ကျော်မောင် (တိုင်းတာရေး) ● အကြော်မပါရင်

ကျော်မောင် (တိုင်းတာရေး) ● အကြော်မပါရင်
(မိုးမခ) အောက်တိုဘာ ၁၄၊ ၂၀၁၇

သိပ်မကြာသေးသော တစ်ခါတုန်းက ဖြစ်စဉ်တစ်ခုဖြစ်သည်။ စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ကာ အသက်မွေးဝမ်းကျောင်းပြု နေသော ရန်ကုန်မြို့ကြီးသားတစ်ယောက် ရှိသည်။ ရန်ကုန်သားဟု သုံးစွဲကြပါစို့။ တစ်နေ့သော် သူသည် သူအလုပ်လုပ် ရာရုံးသို့ ခါတိုင်းရက်များကဲ့သို့ပင် ပုံမှန်အချိန်တွင်ရောက်၏။ ပြုလုပ်ရန်ရှိသော ကိစ္စအ၀၀တို့ကို အားကြိုးမာန်တက် ပြုလုပ်ပြီးသော် ညနေပိုင်း ရုံးဆင်းချိန်တွင် MRT (Mass Rapid Transit) ဟု အမည်တွင်သော တွဲခြောက်တွဲပါ ရထား မြန်ယာဉ်ကြီးဖြင့် မြို့တော်ခန်းမဘူတာရုံ (City Hall MRT Station) သို့ အပြင်းနှင်လေခဲ့သည်။ အလုပ်ချိန်ပြီးပြီးချင်း ဤသို့ ဒရောသောပါးပြေးခဲ့ခြင်းမှာ မိတ္တူကူးထားသော မူရင်းစာအုပ်နှင့် မိတ္တူစာအုပ်ကို ပြန်ရွေးယူရန် ဖြစ်ပေသည်။ မိတ္တူဆိုင်သည် ည ၇ နာရီတိတိတွင် ပိတ်သိမ်းလေ့ရှိသော ဆိုင်ဖြစ်သည်။

ကျောပိုးအိတ်ထဲတွင် ရန်ကုန်သားအတွက် လမ်းတွင် ဆာလျှင် စားရန်အလို့ငှာ အိမ်သူသက်ထား ဇနီးမယားမှ သေသေ ချာချာ ထည့်ပေးလိုက်သော စတော်ဘယ်ရီယိုသွတ်ထားသည့် ပေါင်မုန့်တထုပ် ပါလေသည်။ ထိုပေါင်မုန့်သည် ဇာတ်လမ်း အစပင်တည်း။ ဇာတ်လမ်းအစဟုဆိုခြင်းမှာ ရုံးသွားရန် အလို့ငှာ အိမ်မှ မထွက်ခင်ပင် ထိုပေါင်မုန့်သည် ရန်ကုန်သား၏ အိတ်ထဲတွင် ရှိနေပြီ ဖြစ်သောကြောင့်ဖြစ်သည်။ စာဖတ်သူတို့သည် ဤနေရာတွင် စတော်ဘယ်ရီပေါင်မုန့်အား မိမိတို့၏ စိတ်ထဲရှိ လွတ်ကင်းသော နေရာတစ်နေရာတွင် ခေတ္တမှတ်ထားကြပါကုန်။

စင်ကာပူတွင် အသေးသုံးကိစ္စရပ်များအတွက်သာ ပိုက်ဆံကိုင်သုံးကြလေ့ရှိသည်။ အသေးသုံးဟူသည် ဘဏ်ကဒ်ဖြင့် ၀ယ်ယူ၍မရသော လမ်းဘေးဆိုင်တစ်ချို့အတွက်လည်းကောင်း၊ ကားခကို ဘာကဒ်ညာကဒ်တို့ဖြင့် ပေးချေ၍မရသည့် တစ်ချို့တစ်ချို့သော အငှားယာဉ်များအတွက်လည်းကောင်း ငါးဒေါ်လာ ဆယ်ဒေါ်လာအောက်လောက် သုံးရသည့်ပမာဏ ကို ဆိုလိုသည်။ အကြွေများအနေဖြင့် ငါးပြား ဆယ်ပြား ပြားနှစ်ဆယ် ငါးမူး တစ်ဒေါ်လာစေ့တို့သည် အရေးပါလှသည်။ ယခုဇာတ်လမ်း၏ ကျောရိုးသည် အနှီ အကြွေတစ်စေ့အပေါ်တွင် အခြေပြုသည်ဟု ဆို၍ရလေသည်။

