မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ - အပိုင်း (၅၀)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ - အပိုင်း (၅၀)
(မိုးမခ) အောက်တိုဘာ ၃၀၊ ၂၀၁၇

● ရွှေလီချိုင့်ဝှမ်းသို့
ထိုဒေသကို မိမိတို့ကတော့ ၂၀၂ စစ်ဒေသဟုခေါ်သည်။ မဆလအစိုးရဖက်ကတော့ ရွှေလီချိုင့်ဝှမ်းဂွင်ဟု ခေါ်ပါသည်။ ထို ဂွင်မှာ နမ့်ခမ်းတောင်ဖက် ရွှေလီမြစ်ရိုးအတိုင်း မိုးလို၊ နှင်းထောက်မှသည် မိုးမိတ်အထိ အနောက်ဖက်အစွန်ခြမ်းဟု ဆိုနိုင် သည်။ တောင်ဖက်တွင် မိုးမိတ်၊ ကွန်ခါ၊ ကျောက်မဲ၊ နမ့်ဆန်တို့ရှိသည်။ မြောက်ဖက်တွင် နမ့်ခမ်း၊ နမ့်ဖတ်ကာ၊ ကွတ်ခိုင် တို့ရှိသည်ဟု ဆိုရမည်။ မန်တုန်၊ ခိုမုန်း၊ မုန်းဝီးတို့မှာ ထိုဒေသတွင်း၌ ရှိသည်။ ထိုဒေသတွင်း၌ ယခင်စော်ဘွားများ၊ ဒူဝါများ အုပ်ချုပ်ခဲ့သည့် ကိုးတောင်နယ်၊ ငါးတောင်နယ်များ ပါဝင်သည်။

ထိုဒေသတွင်း၌ မြေပြန့်တွင် ရှမ်းရွာများရှိပြီး တောင်ပေါ်တွင် ကချင်နှင့်ပလောင်ရွာများရှိသည်။ နမ့်ခမ်းအနီး မုန်ဝီး၊ ပန်ဆေး တို့တွင် တရုတ်ရွာအချို့ရှိသည်။ ထို့အတူ ထိုဒေသတွင်း၌ လက်နက်ကိုင်တပ်ဖွဲ့များသည်လည်း ရောထွေးလှုပ်ရှား သည်။ ထိုအချိန်က ထိုဒေသတွင်း၌ SSA ရှမ်းတပ်များက မိုးမိတ်အထက် ကွန်ခါ ဘက်တွင်လှုပ်ရှားသကဲ့သို့ သိန္နီဘက်ခြမ်း တွင် လည်း လှုပ်ရှားသည်။ KIA တပ်မဟာ ၄ ကတော့ ကွတ်ခိုင် နမ့်ဖတ်ကာဘက်ခြမ်းတွင် လှုပ်ရှားသည်။ PSLO/PSLA ပလောင် တပ်ကတော့ မန်တုန်၊ နမ့်ဆန် ဘက်ခြမ်းတွင် လှုပ်ရှားသည်။ မိမိတို့ CPB ၂၀၂ စစ်ဒေသတပ်ဖွဲ့များကတော့ ရွှေလီမြစ်ရိုးရှိ မုန်းခက်မှသည် မိုးလိုတလျောက်ရှိ တောင်ကြောကို အခြေပြုလှုပ်ရှားသည်။ မိုးမိတ်အထက် ကျောက်ဖြူချောင်း လွယ်ရ တုန်းကြီးဂွင်သည်လည်း မိမိတို့ ၂၀၂ ဒေသ လှုပ်ရှားနယ်မြေဖြစ်သည်။ ၁၉၇၆ ခုနှစ် KIA နှင့် အပစ်ရပ်ပြီးနောက် KIA က အဆိုပါ လွယ်ရ၊ တုန်းကြီးဂွင်အား CPB ထိမ်းချုပ်မှုအောက်ပေးခဲ့ပြီး မုန်းစီး နားလယ်အနီးရှိ မုန်းပေါ်လေးဂွင်အား KIA ထိမ်းချုပ်ရာနယ်မြေအဖြစ် CPB ကသဘောတူခဲ့သည်။ နမ့်ခမ်းအနီး မုန်းဝီးတဝိုက်တွင်တော့ မန်ရှိုးအခြေစိုက် နမ့်ခမ်းခရိုင် တပ်ဖြစ်သော ၈၀၁ တပ်ဖွဲ့ ဝင်ရောက်လှုပ်ရှားသည်။

