အေးငြိမ်း ● ဒီမိုး၊ ဒီလေ၊ ဒီလူတွေနဲ့

အေးငြိမ်း ● ဒီမိုး၊ ဒီလေ၊ ဒီလူတွေနဲ့
(မိုးမခ) အောက်တိုဘာ ၃၀၊ ၂၀၁၇

ရန်ကုန်ရောက်သခိုက် ကိုဇော်ဝင်းတို့ ငါးကန်ရှိရာသို့ တစ်ခေါက်တစ်ကျင်းအလည်သွားဘို့ မမက တိုက်တွန်းသဖြင့် ၁၆-၁၀-၁၇ နေ့က သွားခဲ့ကြ၏။ ကိုဇော်ဝင်းက မြောက်ဥက္ကလာရှိ သူ့ယောက္ခမအိမ်နားမှ ကားဆရာကို ငှားပေးသည်။ ကားဆရာနာမည်မှာ ကိုရဲဇော်ဟူ၏။

မနက်စာအဖြစ် အိမ်မှ ကောက်ညှင်းပေါင်းစားခဲ့၏။ မနက် ၆ နာရီခွဲကျော်ကျော်တွင် အိမ်မှထွက်သည်။ ကိုဇော်ဝင်းကတော့ တစ်နာရီခွဲလောက်ပဲမောင်းရတယ် ဆို၏။ လက်တွေ့တွင်မူ အိမ်မှထွက်ပြီး တစ်နာရီခွဲအကြာ၌ သံလျင်အထွက်၊ အရှေ့ပိုင်း တက္ကသိုလ်အလွန်၊ သူဌေးကုန်းစံပြကျေးရွာ လမ်းခွဲသို့သာရောက်သေး၏။

မနက်ပိုင်းရန်ကုန်မှအထွက်ဆိုတော့ ကားမကြပ်သေး။ ရှောရှောရှူရှူပင် ရန်ကုန်မြို့မှ ထွက်နိုင်ခဲ့ကြ၏။

လမ်းဘေးတစ်ဖက်တစ်ချက်၌ စိမ်းစိမ်းစိုစိုအရောင်နှင့် ၀ါဖန့်ဖန့်အရောင် လယ်ကွင်းများကို ရောနှောကာ မျက်စေ့တစ်ဆုံး မြင်ရ၏။ ၀ါဖန့်နေသောလယ်ကွင်းများမှာ ရင့်မှည့်၍ ရိတ်သိမ်းချိန်တန်နေသည့် လယ်ကွင်းများဖြစ်ပြီး စိမ်းစိုနေသည့် လယ်ကွင်းများမှာ မရင့်မှည့်သေးသော စပါးခင်းများဖြစ်၏။

အချို့နေရာများတွင် စပါးများရိတ်သိမ်းထားသည်ကို တွေ့ရ၏။ အချို့နေရာများတွင် စပါးအိတ်များကို ကားလမ်းပေါ်၌ ဘေးကပ်လျက် ပုံထားသည်။ လယ်ကွင်းများထဲတွင်မူ ရိုးပြတ်များသာတွေ့ရပြီး ကောက်လှိုင်းများ ပုံထားသည်ကိုသော် လည်းကောင်း၊ ကောက်ရိုးပုံများကိုသော်လည်းကောင်း၊ တလင်းများကိုသော်လည်းကောင်း၊ ထို့ပြင် ကောက်ရိတ်နေသူ၊ တလင်းနယ်သူ၊ စပါးလှေ့နေသူများကိုသော်လည်းကောင်း လုံးဝ မတွေ့ရပါချေ။

တစ်ခု ကျွန်တော်သတိထားမိသည်မှာ ရိတ်သိမ်းခြွေလှေ့စက် (combined harvester) များကို ကြိုကြားကြိုကြား တွေ့ရခြင်း ဖြစ်၏။ စက်များမှာ စက်အလတ်များဖြစ်၏။

ဤတွင်စကားစပ်၍ပြောရလျှင် စပါးရိတ်စက်ကို အသေး၊ အလတ်၊ အကြီးဟု သုံးမျိုးခွဲ၍ ရနိုင်ပါလိမ့်မည်။ စပါးရိတ်စက် အသေးမှာ စပါးကို ရိတ်ရုံသာရိတ်ပြီး ရိတ်ပြီးသားစပါးပင်များကို လယ်ကွင်းများအတွင်း သည်အတိုင်း လှဲချခဲ့တာဖြစ်၏။ စပါးဖြစ်ရန် စပါးခြွေစက်ဖြင့် ထပ်ခြွေရသည်။ စပါးလှေ့ရသည်။

