မြတ်စံ ● ဘောပင်သမိုင်းနဲ့ ကိုအရိုင်း

မြတ်စံ ● ဘောပင်သမိုင်းနဲ့ ကိုအရိုင်း
(မိုးမခ) အောက်တိုဘာ ၂၈၊ ၂၀၁၇

တနေ့က… သူငယ်ချင်း မောင်မောင်ကျော်ရဲ့ Post မှာ "ဘော" ဆိုတဲ့ဝေါဟာရအပေါ် အခေါ်အဝေါ်အသုံးအနှုန်းတွေကိုဖတ်မိ ပြောမိရင်း အမှတ်သင်္ညာထဲမှာ ဖြတ် ကနဲဆို ကျနော်တို့ရဲ့အကိုကြီး ကိုအရိုင်း ရဲ့အင်းစိန်ထောင်ကဖြစ်ရပ်တစ်ခုအပေါ် ငိုအားထက် ရယ်အားသံ ဖြစ်ခဲ့တာလေးပြန်အမှတ်ရမိနေသေးတယ်။ ၁၉၉၁ နောက်ပိုင်း မြန်မာနိုင်ငံနိုင်ငံရေးအခင်းအကျင်းက ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တခု ရေးဆွဲရန်အတွက် ရွေးချယ်ခံထားရသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များမှ အမျိုးသားညီလာခံ ခေါ်ယူရန်ဖြစ်သည်ဟု အာဏာလွှဲပြောင်းရေးအစီအစဉ်ကိုတမျိုးတဖုံ လှည့်ကွက်လုပ်ပြီး နဝတ ခေတ်အစိုးရမှ ကြေညာချက်အမှတ် ၁/၉၀ ဖြင့် အာဏာကိုဆွဲဆန့်ထားချိန်ဖြစ်တယ်။အတိုက်အခံနိုင်ငံရေးအင်အားစုအားလုံးလောက်ကို တည်ဆဲဥပဒေတွေနဲ့ဖမ်းဆီးထောင်ချပြီး လူဖမ်းပွဲနဲ့ လူသိမ်းနေချိန်လည်းဖြစ်တယ်။

၁၉၈၉ နှစ်ဆန်းပိုင်းကနေ ပထမအကြိမ်ဖမ်းဆီးခံရပြီး ၁၉၉၀ နှစ်ကုန်ပိုင်းလောက်မှာ ပြန်လွှတ်လာခဲ့တဲ့ကျနော်ဟာ ၁၉၉၁ နှစ်ကုန်ချိန် ဒီဇင်ဘာလမှာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဆုရရှိခြင်းအပေါ်ထောက်ခံဆန္ဒပြတဲ့ပွဲကို တနိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ် ကောလိပ်အသီးသီးတို့မှ တရက်တည်း တချိန်တည်း တပြိုင်နက်တည်း လုပ်ခဲ့ကြပြီး နောက် ဆုံးလက်ကျန် ကျောင်းသားလူငယ်များ။ အတိုက်ခံနိုင်ငံရေးပါတီ နဲ့တိုင်းရင်းသားပါတီများမှ ခေါင်းဆောင်ပိုင်တော်တော်များများကိုဖမ်းဆီး ထိန်းသိမ်းထားချိန်ဖြစ်တယ်။ နဝတအစိုးရမှ နအဖအစိုးရသို့မပြောင်းခင် တနည်းအားဖြင့် "၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ "ဖြစ်လာဖို့အတွက် အမျိုးသားညီလာခံ (National Convention) ခေါ်ယူဖို့အတွက် ပြင်ဆင်နိုင်ရန် မြေပေါ်ရှိ အတိုက်အခံများအားလုံးကို ရှင်းလင်းသုတ်သင်ဖယ်ရှားနေချိန်ဖြစ်တယ်။ဒါကြောင့်နဂိုက ဖမ်းဆီးအကျဉ်းကျထားပြီးသား နိုင်ငံရေးအကျဉ်းသားများစွာကို နယ်ထောင်အသီးသီးသို့ ပြောင်းရွှေ့ထားပေမဲ့လည်း အင်းစိန်ထောင်မှာ နောက်ထပ်ဖမ်းဆီးထိန်းသိမ်းထားသူများနဲ့ စည်ကားနေချိန်ပေါ့။

