မျိုးတေဇာမောင် ● အစ္စရေးလ်ကဗျာဆရာ ယဟူဒါ အာမီခိုင်းလ် ဘဝနဲ့ ကဗျာ

မျိုးတေဇာမောင် ● အစ္စရေးလ်ကဗျာဆရာ ယဟူဒါ အာမီခိုင်းလ် ဘဝနဲ့ ကဗျာ
(မိုးမခ) အောက်တိုဘာ ၁၆၊ ၂၀၁၇

အစ္စရေးလ် ကဗျာဆရာကြီး ယဟူဒါ အာမီခိုင်းလ် ဟာ အစ္စရေးလ် မှာ သာမက နိုင်​ငံတကာ မှာပါ လေးစား အသိအမှတ်ပြုရတဲ့ မော်ဒန်ကဗျာဆရာကြီး တစ်ယောက်ဖြစ်ပါတယ်။ သူဟာ ကဗျာကိုနေ့စဉ်သုံး ဟီးဗရူး ဘာသာစကား နဲ့ အစောဆုံးရေးသားခဲ့သူတစ်ဦးလည်းဖြစ်ပြီး သူ့ရဲ့ကဗျာတွေကို ဘာသာစကားပေါင်း (၄၀) ကျော်ဘာသာပြန်ဆိုခဲ့ပြီးဖြစ်ပါတယ်။

ယဟူဒါ အာမီခိုင်းလ် ကို ၁၉၂၄ ခုနှစ်၊ မေလ (၃)ရက်နေ့ မှာ ဖွားမြင်ခဲ့ပါတယ်။ ဂျာမနီနိုင်ငံ၊ ဝုဇ်ဘာ့ဂ်မြို့လေး က အော်သိုဒေါ့ဇ်ဂျူး မိသားစုတစ်စုမှာ ဖွားမြင်ခဲ့တာကြောင့် ငယ်စဉ်ကတည်းက ဟီးဗရူးလိုရော၊ ဂျာမန်လိုပါပြောတတ်ပါတယ်။ အာမီခိုင်းလ်အသက်ဆယ့်တစ်နှစ်အရွယ် ၊ ၁၉၃၅ မှာတော့ မိသားစုနဲ့အတူပါလက်စတိုင်း ကိုပြောင်းရွှေ့အခြေချပါတယ်။

၁၉၃၆ မှာ ဂျေရုစလင်မ် မြို့က Ma'aleh ဂျူးဘာသာရေးအထက်တန်းကျောင်းမှာ ပညာသင်ယူ ခဲ့ပါတယ်။ လူငယ်ဘဝ မှာ အာမီခိုင်းလ်ဟာ ပါလက်စတိုင်းမှာရှိတဲ့ ဂျူးကျေးရွာတွေကိုစောင့်ရှောက်ပေးရတဲ့ ဟဂ္ဂနာအဖွဲ့ရဲ့ လက်နက်ကိုင်တပ်ဖြစ်တဲ့ ပါးလ်မတ်ခ်ျတပ်ဖွဲ့မှာ ဗော်လန်တီယာအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်အတွင်းမှာ ဗြိတိသျှစစ်တပ်မှာ တာဝန်ထမ်းခဲ့ပြီး အစ္စရေးလ် လွတ်​လပ်​​ရေး တိုက်ပွဲကာလမှာတော့ တောင်ပိုင်းစစ်မျက်နှာ Negev မှာ တိုက်ပွဲဝင်ခဲ့ပါတယ်။ အာမီခိုင်းလ်ဟာ ၁၉၄၆ ခုနှစ် ဗြိတိသျှစစ်တပ် က ထွက်ပြီးနောက် ဂျေရုစလင်မ် က David Yellin ဆရာအတတ်သင် ကောလိပ်မှာတက် ရောက်ပြီး ဟိုင်ဖာမှာ ကျောင်းဆရာလုပ်ခဲ့ပါသေးတယ်။ အစ္စရေးလ်နိုင်ငံ တည်ထောင်ပြီး နောက်မှာတော့ The Hebrew University of Jerusalem မှာ သမ္မာကျမ်းနဲ့ ဟီးဗရူးဘာသာ၊ စာပေကိုလေ့လာသင်ယူခဲ့ပါတယ်။ ဟီးဗရူး တက္ကသိုလ်က သူ့ရဲ့ ပါမောက္ခတစ်ယောက်ရဲ့အားပေးမှုကြောင့်  သူ့ရဲ့ပထမဆုံး ကဗျာစာအုပ် ဖြစ်တဲ့ Now and in Other Days ကို ၁၉၅၅မှာထုတ်ဝေခဲ့ပါတယ်။

