ဇင်လင်း - အနာဂတ် မြန်မာနိုင်ငံ တည်ငြိမ်ရေး နှင့် ရခိုင်အကြမ်းဖက်မှု ပြဿနာ



ဇင်လင်း - အနာဂတ် မြန်မာနိုင်ငံ တည်ငြိမ်ရေး နှင့် ရခိုင်အကြမ်းဖက်မှု ပြဿနာ
(မိုးမခ) အောက်တိုဘာ ၂၀၊ ၂၀၁၇


ရခိုင်ပြည်နယ် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်သည် နိုင်ငံတကာသတင်းစာများတွင် ဖေါ်ပြနေသည့် မျှတမှုမရှိသော သတင်းများကြောင့် အခြေအနေ ပိုမိုရှုပ်ထွေးလာနေပေသည်။ အထူးသဖြင့် နာမည်ကြီး သတင်းဌာနကြီးများကပင်လျှင် သတင်းကျင့်ဝတ်ကို ချိုးဖေါက်ကာ ဘက်လိုက်ရေးသားနေကြသဖြင့်လည်း နိုင်ငံတကာ သံတမန်နယ်ပယ်အတွင်းမှာပင် မျက်ကန်းရမ်းဆ ပြောဆိုစွပ်စွဲမှုများ ဖြစ်ပေါ်လျှက်ရှိသည်။ ကုလသမဂ္ဂအစည်းအဝေးများအတွင်း၌လည်း ရခိုင်ကိစ္စကို အကြောင်းပြု၍ မြန်မာနိုင်ငံအား ကန့်ကွက်သူများနှင့် ထောက်ခံကြသူများဟူ၍ အုပ်စုကွဲမှုများ ဖြစ်ပေါ်လျှက်ရှိသည်။ ထို့ကြောင့် လက်ငင်းသံတမန်ရေးရာ ကိစ္စများကို လိမ်မာပါးနပ်စွာ ကိုင်တွယ်ဖြေရှင်းရန် မြန်မာနိုင်ငံ အစိုးရအပေါ် တာဝန် ကျရောက်လျှက်ရှိသည်။ မြန်မာနိုင်ငံအား အထူးကန့်ကွက်ပြောဆိုနေသော နိုင်ငံမှာ ဘင်္ဂလားဒက်ရှ်နိုင်ငံဖြစ်ပြီး၊ ၎င်းအား ကျောထောက်နောက်ခံပေးသည်မှာ Organization of Islamic Cooperation (OIC) အဖွဲ့ဖြစ်သည်။ လက်ရှိအရေးကိစ္စ နှင့် စပ်လျဉ်း၍ OIC နှင့်အတူ ဗြိတိန်၊ အမေရိကန် အနောက်အုပ်စုကလည်း တစ်သံတည်း ထွက်နေသည်ကို သတိပြုရမည်ဖြစ်သည်။ အထူးသဖြင့် မြန်မာ့ဒီမိုကရေစီအကူးအပြောင်း ကာလတွင် စီးပွားရေးရင်းနှီးမြှုပ်နှံမှုအရ အရေးပါသော နိုင်ငံအချို့လည်း အဆိုပါကန့်ကွက်ဝေဖန်နေသော အုပ်စုဝင်ဖြစ်နေသည်ကို သတိပြုမိသည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော လက်ရှိ အစိုးရသည် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာရုံစိုက် ဆောင်ရွက်ရန် ပြင်ဆင်နေခိုက်တွင် ရခိုင်ပြည်နယ် အကြမ်း ဖက်မှုဖြစ်ပေါ်ခဲ့သည်။ တစ်ချိန်တည်းတွင် အစိုးရသည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးကိစ္စ လုံးပမ်းနေချိန်လည်း ဖြစ်သည်။ အခြားတစ်ဖက်တွင်လည်း တရားဥပဒေစိုးမိုးရေး တိုးတက်ကောင်းမွန်စရန် ကြိုးပမ်းနေရသည်။ NLD အစိုးရ၏ အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးရည်မှန်းချက် အောင်မြင်ရေးအတွက် ပြည်သူလူထုအား တရားဥပဒေစိုးမိုးရေးဖြင့် ကာကွယ်စောင့်ရှောက် ရမည့် ကိစ္စကလည်း စိန်ခေါ်မှုကြီးတစ်ခု ဖြစ်နေသည်။ ယခု ရခိုင်အရေးကိစ္စသည်ပင်လျှင် စစ်အစိုးရအဆက်ဆက် တရားဥပဒေစိုးမိုးရေးအရ တာဝန်ယူမှု ပျက်ကွက်ခဲ့ခြင်း၏ အကျိုးဆက် ဖြစ်သည်။

ဤအတောအတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိန်အာရှနှင့်ပစိ ဖိတ်ဒေသဆိုင်ရာ ဝန်ကြီး မာ့ခ် ဖီးလ်(Mark Field) တို့ စက်တင်ဘာ ၂၇ ရက်တွင် နေပြည်တော်၌ တွေ့ဆုံကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနက သတင်း ထုတ်ပြန်ခဲ့သည်။ မာ့ခ်ဖီးလ်သည် စက်တင် ဘာ ၂၆ ရက်တွင် ရခိုင်ပြည်နယ် သို့ သွားရောက်ပြီး နောက်တစ်ရက်၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် မာ့ခ်ဖီးလ်တို့တွေ့ဆုံစဉ် မြန်မာ- ဗြိတိန်နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူး ပေါင်းဆောင်ရွက်ရေး၊ ငြိမ်းချမ်း ရေးနှင့်အမျိုးသား ပြန်လည်သင့် မြတ်ရေး၊ လူ့အခွင့်အရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေး၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ချက်များကို ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တစ်ချိန်တည်းတွင် ဗြိတိန်နိုင်ငံ အောက်စဖို့ဒ် တက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူပန်းချီကားကို St Hugh’s ကောလိပ်ပင်မအ၀င်ဝ၌ ဂုဏ်ယူချိတ်ဆွဲထားခဲ့ရာမှ ဖြုတ်သိမ်းလိုက်ကြောင်း AFP သတင်းကဖေါ်ပြခဲ့သည်။ ရခိုင်ပြည်နယ် ပြဿနာနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် ဝေဖန်ပြောဆိုသံများ ကျယ်ပြန့်စွာ ပေါ်ထွက်လာခဲ့ပြီးနောက် ယခုကဲ့သို့ ပန်ချီကားပြန်ဖြုတ်သည့် ကိစ္စ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ထို့ပြင် မြန်မာ့တပ်မတော်သို့ ဗြိတိန်အစိုးရက ပညာသင် ထောက်ပံ့ကြေး နှစ်စဉ် ပေါင်သုံးသိန်းပေးနေခြင်းကိုလည်း ရပ်ဆိုင်းခဲ့သည်။ ၎င်းအကူအညီ ရပ်ဆိုင်းမှုကြောင့် ဗြိတိန်တွင် ပညာသင်ကြားနေသော တပ်မတော်အရရှိ ၅ ဦးအားလည်း သင်တန်းမပြီးဆုံးမီ ပြန်လွှတ်ခဲ့ကြောင်းသိရသည်။ ဗြိတိန်သည် လိုသည်ထက်ပို၍ အကဲဆတ်နေသည်ဟု ထင်သည်။ ရခိုင်ကိစ္စ၏ သမိုင်းဇစ်မြစ်ကို ဗြိတိသျှတို့ထက် ပို၍ သိသူမရှိသော ကြောင့် ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုကမူ ရခိုင်အရေးကိစ္စအား ဝေဖန်ပြောဆိုမှုများရှိသော်လည်း၊ အကူအညီရပ်ဆိုင်းခြင်း မလုပ်ခဲ့ ကြောင်း တွေ့ရသည်။ အရှေ့တောင်အာရှ ဒေသဆိုင်ရာ အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ပက်ထရစ် မာဖီ (Patrick Murphy) သည် စက်တင်ဘာ ၁၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောသည်ကို ကိုယ်တိုင် လာရောက်နားထောင်ခဲ့သည်။ တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံအကြား ပထ၀ီဝင်နိုင်ငံရေးအရ အချက်အချာကျသော မြန်မာနိုင်ငံအား အမေရိကန်က ဂရုတစိုက် ထိမ်းထိမ်းသိမ်းသိမ်း ဆက်ဆံမည့် အလားအလာဟု ဆိုနိုင်သည်။