လက်နက်ကိုင်တပ်ဖွဲ့များပြားပြီး နယ်မြေချင်းဆက်စပ်နေပေရာ ပြဿနာများသော နယ်မြေဖြစ်သည်။ ၁၉၇၆ ခုနှစ် နောက် ပိုင်း CPB နှင့် KIA တို့ တပ်ပေါင်းစုဖွဲ့နိုင်ပြီးနောက် လက်နက်ကိုင်အဖွဲ့ချင်း ပဋိပက္ခအတော်ငြိမ်းသွားသည်ဟု ဆိုနိုင်သည်။

မိမိတို့သည် ထိုဒေသသို့ ၁၉၇၇ ခုနှစ် နှစ်ကုန်ပိုင်းခန့်က ရောက်ရှိသွားသည်။ ထိုအချိန်ကာလက မိမိတို့ တပ်ပေါင်းသင်တန်း ကျောင်းများ နားနေစဉ်ကာလဖြစ်၍ သင်တန်းကျောင်း ကင်းတပ်ခွဲနှင့်အတူ မိမိတို့ ၂၀၂ ဒေသသို့ သွားရောက်စေခဲ့သည်။ စစ်ရေးလှုပ်ရှားမှုအတွက်တော့ မဟုတ်ပါ။ ၁၉၇၇ ခုနှစ် နှစ်ဆန်းပိုင် မိုးမိတ်တိုက်ပွဲတုန်းက သိမ်းဆည်းရမိထားသော ပစ္စည်း များကို သွားရောက်သယ်ယူရန်ဖြစ်သည်။ လက်နက်ကြီးနှင့် ဆက်စပ်ပစ္စည်းများ၊ လက်နှိပ်စက်များဖြစ်သည်ဟု ထင်သည်။ အသေးစိတ်တော့ မမှတ်မိတော့ပေ။ တကယ်တော့ ထိုပစ္စည်းသယ်ဖို့ထက် နောက်တန်းတွင် အနေကြာနေသောတပ်ကို ရှေ့တန်းလှုပ်လှုပ်ရှားရှား အတွေ့အကြုံရစေရန် လူကြီးများက ရည်ရွယ်ပုံရသည်။

မန်ရှိုးဒေသ ကွန်ဟိုင်းရွာကြီးမှ ဖြတ်ထွက်လျင် နမ့်ခမ်းမြို့၏ ရွှေလီမြစ်တဖက်ကမ်း မန်ဝိန်းကွင်းအတွင်းသို့ ရောက်သည်။ မဆလအစိုးရတပ်၏ အမြောက်တကမ်းအကွာက ဖြတ်ရသဖြင့် ညဖက် အသံလုံလုံဖြင့် ဖြတ်ရသည်။ ထိုမန်ဝိန်းကွင်းသည် ထိုစဉ်က KIA တပ်မဟာ ၃ ရင်း ၁ ထိမ်းချုပ်နယ်မြေ ဖြစ်ရာ KIA အားဆက်သွယ် အကြောင်းကြားထားသဖြင့် KIA ကလာကြို ပြီး လမ်းပြပေးသည်။ နမ့်ခမ်း ဗန်းမော်ကားလမ်းပေါ်တွင်ရှိသောလဂတ်တော်ကျေးရွာတွင် KIA တပ်ဖွဲ့ဝင်များနှင့်ဆုံသည်။

KIA အရှေ့ပိုင်းတိုင်းမှူး ဆလန်ကဘာ ဆင်ဝါးနော်နှင့် တပ်ရင်း ၁ ရင်းမှူး ဒူပန်းအောင်တို့ ဦးစီးသည့် KIA တပ်ဖွဲ့များဖြစ်သည်။ သူတို့ကလည်းသူတို့အစီအစဉ်နှင့် သူတို့ လှုပ်ရှားနေစဉ် မိမိတို့သင်တန်းကျောင်းမှ တပ်များလာမည်ဆို၍ စောင့်နေခြင်းဖြစ် သည်။ ဆလန်ကဘာ ဆင်ဝါးနော်ရော ဒူပန်းအောင်ရောက မုန်လုံသင်တန်းပထမပတ်တွင် လာရောက်တက်ခဲ့ဘူးပြီးမိမိတို့ တပ်ပေါင်းစုသင်တန်းကျောင်းမှ ရဲဘော်များသိကျွမ်းနေသူများဖြစ်သဖြင့် နှုတ်ဆက်ဧည့်ခံသည့်သဘောလည်း ဖြစ်သည်။ ထိုစဉ်က နမ့်ခမ်း ဗန်းမော်ကားလမ်းကို KIA ထိမ်းချုပ် ဖြတ်တောက်ထားနိုင်သည့်ကာလဖြစ်သည်။

