မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ - အပိုင်း (၄၆)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ - အပိုင်း (၄၆)
(မိုးမခ) အောက်တိုဘာ ၁၉၊ ၂၀၁၇

● ကောက်ကွတ် ဒုတိယပတ်
ကောက်ကွတ်သင်တန်းကျောင်း ဒုတိယပတ်ကို ၁၉၇၇ ခုနှစ် ဇွန်လမှ သြဂုတ်လအတွင်း ပြုလုပ်ခဲ့သည်။ မိုးတွင်းကာလဖြစ်၍ အားလုံးပင်ပမ်းကြသည့် သင်တန်းပတ်ဖြစ်သည်။ ထိုဒုတိယပတ်သင်တန်းအားလည်း ဗိုလ်မှူး မရန်ဘရန်တောင်ပင် ဦးစီး လာသည်။ CPB နှင့် ဆက်ဆံရေးပြေပြစ်သူကို ဦးစားပေးပုံရသည်။ ဒုတိယပတ်သင်တန်းတွင်လည်း KIA တပ်ရင်း၌လူအင်အား ၃၅၀ ကျော်ခန့်ပါဝင်သည်။

ဒုတိယပတ်သင်တန်းတွင် ကချင် ပညာတတ်လူငယ်များ ပါဝင်လာသည်ကို တွေ့ရသည်။ ထိုလူငယ်များထဲမှ ဂမ်ရှောင်ဆို သည့်လူငယ်ကို မိမိသတိထားလိုက်မိသည်။ လူပုံခပ်နွဲ့နွဲ့ KIA တပ်ထဲရောက်သည်မှာ မကြာသေး၍ စစ်သားပုံတော့ မထွက်သေးပေ။ ထိုစဉ်က သူသည် တပ်ကြပ်လား ဒုတပ်ကြပ်လား တခုတခုဖြစ်မည်ထင်သည်။ သူကိုကောင်းစွာမှတ်မိလိုက်သည်ကသူနှင့် ၁၉၇၈ ထဲတွင် တကြိမ်ပြန်ဆုံသေးသည်။ မိမိတို့ CPB တပ်မဟာ ၂ ဌာနချုပ်ရှိရာ မုန်းပေါ်ကြီးဒေသရှိ မန်ကျန်းကုန်းတွင် စစ်သင်တန်းလာတက်စဉ် ဒုတိယအကြိမ် ထပ်တွေ့လိုက်ရသည်။ ထို့ပြင် ကိုဂမ်ရှောင်နှင့် စီးပွါးရေး တက္ကသိုလ်တွင် အတူတက်ခဲ့သူ ကိုခင်မောင်လတ် ခေါ် ကိုအောင်ချစ်က CPB  သို့ရောက်လာ၍ သူ့အကြောင်းပြောဖြစ်ကြသည်။ သူတို့က ၁၉၇၀-၇၄ စီးပွါးရေးတက္ကသိုလ် ဘွဲ့ရများဖြစ်သည်။ မိမိ တက္ကသိုလ်ပထမနှစ်ကျောင်းသားဘဝက သူတို့က တက္က သိုလ် နောက်ဆုံးနှစ်ကျောင်းသားများဖြစ်ကြသည်။ မိမိလည်း ဒုတိယပတ်သင်တန်းစပြီး ရက်ပိုင်းတွင် ဆေးရုံတက် လိုက်ရ သဖြင့် ဒုတိယပတ်သင်တန်းသားများနှင့် ရင်းနှီးခွင့် မကြုံ ခဲ့ပေ။ သို့သော်သူနှင့်ပတ်၍ အက်ဆေးတပုဒ်တော့ မိမိရေးခဲ့မိသည်။

● ဂွမ်ထန်ဂမ်ရှောင်၊ မြကျွန်းညိုနှင့် စိမ်းသောပြာသောမှိုင်းသောတောင်တန်းများဆီသို့
● အီကို

ရန်ကုန်စီးပွားရေးတက္ကသိုလ်ကို ထိုစဉ်က Eco ဟုခေါ်လေ့ရှိသည်။ ထိုစဉ်က Eco သည် ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် RASU ဝင်းထဲ၌ ရှိသည်။ဘွဲ့နှင်းသဘင်ခန်းမ၏ လက်ျာဘက်တွင် Eco ပင်မဆောင်ရှိသည်။ ပင်မဆောင်၏ ရှေ့နှင့် ဂျပ်ဆင် ကြားတွင် AE မြေစိုက်ဆောင်လေးများမှာလည်း Eco ၏ စာသင်ဆောင်များ ဖြစ်သည်။

