မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ - အပိုင်း (၄၈)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ - အပိုင်း (၄၈)
(မိုးမခ) အောက်တိုဘာ ၂၄၊ ၂၀၁၇

● တရုတ်နှင့် တိန့်ရှောက်ဖင်
၁၉၄၉ ခုနှစ် တရုတ်ကွန်မြူနစ်ပါတီက တရုတ်ပြည်သူ့သမတနိုင်ငံ ထူထောင်ပြီးနောက်ပိုင်းတွင် တရုတ်တို့သည် အမေရိကန် နှင့် ဥရောပ၏ဘုံရန်သူဖြစ်သွားခဲ့သည်။ ဒိုမီနိုသီအိုရီအရ အာရှတခုလုံး ကွန်မြူနစ်နိုင်ငံများဖြစ်သွားမည်ကို ဟန့်တားရန်ကြိုး စားခဲ့ကြသည်။ လက်တွေ့တွင်လည်းအာရှ အထူးသဖြင့် အရှေ့တောင်အာရှတွင် လက်ဝဲဝါဒသြဇာကြီးမားခဲ့ပြီး ကွန်မြူ နစ်ပါတီများ အားကောင်းခဲ့သည်။ ပြန်လည်ထူထောင်ခါစ တရုတ်ပြည်သည်လည်း နိုင်ငံတကာ ယှဉ်ပြိုင်မှုတွင် ပါဝင်ခဲ့သည်။ ကိုရီးယားကျွန်းဆွယ်စစ်ပွဲ၊ ဗီယက်နမ်စစ်ပွဲတို့တွင် ပါဝင်ခဲ့သည်။ ၁၉၅၅ ခုနှစ် နောက်ပိုင်း ဆိုဗီယက်ယူနီယံနှင့် သဘောထား ကွဲလွဲမှုအပြီး တရုတ်ပြည်သည် အမေရိကအုပ်စုနှင့်လည်းကောင်း၊ ဆိုဗီယက်အုပ်စုနှင့်လည်းကောင်း၊ ထိပ်တိုက်ရင်ဆိုင်ခဲ့ရပြီးနောက်ပိုင်းတရုတ် ပြည်တွင်း၌ စီးပွားရေးအကြပ်အတည်း ကြီးစွာဖြစ်ခဲ့သည်။ ထိုစဉ်က နိုင်ငံရေးအရ တရုတ်ကွန်မြူ နစ် တို့သည် "အမေရိကန်နယ်ချဲ့အားလည်းကောင်း၊ ဆိုဗီယက်ဆိုရှယ်နယ်ချဲ့အားလည်းကောင်း" ဆန့်ကျင်တိုက်ပွဲဝင်နေသည် ဟု ဆိုကြသည်။

၁၉၅၈ ခုနှင့် ခုန်ပျံကျော်လွှားရေးမှသည် လယ်ယာမြေ၌ ဘုံအဖွဲ့များဖွဲ့စည်းခြင်း ဗဟိုမှချုပ်ကိုင်သည့် ဆိုရှယ်လစ်စီးပွားရေးစနစ်တို့အောက်တွင်တရုတ်တို့သည် စီးပွါးရေးအကြပ်အတည်း ကြီးစွာ ရင်ဆိုင်ခဲ့ရသည်။ ဤသို့သော အခြေအနေအောက် တွင် တရုတ်ကွန်မြူနစ်ပါတီတွင်း၌လည်း အယူအဆ ကွဲလွဲမှု ကြီးမားခဲ့သည်။ တရုတ်ထိပ်တန်းခေါင်းဆောင်များဖြစ်ကြသည့်မော်စီတုန်း၊ ကြိုးအင်းလိုင်၊ လျိုရှောက်ချီနှင့် မာရှယ် ၁၀ ဦးတို့၏ အဆုံးအဖြတ်သည် တရုတ်ပြည်အတွက် အရေးပါလာခဲ့ သည်။ သူတို့၏သဘောထားကွဲလွဲမှု ပြင်းထန်လာသည့်အခါ တဖက်နှင့်တဖက် အပြတ်အသတ်တိုက်ခိုက် ကြသည့် ယဉ် ကျေးမှု တော်လှန်ရေးဆိုသည်က ၁၉၆၆ ခုနှစ်တွင် ပေါ်လာခဲ့သည်။ တပ်နီလူငယ်ဆိုသည်တို့ ပေါ်လာခဲ့သည်။ လူတန်းစားတိုက်ပွဲအတွေးအခေါ်နှစ်ရပ်တိုက်ပွဲဆိုသည်က ရှေ့တန်းရောက်ခဲ့သည်။