● လဂတ်တော်ပွဲည
လဂတ်တော်သည် နမ့်ခမ်းဘက်မှလာလျင် မန်ဝိန်းကွင်းအားဖြတ်၍ တောင်ပေါ်တက်လာသည့်နှင့် တွေ့ရသည့် ကချင်ရွာ ဖြစ်သည်။ ကားလမ်းဘေးတလျောက် တောင်ကြောအတိုင်းရွာတည်ထားသည်။ အစိုးရ ရှေ့တန်း တပ်ရင်းရုံးစိုက်သော နမ့်ခမ်းမြို့နှင့် ဘာမှမဝေးလှသော ထိုရွာလေးတွင် အောက်လင်းဓါတ်မီးတထိန်ထိန်ဖြင့် မိမိတို့ ပွဲကျင်းပခဲ့ကြသည်။

တိုက်တိုက်ဆိုင်ဆိုင် KIA ကလည်း တပ်စုပြီးလှုပ်ရှား၍ လူထုစည်းရုံးရေးလုပ်နေချိန်ဖြစ်ပုံရသည်။ တိုင်းမှူး ဆလန်ကဘာ ဆင်ဝါးနော်နှင့်အတူဝါဒဖြန့်ချိရေးအဖွဲ့ဟုလည်း ခေါ်နိုင်သည့် အရှေ့ပိုင်းတိုင်းမှ အဆိုအကအဖွဲ့လည်းပါသည်။ ရင်း ၁ ရင်း မှူး ဒူပန်းနှင့်အတူ တပ်ခွဲမှူးများဖြစ်ကြသည်ဒူဂျေ ဆန်လီနှင့် ဒူလဇိန်ဘောက်ဝါတို့ကိုလည်း တွေ့ရသည်။ အနည်းဆုံးတပ်ခွဲ နှစ်ခွဲတော့ ပါပုံရသည်။ ဒူပန်းအောင်ကား မိမိတို့ရဲဘော်များနှင့် ခင်မင်ရင်းနှီးသူဖြစ်၍ မိမိတို့က သူ့အား ဒူပန်းဟု ခေါ်ကြ သည်။ အထူးသဖြင့် မိမိတို့နှင့်အတူပါလာသော မုန်လုံသင်တန်းကျောင်းမှ ကိုမျိုးမြင့်၊ ကိုသိန်းဆွေတို့နှင့် ဒူပန်းက ရင်းနှီးသည်။ ဒူပန်း၏ တပ်ခွဲမှူး နှစ်ဦးမှာလည်း ခပ်ကြမ်းကြမ်းသမားတွေမို့ နာမည်ကြီးတွေဖြစ်သည်။ နောင် KIA တွင်လည်း ထိပ်ပိုင်း စစ်ဖက်တာဝန်များရရှိကြသူများဖြစ်သည်။

KIA က သူနယ်ထဲမို့ ဆန်ထုတ်ပေးသည်။ ဝက်တကောင်သတ်၍တပ်စိတ်များအား ဝေပေးပြီး ဧည့်ဝတ်ပြု သည်။ ညဖက် အရှေ့ပိုင်းတိုင်း အဆိုအကအဖွဲ့ဖြင့် ဧည့်ခံသည်။ ဆလန်ကဘာ ဆင်ဝါးနော် ကိုယ်တိုင်ဟန်မာန်အပြည့်နှင့် သီချင်းဆိုတော့ KIA ရဲဘော်များအားလုံးလိုက်ဆိုကြသဖြင့် လဂတ်တော်တရွာလုံး KIA သီချင်းသံဖြင့် ဟိန်းဟိန်းညံသည်။ မိမိတို့တပ်ဖွဲ့ ကလည်း အားကျမခံ CPB သီချင်းများကို ပြန်လည်သံပြိုင်ဆိုကြသည်။ ဤသို့နှင့် လဂတ်တော်တရွာလုံး တတောလုံး တတောင်လုံး သီချင်းသံများ ပဲ့တင်ထပ်နေသည်။ လဂတ်တော်ရွာအတွင်း၌လည်း အောက်လင်းဓါတ်မီး လေးငါးလုံးခန့်ဖြင့် ထိန်ထိန်လင်းနေသည်။ အားလုံးသည် တက်ကြွနေကြသည်။

