ခက်သီ- ဘုရားသခင်ချစ်ကြည်ရေး

 KT#
ဘုရားသခင်ချစ်ကြည်ရေး
ခက်သီ
(မိုးမခ) အောက်တိုဘာ ၁၀၊ ၂၀၁၇


ငါ့မှာ ဘုရားရှိတယ်
မင်းမှာလည်း ဘုရားရှိတယ် ။
မင်းဘုရား နဲ့ ငါ့ဘုရား
စားပွဲတဝိုင်းထဲ မထိုင်ဖူးဘူး
မင်း နဲ့ ငါနဲ့ လက်ဖက်ရည်ဆိုင်အတူထိုင်ကြတယ် ။

မင်း ဘုရားသခင်ကို မင်းသတ်လို့
မင်းမှာ ဘုရားမဲ့သွားရင်
မင်း နဲ့ ငါ ဟာ သူငယ်ချင်းပဲ
ငါ့ ဘုရားကို မင်းသတ်လို့မရဘူး ။

ငါ့ဘုရားကို ငါသတ်လို့
ငါ့မှာ ဘုရားမဲ့သွားရင်
ငါ နဲ့ မင်နဲ့ဟာ သူငယ်ချင်းပဲ
မင်း ဘုရားသခင် ငါသတ်လို့မရဘူး ။

ဘုရားတွေဟာ အချင်းချင်း မမုန်းကြဘူး
မင်းတို့ ငါတို့ကြားက အမုန်းတရားဟာ
ဘာအကြောင်းကြောင့်လဲ။

ဘုရားသခင်တွေဟာ ကြွေအန်ကစားကြရတယ်
လူသားတွေရဲ့ အမုန်းတရားတွေအတွက် ။       ။


Comments