အဓိက မော်စီတုန်းနှင့် လျူရှောက်ချီတို့ သဘောထားကွဲလွဲကြသည်။ ကြို့အင်းလိုင်က မော်စီတုန်းဘက်က ရပ်သည်။ မာ ရှယ် ၁၀ ဦးအနက် ဖုန်တက်ဟွိုင်က ကိုရီးယားစစ်ပွဲနောက်ပိုင်းကထဲက ဖယ်ရှားခံရပြီးဖြစ်သည်။ အဆိုပါတိုက်ပွဲတွင် မော်စီ တုန်းဘက်က ပြတ်သားစွာထောက်ခံသည်က လင်ပြောင်ဖြစ်ပြီး လျူရှောက်ချီဘက်က ထောက်ခံသည့် မာရှယ်က တိန့် ရှောက်ဖင်ဖြစ်သည်။ ကျန်မာရှယ်များကတော့ အဆိုပါတိုက်ပွဲအတွင်း ရှေ့တန်းသိပ်မရောက်ဟု ဆိုနိုင်သည်။ မာရှယ်ချင်ယီ ကတော့ ယဉ်ကျေးမှုတော်လှန်ရေးအတွင်း တိုက်ခိုက်ခံရပြီး ကွယ်လွန်သွားခဲ့သည်ဟု ဆိုသည်။ မာရှယ် ကြူးတက်၊ ယဲ့ ကျန်းယင်း၊ လီရှန်ညင်တို့ကတော့ နောက်ပိုင်းတွင် မော်စီတုန်းအား ထောက်ခံသူများ ဖြစ်လာကြသည်။ မိမိတို့ တရုတ်နယ်စပ်
ရောက်တော့ သတင်းများတွင် ဖတ်ရသည်ထက် ပို၍ ပြင်းထန်သည်ကို သိရသည်။ တဖက်နှင့်တဖက် လက်နက်ကြီးငယ်သုံး၍ သူသေကိုယ်သေ တိုက်ခိုက်ကြသည့် ဖြစ်စဉ်များလည်း မနည်းလှဟု သိရသည်။ သဘောတရားရေး သက်သက်တိုက်ပွဲ မဟုတ်ခဲ့။ အာဏာပြဿနာဖြစ်ခဲ့သည်။

၁၉၇၀ နောက်ပိုင်း မော်စီတုန်းအားထောက်ခံသူ မာရှယ်လင်ပြောင် အာဏာသိမ်းရန်ကြံစည်မှု ပေါ်ပေါက်ပြီး ထွက်ပြေးရာမှ ၎င်းစီးနင်းသောလေယဉ်အား အတွင်းမွန်ဂိုးဒေသ၌ ပစ်ချခံလိုက်ရပြီး သေဆုံးသွားသည်။ ထို့နောက်တွင် တရုတ်ပြည်တွင်းအတန်ငယ်တည်ငြိမ်လာသည်။ မော်စီတုန်းနှင့်အတူ နောက်ပိုင်း လေးဦးဂိုဏ်းဟုသတ်မှတ်အရေးယူခံရသည့် ကျန်းချင်းတို့ နေရာရနေခဲ့သည်။ နိုင်ငံတကာ ဆက်ဆံရေးတွင် ပင်ပေါင်ဒစ်ပလိုမေစီ၊ ကစ်ဆင်းဂျာ၏ လွန်းပျံခရီးစဉ်များနှင့်အတူ တရုတ်အမေရိကန်ဆက်ဆံရေးပြန်လည်အစပြုသည်။ အမေရိကသမတနစ်ဆင်၏ ဘေကျင်းခရီးစဉ် ပေါ်ထွက်လာသည်။ ဘေ ကျင်းမြို့ရှိ "အမေရိကန်နယ်ချဲ့သမားဟာ စက္ကူကျားသာဖြစ်တယ်" ဆိုသည့် စာလုံးကြီးပိုစတာများအား အမေရိကန်သမတ ခရီးစဉ်အတွင်း ဖုံးအုပ်ထားခဲ့ကြသည်။ ထို့နောက် တရုတ်သည် ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်လာပြီး လုံခြုံရေးကောင်စီအမြဲ တမ်းအဖွဲ့ဝင်ဖြစ်လာသည်။