စပါးရိတ်စက် အလတ်စားမှာ ရိတ်ရုံသာမက စပါးကိုပါ ခြွေပေးသည်။ သို့သော် ခြွေပြီးသားစပါးများကို သီးသန့်သယ်ယူရပြီး ကိုယ့်ဘာသာ အခြောက်လှမ်း၊ အိတ်သွတ် လုပ်ရ၏။

စပါးရိတ်စက်အကြီးစားမှာ ရိတ်ရုံ၊ ခြွေရုံမျှသာမက စပါးများကို အိတ်ပါသွပ်ပေးသည်။ လယ်ရှင်က စပါးရိတ်စက်နောက်မှ နောက်တွဲယာဉ်ဖြင့်လိုက်ကာ စပါးအိတ်များကို လိုက်ကောက်ရသည်။

ယခု ကျွန်တော်တွေ့ခဲ့သည့် စပါးရိတ်စက်အားလုံးမှာ စပါးရိတ်စက်အလတ်စားများဖြစ်၏။

လမ်းတွင် အဖေကြီးက အိမ်သာတက်ချင်သည်ဆို၍ လယ်ထဲရှိအိမ်တစ်လုံးအနားတွင်ကားကိုရပ်ကာ ထိုအိမ်၌ပင် အိမ်သာ တက်ခိုင်းစေရ၏။ မြန်မာတို့ထုံးစံအတိုင်း အိမ်ရှင်အမျိုးသမီးများမှာ အလွန်ဖော်ရွေစွာပင် အဖေကြီးကိုတွဲကာ အိမ်သာထိ လိုက်ပို့ပါသည်။ ထို့နောက် ကျွန်တော်လည်း သိချင်သည်များကို အနည်းငယ် တီးခေါက်ကြည့်၏။

တူမကြီးတို့လယ်တွေကိုရိတ်တော့ စပါးရိတ်စက် ငှားသုံးတယ်မဟုတ်လား။
ဟုတ်ပါတယ်ရှင်။
စက်ငှားခ ဘယ်လောက်ပေးရသတုံး။
တစ်ဧကို ၅၀၀၀ ပါရှင့်။
အလဲ့ကွယ်။ သိပ်မဆိုးပါလား။ လူနဲ့ရိတ်ရင် တစ်ဧက ၅၀၀၀ နဲ့ ဘယ်ရလိမ့်မတုံး။ ဒါနဲ့ ဒီစက်တွေနဲ့ရိတ်ရင် တစ်ဧကကို ဘယ်နှစ်ရက်လောက်ကြာလဲ။ တစ်ရက်နြဲ့ပီးပါမလား။
ရာသီဥတုပေါ်မူတည်ပြီး ၂ ရက် ၃ ရက်လောက်ကြာပါတယ်ရှင့်။

အနို့ ဒီမီးကရော အစိုးရက ပေးတဲ့မီးလား။
ဟုတ်ဘူးရှင့်။ ကျွန်မတို့ပိုက်ဆံစုပြီး ဟိုနားကမြို့ကနေ လှမ်းဆွဲထားတာ။
ဒါဆို မီတာမရှိဘူးပေါ့။
မရှိဘူး။ မီးဘိုးကို လတိုင်းပိုက်ဆံစုပြီး ပေးရတယ်။

ထိုစဉ် အဖေကြီးလည်း အိမ်သာမှထွက်လာသောကြောင့် စကားစဖြတ်ကာ ခရီးဆက်ခဲ့ကြ၏။
ကိုဇော်ဝင်းတို့ ငါးကန်မှာ ခရမ်းသို့မရောက်။ ချောင်းကမ်းနဘေးတွင်ရှိ၏။ ကားကို တစ်ဘက်ကမ်းတွင် ထားခဲ့ပြီး အဆင်သင့် စီစဉ်ပေးထားသည့် စက်လှေကလေးဖြင့် ခရီးဆက်ခဲ့ကြ၏။ ရေကျနေသဖြင့် စက်လှေမှာ ဆိပ်ခံတံတား အောက် အတော်နိမ့်နေရာ အသက် (၈၃) နှစ်ရှိပြီဖြစ်သော အဖေကြီးကို မနည်းတွဲချကြရ၏။ ကျွန်တော်တို့လို ၅၆ နှစ် အရွယ် လူငယ်လေးများအဖို့တော့ ဘာပြောစရာရှိပါမတုံး။