၁၉၅၆ ဆိုင်းနိုင်းစစ်ပွဲ၊ ၁၉၇၃ ယွန်ကစ်ပူး စစ်ပွဲတွေမှာလည်း အာမီခိုင်းလ် စစ်မှုထမ်းခဲ့ပါသေးတယ်။ ၁၉၆၃ မှာ သူ့ရဲ့ ပထမဆုံးဝတ္ထုဖြစ်တဲ့ Not of This Time , Not of This Place ကိုထုတ်ဝေခဲ့ပါတယ်။  အာမီခိုင်းလ် တစ်ယောက် ကဗျာတွေနဲ့ စပြီးတွေ့ဆုံခဲ့ရတာကတော့ ဗြိတိသျှစစ်တပ်မှာအမှုထမ်းစဉ်ကပါ။ အီဂျစ်မှာ အခြေစိုက်တဲ့  ဗြိတိသျှစစ်တပ်မှာ အမှုထမ်းနေ တုန်း မော်ဒန်ဗြိတစ်သျှ် ကဗျာပေါင်းချုပ် တစ်အုပ် အမှတ်မထင်တွေ့ရပြီး ဒီလန်သောမတ်စ်၊ တီအက်စ် အဲလိယက် ၊ အော်ဒင် တို့ရဲ့ကဗျာတွေဖတ်ခဲ့ရတယ်။ အဲ့ဒီ့စာအုပ်ဟာ ကဗျာဆရာဖြစ်စေဖို့သူ့ကို ပထမဆုံးလွှမ်းမိုးခဲ့တဲ့ စာအုပ်လို့ဆိုပါ တယ်။ အာမီခိုင်းလ် ဟာ ကဗျာတွေ ရေးတဲ့အခါ  နေ့စဉ်ဘဝအဖြစ်အပျက်တွေ၊ ဒဿနဆန်တဲ့အတွေးတွေ၊ ဘဝအဓိပ္ပါယ် ၊ ချစ်ခြင်းမေတ္တာ၊ အလွမ်း၊ သေခြင်းတရား စတဲ့အကြောင်းအရာတွေကို ပင်ကိုဟန်၊ သိမ်မွေ့တဲ့သရော်သံ အံဩဖွယ် စိတ်ကူး ကွန့်မြူးမှုတွေ နဲ့ ရေးဖွဲ့ပါတယ်။ ဟီးဗရူးနေ့စဉ်သုံးဘာသာစကားကို သုံးစွဲပြီးရေးဖွဲ့ပါတယ်။ ဟီးဘရူး ဘာသာ စကားဟာ ဟီးဘရူးကျမ်းစာတွေနဲ့ ဆက်စပ်နေတာကြောင့် တချို့ကဗျာတွေမှာ ဟီးဘရူး ဘာသာရေး ကျမ်းစာပါ အကြာင်းအရာတွေနဲ့ ကဗျာကပြောလိုတဲ့ Theme ကို ကျွမ်းကျင်စွာပေါင်းစပ်ပြနိုင်တာတွေ့ရပါတယ်။ အာမီခိုင်းလ် ရဲ့ကဗျာတွေမှာ"အသံ" ဟာလည်းအရေးကြီးတယ်လို့ပြောရမှာပါ။ အာမီခိုင်းလ်ရဲ့ကဗျာတွေကို အစ္စရေးလ် မှာရော အခြားနိုင်ငံတွေမှာပါ ​တေးသီချင်းအဖြစ် ပြန်တင်ဆက်ကြတာတွေ့ရပါတယ်။ အာမီခိုင်းလ်ရဲ့ကဗျာတွေဟာ နိုင်ငံတကာ ကဗျာဘာသာပြန်ပရိသတ် တွေကြားမှာ လူကြိုက်များပေမယ့် မူရင်းဟီးဘရူး ဘာသာစကားမူနဲ့ ရေးထားတဲ့ကဗျာတွေကို မြတ်နိုးတဲ့ပရိသတ်တွေကတော့ ဘာသာပြန်တွေမှာ အာမီခိုင်းလ်ရဲ့ ဆန်းသစ်ထားတဲ့ ဘာသာစကားအလှတွေ ပျောက်ကုန်တယ်လို့ဆိုကြပါတယ်။ အာမီခိုင်းလ်ရဲ့ ကဗျာတချို့မှာ ဂျူးဘာသာရေးဆိုင်ရာ အချက်အလက်တွေဟာ လူသားရဲ့နေ့စဉ်ဖြစ်ရပ်တွေနဲ့ ရောယှက် ပါဝင်နေတာနဲ့ ပတ်သက်ပြီး The American Poetry Foundation နဲ့ အင်တာဗျူးမှာ အာမီခိုင်းလ် က ဟော့ဒီလိုဖြေထားပါတယ်။ "ကျနော်ဟာ ဘာသာရေးအလွန်ကိုင်းရှိုင်းတဲ့မိသားစုမှာ ကြီးပြင်းခဲ့သူဖြစ်တာကြောင့် ဘုရားရှိခိုး ဆုတောင်းစာတွေ၊ ကျမ်းစာသုံး ဘာသာစကားတွေဟာ ကျနော့်ရဲ့ ပင်ကိုသဘာဝ ဘာသာစကားလို ဖြစ်နေပါတယ်။ ကဗျာကို ပိုပြီးဝေဝေ ဆာဆာဖြစ်ဖို့ ယဉ်ကျေးမှုဆိုင်ရာ၊ မျိုးနွယ်စုဆိုင်ရာအသုံးအနှုန်းတွေကို အခြားကဗျာဆရာတွေ အားထုတ်သလို ကြိုးစားပမ်း စား အားထုတ်စရာမလိုဘဲ ကျနော့်ဆီ သဘာဝအလျောက်ရောက်လာတာပါပဲ။" အဲ့ဒီလိုကဗျာတွေကတော့....