ယဉ်ကျေးမှုတော်လှန်ရေးနောက်ပိုင်းကာလများတွင် နိုင်ငံတကာရေးရာတွင် တရုတ်တို့ အခြေအနေကောင်းလာသော်လည်း ပြည်တွင်းရေး စီးပွားရေးတိုးတက်မှု မရှိသေး။ တရုတ်ပညာတတ်များစွာသည် ယဉ်ကျေးမှုတော်လှန်ရေးအတွင်းက အရေးယူခံရ ၊ ကျေးလက်ပို့ခံရဖြစ်နေသည်။ ၁၉၆၇ ခုနှစ်တရုတ် ဗမာအရေးအခင်းကာလက မော်စီတုန်းရင်ထိုးထိုး၊ မော်သြဝါဒ စာအုပ်ငယ်များ ကိုင်ဆောင်ကာ "မော်ကျူးရှိ ဝမ်စွေ့ဝမ်စွေ့" ( ဥက္ကကြီးမော် သက်တော်ရာကျော်ရှည်ပါစေ) ဟုကြွေးကြော်ကာ တရုတ်ပြည်သို့ပြန်သွားကြသည့် ဗမာပြည်မှ ဟွာချောင်ခေါ် oversea တရုတ်လူငယ်များသည် လည်း တရုတ်ပြည်၏ ဝေးလံခေါင်သီသော တောတောင် လယ်ယာများ ရာဘာတောများတွင် ရောက်ရှိနေပြီး ရှုံ့မဲ့နေကြသည်။

စက်ရုံ အလုပ်ရုံများသည် အစိုးရပိုင်ဖြစ်နေဆဲဖြစ်သည်။ ကုန်ပစ္စည်းများသည် ပြည်တွင်း၌ ခွဲတမ်းစနစ်နှင့်ဖြစ်သည်။ ဓာတ်ဗူး ၊ စက်ဘီး ကဲ့သို့သော အခြေခံကုန်ပစ္စည်းများပင်လျင် ခွဲတမ်းစနစ်နှင့်ဖြစ်သည်။ ကိုယ့်အလှည့်ရောက်ဖို့ အတော်စောင့်ရသည်။ ထိုသို့သောအခြေအနေတွင် ကိုယ်ပိုင်ကားဆိုသည်က ဝေလာဝေးဟုဆိုရမည်။ ချည်ထည်ပိတ်စသည်လည်း ခွဲတမ်းနှင့် ဖြစ်သည်။ အလုပ်သမား လယ်သမားများကို "ပူဖျောက်" ဟုခေါ်သည့် အထည်လက်မှတ်ကို မီတာသတ်မှတ်ချက်နှင့် ထုတ် ပေးသည်။ ကိုယ်ဝေစု ရသည့် တမီတာ၊ နှစ်မီတာ စသည့်သတ်မှတ်ချက်အတိုင်း ဝယ်ရသည်။ လက်မှတ်လည်းပေး ပိုက်ဆံ လည်းပေး၍ ဝယ်ကြရသည်။ ပိုက်ဆံရှိရုံနှင့် ဝယ်ယူ၍မရ။ ရိက္ခာလည်း ရာရှင်နှင့်ဖြစ်သည်။ ရိက္ခာလက်မှတ်များ တရုတ် အချိန်အတွယ် "ကျင်း" ဖြင့် သတ်မှတ်သည်။ တကျင်းလျင် အင်္ဂလိပ်တပေါင်နှင့် ညီသည်။ ကာယလုပ်သားနှင့် ဉာဏလုပ် သားကို ခွဲခြားသတ်မှတ်သည်။ထိုရိက္ခာလက်မှတ်ဖြင့် ဆန်ဖြစ်စေ ဂျုံဖြစ်စေ ဝယ်ယူရနိုင်သည်။ ခရီးသွား၍ထမင်းဆိုင်တွင် ထမင်းစားလျင်ပင် ရိက္ခာလက်မှတ်မပေးဘဲ ပိုက်ဆံပါရုံမျှနှင့် ထမင်းဝယ်စား၍ မရနိုင်ပေ။ ထိုပြင်ရန် ချက်ပြု တ်ရန်အတွက် လောင်စာကျောက်မီးသွေးမှာလည်း သတ်မှတ်ကိုတာနှင့် ဖြစ်သည်။ကုန်စုံဆိုင်များတွင် အလွတ်ဝယ်ယူ၍ ရသည်များမှာ ခပ်ကြမ်းကြမ်းမုန့်များ၊ အဝင်ဆိုးလှသည့် ကြံအရက်နှင့် အစီခံမပါသည့် စီးကရက်အနံ့ ခပ်ပြင်းပြင်းများဖြစ်သည်။ ဈေး တော့ပေါသည်။ စီးကရက်တဗူးလျင် တရုတ်ငွေ ၁၅ ပြား ၂၀ ပြားခန့်သာရှိသည်။ ဗဟိုမှချုပ်ကိုင်သည့် ဆိုရှယ်လစ် စီးပွါး ရေးစနစ်ဖြစ်သည်။