စက်လှေဖြင့် ၁၅ မိနစ်၊ မိနစ် ၂၀ ခန့်မောင်းသော် ငါးကန်ရှိရာ မြစ်ကမ်းနဖူးသို့ဆိုက်၏။ မြစ်ရေကျသွားသည့်အခါ ကျန်ခဲ့သော နွံများပေါ်နင်းကာ ကမ်းပေါ်တက်ရ၏။ သည်ဘက်ကမ်းတွင်မူ ကိုဇော်ဝင်းက အဖေကြီးကို တွဲတင်သည်။ မြောင်းကူးတံတားလေးမှာလည်း ပျဉ်ပြားတစ်ချပ်တည်းခင်းထားရာ လှုပ်တုတ်၊ လှုပ်တုတ်နှင့်မို့ အသည်းယားစရာ ဖြစ်၏။

ကိုဇော်ဝင်း ငါးကန်များမှာ အတော်ကျယ်သည်။ ဒီဘက်ကန်က ၆ ဧကခွဲ၊ ဟိုဘက်ကန်က ၃ ဧက စသဖြင့် ကိုဇော်ဝင်းက ရှင်းပြ၏။ ကန်ဘောင်တွင် ဒန့်သလွန်ပင်များ ပတ်ပတ်လည် စိုက်ထားသည်။ ဒီအပင်တွေက တွက်ခြေကိုက်တယ်။ ဘာမှ လုပ်စရာမလိုပဲ တစ်နှစ်ကို သိန်း ၄ - ၅ - ၆၀ လောက် ပိုက်ဆံရှာပေးတယ် ဟု ဆို၏။

ကျွန်တော်တို့လာသည့်အတွက် သူတို့မိသားစုက ၀မ်းသာအားရပင် ဟင်းအမျိုးစုံအောင် ချက်ကျွေးကြ၏။ ကျွန်တော့်မှာ များများစားနိုင်သူမဟုတ်၍ တို့ကနန်း ဆိတ်ကနန်းနှင့်ပင် ပြီးရ၏။ ငါးနုသန်းဟင်းမှာ အတော်စား၍ ကောင်းလေသည်။ ဟင်းအားလုံး သူတို့လက်ဖြစ်ဟင်းလျာချည်းဖြစ်၏။ ဘယ်မှသွားဝယ်နေစရာမလို။ အနီးအနားတွင် သီးပင်စားပင်များ စိုက်ထားလေရာ ဟင်းချက်မှ အဆင်သင့်ကောက်ကက် ခူးလိုက်ရုံဖြစ်၏။ ငါးများမှာလည်း အနီးရှိရိုးတွင် မြှုံးထောင်လျှင် ရနိုင်လေသည်။

ကိုဇော်ဝင်းက ဟိုးတစ်ဘက်တွင်ရှိသော သူ့ကန်များကိုပါ လိုက်ပြသေးသည်။ လည်ရှည်ဖိနပ်စီးကာ ရွှံ့များအကြား ပြောင် ချောနေသော မြေကြီးပေါ်နင်းရ၍ ကျွန်တော့်မှာ ချော်မလဲအောင် မနည်းသတိထား သွားရ၏။
လူတွေက မလွယ်ဘူးဗျို့။ ကိုယ်အောင်မြင်လာရင်လဲ တွန်းလိုက်ထိုးလိုက်၊ အတိုက်အခိုက်တွေ အရမ်းများတယ်။ ပြဿနာမဖြစ်အောင် မနည်းကြည့် ပေါင်းနေရတယ် ဟု ကိုဇော်ဝင်းက ဆို၏။ ကိုယ့်ထက်သာ မနာလိုသူများ ဖြစ်၏။

ထို့နောက် ကျွန်တော် ရေထိန်းတံခါးလိုက်ပြမယ်ဆိုကာ ရေချိုနှင့်ရေငန်ကို ပိုင်းပေးထားသော ရေထိန်းတံခါးရှိရာသို့ စက်လှေငယ်ဖြင့်ပင် သွားကြ၏။ မိုးများ အသည်းအသန်ရွာနေသောကြောင့် လှေစီးရတာ ဇိမ်မရှိလှ။

ရေထိန်းတံခါးလုပ်ထားလိုက်ပုံမှာ အတော့်ကို စိတ်ပျက်စရာ ဖြစ်လေသည်။ ဟောဒီရေထိန်းတံခါးဆောက်တဲ့အတွက် လူတော်တော်များများ သူဌေးဖြစ်သွားတယ်။ ပစ္စည်းသွင်းတဲ့သူကအစ တိုက်နဲ့ကားနဲ့ဖြစ်သွားတယ် ဟု ကိုဇော်ဝင်းက ပြော၏။