အခြားတစ်ဖက်တွင် မြန်မာနိုင်ငံ တည်ငြိမ်မှု ပြန်လည် ထိန်းသိမ်းရေးကို တရုတ်နိုင်ငံက စိတ်ဝင်စားနေသည်။ တရုတ် အစိုးရအတွက် စွမ်းအင်ရရှိရေးလမ်းကြောင်း တစ်ခုကို အိမ်နီးချင်း မြန်မာနိုင်ငံက ပေးနိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် အစ္စလာမ္မစ် အစွန်းရောက်ထိုးဖေါက်မှု မြင့်တက်လာနိုင်ခြေရှိမှုကို တရုတ်နိုင်ငံက စိုးရိမ်နေ ခြင်း ဖြစ်သည်။ ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံအတွင်းသို့ အစ္စလာမ္မစ်တို့ ထိုးဖောက်ဝင်နိုင်ခြေရှိကြောင်း နိုင်ငံတကာရေး ရာ ကျွမ်းကျင်သူ တရုတ်ပညာရှင်တစ်ဦးက ပြောဆိုသုံးသပ်ခဲ့ဖူးသည်။ အစွန်းရောက် ဘင်္ဂါလီမွတ်စလင်တို့နှင့် ၀ီဂါမွတ်စလင်တို့သည် အရှေ့တောင်အာရှရှိ အစ္စလာမ္မစ်အကြမ်းဖက်များနှင့် ချိတ်ဆက်နိုင်သည့် အခွင့်အရေးရှိသည်ဟု လေ့လာသူများက သုံးသပ်ကြသည်။

လောလောဆယ် သံတမန်ရေးရာ အားပြိုင်မှုတွင် မြန်မာနိုင်ငံအနေဖြင့် အထူးသတိပြုရမည့် အဖွဲ့မှာ Organization of Islamic Cooperation (OIC) အဖွဲ့ဖြစ်သည်။ စက်တင်ဘာ ၁၉ ရက်နေ့က ကုလသမဂ္ဂညီလာခံ အစည်းအဝေးပြုလုပ် နေစဉ် အပြင်စည်း၌ OIC အဖွဲ့သည် ၎င်းတို့အဖွဲ့အစည်းအဝေးပြုလုပ်ခဲ့ပြီး၊ အချက် ၂၇ ချက်ပါ DECLARATION OF THE CONTACT GROUP ON ROHINGYA MUSLIMS OF MYANMAR ဆိုသည့် ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့ သည်။ အဖွဲ့ဝင် ၅၇ နိုင်ငံပါဝင်သော OIC အဖွဲ့သည် ကုလသမဂ္ဂအဖွဲ့ဝင် ၂၅% ပါဝင်သဖြင့် အင်အားကောင်းသည်ဟု ဆိုနိုင်သည်။ လက်ရှိ OIC ၏ အထွေထွေအတွင်းရေးမှူးချုပ်သည် ဆော်ဒီ ၀န်ကြီးဟောင်းတစ်ဦးဖြစ်သူ ယူဆွတ် အေ အယ်(လ်)အော့သမင်း (Yousef A. Al-Othaimeen) ဖြစ်သည်။ OIC ကြေညာချက်တွင် ရိုဟင်ဂျာကိစ္စကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချက်ချင်းအရေးယူဆောင်ရွက်ရန် တောင်းဆိုထားသည်။ ထို့ပြင် ၇၂ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံက မြန်မာနိုင်ငံမှ ရိုဟင်ဂျာ ဒုက္ခသည်ကိစ္စကို ဆုံးဖြတ်ချက်ချမှတ်ပေးရန်လည်း တောင်းဆိုထားသည်။ OIC ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကိုလည်း မြန်မာနိုင်ငံသို စေလွှတ်၍ ရိုဟင်ဂျာကိစ္စ ဆွေးနွေးဖြေရှင်းရန်လည်း ပါဝင်သည်။ ထို OIC အစည်းအဝေးက နယူးယော့ခ်၊ ဂျီနီဗာ နှင့် ဘရပ်ဆဲလ်မြို့များရှိ OIC ဆက်သွယ်ရေးအဖွဲ့များအနေဖြင့် ကုလ သမဂ္ဂ၊ ဥရောပသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲအစည်းများအား ရိုဟင်ဂျာကိစ္စကို ဆွေးနွေးသုံးသပ်ကာ မဟာဗျူဟာများ ချမှတ်ရေးလုပ်ငန်းများ လုပ်ဆောင်ပြီး၊ OIC အထွေထွေအတွင်းရေးမှူးချုပ်ထံ တင်ပြရန်လည်း ပါဝင်သည်။ OIC အထွေထွေအတွင်းရေးမှူးချုပ်အနေဖြင့် UN အထွေထွေအတွင်းရေးမှူးချုပ်၊ ASEAN အထွေထွေအတွင်းရေးမှူးချုပ်တို့နှင့် ဆက်သွယ်ကာ မြန်မာအစိုးရနှင့် ရိုဟင်ဂျာကိစ္စ ဆွေးနွေးဖြေရှင်းရန်လည်း ၎င်းကြေညာချက်၌ တောင်းဆိုထားကြောင်း တွေ့ရသည်။ OIC အဖွဲ့တွင် အာဆီယံအဖွဲ့ဝင် ဘရူးနိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားတို့ပါဝင်သည်ကို သတိပြုသင့်သည်။