သို့သော် တရုတ်အစိုးရပိုင်း၊ ပါတီပိုင်းနှင့်တပ်ပိုင်းမှ ကေဒါကြီးများအတွက်မူ သီးသန့်ဆိုင်များရှိသည်။ ဟုန်တာ့စန်း၊ ကြုံး ဟွာစသည့် အစီခံပါသည့် စီးကရက်အကောင်းစားများ ရနိုင်သကဲ့ မော်ထိုင်းကဲ့သို့ အရက်ကောင်းများလည်းရနိုင်သည်။ ကေဒါများအတွက်မူ ဌာနဆိုင်ရာ ကားများရှိသည်။ သို့သော် ဆလွန်းကားထက် ရုရှားဂျစ်ပုံစံယူထားသည့် ဘေကျင်းဂျစ်က အများစုဖြစ်သည်။ ကားများကလည်း တရုတ်ကေဒါအဆင့်အတန်းကို ဖေါ်ပြသည်။ မိမိတို့ CPB ပါတီခေါင်းဆောင်များ တရုတ်ပြည်တွင်းသွာစရာရှိ၍ တရုတ်မှလာကြိုလျင်ပင် ကွာခြားသည်။ ဗဟိုကော်မတီအဆင့်ဆိုလျင် ဘေကျင်းဂျစ်၊ ပေါ လစ်ဗျူရိုအဆင့်ဆိုလျင် ဆလွန်ကားဖြစ်ပြီး ဥက္ကဌသခင်ဗသတိန်းတင်ကတော့ ဟုန်ချီ ခေါ် အလံနီတံဆိပ် မော်တော်ကားစီး ခွင့်ရသည်။ ထိုစဉ်က တရုတ်ထိပ်တန်းခေါင်းဆောင်များလည်း အလံနီတံဆိပ်ကားများစီးကြသည်။

တရုတ်လယ်သမားများအားလုံးက ဘုံအဖွဲများတွင်ဖြစ်သည်။ တဦးချင်းပိုင်ဆိုင်မှုများ မရှိကြတော့။ လယ်ယာအားလုံးကို ဘုံအဖွဲဝင် လယ်သမားများက ပိုင်ဆိုင်သည်။ အလုပ်တာဝန်ခွဲမှု များအရ လုပ်ကိုင်မှု အပေါ်မူတည်၍ ရမှတ်များတွက်ချက်ပြီး ထိုရမှတ်များအရ ထွက်ရှိသောစပါးနှင့် ရလာသောငွေကြေးအား ခွဲဝေမှုပြုလုပ်သောစနစ်ဖြစ်သည်။ ပြောရလျင် စားဝတ်နေ ရေးနှင့် ကျန်းမာရေး အခြေခံလိုအပ်ချက်တော့ ပြည်စုံသည်ဟု ဆိုနိုင်သော်လည်း ကုံလုံကြွယ်ဝစွာတော့ မနေနိုင်ကြပေ။