အထက်တွင် ဆိုခဲ့ပြီးသည့်အတိုင်း အသေးသုံးရန်အတွက်သာ ငွေသားပမာဏ နည်းနည်းပါးပါးအား ခြေစောင့်လက်စောင့် ထား လေ့ရှိသော စင်ကာပူမြို့တော်ကြီးတွင် ရန်ကုန်သားသည်လည်း ပိုက်ဆံအိတ်ထဲတွင် ငွေသားအနည်းငယ်ပါသည်ကိုသာ မှတ်ထားပြီး မြို့တော်ခန်းမဘူတာသို့ ရောက်လာလေသည်။ ထိုဘူတာမှအထွက် လမ်းအနည်းငယ်လျှောက်ကာ စက်လှေကားတက်ပြီး၍ လမ်းမတစ်ဖက်သို့လှမ်းကြည့်လျှင် တဖက်မှ လူကို အ၀တ်အစားမည်သည့်အရောင် ၀တ်ထား သနည်းဟု ထင်ထင်ရှားရှားမြင်နိုင်သည့် အရပ်တွင် ရွှေပြည်ကြီးမှ တိုင်းသူပြည်သားများ စုဝေးရာ၊ စားသောက်ရာ၊ ချိန်းဆို စကားပြောကြရာ၊ ရွှေပြည်ကြီးထွက် အစားအစာ အ၀တ်အထည် စာအုပ်စာတမ်းမှသည် ထိုထိုဤဤ ရောင်းဝယ်ဖောက် ကားရာ စသည်ဖြင့် ပြုလုပ်စရာများပြားလှစွာရှိသော ပလာဇာကြီး (Plaza) တစ်ခုသည် ရှိ၏။ ထိုပလာဇာရှိ စားသောက်ဆိုင် များတွင် ခေါက်ဆွဲကြော်၊ ကြာဇံကြော်၊ ထမင်းပေါင်း၊ မုန့်ဟင်းခါး၊ အစုံသုပ်၊ မြန်မာထမင်းဟင်း၊ အကြော်စုံ အစရှိသည်တို့ မှာယူစားသောက်နိုင်၏။ ရန်ကုန်သားကား ထိုပလာဇာသို့ သွားနေခြင်းဖြစ်ပေသည်။

ပလာဇာအရောက်တွင် ATM (Automatic Teller Machine) ဟုခေါ်သော ငွေထုတ်စက်ကို တွေ့၏။ ငွေသားတစ်ချို့ လိုရ မယ်ရ ထုတ်ရန် စိတ်ကူးမိလိုက်သေးသည်။ ငွေထုတ်သူများ တန်းစီစောင့်နေသည်မှာ ဆယ်ဦးထက်ပိုသည်ကို တွေ့ရသည့် အခါ စောင့်ဆိုင်းခြင်းအလုပ်ကို ငြီးငွေ့သဖြင့် ငွေထုတ်ရန် အကြံအစည်ကို ဖယ်ထုတ်လိုက်ရသည်။