ရေထိန်းတံခါးပေါ်လျှောက်ရတာ ကျွန်တော့်မှာ မရွံ့မရဲရှိလှသည်။

ရေထိန်းတံခါးပလက်ဖောင်းကို ကာရံထားသည့်လက်ရမ်းအမြင့်မှာ ၆၀၀ မီလီမီတာထက်မပို။ ကြမ်းပြင်နှင့် အောက်ဆုံး လက်ရမ်းမှာ အတော်ကျယ်လေရာ ကလေးများ အလွယ်တကူ ပြုတ်ကျနိုင်လေသည်။ ထို့ထက်ဆိုးသည်မှာ ရေထိန်းတံခါး ဟိုဘက်သည်ဘက် အဆုံးနှစ်ဘက်တွင် ရေထိန်းတံခါးရွက်များကို ပြုပြင်ထိန်းသိမ်ရန် အတွင်းဘက် ပလက်ဖောင်းပေါ်သို့ ဆင်းသည့် လှေခါးလမ်းရှိ၏။ ထိုလှေခါးတွင် လက်တန်းမရှိ။ ထိုလှေခါးသို့သွားရာလမ်းတွင်လည်း ဘာနှင့်မှကာရံမထား။ အောက်ဘက်တွင် ရေများ တ၀ုန်းဝုန်း စီးဆင်းနေသည်ဖြစ်ရာ ပီဘိ အသည်းယားစရာ ဖြစ်၏။

ဟိုတစ်နှစ်က ဒီနေရာမှာ ကျောင်းသားတစ်ယောက် ပြုတ်ကျသေသေးတယ် ဟု ကိုဇော်ဝင်းသမီးက ပြောသည်။

ရေတံခါးပလက်ဖောင်းပေါ်တွင် အလုပ်သမားတချို့သည် သံ ရေတံခါးရွက်များကို ဆယ်ယူကာ ပျက်စီးနေသော နေရာများကို ပြင်ဆင်နေ၏။ ၎င်းတို့ကိုကြည့်၍ ကျွန်ုပ်မှာ ဤရေတံခါးကိုတည်ဆောက်ခဲ့သူ လူကြီးမင်းများ၏ အမြော်အမြင်ကြီးမှုကို သြချယူရပါပေသည်။

ရေတံခါး၏ တံခါးရွက်များမှာ ပီဘိ ဘုရားစူးရပါစေ့ တံခါးရွက်များဖြစ်လေရာ ထိုတံခါးရွက်များကို နှစ်စဉ်နှစ်တိုင်း ပြင်နေရမည်မှာ မချွတ်။ ထို့အတွက် ယခု ရေတံခါးရွက်ပြင်နေသူ သကောင့်သားကလေးများမှာ နှစ်စဉ်နှစ်တိုင်း သည်ရာသီတွင် ရေတံခါးပျက်များကို ပြန်ပြင်နေရမည်မချွတ်။ ထို့ကြောင့် ၎င်းတို့မိသားစုများ စားဝတ်နေရေး ပြေလည် အောင် ဆောင်ကြဉ်းပေးခဲ့သော အနှီအရာရှိမင်းများ ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေဟု (ဦးပုည မေတ္တာစာထဲကလို) မေတ္တာတုံးကြီးကြီးနှင့် ယီးတိုက်၍ ပို့လိုက်ပါသည်။

ထိုမျှသာမကသေး။ ထိုရေတံခါးရှိနေသဖြင့် လှေ၊ မော်တော်များမှာ မြစ်ကြောင်းမှ မသွားနိုင်သောကြောင့် ရေတံခါး ဘေးတွင် ၎င်းတို့အတွက် ချောင်းတစ်ခု ဖောက်ပေးထားသည်။ ထိုချောင်းကိုလည်း အခြား ရေတံခါးတစ်ခုဖြင့် ထိန်းထား၏။ လှေ၊ မော်တော်များမှာ ရေတက်ချိန်၌ ချောင်းအတွင်းဝင်နေပြီး ရေကျချိန်မှ တံခါးဖွင့်ကာ မြစ်အတွင်း ဆင်းကြရသည်။ ထိုတံခါးမှာလည်း မကြာခဏပျက်လေရာ လှေ၊ မော်တော်များမှာ ထိုချောင်းအတွင်း မကြာခဏ ပိတ်မိ နေတတ်သော ဟူ၏။