ထိုစဉ် (၁၉၇၇ ခုနှစ်) အခြေအနေအရဆိုလျင် ရွှေလီမြို့သည် မူစယ်လောက်ပင် ဖွံ့ဖြိုးမှုမရှိသည့် မြို့ငယ်လေးဖြစ်သည်။ မြို့တွင်းတွင် ကတ္တရာလမ်းဟူ၍ ရုံးနားတဝိုက်သာရှိသည်။ မြို့ ကွက်ကလည်း ခပ်ငယ်ငယ်သာဖြစ်သည်။ မြို့ ထဲတွင် ရုပ်ရှင်ရုံတရုံ၊ နှစ်ထပ် တည်းခိုခန်းတခု၊ နှစ်ထပ်ကုန်စုံဆိုင်တခုနှင့် စာအုပ်ဆိုင်တဆိုင် ၊ ရိက္ခာလက်မှတ်ပါမှဝယ်စားခွင့်ရသည့်ထမင်းဆိုင်တဆိုင်သာရှိသည်။ ထိုထဲတွင် အုတ်တိုက်က နှစ်လုံး သုံးလုံခန့်သာရှိပြီး အများစုအဆောက်အအုံမှာ နေလှမ်းရွှံ့အုတ်များအား ရွှံ့ထုံးတို့နှင့်မံ၍ အုတ်ကျွတ်အချပ်ငယ်များ မိုးထားသည့် တထပ်အဆောက်အအုံများသာဖြစ်သည်။ မြို့ ကွက် ငယ်ငယ်ပတ်လည်တွင် လယ်ကွင်းနှင့် ရာဘာတောများဝိုင်းရံနေသည်။ မြို့ ပြင်တွင် သကြားစက်တလုံး ဆောက်ရန်စိုင်းပြင်နေသည်။

တကယ်ဆိုရလျင် ထိုစဉ်က ရွှေလီမြစ်တဖက်ကမ်းရှိ မူစယ်မြို့ လောက်ပင်သားနားတောက်ပြောင်မှု မရှိပေ။ ရွှေလီမြို့ ထဲတွင် လဘက်ရည်ဆိုင်ဆိုသည်မရှိ။ တရုတ်တို့အလေ့အထမဟုတ်သည်ကြောင့်လည်းဖြစ်သည်။ ရေစိမ်ခေါက်ဆွဲ ရောင်းသည့်ဆိုင်တဆိုင်ရှိသည်။ ရေစိမ်ခေါက်ဆွဲတပွဲလျင် တရုတ်ငွေ ပြား ၂၀ ကျ သင့်သည်။ ရေစိမ်ခေါက်ဆွဲအား ရေနွေး နှင့်ပြုတ်၍ စားသုံးသူအား ထိုးပေးသည်။ စားပွဲပေါ်တွင် ခွက် ၄ ခွက်ရှိသည်။ တခွက်တွင် တူများထည့်ထားသည်။ ကျန် ၃ ခွက်မှာ ဆား၊ အချိုမှုန့်နှင့် ငရုတ်သီးမှုန့်တို့ဖြစ်သည်။ စားသုံးသူများအနေ ကြိုက်နှစ်သက်သလောက် ယူငင်သုံးဆောင်နိုင်ကြ ပေသည်။