ရခိုင်ကိစ္စကို အကြောင်းပြု၍ အခြားသော နိုင်ငံရေးနှင့် စီးပွားရေးအကျိုးအမြတ်ဆိုင်ရာ အုပ်စုဖွဲ့မှုများဖြစ်ပေါ်လာနိုင် သည်ကို မြန်မာနိုင်ငံအနေဖြင့် သတိပြုရမည်ဖြစ်သည်။ လက်ရှိအနေအထားအရ အင်ဒိုနီးရှားသည် အလယ်အလတ် သဘောထားရှိသဖြင့် OIC အဖွဲ့၏ ဖိအားပေးလာမှုများကို ကြားဝင်စေ့စပ်ပေးနိုင်ဖွယ်ရှိသည်။ အခြားတစ်ဖက်တွင် Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation (BIMSTEC) စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုအဖွဲ့၌ မြန်မာနိုင်ငံသည် ဘင်္ဂလားဒက်ရှ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတို့နှင့် အကျိုးစီးပွားချင်း ဆက်စပ်နေသည်။ သို့ဖြစ်၍ ယခု ရခိုင်အရေးကိစ္စတွင် မြန်မာနိုင်ငံသည် ဘင်္ဂလားဒက်ရှ်နှင့် တိုက်ရိုက် ဆက်သွယ်ဆောင်ရွက်ရမည် ဖြစ်သည်။ စက်တင်ဘာလ ၇ ရက်နေ့က မြန်မာနိုင်ငံမှ ဆန်တန်ချိန် သုံးသိန်းဝယ်ယူမည်ဟု ဘင်္ဂလားဒက်ရှ်အစိုးရက သဘောတူခဲ့သည်။ ထိုအခြေအနေကို ထောက်ရှုပါက နှစ်နိုင်ငံဆက်ဆံရေး သိပ်ဆိုးလှသည်ဟု မဆိုနိုင်ပေ။ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒါကာမြို့တော်၌ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မာမွတ် အလီ (H.E. Mr. Abdul Hassan Mahmood Ali) တို့ အောက်တိုဘာ ၂ ရက်နေ့တွင် တွေ့ဆုံ၍ မွတ်ဆလင်များ ပြန်ပို့ ရေးအတွက် ညှိနှိုင်းရန် ပူးတွဲကော်မတီတစ်ရပ် ဖွဲ့စည်းရေး သဘောတူခဲ့ကြပြီး၊ Arakan Rohingya Salvation Army (ARSA) ကို နှစ်နိုင်ငံလုံး၏ ဘုံရန်သူအဖြစ် သတ်မှတ်ကြောင်း အတည်ပြုသည်ဟု အစိုးရသတင်းအရ သိရသည်။