အဆိုပါ လဂတ်တော်ညက ဒူပန်း၊ ဒူဆန်လီ၊ ဒူဘောက်ဝါတို့ကား ယခုအခါ မရှိကြတော့။ ကွယ်လွန်သွားကြပြီဖြစ်သည်။ ဆလန်ကဘာ ဆင်ဝါးနော်ကား ယခုတိုင်ရှိနေသေးသည်။

● မုန်းခက်ကူးတို့
နမ့်ခမ်းမြို့ အောက်ဖက် ရွှေလီမြစ်ရိုးအတိုင်းသွားပါက တောင်ကြောထိပ်တွင် ပြင်လုံဟုခေါ်သော ပလောင်ရွာကြီးတရွာရှိ သည်။ နဝတခေတ်ဦးတွင် ပြင်လုံရတနာမြေဟု နာမည်ကြီးသည်။ ထိုစဉ်ကတော့ တောတောင်ထူထပ်၍ လူသူအရောက်အပေါက်နဲသောဒေသဖြစ်ပြီး ဆတ်အုပ်လိုက်ပေါသောတောင်ကြောဖြစ်သည်။ ပြင်လုံရွာ၏ တောင်ဖက် ရွှေလီမြစ်ကမ်းအနီးတွင်မုန်းခက်ခေါ်သော ရှမ်းရွာလေးတရွာရှိသည်။

လဂတ်တော်မှ ထွက်လာသော မိမိတို့တပ်ခွဲသည် KIA လမ်းပြအကူအညီနှင့် မန်ဝိန်းကွင်း တောင်ဖက် ပါကျောက်တောင် ကြောအတိုင်း သွား၍ရွှေလီမြစ်ကမ်းသို့ထိုးဆင်းကာ မုန်းခက်ကူးတို့မှ ရွှေလီမြစ်အားဖြတ်သည်။ တဖက်ကမ်းတွင်ရွာမရှိ တောသက်သက်ဖြစ်သည်။ တောင်ကြားဖြစ်သဖြင့်ရေလီမြစ်သည် အတန်ငယ်ကျ ဉ်းသော်လည်း ရေစီးသန်သည်။ မြစ်ကို ဖြတ်ရန် ဝါးဖေါင်ငယ် ၂ စီးခန့်နှင့် ခေါက်တုန့်ခေါက်ပြန် ဖြတ်ရသည်။ တခေါက်လျင် ရဲဘော်တယောက်မှ နှစ်ယောက်ခန့်သာ တင်နိုင်သည့်ဝါးဖေါင်ငယ်များဖြစ်၍ အချိန်ကြန့်ကြာသည်။ ရေကူးတတ်သည့်ရဲဘော်များက ရေကူး၍ ဖြတ်ကြသည်။ မိမိ လည်း ရေကူးဖြတ်ရနိ ပြင်ဆင်နေချိန်တွင် တဖက်ကမ်းသို့ ရေကူးပြီးဖြတ်သွားသည့် ကိုမျိုးမြင့်က မိမိအား "မကူးနဲ့ မကူးနဲ့။ ဖေါင်နဲ့လာခဲ့" လှမ်းအော်နေသဖြင့် မိမိဖေါင်နှင့်သာကူးခဲ့သည်။ မြစ်က တောင်ကြားဖြစ်၍ ကျဉ်းသည်ထင်ရသော်လည်း ထင်သလောက်မကျဉ်းလှ။ ထို့ပြင် ရေစီးသန်လှသည်။ ထို့ပြင် ဆောင်းတွင်းဖြစ်၍ ရေက လွန်စွာအေးစက်နေသဖြင့် ရေကူး ရင်း ကြွက်တက်လာသည်ဟု ကိုမျိုးမြင့်ကဆိုသည်။ သူတား၍ မိမိ ရေမကူးသည်က မိမိအသက်ကို ကယ်လိုက်ပုံရသည်။ မိမိနောက်မှ တပ်စုမှူးတရုတ်ရဲဘော်တယောက် ရေကူးရင်း ရေနစ်သွားရာ ရေကူးကျွမ်းသူများလိုက်ဆယ်သော်လည်း မမှီ လိုက်တော့။ ပြန်ပေါ်မလာတော့ပေ။ နောက်နှစ်ရက်လောက်ကြာမှ အောက်ဖက် အတော်ဝေးသောကူးတို့တခုတွင် အ လောင်း ပြန်ပေါ်သည်ဟု သတင်းကြားလိုက်ရသည်။