ဤပြဿနာမှာ ဤတစ်နေရာထဲတွင်သာ မဟုတ်။ မြန်မာနိုင်ငံ နေရာအနှံ့အပြား၌ အလားတူပြဿနာများ ကြုံတွေ့နေကြ ရမည်မှာ မလွဲပါ။ အဘယ်ကြောင့်ဆိုသော် မြန်မာတစ်နိုင်ငံလုံးရှိ ပရောဂျက်မှန်သမျှ ဤနည်းနှင်နှင်ချည်း ဖြစ်သောကြောင့် တည်း။
ကိုဇော်ဝင်းတို့ငါးကန်ကိုသွားရာတွင် ခရမ်းသို့သွားသောလမ်းမှ မသွားဘဲ ဖြတ်လမ်းမှ သွားရ၏။ ဖြတ်လမ်းမှာ သူဌေးကုန်း စံပြကျေးရွာမှစတင် လမ်းခွဲ၏။ လမ်းတလျှောက်လုံးလိုလို တွေ့ရသော ကျေးရွာများမှာလည်း စံမပြသောကျေးရွာက ရှား၍ ရွာတိုင်းလိုလိုမှာ စံပြကျေးရွာများချည်းဖြစ်၏။ သူ့ဘာသာသူသာ စံပြချင်သာပြရမည်။ ကျွန်တော်တွေ့ရသလောက်တော့ အတူတူနှင့် အနူနူများချည်းဖြစ်၏။

ဖြတ်လမ်းဆိုသော်လည်း အတော်ရှည်ပါသည်။ သူဌေးကုန်းစံပြကျေးရွာမှ ကမာမက်စံပြကျေးရွာထိ ကီလိုမီတာ ၃၀ လောက်ရှိမည်ထင်၏။ ကားနှင့် တစ်နာရီခွဲကြာ သွားရသည်။ လမ်းမှာ ကွန်ကရိလမ်းဖြစ်သည်။ သို့သော် ဘုရားစူးရပါစေ့ ကွန်ကရိလမ်း ဖြစ်၏။

လမ်းဖောက်ဖို့ ချပေးစဉ်ကတော့ ပေမီဒေါက်မီနှစ်လမ်းသွားအဖြစ် ချပေးလိုက်တာ ဖြစ်ပါလိမ့်မည်။ သို့သော် လမ်းတစ်ခြမ်းကို သားကျွေးမှု မယားကျွေးမှုအတွက် အထက်ပိုင်းက ခိုးထားလိုက်တော့ လမ်းမှာ ၁လမ်းခွဲသာ ကျန်တော့ သည်။ လမ်းကန်ထရိုက်တာက သံချောင်းများကို ခိုးထားလိုက်သည့်အတွက် ကွန်ကရိလမ်းတွင် သံနှင့်တူတာဆို၍ အိမ်ရိုက်သံပင် မတွေ့ရတော့။ တဖန် သဲနှင့်ကျောက်၊ ဟိုလူသည်လူ စသည်များကပါ ထပ်မံအားပေးလိုက်သည့်အခါ အဆိုပါ ကွန်ကရိလမ်းမှာ -

နှစ်လမ်းသွားမဟုတ်တော့ပဲ တစ်လမ်းခွဲသာ ကျန်တော့၏။
Reinforced concrete ဖြစ်ရမည့်တိုင် သံတစ်ချောင်းမှ မပါ။
လမ်းအထူမှာ ၃ လက်မလောက်သာ ရှိသည်။
အောက်ခံမြေသားမှာ ပီဘိ လယ်မြေများသာဖြစ်၏။ ကျောက်ဆို၍ တစ်လုံးမှမပါ။

လမ်းပျက်နေသောနေရာများက လမ်း၏အခြေအနေကို အတိုင်းသား ဖော်ပြနေပါသည်။

ကျွန်ုပ်တို့ရွှေပြည်ကြီးမှာ ပရောဂျက်တစ်ခုရလို့မှ သူဌေးမဖြစ်လျှင် ထိုသူမှာ ငတုံးအကြီးစားဖြစ်တော့သည်။ အဒိန္နာဒါနာ ဆိုသည့်ကံကို ညဘက် လူခြေတိတ်ချိန်တွင် သူများအိမ်တက်ခိုးခြင်း ဟု အဓိပ္ပာယ်ဖွင့်ပြီး ပရောဂျက်မှပိုက်ဆံများကို ကိုယ့်ယောက္ခမ အမွေကဲ့သို့ ဘုံးခြင်းကိုမူ မိမိမျိုးဆက်များအတွက် အမြော်အမြင်ရှိခြင်း၊ တတ်သိလိမ္မာခြင်း ဟု အဓိပ္ပာယ် ဖွင့်ဆိုကြ၏။

သို့နှင့်ပင် ညနေ ၄ နာရီတီးခါနီးတော့ ပြန်ခဲ့ကြ၏။ အပြန်လမ်းတွင်လည်း နိုင်ငံကြီးသားများကို တစ်လမ်းလုံး တွေ့ခဲ့ရ၏။