၁၉၉၂ ခုနှစ် မတ်လမှာ ပြစ်ဒဏ်အသီးသီးသတ်မှတ်ပြီး အင်းစိန်အကျဉ်း ထောင် ပင်မတိုက်ခန်းများဖြစ်တဲ့ တိုက်ကြီး ၆ တိုက်နဲ့ တွဲဖက်ထောင်တိုက်ခန်းများမှာ လူအပြည့် အခန်းအပြည့်ဖြစ်နေချိန်။ပုံမှန်ထားရမဲ့ အခန်းတခန်းမှာ တစ်ယောက်ထဲ သာ နေထိုင်ဖို့သင်တဲ့ ၈ ပေ ၁၀ ပေ အခန်းထဲမှာ ၄ ယောက် ၅ ယောက် နေရတဲ့အချိန်။ ကျနော်အပါအဝင် ကိုကိုကြီး။ ဇော်မင်း @ အာဗြဲ@။ ကိုခင်မောင်ဇော်တို့ ၄ ဦးဟာ ၄ တိုက် (အတို) အခန်းအမှတ် ၂၃ ကိုရောက်သွားခဲ့တယ်။တခန်းကျော် မှာက ကိုအရိုင်းနဲ့ သခင်ကြီးဦးကြည်ရှိန်တို့က ၂ယောက်တစ်ခန်းပေါ့။ (သခင်ကြီးကြည်ရှိန် ဆိုတာကလည်း လွတ်လပ်ရေးရ ဖို့ကြိုးပမ်းစဉ်က ပါဝင်ခဲ့သူဖြစ်ပြီး ပါလီမာန်ဒီမိုကရေစီခေတ်မှာ လယ်ဝေးမြို့ရဲ့ အမတ်တစ်ဦးဖြစ်ခဲ့သူ။ မြန်မာ့ဆိုရှယ်လစ်လမ်း စဉ်ပါတီ (မဆလ) ရဲ့ခေါင်းဆောင်အာဏာရှင်ဦးနေဝင်းနဲ့ ရင်းနှီးကျွမ်းဝင်သူဖြစ်တယ်။)

ဒီလိုနဲ့ ၁၉၉၂ ခုနှစ် သင်္ကြန်ကာလ ရောက်ချိန်မှာ ထောင်တွင်းအုပ်ချုပ်ရေးပိုင်းကလည်း အခန်းကျဉ်းထဲမှာ လူကျပ်တည်းစွာ နေထိုင်ရမှုကြောင့် အနည်းငယ်ဖြေလျှောပေးပြီးအုပ်ချုပ်နေစဉ်။ ၄ တိုက် ၅တိုက်နဲ့ ၆ တိုက်တာဝန်ခံ ထောင်မှူး မှာဦးသာမြိုင်။ တိုက် ၆ တိုက်အားလုံးရဲ့တာဝန်ခံမှာ ထောင်မှူးကြီး ဦးထွန်းစိုး။