AE ဆောင်များဘေးတွင် Eco  စားသောက်ဆိုင်တန်းရှိသည်။ ဦးယမ်းဘီလူး အအေးဆိုင်တို့ ကိုအောင်ရင် လဘက်ရည် ဆိုင်တို့က ကျောင်းသားများကြား နာမည်ရသည်။ ပင်မတက္ကသိုလ်ဝင်းအတွင်း ရွှေဘိုဆောင်သည် Eco ကျောင်းသားတို့၏ အဆောင်ဖြစ်ပြီး မာလာဆောင်ကတော့ ကျောင်းသူတို့၏ အဆောင်ဖြစ်သည်။ ထိုစဉ် သမိုင်းဝင်းတွင်းတွင် Eco ကျောင်းသား များအတွက် မေခဆောင်၊ ကျောင်းသူများအတွက် အင်ကြင်းဆောင်တို့ရှိသေးသည်။

ကျောင်းတက်ရက်တွင်မတော့ Eco အတွင်းကျောင်းသားတို့နှင့် စည်းကားသည်။ ပင်မတက္ကသိုလ်အတွင်း တဆက်တစပ် တည်းဆိုတော့ RASU ဘက်ကကျောင်းသားများနှင့်လည်း ရောယှက်နေသည်။ ထိုစဉ်အခါက Eco တွင် အချောအလှပေါ သည်ဟု နာမည်ကြီးသဖြင့် အခြားတက္ကသိုလ်မှ ကျောင်းသားများလည်း လာရောက်အစွံထုတ်လေ့ရှိသဖြင့် ပို၍စည်ကားခြင်း ဖြစ် ဟန်တူသည်။ ထိုစဉ်က မြကျွန်းညိုညိုတက္ကသိုလ်တွင် Eco ကျောင်းတော်သည် ကျောင်းသူ ကျောင်းသားတို့ ပျော်စံရာ ဖြစ်ခဲ့သည်။

၁၉၇၀-၁၉၇၄ Eco စာသင်နှစ်များအတွင်းမြကျွန်းညိုတွင် ကချင်ကျောင်း သားတစ်ဦးရှိခဲ့သည်။ အသားဖြူဖြူ အရပ်မနိမ်မမြင့် လူပုံနွဲ့နွဲ့ခပ်ပြုံးပြုံးနေ တတ်သော အနေအေးဆေးသောကချင်ကျောင်းသားတဦးဖြစ်သည်။ အချိန် အားလျင်ဂစ်တာလေး တလုံးဖြင့် ငြိမ့်နေတတ်သည်။ထိုအနေအေးသော ကချင် ကျောင်းသားသည် Eco ၌ ရေပန်းစားသော လူသိများသောကျောင်း သားတစ်ဦးတော့ မဟုတ်ခဲ့ပေ။ ၁၉၇၄ စာသင်နှစ်ကုန်တော့ သူသည် အခြားကျောင်းသားများနည်းတူ မြကျွန်းညိုမှာ ခွဲခွာ သွားခဲ့သည်။ ထိုကချင်ကျောင်းသား၏အမည်မှာ ဂွမ်ထန်ဂမ်ရှောင်ဟု ခေါ်ပါသည်။

တောင်တန်းများ
တရံတခါက ဆည်းဆာနေချည်ဖျာကျနေသောတညနေခင်းတွင် မေခမြစ်၏ တဖက်ကမ်းရှိ သဲဖြူလွလွပေါ်တွင်ထိုင်ရင်း မေခမြစ်ဟိုမှာဖက်ကမ်းရှိ တောင်စဉ်အထပ်ထပ်ကိုငေးမောကြည့်မိသည်။ တောင်တို့သည် စိမ်း၍ တောင်တို့သည်ပြာကာ တောင်တို့သည် မှိုင်းနေ၏။ အနီးဆုံးတောင်တန်းက သစ်ပင်တို့နှင့် စိမ်းနေသည်။ ခပ်လှမ်းလှမ်းရှိသစ်ပင်တို့ကို သဲကွဲစွာ မမြင်ရသော တောင်တန်းတို့က ပြာနေသည်။ အဝေးဆုံးရှိတောင်တန်းများကတော့ မှိုင်းပြနေသည်။ တူညီသောအလင်း ရောင်အောက်တွင် အကွာအဝေး အနီးအဝေးက အမြင်အာရုံတွင် အရောင်များကို ပြောင်းလဲစေလိုက်သည်။