အာရပ်ဆိတ်ကျောင်းသားတစ်ယောက်
ဇီယွန်တောင်ကုန်းမှာ သားပျောက်ရှာတယ်

အာရပ် ဆိတ်ကျောင်းသားတစ်ယောက်
ဇီယွန်တောင်ကုန်းမှာ
ဆိတ်ကလေးတစ်ကောင်ကိုရှာနေတယ်
တစ်ဘက်ကတောင်ကုန်းမှာ
ကျနော့်သားလေးကို ကျနော်ရှာနေတယ်
ခဏတာ ဆုံးရှုံးမှုကိုယ်စီနဲ့
အာရပ် ဆိတ်ကျောင်းသားရယ်၊ ဂျူးဖခင်ရယ်
ကျနော်တို့နှစ်ယောက်ကြား
တောင်ကြားထဲက ဆူလတန်ဘုရင့်ရေကန်အထက်မှာ
ကျနော်တို့်ရဲ့အသံတွေတွေ့ဆုံကြတယ်
ကျနော်တို့နှစ်ယောက်စလုံး မဖြစ်စေချင်တာက
ကြောက်မက်ဖွယ် ဟာ့ဒ်ဂဒ်ယာ စက်ဝန်းထဲက
အဖြစ်မျိုးထဲ ကလေးတွေကို မကျရောက်စေချင်တာပဲ။

ခဏကြာတော့၊ သူတို့ကို ချုံပုတ်တွေထဲ ကျနော်တို့ပြန်ရှာတွေ့ရတယ်
ဒါနဲ့ ကျနော်တို့ရဲ့ အသံတွေကျနော်တို့ဆီပြန်ရောက်လာခဲ့ကြ
အတွင်းမှာ ငိုခဲ့၊ ရယ်ခဲ့။

ဆိတ်ကလေးတစ်ကောင်ရှာဖွေတာနဲ့
သားပျောက်ရှာဖွေတာဟာ
ဒီတောင်ကုန်းတွေပေါ်မှာ အမြဲလိုလို
သာသနာအသစ်ပေါ်ထွန်းခြင်းရဲ့နိဒါန်းဖြစ်ခဲ့ပေါ့။

Yehuda Amichai ရဲ့An Aran Shepherd Seeks A Kid On Mount Zeon


Had Gadya ဆိုတာ ဟီးဗရူးရိုးရာတေးတစ်ပုဒ်ဖြစ်ပါတယ်။ တေးသံမြူးမြူးနဲ့သီဆိုကြပါတယ်။ ဟာ့ဒ်ဂဒ်ယာဆိုတာ ဆိတ်ပေါက်လေး သို့မဟုတ် ကလေးလေး လို့အဓိပ္ပါယ် ရပါတယ်။