သို့သော် ဘင်္ဂလားဒက်ရှ် က မြန်မာနိုင်ငံအား နောက်ကွယ်နိုင်ငံရေး ရည်မှန်းချက်ဖြင့် ဖိအားများတစ်ဆင့်ချင်းမြှင့်လာနေသည်ဟူသော သုံးသပ်မှုများလည်း ရှိသည်။ ကုလသမဂ္ဂစင်မြင့်ကို သံတမန်ရေး စစ်မျက်နှာအဖြစ် အသုံးပြုလျှက်ရှိသည်။ ရခိုင်ဒေသမှ ဘင်္ဂါလီ မွတ်စလင်များ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ဝင်ရောက်ခိုလှုံသည့်ကိစ္စသည် ယခင်အစိုးရအဆက်ဆက်၏ နိုင်ငံရေးသတိ ပေါ့လျော့မှုကြောင့်ဟု ယေဘုယျဝေဖန်ချက်မျိုးလည်း ရှိသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကျယ်အ၀န်းသည် ရှမ်းပြည်နယ်မျှသာ ရှိသော်လည်း လူဦးရေက ၁၆၅ သန်းကျော်ရှိသည်။ ထို့ပြင် လူဦးရေထိန်းချုပ်မှု စီမံကိန်းလည်း စနစ် တကျ မရှိသောကြောင့် လူဦးရေပေါက်ကွဲ လျှံထွက်မှုဖြစ်ပေါ်နေသည်။ ရလဒ်မှာ လူနေမှုကျပ်တည်းကျဉ်းမြောင်းကာ ဆင်းရဲမွဲတေမှုနှုန်း မြင့်မားလျှက်ရှိသည်။ သို့ဖြင့် နယ်စပ်ချင်းဆက်နေသော ရခိုင်ပြည်နယ်အတွင်း သို့ ဘင်္ဂါလီ မွတ်စလင် များ ဥပဒေမဲ့ ခိုးဝင်မှုကြီးထွားလာနေသည်ကို မြန်မာအစိုးရတိုင်း အထူး သတိထားရမည် ဖြစ်သည်။

ယခု ၇၂ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အတောအတွင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ဘင်္ဂါလီ အရေးကို ဖြေရှင်းရာ၌ နိုင်ငံတကာက ပါဝင် စွက်ဖက်ခြင်း မရှိသင့်ကြောင်း ရုရှားအစိုးရက ပြောကြားခဲ့သည်ဟု RFA သတင်းအရ သိရသည်။ ဘင်္ဂါလီအကျပ်အတည်းသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်၍ မြန်မာအစိုးရကသာ အပြည့် အဝ ကိုင်တွယ်ဖြေရှင်းရန် အခွင့်အရေးရှိသင့်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး မာရီယာ ဇာခါရိုဗာ (Maria Vladimirovna Zakharova) က ဆိုသည်။

‘‘မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခ တွေ ဖြေရှင်းနိုင်ရေးကို ရုရှားက တတ်အားသရွေ့ ထောက်ခံနေပါတယ်။ ပြီးတော့ မြန်မာနိုင်ငံရဲ့ ပြည် တွင်းရေးကိစ္စတစ်ခုကို တခြားနိုင်ငံတွေက ဝင်စွက် ဖက်တာမျိုးမလုပ်ဖို့လည်း တောင်းဆိုပါ တယ်’’ ဟု ဇာခါရိုဗာ က ပြောကြားသည်။

မြန်မာနိုင်ငံအစိုးရအနေဖြင့် ရခိုင်အရေးကိစ္စအား စနစ်တကျ ပျော့ပျောင်းလိမ်မာစွာ ကိုင်တွယ်နိုင်ရန် ကြိုးစားရမည်ဖြစ် သည်။ အထူးသဖြင့် လက်နက်ကိုင် လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် သမ္မတနှင့် နိုင်ငံခြားရေးဝန်ကြီးတို့အား ကျော်လွန်၍နယ်စပ်ဒေသများတွင် စစ်ဆင်ရေးဆောင်ရွက်ရန် မသင့်ပေ။ နယ်နိမိတ်ချင်းထိစပ်နေသော အိမ်နီးချင်းနိုင်ငံများနှင့် ပဋိပက္ခ နည်းနိုင်သမျှ နည်းစေရန် သတိမူရမည်ဖြစ်သည်။ ထို့ပြင် နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးဌာနများအနေဖြင့် ပြဿနာ မဖြစ်မီ ကြိုတင် လေ့လာမှုနှင့် အချက်အလက်စုဆောင်းမှုအပိုင်းတွင် တက်တက်ကြွကြွဆောင်ရွက်ထားသင့် သည်။ သုတေသနနှင့် အချက်အလက်စုဆောင်းမှု (Research & Documentation) အားကောင်းမောင်းသန် ဖြစ်နေရ မည်။ ပြည်သူလူထုအားလည်း သတင်းအချက်အလက် သိရှိပိုင်ခွင့်ကို မဖြစ်မနေဖန်တီးပေးဖို့လိုသည်။ ယခုကိစ္စတွင် သတင်းစာလွတ်လပ်ခွင့် နှစ်ပေါင်းများစွာ ဆုံးရှုံးခဲ့ရခြင်း၏ ဒဏ်ကို ခံခဲ့ရကြောင်း မြင်ရသည်။ နိုင်ငံတကာမှ သတင်းအမှား များကို မြန်မာသတင်းသမားတို့အနေဖြင့် စနစ်တကျ တန်ပြန်ထိုက်ဖျက်နိုင်ခြင်း မလုပ်နိုင်ခဲ့။