ထိုစိမ်းသောပြာသောမှိုင်းသော တောင်တန်းတနေရာတွင် ကိုဂမ်ရှောင်နှင့် ဆုံခဲ့သည်။ ၁၉၇၇ လောက်ကဖြစ်သည်။ Eco က ကျောင်းပြီးဘွဲ့ရခဲ့သော ဂွမ်ထန်ဂမ်ရှောင်တယောက် ထိုအချိန်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၏ စစ်သား တယောက်ဖြစ်နေပေပြီ။ မျိုးချစ်ကချင်ပြည်သူများအတွက် ကချင်လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်သူတဦးဖြစ်နေချေပြီ။ မဆလ အစိုးရအတွက်တော့ ကချင်သူပုန်တယောက်ဖြစ်ပေမည်။ အရင်တုန်းကတော့ ကချင်သောင်းကျန်းသူဟု ခေါ်သည်။ ယခုငြိမ်းချမ်းရေးကာလမှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဟု ပြောင်းခေါ်သည်။ သူဖက်ကကြည့်တော့ လက်ဖဝါး ကိုယ့်ဖက်ကကြည့်တော့ လက်ဖမိုးဟု ဆိုကြမည်လော မသိပေ။

ဂွမ်ထန်ဂမ်ရှောင်တယောက် ဘွဲ့ရပြီးသည်နှင့် KIA ထဲသို့ ဝင်ခဲ့ပုံရသည်။ ၁၉၇၇ တွင် လက်မောင်းတွင် နှစ်ရစ်နှင့် တပ်ကြပ် ဖြစ်နေပြီ။ KIA အပါ တောတွင်းလက်နက်ကိုင်အဖွဲ့အစည်းများအနေနှင့် စဝင်သည်နှင့် တပ်သားဘဝက စတင်ဖြတ်သန်းရ သည်။အောက်ခြေက စရသည်။ KIA တပ်အတွင်း ၂ နှစ်ခန့် ဖြတ်သန်းအပြီး တပ်ကြပ်တယောက်ဖြစ်လာသည့်တိုင် စစ်သား ပုံတော့ သိပ်မပေါက်သေး။ လူပုံက ခပ်နွဲ့နွဲ့ မျက်နှာချိုချိုနှင့်ပင်ရှိသေးသည်။ ထို့အတူ သူနှင့်အတူ KIA တွင်း ရောက်လာသူ တက္ကသိုလ်ထွက် ကချင်ကျောင်းသားများကြားတွင် နှိမ့်ချမှုရှိ၍ ဆက်ဆံရေးပြေပြစ်သူဟုဆိုရမည်။

၁၉၇၈ ခုနှစ်က မိမိတို့ တပ်မဟာ ၂ တွင် စစ်သင်တန်းလာတက်၍ တခါထပ်ဆုံလိုက်ပြီးနောက်တွင်တော့ သူနှင့်မဆုံဖြစ်တော့ ပေ။ သတင်းဆက်သွယ်ရေးကလည်း ခက်ခဲသောကာလများဖြစ်ပေရာ သတင်းကြားရဘို့လည်း မလွယ်ကူခဲ့ပေ။ ၁၉၉၀ ခန့်တွင်မှ သူ့သတင်းကြားရသည်။ ထိုကာလတွင် သူသည်KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ ရင်းမှူး ဖြစ်နေပေပြီ။ KIA ရင်း ၆ သည် ဖားကန့်ဒေသအား တာဝန်ယူစိုးမိုးသည်။ မြောက်ဖက် လုံးခင်း ကံစီးမှသည် တောင်ဖက် ဝှေခါဒေသထိ လှုပ်ရှားပြီး ဖားကန့်ဒေသကို စိုးမိုးလှုပ်ရှားသည်။

ဂွမ်ထန်ဂမ်ရှောင် ရင်း ၆ ရင်းမှူးအဖြစ် တာဝန်ယူထားစဉ် လှုပ်လှုပ်ခတ်ခတ်သတင်းတခု ပေါ်ခဲ့သည်။ စပေါ့ချောင်းဖျား အရေးအခင်းဖြစ်သည်။ ဖါးကန့် ဆိုင်းတောင် ဒေသတွင်ဖြစ်သည်။ နံပါတ်ဖိုး မူးယစ်ဆေးဝါး ရောင်းဝယ်သူအချို့အား သေ ဒဏ်ပေး၍ ပစ်သတ်လိုက်ခြင်းဖြစ်သည်။ ဗီဒီယို တိပ်ခွေပါထွက်လာ၍ ဂယက်အတော်ထသွားသည်ဟု ဆိုရမည်။