မုန်းခက်ရွာက ရွှေလီမြစ်ဘေးတွင်တော့မဟုတ်။ မြစ်ကမ်းမှ နာရီဝက်ခန့်လမ်းလျောက်ရသည်။ တောကောင်ခြေတွင် တည် ထားသော ရွာလေးဖြစ်သည်။ ရွာအနီး မြေပြန့်နှင့် လယ်ကွင်းအနဲငယ်ရှိသော်လည်း ပတ်လည်တွင်တောတောင် တို့ထူထပ် သည်။ တကယ်တော့ နမ့်ခမ်းတဝိုက်တွင် ရွှေလီမြစ်သည် မြင့်မားမတ်စောက်သော တောင်ကြားမှ ဖြတ်သန်းစီးဆင်းသည်မှ မဘိန်းကွင်းထဲရောက်သည်အထိဖြစ်သည်။ ထိုတောင်ကြားသည် ယေဘုယျအားဖြင့် မြင့်မားမတ်စောက်သည်ဖြစ်ရာ မြစ် ဘေးတွင် ပြန့်ဟူ၍ မရှိသလောက်ဟု ဆိုနိုင်သည်။ မုန်းခက်ရွာရှိသည့် ပြန့်ကွင်းငယ်လေးကား ချွင်းချက်ဖြစ်သည်။ ထိုသို့ အလွန်တရာချွင်းချက်ဖြစ်သောနေရာလေးတွင်ပင် စိုက်ပျိုးထွန်ယက်စားသောက်နိုင်သည့် နေရာလေးရှိ၍ လူသားတို့ နေ ထိုင်ရုန်းကန်ရှင်သန်ကြသည်။ မုန်းခက်ရွာသည် တောတောင်ထဲမှရွာကလေးတရွာဖြစ်ရာ မည်သည့်မြို့နှင့် ကားလမ်း မ ပေါက်။ မြို့မဆိုထားနှင့် အနီးဆုံးဈေးရွာတခုသို့ပင် လမ်းလျှောက်၍ တရက်နှင့် ခရီးမပေါက်နိုင်ပေ။ ပတ်ဝန်ကျင်တော တောင်ထူထပ်ပုံကတော့ မိမိတို့ မုန်းခက်ရွာရောက်သည့်နေ့က ဝက်ဝံအကုတ်ခံထားရသည့် ရွာသားတဦးအား တွေ့ခဲ့ရ သည်။ ထိုသို့ တောတောင်ထူထပ်၍လည်း မိမိတို့တပ်ဖွဲ့များ လှုပ်ရှားနိုင်ခြင်းဖြစ်သည်။ ထို့ပြင် မုန်းခက်သည် ရွှေလီမြစ် ဘေးက ပြန့်ကွင်းငယ်လေးဖြစ်သော်လည်း ပတ်လည်က တောင်တွေချည်းဖြစ်သည်။ ကွင်းထဲက ဘယ်ဘက်ထွက်ထွက် တောင်တက်ဖြစ်ရာ အဝင်လွယ်သော်လည်း စစ်သဘောအရအထွက်ခက်သည့် မြေအနေအထားကြောင့် အစိုးရစစ်ကြောင်း များ ထိုကွင်းထဲသို့ ဆင်းလေ့မရှိကြပေ။ ထို့ကြောင့် မိမိတပ်ဖွဲ့များ လွတ်လပ်စွာလှုပ်ရှားနိုင်ခဲ့ကြသည်။