သုတေသနနှင့် အချက်အလက်စုဆောင်းမှု အားကောင်းရေးသည် သတင်းနှင့်စာနယ်ဇင်းလွတ်လပ်ခွင့်နှင့်လည်း ချိတ် ဆက်နေသည်။ သုတေသနအားနည်းသည်နှင့်အမျှ အစိုးရ၏ မူဝါဒရေးရာနှင့် လုပ်ငန်းလမ်းညွှန်များရေးဆွဲချမှတ်ရာတွင် အားနည်းလေ့ရှိသည်။ စီမံကိန်းရည်ရွယ်ချက် မှန်ကန်ကောင်းမွန်သော်လည်း သုတေသနအားနည်းပါက ပစ်မှတ်ကို မထိဘဲ ရှိတတ်သည်။ ယခု ကိစ္စတွင် လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ထိလွယ်ရှလွယ်သော ရခိုင်မြောက်ပိုင်း၌ ဘင်္ဂလီ လူမှုအသိုက်အ၀န်းအတွင်း ပညာရေးအခြေအနေနှင့် စီးပွားရေးအခြေအနေကို စောင့်ကြည့်မှတ်တမ်းတင်ခြင်း မရှိကြောင်း တွေ့ရသည်။ ထို လူမှုအသိုက်အ၀န်းတွင် နိုင်ငံတော်အလံနှင့် သီချင်းကို အသိအမှတ်မပြုဘဲ၊ ဘာသာရေးကျောင်းများ တွင် သွေးကွဲမုန်းတီးစေမည့် သင်ကြားမှုများရှိနေသည်ကို လျစ်လျူပြုခဲ့ကြသည်။ အမှန်ဆိုလျှင် ထိုထက်မက ပြဿနာ ဖြစ်လာမည့် အရေးကိစ္စများနှင့် ဆက်နွယ်နေသော အကြောင်းအရာ လူပုဂ္ဂိုလ်များ အဖွဲ့အစည်းများအကြောင်း ကောင်းစွာ သုတေသနပြုထားဖို့လိုပေသည်။ အရေးကိစ္စပေါ်လာမှ ကြုံရာလူလိုက်မေးနေရခြင်းမျိုး မဖြစ်သင့်ချေ။ လတ်တလော ရခိုင်ကိစ္စအတွက် OIC နှင့် ဘင်္ဂလားဒက်ရှ်နိုင်ငံတို့ အကြောင်း ကောင်းကောင်းသိအောင် လုပ်ကြရ မည်ဖြစ်သည်။ အိမ်နီးချင်း မလေးရှားနိုင်ငံ၏ အာဏာရပါတီကလည်း ၎င်းတို့အာဏာတည်မြဲရေးအတွက် မြန်မာ့ အရေးကိစ္စအပေါ် နိုင်ငံရေးအမြတ်ထုတ်ရန် ကြံစည်နေသည်ကိုလည်း မမေ့ မလျော့ သတိပြုရမည်။ ထို့ကြောင့် မြန်မာအစိုးရသည် လည်းကောင်း၊ မြန်မာနိုင်ငံရေးပါတီများသည်လည်းကောင်း၊ မြန်မာနိုင်ငံသားတိုင်းသည်လည်းကောင်း၊ နိုင်ငံတကာ၏ အလစ်အငိုက် တိုက်ခိုက် မခံရစေရန် နိုင်ငံရေးသတိရှိဖို့ လိုသည်။