ထိုလုပ်ရပ်ကို မကြိုက်သူများကတော့ ရက်စက်ကြမ်းတမ်းလွန်းသည်ဟု ဆိုကြသည်။ ထောက်ခံသူများကတော့ ဤကဲ့သို့ ခပ်ပြတ်ပြတ်အရေးယူခြင်းသည်ကောင်း၏ဟု ဆိုသည်။ ထိုစဉ်က ဖါးကန့်ဒေသ ကျောက်သမားများ အထူးသဖြင့်ကျောက်တူး သမားများကြား ဖိုးစွဲနေသူများလှသည်။ အရိုးပေါ် အရေတင်၍ ဖိုးစွဲနေသူများ နေ့စဉ်လိုလို ဖါးကန့် ဆိုင်းတောင်ရွာများတွင် သေဆုံးနေကြသည်။ ဆွေမျိုးညာတိမရှိ ပိုင်ရှင်မဲ့အလောင်းများအဖြစ် ရပ်ရွာက သဂြိုလ်ပေးနေရသည်။ ထိုအခြေအနေတွင် စပေါ့ချောင်းဖျား အရေးယူမှုပေါ်လာခြင်းဖြစ်သည်။

● တန်းတူရေး
ထို့နောက်တွင်တော့ သူသတင်းသိပ်မကြားရပြန်တော့။ ၁၉၉၄ KIA နှင့် နဝတ အပစ်ရပ်ပြီးသည့်နောက် KIA ၏ ဗဟို ဆက် သွယ်ရေးရုံးကို မြစ်ကြီးနား စီတာပူတွင် ဖွင့်လှစ်ခဲ့သည်။ ၂၀၁၁ KIA နှင့် တကျော့ပြန်စစ်ပွဲဖြစ်သည့်အချိန်ထိပင်ဖြစ် သည်။ထိုကာလများတွင် ဂွမ်ထန်ဂမ်ရှောင်တယောက် KIA ဗိုလ်မှူးကြီးအဖြစ်နှင့် ဆက်သွယ်ရေးတာဝန်ခံအဖြစ် အချိန် တပိုင်းတာဝန်ယူခဲ့သည်ဟု ဆိုသည်။

၂၀၁၁ KIA နှင့် အစိုးရ ပြန်လည်စစ်ပွဲဖြစ်တော့ သူနာမည် ပြန်ကြားရသည်။ ထိုအချိန်တွင် သူသည် KIA ၏ စစ်ဦးစီးချုပ် CS ဖြစ်နေပေပြီ။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းရှိ တိုက်ပွဲများနှင့်အတူ သူ့နာမည်ကို မကြာခဏ ကြားရသည်။ ဒီဘက် ခေတ်ကတော့ ဆက်သွယ်ရေးနည်းပညာ မြင့်မားသည်ခေတ် မဟုတ်ပါလော။

၂၀၁၅ ခုနှစ်ဆန်းတွင် KIA စစ်ဦးစီးချုပ် ဂွမ်ထန်ဂမ်ရှောင်မိန့်ခွန်းပြောနေသည့် ဗီဒီယိုဖိုင်တခုအင်တာနက်စာမျက်နှာများ ပေါ်တွင် ပျံ့လွင့်လာသည်။ ယခင် ငယ်ရွယ်နုပျိုမှုနေရာတွင် ရင့်ကျက်မှုဖြင့်အစားထိုးလိုက်ပေပြီ။ လွတ်လပ်ပေါ့ပါးမှု နေရာတွင် လေးနက်သောကြီးမားသောတာဝန်များက ဝင်ရောက်လာခဲ့ပေပြီ။ သူ၏ လူထုအား ကချင်ဘာသာဖြင့် ပြော ကြားရာတွင် ဗမာပြည်ရှိ တိုင်းရင်းသားအား တန်းတူအခွင့်အရေးရရှိရန်လိုကြောင်းပြောဆိုပြီး အုပ်ချုပ်ရေးအာဏာ တရား စီရင်ရေးအာဏာ ဥပဒေပြုရေးအာဏာဟူ၍ အာဏာသုံးရပ်ရှိသည့်အနက် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာ ၂ ရပ် သာတိုင်းရင်းသားတို့ကရပြီး ဥပဒေပြုခွင့်အာဏာကို တိုင်းရင်းသားတို့မရပါက တန်းတူရေးရရှိသည်ဟု မဆိုနိုင်ကြောင်း ထောက်ပြပြောဆိုသွားသည်ကို တွေ့ရပါသည်။ တိုင်းရင်းသားအားလုံးတန်းတူရေးပြသနာသည် ငြိမ်းချမ်းရေးအတွက် အတွက် အဖြေလည်း ဖြစ်သည်။