မိတ္တူဆိုင်တွင် မိတ္တူဖိုးကျသင့်သလောက် ရှင်းသောအခါ ဆိုင်ရှင်မှ ပြားနှစ်ဆယ်သာ ထပ်ပေးရန်လိုကြောင်းပြော၏။ မိတ္တူကူးရန် အလုပ်လာရောက်အပ်နှံစဉ်က စရံအဖြစ်ပေးထားသည်ထက် ပြားနှစ်ဆယ်သာ လိုသဖြင့် ထိုလိုသော ပြားနှစ် ဆယ်ကိုလည်း ကိစ္စမရှိပါ၊ အကြွေမပါလျှင် ပေးရန်မလိုပါဟု ပြောလေသည်။ တိကျသေချာသော ရန်ကုန်သားမှာကား ကျောပိုးအိတ်ကို ဇစ်ဖွင့်ကာ အကြွေနှိုက်၏။ ပါလာသော အကြွေစေ့များမှ ပြားနှစ်ဆယ်ပြား တစ်ပြားကိုတွေ့သည်တွင် ထိုပြားနှစ်ဆယ်ကို ဆိုင်ရှင်အား ဂရုတစိုက်ပေး၏။ ဆိုင်ရှင်သည် ပြားနှစ်ဆယ် (၀ါ) နှစ်ဆယ်ဆင့်ပြားတစ်ပြားကို ပြုံးစိစိဖြင့် လက်ခံနေချိန်တွင် ရန်ကုန်သားကို ကြည့်ကာ ဘယ်လို လူမျိုးပါလိမ့်ဟူသော အတွေးကို တွေးနေပေလိမ့်မည်။ ရန်ကုန်သားကား အသေးအဖွဲကိုသာ အဓိကထား၏။ ကြီးကြီးမားမားဆိုလျှင် သာမညမှတ်တတ် ပြုတတ်သော လူမျိုးဖြစ်မှန်း ထိုဆိုင်ရှင်မှ သိဟန်မတူ။ မည်သို့ပင်ဖြစ်စေ စာအုပ်မိတ္တူကူးခဖိုးကို အပြည့်ချေခဲ့သော အဖြစ်ကို ရန်ကုန်သားသည် တွေးတွေးပြီး တစ်ဦးတည်း ဂုဏ်ယူနေလေသည်။ အိတ်ထဲမှ ပြားနှစ်ဆယ်သည် ကနဦးကုန်ကျငွေသားအဖြစ်ဖြင့် မိတ္တူဆိုင်ရှိ ငွေသိမ်းစက်အတွင်းဝယ် ပြုံးပြုံးကြီး ခုန်ချခဲ့လေပြီ။

အဓိက လာရင်းကိစ္စဖြစ်သော စာအုပ်ရွေးသည့်အလုပ်ပြီးသော် ဖုန်းကို ဖွင့်လိုက်သည်။ ဖုံးထဲတွင် ဆက်သားရှိ၏။ ယခုကာလ အသုံးတွင်နေသော Messenger သည် ဆက်သားမဟုတ်ပါလော။ ထိုဆက်သားမှတဆင့် အိမ်သူမှာလိုက်သော ၀ယ်ခြမ်းရန် ကုန်စိုကုန်ခြောက်တို့ကို သိရှိရသည်။ ငါးကျပ်ဖိုး (စင်ကာပူဒေါ်လာဟု မသုံးဘဲ ကျပ်ဟူသော အခေါ်အဝေါ်ဖြင့် ကိုယ့်လူမျိုးအချင်းချင်းသာ နားလည်သော အသုံးအနှုန်းကို လျှို့ဝှက်စွာ သုံးစွဲသမှုပြုပါသည်) တိတိ မှာထားသည်များကို မလွဲအောင် ၀ယ်သည်။ မလွဲရအောင်ကလည်း အမယ်သုံးမျိုးသာ မှာသောကြောင့်ဖြစ်လေသည်။ ၀ယ်ခြမ်းခြင်း အလုပ်ပြီးမြောက်သော် ငါးကျပ်ပြားနှစ်ဆယ်သည် အိတ်ထဲမှ စွန့်ခွာသွားကြောင်း မှတ်ထားလိုက်ပြီး ကျန်ငွေကို သိရန် ကျောပိုးအိတ်ရှိ အိတ်ကပ်ပေါင်းစုံကို ဟိုနှိုက် ဒီနှိုက်အကြိမ်ကြိမ်ပြုကာ ငွေအသပြာရေတွက်ခြင်းအမှု စတင်လေတော့သည်။
လက်ကျန်ငွေမှာကား နှစ်ကျပ်တန်တစ်ရွက်၊ ကျပ်စေ့တစ်စေ့၊ ငါးမူးစေ့တစ်စေ့၊ ပြားနှစ်ဆယ်တစ်စေ့နှင့် ဆယ်ပြားစေ့တစ်စေ့ တို့ဖြစ်၏။ စုစုပေါင်း သုံးကျပ်ပြားရှစ်ဆယ်တိတိဖြစ်လေသည်။ ပိုမိုသေချာရန် ဘောင်းဘီအိတ်နှစ်ဖက်လုံးကိုလည်း လက်နှိုက်ကာ အဖန်ဖန်ရှာဖွေ၏။ မန်းနီးကား မန်း (man) ဟူသော လူ၏အနီးတွင် နီးနီးနားနားနေချင်ဟန်မတူ။