မိမိတို့ မုန်းခက်ရောက်တော့တပ်မဟာ ၂ မှ ကိုကြည်မြင့်ဦးစီးသည့် တပ်ဖွဲ့အချို့ကိုတွေ့ရသည်။ ကိုအိုက်အေးအပါ တပ်မ ဟာ ၂ မှ ဗမာရဲဘော်အချို့ နှင့် မထင်မှတ်ဘဲ ဆုံရသည်။ စီစဉ်ထား၍ ဆုံခြင်းမျိုးတော့မဟုတ်ပေ။ သူတို့ကလည်း သူတို့တပ် ၏ စစ်ဆင်ရေးအစီအစဉ်ဖြင့် လှု ပ်ရှားနေရင်း ရွှေလီချိုင့်ဝှမ်းဂွင်အတွင်း ဆုံမိကြခြင်းဖြစ်သည်။ ထိုစဉ်ကာလက ရွှေလီမြစ် နှင့် ရွှေလီချိုင့်ဝှမ်းဂွင်အတွင်း မိမိတို့ လက်နက်ကိုင်တပ်ဖွဲ့များ အပြည့်အဝ ထိမ်းချုပ်ထားနိုင်ခြင်းမရှိသော်လည်း လက်ယှက် ထိုးသွားလာနိုင်သောကာလဟု ဆိုနိုင်သည်။ မိမိတို့တပ်ခွဲ ၁၅ ရက် အရက် ၂၀ ခန့်လှုပ်ရှားခဲ့သော်လည်း မည်သည် တိုက်ပွဲ ထိတွေ့မှ မဖြစ်ခဲ့ပေ။ မုန်းခက်ရောက်ပြီးနောက် ဒေသခံ ၂၀၂ စစ်ဒေသမှ ရဲဘော်များကရှေ့ဆောင်သဖြင့် မိမိတို့ အခက် အခဲမရှိတော့ခြင်းလည်း ဖြစ်ပါသည်။

● ဆင်သွားလျင် လမ်းဖြစ်သည်
မုန်းခက်မှ တောင်ကြောပေါ်သို့ တောက်လျောက်အတက်ဖြစ်သည်။ ရွာဆက်ပြတ်သည်။ ရွာမတွေ့ရ။ တောနှင့် တောင်နှင့် တောင်ခိုးနှင့်ဟုဆိုရပေမည်။ ညနေစောင်းတွင် တောင်ကြောတနေရာတွင် ရှေ့က ပွိုင့်ရဲဘော်က ဆင်အုပ်ကို တွေ့လိုက်ရ သည်။ "ဆင် ဆင်" ဟုအော်သံနှင့်အတူ "ပစ် ပစ်" ဟူသော အသံများက တပြိုင်နက်ထွက်လာပြီး ရဲဘော်များလည်း တပြိုင် နက်ရှေ့သို့ ပြေးတက်ကြသည်။ မိမိတို့ တပ်ခွဲပါ ဒေသခံရဲဘော်များက အမဲလိုက်သည့် အလေ့အကျင့်ရှိကြရာ ဆင်ပစ်လိုကြ သည်။

မိမိတို့ရှေ့သို့ ပြေးအတက် တောင်စောင်းအတိုင်း ဝေါကနဲ မြည်သံကြားလိုက်ရသည်။ ဆင်ပစ်ဖို့နေနေသာသာ ဆင်အုပ်ကို ရိပ်ကနဲသာ တွေ့လိုက်ရသည်။ အရေပြားထူထဲပြီး အကြမ်းအတမ်းခံနိုင်သည့် ဆင်သည် ပြန်လှည့်ရန်မူခြင်းတော့မရှိ။ တောင် စောင်းအတိုင်း နောက်ခြေနှစ်ဖက်ကို ဆန့်တန်းထိုင်ချပြီး ရှေ့ခြေနှစ်ဖက်ကို အပေါ်မြှောက်၍ ဖင်ထိုင်ရက် လျှော ဆင်းသွားကြသည်။ သူတို့၏ ကြီးမားသော ကိုယ်ခန္ဓာနှင့် လျောဆင်းသည့်အရှိန်ကြောင့် တောင်စောင်းတလျှောက်ရှိ တော် တန်ရုံ သစ်ပင်ကြီးငယ်များတဖြောင်းဖြောင် ကျိုးပြီး တောင်အောက်သို့ တရှိန်ထိုးရောက်သွားပြီး မိမိတို့မြင်ကွင်းမှ ပျောက် ကွယ်သွားသည်။ အကောင်ကြီးသော်လည်း မြန်ဆန်သွက်လက်လှပေစွ။