ကျွန်တော်တို့ပြန်လာချိန်မှာ ကျောင်းဆင်းချိန်ဖြစ်သဖြင့် လမ်းတလျှောက် ကျောင်းသားများကို တွေ့ရသည်။ တချို့မှာ လမ်းဘေးတွင်ရပ်ကာ ၀ိုင်းဖွဲ့စကားပြောနေကြသည်။ ပီဘိ မခန့်လေးစားဖြစ်၏။ ကားလာနေတာကို အနည်းငယ်မှ ဂရုမစိုက်။ ရှောင်ပေးဖော်မရ။ လမ်းကျဉ်းကျဉ်းတွင် ကားက သူတို့ကို ရှောင်သွားရသည်။

ထို့အတူပင် လမ်းမှရွာများ၌လည်း အချို့ရွာသားများမှာ လမ်းပေါ်တက်ထိုင်နေသည်။ ကားဆရာကိုရဲဇော်မှာ အလွန် အင်မတန် စိတ်ရှည်လှသူ ဖြစ်၏။ ဘယ်လိုပေစုတ်စုတ်တွေမှန်းမသိဘူး ဆိုကာ ကားကို အရှိန်လျှော့လျှက် ဖြည်းညင်းစွာပင် ကွေ့မောင်းသွားသည်။ ကျွန်တော့်မှာသာ အသည်းတွေယားနေသည်။ သူကတော့ အပြုံးတောင်မပျက်။ ကျွန်တော့်တစ်သက် သည်လောက်စိတ်ရှည်လှသော ကားဆရာကို သည်တစ်ခါသာ တွေ့ဖူးသေးသည်။

မော်တော်ဆိုင်ကယ်များမှာလည်း နည်းနည်းမှ အရှိန်မလျှော့။ အတင်းရောကာရော ဖြတ်မောင်းသွားကြသူချည်း ဖြစ်၏။ အင်း၊ ဒါကြောင့်လည်း မကြာခဏ ဆိုင်ကယ်မှောက်သေကြတာပဲ။ နည်းနည်းမှ သနားစရာကောင်းတဲ့သူတွေ မဟုတ်ဘူး ဟု ဆိုမိ၏။

တစ်နေရာတွင် လော်ရီကားကြီးတစ်စီး လမ်းရှောင်ရင်း ဗွက်နစ်နေသည်ကို ဆွဲတင်ရန် ကြိုးစားနေတာ တွေ့ရ၏။ တစ်လမ်းခွဲကွန်ကရိလမ်း၏ ဘေးမှ မြေသားများမှာ လယ်မြေများဖြစ်သဖြင့် မိုးရွာလိုက်သောအခါ နူးအိနေ၏။ ထိုအပေါ်သို့ ကားကြီးက မနိုင့်ရင်ကာဝန်များဖြင့် တက်နင်းလိုက်လေသော် ဘီးနစ်တာ ဘာဆန်းပါမတုံး။

တစ်ဘက်မှလာသော ကားကြီးက သံကြိုးဖြင့် ဆွဲတင်လိုက်သဖြင့် လော်ရီမှာ လမ်းမပေါ် ပြန်ရောက်လာသည်။ ထို ကားဆွဲနေသည့် ခဏကလေးကိုပင်မစောင့်နိုင်။ ဆိုင်ကယ်များမှာ ထိုကားကြိုကားကြားထဲဖြတ်ကာ ကွေ့ကာကောက်ကာ နှင့် ဖြတ်သန်းသွားလာနေကြသည်။ ကားကြီးကို ဆွဲတင်နေသည့် သံကြိုးများပြတ်လိုက်လို့ကတော့ အနည်းဆုံး သုံးယောက်လောက်တော့ အသာလေးသေနိုင်သည်။ အနို့ ဆိုင်ကယ်တစ်စီးကို သုံးယောက် စီးကြသကိုး။

ကားကြီးလမ်းပေါ်ရောက်သွားတော့ ကျွန်တော်တို့နှင့်မျက်နှာချင်းဆိုင်ဘက်တွင် ကားပိတ်သဖြင့် တန်းစီစောင့်နေသော YBS ဘတ်စ်ကားနှစ်စီး၊ လော်ရီတစ်စီး၊ ကားလေး နှစ်စီးတို့ အသီးသီးဖြတ်သွားကြ၏။ တကယ်ဆို ထိုကားများ ကုန်သွားလျှင် ကျွန်တော်တို့ဘက်ခြမ်းတွင် တန်းစီစောင့်နေသော ကားများကို ပေးဖြတ်လိုက်ပါက မပြီးပါလား။

ခုတော့ တစ်ဖက်မှကားများ ကုန်သွားသည့်အခါ ဆွဲသည့်ကားကြီးမှာ နောက်ပြန်ဆုတ်သွားသည်။ ကျွန်တော်တို့က သူ့ရှေ့မှ ဖြည်းဖြည်းချင်းလိုက်သွားရ၏။ ထိုကားမှာ လမ်းဘေးမြေမာရောက်သည်ထိ ဆုတ်သွားသည်။ အနည်းဆုံး တစ်ကီလို မီတာလောက် ရှိမည်ထင်၏။ ထိုကားသမား၏ တွေးခေါ်ပုံကို ကျွန်တော့်မှာ သြချယူရပါပေသည်။ ထိုနေရာတွင်ပင် အချိန် အတော်ကုန်သွားသည်။