မကြာသေးမီ အောက်တိုဘာ ၂ ရက်နေ့က ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ ပြည်ပနိုင်ငံများက မြန်မာနိုင်ငံ အပေါ် စွပ်စွဲမှုများ ရပ်တန့်စေရန် ပြည်သူအချို့က ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ဆန္ဒထုတ် ဖော်ရာ၌ အဓိက တောင်းဆိုချက်များတွင် မြန်မာနိုင်ငံ ပြည်သူလူထုနှင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါး စော်ကားနေသော အုပ်စုဖွဲ့အကြမ်းဖက်၊ ဘက်ပေါင်းစုံ ထိုးနှက်တိုက်ခိုက်နေသော စစ်ပွဲများ ရပ်ရန် တောင်းဆိုထားသည်။ ဗြိတိန်၊ ဆွီဒင်၊ ပြင်သစ်နှင့် အမေရိကန် အစရှိသည့် နိုင်ငံများက အာရှဒေသတွင် အစ္စလာမ်မစ်အကြမ်း ဖက်အဖွဲ့များ လွှမ်းမိုး အကြမ်းဖက်လာနိုင်သည့် အန္တရာယ်ရှိသည်ကို သိပါလျှက်နှင့် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအား ကာကွယ်ရန် အကြမ်းဖက်အဖွဲ့များကို အားပေး ထောက်ခံနေသည်ဟု ဆန္ဒပြအဖွဲ့က ဆိုသည်။ ရခိုင် ပြဿနာ ကို မီးမွှေးသော အဓိက လက်သည်တရားခံများသည် အကြမ်းဖက်မှု အားပေးသည့် မွတ်စလင်နိုင်ငံများနှင့် အနောက်ဘက် လက်နက်နိုင်ငံကြီးများ မှ ကြံရာပါများဖြစ်သည်ဟု ဆန္ဒပြသူတို့က ဆိုထားသည်။

၎င်းအကြမ်းဖက် အားပေးအုပ်စုများက မွေးမြူထားသော အလိုတော်ရိများ၏ စည်းကိုက်ဝါးကိုက်လုပ်ဆောင်ချက်များအရ ရခိုင်ပြည်နယ် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားရသည်ဟု ဆိုသည်။ Bertil Lintner ၏ The truth behind Myanmar's Rohingya insurgency ဆိုသောဆောင်းပါး၌ ARSA ခေါင်းဆောင်သည် ပါကစ္စတန်နိုင်ငံ ကရာချိမြို့ ဆင်ခြေဖုံး ဇာတိ ဘင်္ဂါလီ တစ်ဦး ဖြစ်သည်ဟု ဖေါ်ပြထားသည်။ ARSA အကြမ်းဖက်အုပ်စုသည် မြန်မာနိုင်ငံတွင် အစွန်းရောက် ဘာသာရေး စစ်ပွဲ ဆင်နွှဲရန် လှုံ့ဆော်နေကြောင်း Bertil Lintner က ဆိုသည်။ ARSA အဖွဲ့ဝင် ၁၅၀ ခန့်ရှိပြီး ဘင်္ဂလားဒက်ရှ်နိုင်ငံ သား အများစုဖြစ်သည်။ အင်ဒိုနီးရှား၊ မလေးရှား၊ထိုင်းနိုင်ငံတောင်ပိုင်းမှ အကြမ်းဖက်သမားများ ပါသည်ဟု ဆိုသည်။ ဥဇဘက်ကစ္စတန်မှ အကြမ်းဖက်သမား ၂ ဦးလည်း ARSA အဖွဲ့၌ ပါသည်ဟု Bertil Lintner က ဆိုသည်။ ထိုအဖွဲ့သည် ပိုမိုကျယ်ပြန့်သော ဒေသဆိုင်ရာ ပူးပေါင်းကြံစည်မှုတစ်ခုကို အကွက်ချကြံစည်နေသည်ဟု ထောက်ပြထားသည်။ ထို့ကြောင့် ဘင်္ဂလားဒက်ရှ်မှ ဒုက္ခသည် ဘင်္ဂလီများကို ပြန်လည် လက်ခံရေးကိစ္စမှာ အနာဂတ် မြန်မာနိုင်ငံ၏ တည်ငြိမ် အေးချမ်းရေးအတွက် အလွန့်အလွန်အရေးကြီးသော ကိစ္စဖြစ်သောကြောင့်၊ တာဝန်ရှိသူတို့ သတိ ၀ိရိယ လစ်ဟင်းမှု လုံးဝ မရှိဘဲ၊ အထူး ကြပ်မတ်ဆောင်ရွက်ကြ စေလိုသည်။။။။။

Comments