ပြန်တော့လည်း ထောက်ခံလိုက်ဖြင့် စိတ်ပျက်စရာ အခြေအနေတခုတော့ ကြုံခဲ့ရသည်။

ထို့နောက်တွင် တရုတ်ပါတီ၏ အပြောင်းအလဲများကို တွေ့ရသည်။ဥက္ကကြီးမော် ယုံကြည်စိတ်ချ သည်ဆိုသော ဟွကိုဖုန်း လည်း နေရာဖယ်ပေးရပြီး သာမန်ဗဟိုကော်မတီဝင်တဦးဖြစ်သွားခဲ့သည်။ ပါတီစဖွဲ့ကထဲက ဥက္ကဌစနစ်ဖြင့် ဖွဲ့စည်းခဲ့သော တရုတ်ပါတီသည် အထွေထွေအတွင်းရေးမှူး ဦးစီးသည့်စနစ်သို့ပြောင်းသွားသည်။ ပထမဆုံးအတွင်းရေးမှူးအဖြစ် ဟူ ရောက်ပန်း ဖြစ်လာခဲ့သည်။ တိန့်ရှောက်ဖင်ကတော့ ဗဟိုစစ်ကော်မရှင် ဥက္ကဌ ဖြစ်လာသည်။ တံခါးဖွင့်စီးပွါးရေးဆိုသည့် ဆိုရှယ်လစ်ဈေးကွက်စီးပွားရေးစနစ်သို့ပြောင်းလဲသည်။ ယဉ်ကျေးမှုတော်လှန်ရေးပြီးဆုံးသွားပြီဟု ဆိုခဲ့သည်။ တရုတ်စစ် တပ်အင်အားကို ၄ သန်းကျော်မှ ၂ သန်းအထိ လျှော့ချ မည်ဟု ကြေညာလိုက်သည်။ တပ်အင်အားများ လျှော့ချ သကဲ့သို့ စစ်ဒေသများအား ပြောင်းလဲ ပူးပေါင်းဖွဲ့စည်းသည်။ ခွင်းမင်စစ်ဒေသလည်း စစ်ဒေသခွဲဖြစ်သွားပြီး ချင်တူးစစ်ဒေသနှင့် ပူး ပေါင်းလိုက်သည်။ မြန်မာပြည်နယ်စပ်ကိစ္စများအား ချင်တူးစစ်ဒေသမှ ပြောင်းလဲကိုင်တွယ်သည်။

တံခါးဖွင့်လျင် ဖုန်သဲဂဲတော့ နဲနဲဝင်လိမ့်မည်။ စိတ်ပူစရာမလိုဟု ပြောလာကြသည်။ ချမ်းသာသည်မှာ မင်္ဂလာတပါးဖြစ်သည်ဟု ဆိုလာကြသည်။ကြောင်ဖြူ ဖြစ်ဖြစ် ကြောင်မဲဖြစ်ဖြစ် ကြွက်ဖမ်းနိုင်ဖို့သာ အဓိကဟု ဆိုလာသည်။ နီလည်းနီ ချွန်လည်း ချွန်ရမည်။ နီရေးနှင့်ချွန်ရေးတွင် နီရေးက အဓိကဟုဆိုသည့် ပြောဆိုခြင်းများပျောက်ကွယ်သွားသည်။ နိုင်ငံတကာဝါဒ လက်ကိုင်ပြုသည့် ကွန်မြူနစ်ဝါဒနေရာတွင် အမျိုးသား အကျိုးစီးပွားကို ရှေးရှုသည့် ကွန်မြူနစ်ဝါဒဝင်လာသည်။ ဘေကျင်း အသံလွှင့်ဌာနမှ အသံလွှင့်အစီအစဉ်တွင် အင်တာနေရှင်နယ်သီချင်း တိုးတိတ်ပျောက်ကွယ်သွားသည်။ တရုတ်ကွန်မြူ နစ်ပါတီနှင့် တရုတ်ပြည်သည် ၁၉၇၇ ခုနှစ် တိန့်ရှောက်ဖင် တက်လာပြီးနောက်ပိုင်း "ဆရာမား" ပြောသကဲ့သို့ပင် ခေတ်သစ် တခုသို့ တိုးဝင်စပြုသည်။

တရုတ်ပြည်၏ အပြောင်းအလဲသည် တရုတ်ပြည်၏ ညီနောင်ပါတီ အဖြစ်ရပ်တည်နေပြီး တရုတ်တို့၏ အကူအညီရယူနေသော မိမိတို့ CPB ပါတီအားလည်း တဖြေးဖြေး သက်ရောက်မှုရှိလာသည်ကို နောင်တွင် မိမိတို့ ကြုံတွေ့ခဲ့ရပေတော့သည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး

Comments