ငွေသားအသပြာ သုံးကျပ်ပြားရှစ်ဆယ်သာ ကျန်ရှိကြောင်း သိရချိန်တွင် ညစာပုံမှန်စားနေချိန်ရောက်၍ထင့်၊ အစာအိမ်သည် သံစုံတီးဝိုင်းကဲ့သို့ ဟိုနေရာမှ ဒီနေရာမှ ထပ်တလဲလဲမြည်သံပြုကာ သူ၏ဆန္ဒကို ဖော်ထုတ်လေသည်။ အိတ်ထဲမှ ပေါင်မုန့်ကို သတိရ၏။ ထိုပေါင်မုန့်မှာ စာဖတ်သူတို့ကို ခေတ္တမှတ်ထားပါဟု အပေါ်တွင် ဆိုခဲ့သော ပေါင်မုန့်ဖြစ်သည်။ အိတ်ကို လက်ဖြင့် အပြင်မှ စမ်းသော် ပေါင်မုန့်သည် သူ့ကို စားလှည့်ပါဟု မြည်းလှည့်ပါဟု ဖိတ်မန္တက ပြုသည့်နှယ်ရှိ၏။ ရန်ကုန်သားသည် ကျန်ရှိနေသေးသော ငွေအသပြာဖြင့် ဗိုက်ပြဿနာကို လတ်တလောဖြေရှင်းလို၏။ ထို့ကြောင့် စတော်ဘယ်ရီပေါင်မုန့်ကို နောက်မှစားမည်ဟု သို့မဟုတ် အိမ်ရောက်မှ စားမည်ဟု အကြံဖြစ်လိုက်ကာ မြန်မာစားသောက်ဆိုင်များကို ကျီးကန်းတောင်းမှောက်လိုက်ကြည့်လေသည်။

ကြည့်နေရင်းပင် မုန့်ဟင်းခါးစားချင်စိတ် ပေါ်လာသည်။ မုန့်ဟင်းခါးသည် အိမ်တွင်ပင် ဇနီးသည်က ရံဖန်ရံခါ ချက်ပြုတ်စီမံပေး လေ့ရှိသော မြန်မာ့ရိုးရာ စားဖွယ်ရာဖြစ်သည်။ ယခုရှိသော ပိုက်ဆံနှင့် မုန့်ဟင်းခါးတစ်ပွဲလောက် စားနိုင်လောက်ပါရဲ့ဟု ထင်မြင်မိသည်။ အကြော်မပါ တစ်ပွဲလောက်တော့ အဆာပြေ လွေးလိုက်တာပေါ့ဟု မစားခင်ပင် သွားရည်ကျမလောက် စိတ်ကူးမိကာ ဆိုင်တစ်ဆိုင်သို့ ၀င်မေးလေတော့သည်။

“ဘာစားမလဲ ရှင့်”

“ကျနော့်ကို မုန့်ဟင်းခါးတစ်ပွဲ အကြော်မပါ ဘယ်လောက်လဲဗျာ”

“ခဏနော်” ဟုဆိုကာ တခြားဖက်မှ အမျိုးသမီးကို ဈေးနှုန်းလှမ်းမေးပေး၏။

ထို့နောက် “အကြော်မပါရင် လေးကျပ်” ဟု အဖြေပေးသည်။

“ကျေးဇူးပဲခင်ဗျ” ဟုဆိုကာ ရန်ကုန်သားသည် ဆိုင်မှ လှည့်ထွက်ခဲ့သည်။ ဆိုင်မှလှည့်ထွက်ရုံသာ မဟုတ်၊ ပါးစပ်မှလည်း အကြော်မပါရင် လေးကျပ် ဆိုသည်ကို ခပ်တိုးတိုးဖြင့် အဖန်တလဲလဲရွတ်ဆိုကာ အကြော်မပါရင် ဘာကြောင့် လေးကျပ်ဖြစ် ရသလဲဟု စိတ်ထဲတွင် မေးခွန်းအကြိမ်ကြိမ်ထုတ်နေ၏။ အဖြေကား မရ။