တရက်သောညဖက်မှာတော့ ထောင်ဝင်စာမှ ပုံစံဖြူပုဆိုးဝတ်ဖို့မှာယူခဲ့တဲ့ တက်ထရွန်ပိတ်စအဖြူပေါ်တွင် ကိုယ်နည်းကိုယ်ဟန်ဖြင့်ရှာဖွေစုဆောင်းထားတဲ့ Ball Pen ဘောပင်မှင်ချောင်းတံလေးကို တံမြက်စည်းတုတ်ချောင်းကလေးကို အလယ်မှခွဲပြီး သားရေပင်ဖြင့်ပြန်ပတ်ကာ ဘောပင်တစ်ချောင်းလိုလုပ်ပြီး ကျု့ကြီးရဲ့အပြင်တွင်ဖွင်ခဲ့ဖူးသော လဘက်ရည်ဆိုင် နာမည် Rendezbo ဆိုတဲ့နာမည်နဲ့သရုပ်ဖော်ပုံပန်းချီကားကို အာဗြဲ@ဇော်မင်းက အခန်းထဲမှောက်ရက်ထိုင်ဆွဲနေချိန်။ ကျနော်က ကိုပြုံးချို (ယခု ဒေါပုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နဲ့ ရန်မျိုးသိန်း (ယခု နိုင်ငံရေးသုတေသီဒေါက်တာရန်မျိုးသိမ်း) တို့ဆီက ငှားထားတဲ့ Reader Digest အပိုင်းအစလေးတစ်ခုကို အခန်းထောင်မှာကွယ်ပြီးခိုးဖတ်နေချိန် ညတာဝန်မှူးကင်းလှည့်စစ်နေတဲ့ထောင်မှူးတစ်ယောက်က ဗြုန်းဆိုအခန်းပေါက်ဝမှာလာရပ်ပြီး ညအိပ်ချိန်ပေးထားချိန် မအိပ်ကြသေးပဲနေတဲ့ကျနော်တို့အားလုံးကိုတွေ့သွားချိန် ပုံစံအဖြူပေါ် ဘောပင်နဲ့ပန်းချီရေးနေတဲ့ ဇော်မင်း ဆီမှ ဘောပင်နဲ့ပိတ်စကိုသိမ်းယူသွားပြီး အခန်းထောင့်မှာကွယ်ပြီးစာခိုးဖတ်နေတဲ့ ကျနော်ဆီမှ စာရွက်ကိုလှမ်းတောင်းချိန် ကျနော်ကအခန်းထောင့်ဖျာ ကြား ထဲထိုးထည့်လိုက်တော့ တာဝန်မှူးကမရသွားခဲ့။ ညအချိန်ကြီးဆိုတော့ အခန်းတံခါးသော့က ပင်မဂါတ်ကြီးရှိထောင်ပိုင် ဆီမှာသိမ်းထားတော့ အရေးကြီးအကြော်ငးကိစ္စမရှိပဲမဖွင့်ရ။မနက်မိုးလင်းထောင်မဖွင့်ခင် ဝန်ထမ်းတပ်ကြပ် တပ်သားများနဲ့ တုတ်ဒိုင်းလက်နက်အပြည်နဲ့ဘယ်ညာသံပေးကာချီတက်လာနေကြတဲ့သူတွေကိုထောင်မှူးကြီး။

ထောင်မှူးများဦးဆောင်ပြီးရောက်လာကာ ကျနော်တို့အခန်းကိုဖွင့်ပြီး ဝန်ထမ်းလုံခြုံရေးအပြည်နဲ့ ရှာဖွေရေးလုပ်တော့တာပေါ့။ကံမကောင်း အကြောင်းမလှခြင်တော့ ညကတည်းသိမ်းထားတဲ့ ဖတ်လက်စစာရွက်လေးကလည်း ကိုယ်ပိုင်မဟုတ်။ သူများဆီကနေ ငှားဖတ်ထားတာဖြစ်တော့ ကိုယ့်လိုပဲအလှည်ကျဖတ်ခြင်နေတဲ့သူတွေရှိသေးတော့ မဖျက်ဆီးမိလိုက်ဘူး။ဒါနဲ့အတိုချုပ်ပြောရရင် မနက်အိပ်ဆောင်နဲ့ထောင်တိုက်ခန်းတွေဖွင့်တဲ့အချိန်မှာ ကျနောတို့ ၄ ယောက်စလုံးကို လုံခြုံရေးဝန်းထမ်းအပြည့်နဲ့ခြံရံခေါ်သွားပြီး မိန်းဂျေးလ် ( Main Jail) လို့ခေါ်တဲ့ ပင်မကြီးကြပ်ကွပ်ကဲရေးရုံးမှာ စစ်ကြောမေးမြန်းတာတွေ စလုပ်တော့တယ်။ထောင်တာဝန်ခံတွေက ကျနော်တို့ထဲက တစ်ယောက်ယောက်ကို ဘယ်လိုမေးခွန်းမျိုးနဲ့စမေးမေး ဒီဘောလ်ပင် ဘယ်ကရသလဲဆိုရင် တိုက်ခန်းကြီးကြပ်ရေးရုံးခန်းအနားက ပင်လယ်ကဗွီးပင်အောက်ကရတယ်လို့ပဲ ဖြေကြတယ်။