ထို့အပြင် ထို ကွန်ကရိလမ်းကျဉ်းကျဉ်းပေါ်တွင် လမ်းဘေးကပ်ခါ စပါးအိတ်များပုံထားခြင်း၊ ထိုစပါးအိတ်များတင်နေသည့် ထော်လာဂျီများကလည်း လမ်းဘေးကပ်ရပ်ထားခြင်း စသည်တို့မှာမူ လုပ်ရိုးလုပ်စဉ်ကိစ္စတစ်ခုလိုပင် သဘောထားနေကြ လေ၏။ အဆိုးဆုံးမှာကား သူဌေးကုန်းလမ်းခွဲ တက်ခါနီး၌ ဖြစ်၏။

ထော်လာဂျီလေးစီးမှာ စပါးအိတ်များ အပြည့်တင်လျှက် တန်းစီ မောင်းနေသည်။ ထိုထော်လာဂျီများနောက်တွင် လိုက်ထရပ်တစ်စီး၊ ထိုလိုက်ထရပ်နောက်တွင် ကျွန်တော်တို့ကား။

လိုက်ထရပ်က တတီတီ ဟွန်းတီးနေသည်ကို လမ်းမပေး။ သည်အတိုင်း ဆက်မောင်းနေသည်။ မောင်းသမှ နောက်ကား ကျော်မရအောင် လမ်းကို ဖြန့်မောင်းသည်။ ကိုယ်လည်း မြန်မြန်မမောင်းနိုင်သည့်အတူတူ လမ်းဘေးကပ်ရပ်ကာ နောက်ကားများကို လမ်းပေးလိုက်ရမှာ အဘယ်ကြောင့် သည်မျှ အပန်းကြီးနေရသည်ကို ကျွန်တော် နားမလည်နိုင်။ အတော်စုတ်ပဲ့လှသော စိတ်ဓာတ်များ ဖြစ်လေသည်။ ထိုထော်လာဂျီများကို ကျွန်တော်ဓာတ်ပုံရိုက်လိုသည့်တိုင် ရှေ့မှ လိုက်ထရပ်ကွယ်နေသဖြင့် ရိုက်လို့မရ။

ထော်လာဂျီများနောက်က ကျွန်တော်တို့ မှေးလိုက်နေရတာ တစ်ကီလိုမီတာမကပါ။ ကျွန်တော်တို့နောက်တွင်လည်း အခြား ကားများ၊ လော်ရီများမှာ ရှင်လောင်းလှည့်သကဲ့သို့ မောင်းနေရလေ၏။

ဤသည်မှာ ကျွန်တော်ပြောချင်လှသည့် ကျွန်တော်တို့တိုင်းပြည်မှ လူများ၏ စုတ်ပဲ့လှသော စိတ်ဓာတ်နှင့် ကိုယ်ကျင့်တရား များအကြောင်း ဖြစ်ပါသည်။

ကျွန်တော်လည်း တောသားပါပဲ။ တောကျလိုက်သမှ ကျွန်တော်တို့ရွာမှာ ရခိုင်ရိုးမတောင်ခြေတွင် ကပ်နေသည်။ ရွာ့ဟိုဘက် ဘာရွာမှမရှိတော့။ ဧရာဝတီတိုင်း၏ အစွန်အဖျားဖြစ်သည်။ ကျွန်တော်တို့ ငယ်စဉ်ကတော့ ရွာသားများမှာ ဖြူစင်ကြသည်၊ ရိုးသားကြသည်၊ အချင်းချင်း ယိုင်းပင်းကူညီကြသည်။ ချစ်ခြင်းမေတ္တာ၊ ကိုယ်ချင်းစာတရားဆိုတာ ရှိသေးသည်။

ယခု ရွာသားများ၏ အမူအကျင့်နှင့်စိတ်ဓာတ်များကို မြင်ရတွေ့ရသည့်အခါ ကျွန်တော့်မှာ အတော်စိတ်ပျက်မိ၏။ ဘယ်လိုတွေများ ဖြစ်ကုန်ကြပါလိမ့်ဟုလည်း အံ့သြမိ၏။ ခေတ်ကြီးနှင့်အတူလိုက်၍ ပျက်စီးကုန်ပြီထင်ပါသည်။