● မြကျွန်းညိုညို
မြကျွန်းညိုညို တက္ကသိုလ်သည် ပညာရပ်ပေါင်းစုံသင်ကြားရာ နှီးနှောဖလှယ်ရာ သုတေသနပြုရာအပြင် စာပေ ဂီတ အနု ပညာ ယဉ်ကျေးမှုတို့ ထွန်းကားရာလည်းဖြစ်သည်။ ဤအမိတက္ကသိုလ်တွင် သင်ကြားလာခဲ့သော ပညာရပ်များဖြင့် မိမိလူမျိုး ကို မိမိတိုင်းပြည်ကို လူ့အဖွဲ့အစည်းကို ကောင်းကျိုးပြုကြဖို့သာဖြစ်သည်။ ကမ္ဘာ့နိုင်ငံအတော်များများတွင် ထိုသို့သာဖြစ် သည်။ မြန်မာပြည်သည်လည်း ငြိမ်းချမ်းသော ဒီမိုကရေစီရှိသော တိုင်းပြည်တပြည်ဖြစ်ပါက ဂွမ်ထန်ဂမ်ရှောင်လည်း စီးပွား ရေးပညာရှင်တယောက် ဖြစ်ကောင်း ဖြစ်မည်။ သို့မဟုတ်က အောင်မြင်သော စီးပွားရေးသမားတစ်ယောက်ဖြစ်ကောင်း ဖြစ်မည်။ သို့မဟုတ် သူနှစ်သက်သောဂီတနယ်ပယ်တွင် ကျင်လည်ကောင်း ကျင်လည်နေပေလိမ့်မည်။

သို့သော် ယနေ့ဗမာပြည်မှာတော့ ဂွမ်ထန်ဂမ်ရှောင်ကဲ့သို့ကျောင်းသား အများအပြားသည် ပညာရှင်များဖြစ်မလာခဲ့။ တက္က သိုလ် ပရဝုဏ်လည်း စစ်တလင်းဖြစ်ခဲ့သည်။ ကတ္တရာလမ်း တို့လည်း သွေးစွန်းခဲ့သည်။ စာသင်ခန်းထဲမှ ကျောင်းသားတို့လည်း ပေတရာလမ်းပေါ်ရောက်ခဲ့သည်။ အကျဉ်းထောင်များသို့ ရောက်ခဲ့သည်။ တောတောင်အနှံ့ရောက်ကြသည်။ ကလောင် မကိုင်နိုင်ခဲ့ကြဘဲ သေနတ်ကိုင်ကြဖို့ ဖန်လာခဲ့သည်။

မြကျွန်းညိုညို တက္ကသိုလ်နယ်မြေတွင် ကန့်ကော်ပန်းတို့ မမွှေးမြနိုင်ခဲ့။ စိန်ပန်းပွင့်တို့လည်း မွမွကြေခဲ့ရသည်။ တိတ်ဆိတ် မှောင်မိုက် ငြိမ်သက်နေသည့် တက္ကသိုလ်၏ညများတွင် သစ်ပုတ်ပင်အို၏ ငိုရှိုက်သံသဲ့သဲ့ကို ကြားရနိုင်ပါသည်။ သို့သော် တက္ကသိုလ်ရင်ခွင်မှ ထွက်ခွာလာသူတို့သည် အချည်နှီးတော့ မဖြစ်ခဲ့ကြ။ သူမအား စိတ်မပျက်စေခဲ့၍ သူ မကျေနပ်နိုင်လိမ့်မည် ဟုတော့ ထင်ပါသည်။ ဤသည်ကား မြန်မာပြည်၏ ကံကြမ္မာဟုသာ ဆိုရပါတော့မည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး
0