ရာဘာတောထဲတွင် မြို့ကနေ ကျေးလက်ဆင်းခိုင်းထားသော တရုတ်ကျောင်းသားပညာတတ်လူငယ်များကို တွေ့နိုင်သည်။ တရုတ်စက်ရုံ အလုပ်ရုံဆေးရုံ များကအစ ဘုံအဖွဲ့များတွင်ပါ ဘုံရိက္ခာရုံများရှိသည်။ အဆိုပါဘုံရိက္ခာရုံများတွင် စုပေါင်းစား သောက်ကြသည်။ ဘုံဝါဒကို အကောင်အထည်ဖေါ်ပုံတမျိုးဟု ဆိုနိုင်သည်။ ဝတ်စားဆင်ယဉ်မှု အရပြောရင် အစိမ်းရောင်နှင့် အပြာရောင် ၂ မျိုးသာ လွှမ်းမိုးနေသည်။ စစ်တပ် ပြည်သူ့စစ်နှင့် တပ်ထွက်ရဲဘော်ဟောင်းများက အစိမ်းရောင်ဝတ်စုံ ဝတ် ကြသည်။ အလုပ်သမားလယ်သမားများက အပြာရောင်ဝတ်စုံဝတ်ကြသည်။ အားလုံးလိုလို တရုတ်ရင်စေ့ကုတ်များဖြစ်ကြ သည်။ ဖက်ရှင်ပုံဆန်းမရှိ။ အမျိုးသမီးအားလုံး၏ဆံပင်ပုံမှာလည်း ပုခုံးအထက်တွင် တိကနဲဖြတ်ထားကြသည့် ပုံစံတူဖြစ် သည်။ ပြောရရင် ကျန်ချင်း (မော်စီတုန်း၏ဇနီး) ၏ ဆံပင်ပုံစံတူများသာဖြစ်သည်။ အရောင်နှစ်ရောင် ပုံစံတူများဟုဆိုနိုင်သည်။ တဖက်က ကြည့်လျင် နေရေးစာရေး ကျန်းမာရေးတို့နှင့်ပတ်သက်၍ ပူပန်စရာမလို။ အဆင့်အတန်း ကွာခြားမှု ကြီးကြီးမားမား မရှိ။ ကေဒါများ ကားစီးခွင့်ရကြသည်ဆိုသော်လည်း တာဝန်ထမ်းဆောင်မှုအရသာဖြစ်ပြီး ကိုယ်ပိုင်မဟုတ်ကြ။ အများစုမှာ စက်ဘီးကိုယ်စီနှင့် ဖြစ်သည်။ တဖက်ကကြည့်လျင် ပုံစံခွက်ထဲတွင်ကျနေသည့်လူများဟု ဆိုကြသည်။ တဖက်ကကြည့်လျင် လူဦးရေ သန်းတထောင်ခန့်ရှိ တရုတ်ပြည်အား ပြန်လည်စုစည်းပြီး မငတ်မပြု နှင့် ကမ္ဘာ့အလယ် ရပ်ပြနိုင်သည်ဟုဆိုကြသည်။

ထိုသို့သော အခြေအနေတွင် တရုတ်ပြည်လက်နက်ကိုင်တော်လှန်ရေးကာလကထဲက ခေါင်းဆောင်တဦး မာရှယ်တဦးဖြစ်ခဲ့ သည့် တိန့်ရှောက်ဖင်နေရာပြန်ရလာခြင်းဖြစ်သည်။ ယခင်မော်စီတုန်းနှင့် မတူသော အမြင်အယူအဆများနှင့် ပဲ့ကိုင် ပြောင်း လဲမှု စတင်ပါတော့သည်။ တိန့်ရှောက်ဖင်က လူတန်းစားတိုက်ပွဲကို မပြောတော့။ တရုတ်အမျိုးသားအကျိုးစီးပွားကို ရှေ့ရှု သည့် လမ်းကြောင်းကို ရွေးချယ်လိုက်သည်။ မည်သိုပင် မော်စီတုန်းနှင့် မတူသည့် အယူအဆအမြင်များကို အကောင်အထည် ဖေါ်သည်ဖြစ်စေ မော်စီတုန်းနှင့်တူသည်ကတော့ တရုတ်ကွန်မြူနစ်ပါတီ အခြေခံအဆောက်အအုံပေါ်မှ ၎င်း၏ပေါ်လစီများကို အကောင်အထည်ဖေါ်ခဲ့ခြင်းဖြစ်သည်။