တကယ်လည်း ကျနော်တို့ ၄ယောက်စလုံးကို လူခွဲပြီး တနေရာစီမှာစစ်မေးနေချိန်။ အဖြေကတော့ အတူတူပဲ။ ပင်လယ်ကဗွီး ပင်အောက်က ကောက်ရတယ်ပဲဖြေကြတယ်။ ဖြစ်ချင်တော့ အဲ့ဒီသီတင်းပတ်ထောင်ဝင်စာ (မိသားစုဧည့်တွေ) တွေ့ထားသူ က ကိုကိုကြီးနဲ့ဇော်မင်း။ ထောင်ဝင်စာတွေ့ပြီးပြန်လာတော့ တိုက်ရုံးခန်းနားက ပင်လယ်ကဗွီးပင်အောက်နားမှာ အဲ့ဒီဘော ပင် မှင်ချောင်းလေးတွေ့လို့ ကောက်ယူခဲတာလို့ဖြေတယ်။ (အမှန်တကယ်က ရင်းနှီးခင်မင်တဲ့ ထောင်ဝန်ထမ်းဆီကနေ ရွှေ ပုဇွန် နံကထိုင်မုန့်ထုပ်နဲ့လဲပြီး ဝယ်ထားခဲ့တာပါ။ ဝန်ထမ်းကို ဖော်လို့မဖြစ်ဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းမယ်လို့ဆုံဖြတ် ထားတော့ ခပ်တည်တည်နဲ့ စာရင်းပျောက်လူပျောက်လှိမ့်ရတာပေါ့။) ဒါနဲ့ အဲ့ဒီထောင်ဝင်စာ ဧည်တွေ့ပြန်လာတာ ကိုကိုကြီး နဲ့အတူ ဘယ်သူပြန်လာတာလဲဆိုတာ တိုက်ရုံးခန်းဧည့်တွေ့မှတ်တမ်းထဲမှာပြန်ရှာကြည့်လိုက်တော့… လာပါပြီ… ကျနော်တို့ ရဲ့ဇာတ်လိုက်ကျော်ကြီး လူရွှင်တော်ကိုအရိုင်း ဖြစ်နေရော။ ဒါနဲ့ ကိုအရိုင်းလည်း အဲ့ဒီနေ့ဖြစ်ရပ်မှန် မမှန်မေးဖို့အတွက် မိန်းဂျေးလ်ရှိ စစ်ကြောမေးမြန်နေတဲ့နေရာကိုရောက်လာရပြီး နည်းအမျိုးမျိုးနဲ့မေးပေမဲ့ သူကလည်း ကျနော်တို့အတိုင်းပဲ ပင်လယ်ကဗွီးပင်အောက်က ကိုကိုကြီးကောက်ယူသွားတာတွေ့တယ်လို့ ဝင်ဖြည့်ပြောပေးရှာတယ်။ ဒီမှာတင် နည်းနည်းဒေါ သထွက်နေတဲ့ထောင်ပိုင်ကြီးက "ကဲ ဟုတ်ပါပြီ ကိုအရိုင်းပြောသလို ပင်လယ်ကဗွီးပင်အောက်က ကောက်ရတယ်ဆိုရင် ဒီဘောပင်က သူ့အလိုလို အဲ့ဒီနေရာကို ခြေထောက်ပေါက်ပြီးရောက်လာတာလားကွ" လို့ခပ်စပ်စပ်လေးမေးလိုက်ချိန်မှာ ကိုအရိုင်းက "ဒါကတော့ ဒီလိုရှိပါတယ်။ ကျနော့်အမြင်ကို ထောင်ပိုင်ကြီးကမေးတယ်ဆိုရင်တော့ ကျနော်မြင်တာလေး ပြောပါရစေ" လို့ စခင်းလိုက်တော့ ထောင်မှူး ထောင်ပိုင်နဲ့ ဝန်ထမ်းအားလုံးက ကိုအရိုင်းဆက်ပြောမဲ့ဟာကို စိတ်ဝင်စားသွား ကြတယ်။(ကိုအရိုင်းကလည်း သူ့ထုံးစံအတိုင်း ဇာတ်သံလေးနှောပြီး စင်ပေါ်မှာကပြဖျော်ဖြေနေတဲ့လေသံဟန်ပန်လေးနဲ့ ပြောပုံကို မျက်စေ့ထဲသာမြင်ကြည့်ပါတော့)