ထို့ကြောင့် ရှေးလူကြီးများက ဆင်သွားရင်လမ်းဖြစ်သည်ဟု ဆိုကြသည်။ မိမိတို့ ရှေ့ဆက်တော့ ဆင်အုပ်သွားရာလမ်းကြောင်း ကို တွေ့ရသည်။ကားနှစ်စီးယှဉ်မောင်း၍ ရလောက်အောင်ကျယ်ဝန်းသည်။ လမ်းတလျောက်သစ်ပင်ကြီးငယ်များအား ကျိုး ကြေမွ၍ ပြောင်ရှင်းနေသည်။ စကောဝိုင်းခန့်ဆင်တို့၏ မစင်ပုံများလည်း တွေ့ရသည်။ တကယ်ပင် ဆင်သွားလျင် လမ်းဖြစ် ပေသည်။

● ဆတ်သွေး
ရွှေလီချိုင့်ဝှမ်းဂွင်သည် တောတောင်ထူထပ်သကဲ့သို့ တောကောင်လည်းပေါများသည်။ ဆင်၊ ကျား၊ ပြောင်၊ စိုင်၊ ဆတ်၊ ဂျီ၊ မျောက် စသည့် တောကောင်များစွာ ကျင်လည်ကျက်စားသည်။ ဧရာမ စပါးကျီးမြွေများလည်းရှိသည်။ စမ်းချောင်းများတွင် ဖျံများလည်းရှိသည်။ စစ်ပွဲဖြစ်ပွါးနေသဖြင့်မုဆိုးများ အတင့်မရဲနိုင်သည့်ကာလဖြစ်ပေရာ သားရဲတိရိစ္ဆာန်တို့ လွတ်လပ်စွာ ရှင်သန်ခွင့်ရနေကြသည်။ ထိုတောကောင်များ၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများသည် ဆေးဘက်ဝင်သည်ဟု ဒေသခံများနှင့် တရုတ်တို့ယုံကြည်ကြသည်။ တန်ဖိုးလည်းထားကြသည်။ ဆင်သားရေ၊ ကျားရိုး၊ စပါးကျီးသည်းခြေ၊ ဆတ်ဂျိုနု၊ ဆတ်သွေး၊ ဖျံသို စသည်တို့ ရှားပါး၍ တန်ဖိုးကြီးလှသည်။

တောကောင်ပေါသည်ဆိုသော်လည်း သူတို့၏သဘာဝအလေ့အထကိုသိမှ တောကျွမ်းမှသာ အမဲလိုက်၍ ရနိုင်သည်။ တဖက်ကလည်း စစ်ရေးလှုပ်ရှားမှုအခြေအနေကို ကြည့်ရသေးသည်။ မိမိတို့တပ်ခွဲမှ ရဲဘော်များမှာ တောမကျွမ်း၍ အလွယ် တကူရသည့် မျောက်၊ အတန်ငယ်ပေါသည့် ဂျီတို့သာ ပစ်ခတ်နိုင်သော်လည်း တောကောင်ကြီးများမရပေ။ ဒေသခံရဲဘော် များသာ ပစ်ခတ်ရရှိနိုင်သည်။ ထိုတောတောင်များတွင် ဆားတွင်းများရှိသည်။ ထိုဆားတွင်းများသို့ တောကောင်များ လာ ရောက် ဆားလျက်လေ့ရှိသည်။ ထိုနေရာများကို သိထားသောရဲဘော်များက လသာညများတွင် ဆားတွင်းများအနီး စောင့် ဆိုင်း၍ တောကောင်ကြီးများ ပစ်လေ့ရှိသည်။