သီချင်းရဲ့ အဓိပ္ပါယ်ကတော့အဖေဖြစ်သူက ဆိတ်ပေါက်လေးတစ်ကောင် ကိုရှေးခေတ်သုံး ဂျူးဒင်္ဂါး (Zuzim) နှစ်ပြားပေးပြီး ဝယ်လာခဲ့တယ်။ ကြောင်တစ်ကောင်ရောက်လာပြီး ဆိတ်ကိုစားပစ်တယ်။ ခွေးတစ်ကောင်ထပ်ရောက်လာပြီးဆိတ်ကိုစားတဲ့ ကြောင်ကို ကိုက်တယ်။

အဲ့ဒီ့မှာတုတ်တစ်ချောင်းရောက်လာပြီး ခွေးကိုရိုက်တယ်။ တုတ်ကိုမီးရှို့တော့ရေရောက်လာပြီးမီးငြိမ်းတယ်။အဲ့ဒီ့ရေကိုနွားကသောက်ပစ်တယ်။ နွားကိုသားသတ်သမားက သတ်တယ်။သားသတ်သမားကို သေမင်းကအသက်နှုတ်တယ်။သေမင်းကိုဘုရားသခင်ကြွလာပြီးပြစ်တင်ဆုံးမတယ်။

ဖွင့်ဆိုချက်တွေမှာတော့ ဟာ့ဒ်ဂဒ်ယာ ဟာ ဂျူးနယ်မြေတွေကို သိမ်းပိုက်ခဲ့တဲ့တိုင်းပြည်အသီးသီးကို ညွှန်းဆိုတယ် လို့သိရတယ်။ဆိတ်ပေါက်လေး သို့မဟုတ် ကလေးငယ် ဟာဂျူးတွေကို ဆိုလိုပါသ တဲ့။ ကြောင်ကတော့ အာဆီးရီးယန်းတွေ ၊ ခွေးက ဘေဘီလုံ၊ တုတ်ချောင်းက ပါးရှား၊ မီးက မက်ဆီဒိုးနီးယား၊ ရေက ရောမအင်ပါယာ၊ သားသတ်သမား က အာရပ်၊ သေမင်းက တူရကီ စသဖြင့်ညွှန်းဆိုပါသတဲ့။ ကတိထားတော်မူတဲ့အတိုင်းတော့ နောက်ဆုံးဘုရားသခင်က ဂျူးတွေဘက်က ရပ်တည်ပေးတဲ့အနေနဲ့ သေမင်းကိုဆုံးမခဲ့တယ်။ သီချင်းက ဆယ့်တစ်ပိုဒ်ပါပြီး အပိုဒ်တိုင်းမှာ ဒင်္ဂါးနှစ်ပြား two Zuzim ကိုထည့်ထားတာဟာ ကိုယ်မြေပေါ်မှာနေထိုင်ရတာကိုဂျူးတစ်ယောက်အတွက် အခွန် ဒင်္ဂါး ၂ ပြားပေးရတာကိုဆိုလိုတာပါ။

ကျမ်းစာကျရောက်ခြင်း

ဆိုင်းနိုင်းတောင်ကုန်းပေါ်မှာ
မိုးဇက်တစ်ယောက် ဘုရားသခင်နဲ့အတူတူထိုင်ပြီး
ကျောက်ပြားပေါ် ကမ္ဗည်းတင်တဲ့အခါ
ကျနော် စာသင်ခန်းနောက်နားက
ထောင့်တစ်ထောင့်မှာထိုင်ပြီး
စိတ်ကူးယဉ်ရင်း နဲ့ရေးဆွဲခဲ့တာ
ပန်းပွင့်တွေ၊မျက်နှာတွေ၊လေယာဉ်ပျံတွေ နဲ့
စကားလုံးအလှတန်ဆာဆင်ထားတဲ့ နာမည်တွေ။

အခု ကျနော် ခင်ဗျားကို အားလုံးပြမယ်
မလုပ်နဲ့၊နားမထောင်နဲ့!