"တကယ်တော့ ဘောပင်ဆိုတာမဖြစ်ခင် ဘောစေ့လို့ခေါ်တဲ့ အစေ့လေးကစတာပါ။ အဲ့ဒီ ဘောစေ့လေးကို ပထမ အစေ့လေး ကို သီခြားယူပြီးတော့ ပါးစပ်လေးထဲမှာတံထွေးလေးနဲ့ အသာအယာစွတ်လိုက်ပြီး မြေကြီးထဲမှာစိုက်ထားလိုက်ရပါတယ်။ မြေ ကြီးနုနုရွရွလေးကို အသာဖုံး။ ပြီးတော့မှ တရက်ပြီးတရက် ရေနည်းနည်းခြင်းဆီလောင်းပြီး တဖြည်းဖြည်းရှင်သန်လာ အောင် ပြုစုပျိုးထောင်ပေးရပါတယ်။ အဲ… ဒီလိုနဲ့ မြေမှန် နေမှန် လေမှန် ရေမှန်ဆိုတဲ့ မှန်လေးမှန်ဖြစ်လာတဲ့အခါ အဲ့ဒီဘော စေ့ အပင်ပေါက်လေးကနေ တဖြည်းဖြည်းကြီးလာပြီး အပင်ဖြစ်လာတဲ့အခါ အခုပြောနေတဲ့ ဘောပင်လေး ဖြစ်လာပါတော့ တယ် " လို့ပြောလိုက်ရော အားလုံးအငေးသားနားထောင်နေကြတဲ့ ဝန်ထမ်းအကြပ်တပ်သားနဲ့ ထောင်မှူး ထောင်ပိုင်တွေဟာ ဝါးကနဲရယ်မောကြပြီး ကိုအရိုင်းကို သူ့အခန်းကိုပြန်ပို့လိုက်တယ်။ ကျနော်တို့ လေးယောက်ကိုတော့ အဲ့ဒီ ၄ တိုက်အတို အခန်းအမှတ် ၂၃ မှာပဲ ရေချိုး မိလ္လာမချပဲ တိုက်ပိတ် တစ်ပတ်တိတိထားလိုက်ပါတယ်။ ဘောပင်လေးကိုတော့ ပိုင်ရှင်မဲ့အဖြစ် သိမ်းထားလိုက်ဖို့ ထောင်အာဏာပိုင် စစ်ဆေးရေးအဖွဲ့က ဆုံးဖြတ်လိုက်ပါတော့တယ်။ ကဲ…ကိုအရိုင်း နဲ့ဘော ပင်သမိုင်းလေးဟာ အင်းစိန်ထောင်သမိုင်းမှာ နေခဲ့ဖူးတဲ့ ကျနော်တို့အချင်းချင်းပြန်ဆုံတိုင်း ပြောစမှတ်ဖြစ်သွားခဲ့တဲ့ ဖြစ်ရပ် မှန် ဇာတ်လမ်းလေးပေါ့ဗျာ။

အစဉ်အမြဲ မေတ္တာဖြင့်
မြတ်စံ
25/8/2017
1:51am

Credit-Photo (Yan Naung နှင့်သက်ဆိုင်ရာဓါတ်ပုံပညာရှင်များအားလုံး)
စာကြွင်း - အဲ့ဒီဖြစ်ရပ်နဲ့စပ်ဆက်ပြီး အကြောင်းအရာများကိုလည်း နောင်အလျဉ်းသင့်သလို ဆက်ရေးပါဦးမည်။

Comments