လေးကျပ်ပြည့်ရန် ပြားနှစ်ဆယ်လိုသည်။ ထိုပြားနှစ်ဆယ်သည် မိတ္တူဆိုင်သို့ လောကွတ်ရှည်ကာ ပေးလိုက်သော ပြားနှစ် ဆယ်ပင် ဖြစ်လေတော့သည်။ မပေးဖြစ်ခဲ့ရင် အကောင်းသားဟု ပြစ်တင်တွေးမိပြန်သည်။ မပေးဖြစ်ခဲ့ဦးပဲထား၊ အခုလို မုန့်ဟင်းခါး အကြော်မပါ ဈေးနှုန်းလာမေးတဲ့အခါ လေးကျပ်မဟုတ်ဘဲ လေးကျပ်ပြားနှစ်ဆယ်ဆိုလည်း တူညီဒုက္ခဖြစ်ဦးမှာ ပဲဟု အကောင်းမြင်တွေးလိုက်မိပြန်သည်။

“လေးကျပ်တော့ မပြည့်ဘူးခင်ဗျာ၊ သုံးကျပ်ပြားရှစ်ဆယ်ဖိုးတော့ ရောင်းလိုက်ပါ” ဟု ဆိုင်တွင် ချေချေငံငံပြောလျှင် ရကောင်းရနိုင်သော်လည်း ထိုပြားနှစ်ဆယ်သည် ရောင်းသူအတွက် အမြတ်ငွေဖြစ်ကောင်းဖြစ်နိုင်သေးသည်။

ဤသို့ဖြင့် ဆာလောင်ခြင်းဝေဒနာကို တွန်းလှန်နေရသော ရန်ကုန်သားသည် အစာအိမ်ကို အသာနှိမ်ကာ ဘာမှ မစားဖြစ် သော်လည်း စိတ်အာဟာရဖြည့်တင်းရန်အလို့ငှာ ရွှေပြည်ကြီးမှ ဂျာနယ်တစ်စောင်ကို ၀ယ်ယူလိုက်၏။ မြို့တော်ခန်းမဘူတာမှ နာရီဝက်ခရီးခန့်စီးရသော ဘူတာသို့ သွားရပေဦးမည်။ ထိုဘူတာတွင် ကုန်တိုက်ကြီးရှိပြီး ထိုကုန်တိုက်ကြီးနားရှိ ဆိုင်တစ် ဆိုင်တွင် ယူစရာ တစ်ခုရှိနေသေးသည်။ ထို့ကြောင့်ဆိုင်မပိတ်ခင် ရောက်အောင် အမီသွား၏။ ဆိုင်တွင် ပစ္စည်းဝင်မယူခင် ကျောပိုးအိတ်ကို ဖွင့်ကာ စတော်ဘယ်ရီပေါင်မုန့်ကို ပလတ်စတစ်ခွာ၍ မြိန်ရည် ယှက်ရည်စားလေတော့သည်။ လေးကျပ် တန် မုန့်ဟင်းခါးကို သတိပင်မရတော့။

အိမ်ဂေဟာသို့ရောက်သည့်အခါ ဘောင်းဘီအိတ်ထဲတွင် နှစ်ကျပ်ပြားခြောက်ဆယ်ကျန်နေသေးကြောင်း ၀မ်းသာစွာတွေ့ရ လေသည်။ အကြော်မပါ လေးကျပ်အား ဆန့်ကျင်နိုင်ခဲ့သော စင်ကာပူနိုင်ငံရောက်ရန်ကုန်သားသည် စတော်ဘယ်ရီပေါင်မုန့် စားထားသောကြောင့် ချိုမြမြ ချဉ်တင်တင်ဖြစ်နေသော အာခံတွင်းအား ရေခဲရေ အေးအေးလေး တစ်ခွက်ဖြင့် ညစာမစားခင် အမောပြေဆေး တိုက်ကျွေးလိုက်ရပေတော့သည်။

ဤတွင် အကြော်မပါရင် ဟူသော တစ်ခါတုန်းကဖြစ်စဉ်တစ်ခု နိဌိတံလေသတည်း။


Comments