Yehuda Amichai ရဲ့ The Giving of the Torah

၁၉၃၆ လောက်မှာ ဂျေရုစလင်မ် မြို့ က Ma'aleh ဂျူးဘာသာရေးအထက်တန်းကျောင်းမှာတက်ရောက် ပညာသင်ယူခဲ့ပြီး ဒုတိယကမ္ဘာစစ်အပြီး မှာတော့ The Hebrew University of Jerusalem မှာ သမ္မာကျမ်းနဲ့ ဟီးဘရူးစာပေ ကိုအာမီခိုင်းလ် လေ့လာခဲ့ပါတယ်။ ဟီးဘရူးစာပေ မှာTorahဟာ အဓိကကျတယ်လို့သိရပါတယ်။

မိုးဇက် ကိုဆိုင်းနိုင်းတောင်ကုန်းပေါ်မှာ ဘုရားသခင်က ပေးအပ်တဲ့ ပညတ်တော်တွေဖြစ်ပြီး ပညာရှင် တွေ က ဂျူးတွေရဲ့သမ္မာကျမ်းလို့ သတ်မှတ်ပါတယ်။ အခုဖတ်ရမယ့်ကဗျာရဲ့ခေါင်းစဉ်က The Giving of the Torahဖြစ်ပြီး အာမီခိုင်းလ် ရဲ့ဘာသာရေးစာပေလေ့လာစဉ်ကာလအမှတ်ရချက်လို့ပြောနိုင်မလား စဉ်းစားစရာပါ။

၁၉၉၄ ခုနှစ် အတွက် ငြိမ်းချမ်းရေးနိုဗယ်ဆု ကိုအစ္စရေးလ် ဝန်ကြီးချုပ် ယစ်ဇက်ရာဘင် ချီးမြင့်ခံရတဲ့အခါ နိုဗယ်ဆုပေးပွဲ အခမ်းအနား မှာ ကဗျာရွတ်ပေးဖို့ ယဟူဒါ အာမီခိုင်းလ် ကိုဖိတ်ကြားခဲ့ပါတယ်။ အခုဖတ်ရမယ့် God Has Pity on Kindergarten Children ဟာ အဲ့ဒီ အခမ်းအနား မှာရွတ်ခဲ့တဲ့ကဗျာတွေထဲက တစ်ပုဒ်ဖြစ်ပါတယ်။ အစ္စရေးလ် နိုင်ငံ တဲလ်အဗိ မြို့တော်မှာရှိတဲ့ရာဘင်ပြတိုက်မှာ ဒီကဗျာကို ကျောက်သား ကမ္ဗည်းထိုးထားပါတယ်။

ဘုရားသခင်ဟာ မူကြိုကလေးတွေကို
သနားတော်မူတယ်

ဘုရားသခင်ဟာ မူကြိုကလေးတွေကို
သနားတော်မူတယ်
ကျောင်းနေအရွယ်ကလေးတွေကိုတော့
သိပ်မသနားဘူး
အရွယ်ရောက်လာပြီဆိုရင်တော့၊ ဘုရားသခင် က
နောက်ထပ်သနားမှာမဟုတ်တော့ဘူး
သူတို့ကို ပစ်ထားလိုက်တယ်
တခါတလေဆိုရင် ချစ်ချစ်တောက်ပူတဲ့သဲပြင်ပေါ်မှာ
သွေးတစ်စက်စက်ကျရင်း ၊ ကြက်ခြေနီစခန်းဆီ
သူတို့ လေးဘက်ထောက်သွားရတယ်။

ဘုရားသခင်ဟာ
အမှန်တကယ်ချစ်တတ်သူတွေကိုတော့
သနားတော်မူနိုင်ပြီး
လမ်းဘေး ခုံတန်းရှည်ပေါ်မှာ
အိပ်ပျော်နေသူတစ်ယောက်အပေါ်သစ်ပင်က
အရိပ်မိုးပေးသလို
ဘုရားသခင်ရဲ့အရိပ်တော်နဲ့သူတို့ကိုမိုးပေးနိုင်တယ်။

ကျနော်တို့လည်း သူတို့ကို
အမေရဲ့သေတမ်းစာနဲ့ပေးခဲ့တဲ့
နောက်ဆုံးလက်ကျန်ကြွေလေးတချို့လှူဒါန်းနိုင်တယ်
ဒါမှ သူတို့ရဲ့ ချမ်းမြေ့မှူက
ကျနော်တို့ကို အခုရော၊နောင်ပါ
အကာအကွယ်ပေးလိမ့်မယ်။