နောက် အဝေးကြီးတွင် ပြတ်ကျန်နေသူတစ်ယောက်အဖို့ မိမိရှေ့တွင် အရှိန်အဟုန်နှင့်ပြေးနေသူတစ်ယောက်ကို ကျော်တက်ဘို့ဆိုတာ လွယ်သည့်ကိစ္စမဟုတ်ပါ။ ထိုသူ၏အမြန်နှုန်းထက် အနည်းဆုံး နှစ်ဆတင် ပြေးမှ ဖြစ်မည်။

စင်ကာပူသည် ပြေးနေသည့်နိုင်ငံတစ်နိုင်ငံဖြစ်၏။ စင်ကာပူတွင် နေထိုင်လုပ်ကိုင်ခွင့်လက်မှတ်ရထားသူများအဖို့ စင်ကာပူ လေဆိပ်အ၀င်တွင် လ.၀.က ဖြတ်စရာမလို။ ပတ်စ်ပို့စာအုပ်တင်၊ လက်ဗွေဖတ်သည့်စက်ပေါ် လက်မတင်လိုက်လျှင် ၀င်လို့ ရသည်။

မြန်မာပြည်ပြန်လျှင်လည်း လေဆိပ်တွင် ကောင်တာသွား တန်းစီနေစရာမလို။ စက်ပေါ်တွင် ကိုယ့်ပတ်စ်ပို့ကိုတင်၊ ကိုယ့်ဘာသာ ခရီးဆောင်သေတ္တာကိုချိန်ကာ ကိုယ့်ဘာသာ လေယာဉ်စီးလက်မှတ် (boarding pass) ထုတ်ရုံဖြစ်၏။

ကျွန်တော်တို့ စင်ကာပူကို အနှစ် (၂၀) အတွင်းကျော်ဘို့ဆိုလျှင် စင်ကာပူကသွားနေသည့်နှုန်း၏ နှစ်ဆလိုက်နိုင်မှ ဖြစ်မည်။ ကျွန်တော်တို့ မည်သည့်နေရာများတွင် အသည်းအသန်ကြိုးစားနေကြပါသနည်း။

ကိုယ့်ထက်သာမနာလိုသည့် စိတ်ဓာတ်၊ ကိုယ့်ကိုမကျော်ရလေအောင် ပြိုင်ဘက်နောက်ကျောကို ဓားနှင့်ထိုးသည့် စိတ်ဓာတ်၊ ကိုယ့်ကို မကျော်ရလေအောင် လမ်းကိုပိတ်မောင်းနေသည့် ထော်လာဂျီမောင်းသူများ၏ စိတ်ဓာတ်မျိုးများနှင့် စင်ကာပူကို အနှစ်နှစ်ဆယ်အတွင်း ဘယ်လိုကျော်နိုင်ပါမည်နည်း။

တိုင်းပြည်တစ်ခုကိုတည်ဆောက်ရာတွင် အစိုးရတစ်ဦးတည်းကောင်းနေရုံနှင့် မဖြစ်နိုင်။ သည်နိုင်ငံတွင် သန်း ၅၀ ကျော်မျှ သောလူများ နေထိုင်သည်ဖြစ်ရာ အစိုးရ၏ မှန်ကန်ကောင်းမွန်သည့် ဦးဆောင်မှုနောက်တွင် ပြည်သူများက အင်နှင့် အားနှင့် ၀ိုင်းဝန်းပံ့ပိုးပေးကြမှ ဖြစ်မည်။

ယခုတော့ ကျွန်ုပ်တို့တိုင်းပြည်တွင် ပြည်ပအနှောင့်အယှက်များထက် ပြည်တွင်းအဖျက်သမားများက ထုနှင့်ထည်နှင့်၊ အင်နှင့်အားနှင့် နေရာယူထားကာ ကောက်ကျစ်ယုတ်မာသော နည်းပေါင်းစုံသုံးလျက် အစိုးရကို ဒုက္ခများအောင် လုပ်နေကြသည်။

ဒီမင်း၊ ဒီစိုး၊ ဒီသူခိုးနှင့်။ ဒီမိုး၊ ဒီလေ၊ ဒီလူတွေနှင့် မည်ကဲ့သို့ ခရီးဆက်ကြမည်နည်း။
သည်ပုံနှင့်မိုးကြီးချုပ်လိမ့်မည်။

မကူညီချင်နေပါ။ မနှောင့်ယှက်ပါနှင့်။
မိမိတတ်နိုင်သလောက် တိုင်းပြည်တည်ဆောက်ရေးတွင် ၀ိုင်းဝန်းပါဝင်ကြပါစို့ဟု တိုက်တွန်းလိုက်ရပါသတည်း။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၁၉ အောက်တိုဘာ၊ ၂၀၁၇
0