တရုတ်ကွန်မြူ နစ်ပါတီသည် စတင်ဖွဲ့စည်းစဉ်ကာလက မြေအောက်ပါတီ၊ လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲနေသည့် ပါတီတရပ် ဖြစ်သော်လည်း ၁၉၄၉ ခုနှစ်ကစ၍ အာဏာရပါတီတရပ်ဖြစ်လာခဲ့သည်။ တဖြေးဖြေးပို၍ အားကောင်းလာသည်။ တရုတ်ပါတီ၏ အားသာချက်မှာ ပါတီဗဟိုမှ ချမှတ်သည့် ပေါ်လစီအား အောက်ခြေအဆင့်ထိ ကျအောင်ချ ပြပြီး အကောင်အထည်ဖေါ်ဆောင်နိုင်ခြင်းဖြစ်သည်။ ကြီးမားကျယ်ပြန့်သည့် လူဦးရေများပြားသည့် တိုင်းပြည်တရပ်ဖြစ်သော်လည်း မိမိ ပါတီ၏ပေါ်လစီအား အောက်ခြေအထိကျအောင် စွမ်းဆောင်နိုင်ခြင်းသည် တရုတ်ပါတီ၏ အားသာချက်ဖြစ်သည်။ ပါတီ၏ ဒီမိုကရေစီဗဟိုချုပ်ကိုင်မှုကို အောင်မြင်အောင် တည်ဆောက်ထားနိုင်၍ဖြစ်သည်

တရုတ်တို့ကတော့ "တော်လှန်ရေးတရပ်လုပ်မယ်ဆိုရင် တော်လှန်တဲ့တောင့်တင်းခိုင်မာတဲ့ပါတီတရပ် ရှိရမယ်" ဟုဆိုသည်။ လက်ရှိ အနောက်တိုင်းပညာရှင်များကတော့ အင်စတီကျူးရှင်း (Institution) ဟုဆိုကြသည်။ တိုင်းပြည်တပြည်အတွက် သို့မဟုတ် လုပ်ငန်းတခု အကောင်အထည်ဖေါ်နိုင်ရန်အတွက်တောင့်တင့်ခိုင်မာသော အင်စတီကျူးရှင်းတရပ် ဖွဲ့စည်းတည် ဆောက်ရန်လိုသည်ဟုဆိုကြသည်။ လက်ဝဲနှင့်လက်ျာဟု ဆိုကြသောဝါဒများသည် ကွဲပြားမှုများရှိသကဲ့သို့ တူညီမှု များ လည်း ရှိကြသည်။ ခိုင်မာသည့် အင်စတီကျူးရှင်းများဟူသော ဝေါဟာရအား ခေတ်သစ်ပညာရပ်နယ်ပယ်တွင် အသုံးများလာ သောအခါ မော်စီတုန်းအားလည်းကောင်း၊ တိန့်ရှောက်ဖင်အားလည်းကောင်း ပြေးမြင်မိသည်။ သူတို့သည်လည်း သူတို့၏ ရည်မှန်းချက်အောင်မြင်အောင်သူတို့၏ အင်စတီကျူရှင်းကို တည်ဆောက်ခဲ့ကြသူများဖြစ်သည်။ အဟောင်းများသည်လည်း ခေတ်ကာလနှင့်အညီ ပြန်လည် ဆန်းသစ်နေသည်ဟု ဆိုရမည်။

မော်စီတုန်းနှင့်တိန့်ရှောက်ဖင်တို့သည် တိုင်းပြည်တည်ဆောက်ရေးနှင့်ပတ်သက်၍ ကွဲလွဲမှုများရှိသည်ဆိုသော်လည်း တူ သည့်အကျင့်တခုတော့ရှိသည်။ ထိုအချက်ကား စီးကရက်မပြတ်သောက်ခြင်း စီးကရက်လက်ကြား မပြတ်ညှပ်ထားခြင်းဖြစ် သည်။ အခါတပါး၌ စီးကရက် မပြတ်လက်ကြားညှပ်သည့်အမူအကျင့်၌ မိမိသည် မော်စီတုန်းနှင့်လည်းကောင်း၊ တိန့်ရှောက် ဖင်နှင့်လည်းကောင်း တူသည်ဟူ ၍ မိမိဖခင်အားဆိုခဲ့သောအခါ ကောင်းကောင်းအဆဲခံခဲ့ရဘူးပါသည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး
0