မိမိတို့ ရှိစဉ်တရက်၌ ဒေသခံရဲဘော်တယောက် ဆတ်တကောင်ပစ်၍ ရလာသည်။ ဆတ်သည် အကောင်ကြီးသဖြင့် တပ်ဖွဲ့ အားလုံးအတွက် လောက်လောက်ငင ဖြစ်သည်။ မိမိကတော့ ဆတ်သားစားရ၍ ပျော်သည်။ မိမိတို့တပ်ခွဲနှင့်ပါလာသည့် ဆေးမှူးဟော်စစ်ဝင်ကတော့ ဆတ်သွေးယူရမည်ဆိုကာ တက်ကြွနေသည်။ ဆတ်ထီးဆိုလျင် ဂျိုနု၊ ဆတ်မဆိုလျင် အမြီးဟုသူကဆိုသည်။ ပစ်လာသည်က ဆတ်မဖြစ်သည်။ ဆတ်မအမြီးအား အရင်းမှ ကြိုးဖြင့် တင်းတင်းစီးသည်။ သွေး ဆုတ်မသွားအောင်ဟု ဆိုသည်။ ပြီးမှ ဆတ်မြီးအားဖြတ်၍ အလျားလိုက်ခွဲရာ ဆတ်မြီးအတွင်း သွေးများအပြည့်တွေ့ရသည်။ ပြီးလျင် နေ့ဘက် နေရောင်တွင်လှမ်းလိုက်၊ ညဘက် မီးဖိုအပေါ်ဖက် ကျပ်ခိုးစင်တင်လိုက်နှင့် အလုပ်ရှုပ်နေပေတော့သည်။ ဆတ်သွေးအား အခြောက်ခံပြီး အရက်နှင့်စိမ်သောက်လျင် မည်သို့မည်ပုံ အားရှိသည်ဟု မိမိအား ရှင်းပြသည်။ သို့သော် နောက်တန်းပြန်ရောက်တော့ သူက မုန်လုံသင်တန်းကျောင်းတွင် တာဝန်ကျပြီး မိမိက ကောက်ကွတ်တွင်တာဝန်ကျသူဖြစ် ပေရာ သူ၏ဆတ်မြီးအား မိမိ မြည်းကြည့်ခွင့်မကြုံခဲ့တော့။

● မျောက်မျက်နှာ မကြည့်ရ
၂၀၂ ဒေသကား ပြောက်ကျားဒေသဖြစ်၍ တိုက်ပွဲမကြာခဏ ဖြစ်တတ်သည်ဖြစ်ရာ အချို့ရွာများက ရွာပျက်များဖြစ်နေသည်။ အချို့ ရွာများ၌ ရွာဟောင်း၌ အိမ်ခြေအနည်းငယ်သာရှိတော့သည်။ ရွာသားများကား စစ်ရှောင်ရင်း တောင်ယာတဲများတွင် သာနေထိုင်ကြရာ ရွာ၌ အိမ်ခြေ လေးငါးလုံးခန့်သာရှိတော့သည်။ မိမိတို့ တပ်ခွဲစခန်းချသည့်ရွာ၌ (ဟင်လိုင်း ကချင်ရွာဟုထင် ပါသည်) အိမ်ခြေ လေးအိမ်ခန့်သာ ကျန်တော့သည်။ အိမ်တလုံးနှင့်တလုံးကလည်း ခပ်လှမ်းလှမ်းတွင်ရှိနေ၍ တောအုပ်ထဲ ရောက်နေသကဲ့သို့ ပင်ဖြစ်သည်။

ထို့ကြောင့်လည်း အိမ်ပြင်ထွက်၍ သစ်ပင်ပေါ်သို့မော့ကြည့်လျင် မျောက်အုပ်များ ပြေးလွှားအော်မည်နေသည်ကို တွေ့ရ သည်။ ရွှေလီမြစ်ရိုးတောင်တန်းပေါ်က တောအုပ်တခုထဲက သဘာဝတရားအတိုင်းရှိနေသည့်ရွာဖြစ်သည်။ မျောက်အုပ်က လည်း ခေါင်းပေါ်တွင်ရှိနေ၍ တကူးတက အမဲလိုက်ပစ်နေရန် မလိုတော့ဟုဆိုရမည်။ လက်တည့်သည့် ရဲဘော်များက မျောက်ပစ်၍ ဟင်းလျာလုပ်ကြသည်။ ဆီမပါပြားမပါ အမွှေးအကြိုင်မပါ ဆား၊ ငရုတ်သီးတို့နှင့်သာ ချက်သော မျောက်သား ဟင်းက အတန်ငယ်ညှိစို့စို့နိုင်သော်လည်း အခြားစားစရာမရှိသည်မို့ ဗိုက်ပြည့်ဖို့တော့ စားထားမှဖြစ်မည်ဟုသာ နှလုံးသွင်းရ သည်။ သို့သော် ရှေးလူကြီးများဆိုသကဲ့သို့ မျောက်သားစားလျင် မျောက်မျက်နှာ မကြည့်ဖို့တော့ လိုပါသည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး
0