Yehuda Amichai ရဲ့God Has Pity on Kindergarten Children

အာမီခိုင်းလ် အများဆုံးကိုင်တွယ်ခဲ့တဲ့ အကြောင်းအရာတစ်ခုကတော့ ဂျေရုစလင်မ်ပါပဲ။ ဂျေရုစလင်မ် နဲ့ပတ်သက်တဲ့ ကဗျာပေါင်းများစွာရေးခဲ့ပေမယ့် အကြောင်းအရာ၊ တင်ပြပုံ၊ စကားလုံးရွေးချယ်မှု မထပ်တာကို အံ့ဩစရာကောင်းလောက် အောင် တွေ့ရပါတယ်။ ဂျေရုစလင်မ် ကဗျာ အနည်းငယ်ဖတ်ကြည့်ပါဦး။

ဂျေရုစလင်မ် ၁၉၈၅

ငိုသံတံတိုင်း ရဲ့အက်ကြောင်းထဲ ထည့်ကပ်ထားတဲ့
တောင်းပန်စာတွေ
ကြေမွ တွန့်လိပ်နေတဲ့ မှတ်စုစာရွက်တွေ။

အခြားတနေရာရာမှာ ၊ သံမဏိတံခါးအိုကြီးမှာ ကပ်ထားတဲ့ မှတ်စုတစ်ရွက်
စံပယ်ပန်းခြုံထဲ ဖွက်ထားတဲ့ တစ်ဝက်__
"ကိုယ်မလာနိုင်ခဲ့တာလေး
မင်းနားလည်ပေးနိုင်မယ် မျှော်လင့်တယ်။"

Yehuda Amichai ရဲ့ Jerusalem 1985



"မြို့တော်ဝန်"


ဂျေရုစလင်မ် မြို့တော်ဝန်ဖြစ်ရတာ
ဝမ်းနည်းစရာပဲ။
သိပ်ဆိုးတယ်။
လူသားတစ်ယောက်ဟာ ဒီလိုမြို့တော်ရဲ့မြို့တော်ဝန်ဘယ်လိုလုပ်ဖြစ်နိုင်မလဲ။
သူ ဒီမြို့တော်ကိုဘာလုပ်မလဲ။
သူတည်ဆောက်မယ်
တည်ဆောက်ပြီးရင်းတည်ဆောက်မယ်။

ညမှာ မြို့တော် ပတ်လည်တောင်ကုန်းတွေပေါ်ကကျာက်တုံးတွေ
အိမ်တွေဆီချဉ်းကပ်လာပုံက
လူသားရဲ့ကျေးကျွန်ခွေးတွေဆီ
ဝုံပုလွေတွေအူပြီး ချဉ်းကပ်လာသလို။

Yehuda Amichai ရဲ့ The Mayor


"ဂျေရုစလင်မ်"

မြို့တော်ဟောင်းရဲ့ခေါင်မိုးတစ်ခုပေါ်မှာ
ညနေ နေရောင်အောက်
လျှော်ပြီးသားအဝတ်တွေလှမ်းထားတယ်
ငါ့ရန်သူဖြစ်တဲ့မိန်းမတစ်ယောက်ရဲ့ အိပ်ယာခင်းအဖြူရောင်
ငါ့ရန်သူဖြစ်တဲ့ယောကျာင်္းတစ်ယောက် သူ့နှဖူးကချွေးကိုသုတ်တဲ့ တဘက်တစ်ထည်။

မြို့တော်ဟောင်းရဲ့ကောင်းကင်မှာ
စွန်တစ်ခု။
ကြိုးစရဲ့တစ်ဘက်အဆုံးက
ကလေးတစ်ယောက်ကိုတော့
တံတိုင်းကကွယ်နေလို့ ငါမမြင်နိုင်ဘူး။

ငါတို့ပျော်နေကြတယ်လို့သူတို့ထင်အောင်
ငါတို့ အလံတွေအများကြီးလွှင့်ထူကြ
သူတို့ပျော်နေကြတယ်လို့ငါတို့ထင်အောင်
သူတို့အလံတွေအများကြီးလွှင့်ထူကြ။

Yehuda Amichai ရဲ့ Jerusalem

"ဂျေရုစလင်မ် ဂေဟဗေဒ"

ဂျေရုစလင်မ်မြို့ပေါ်ကလေထဲမှာ ဆုတောင်းတွေ၊အိပ်မက်တွေနဲ့ပြည့်နှက်နေတာ
စက်မှုမြို့တော်တွေပေါ်ကလေလိုပဲ
အသက်ရှူဖို့ခက်တယ်။

မကြာခဏဆိုသလို ကုန်စည်သင်္ဘောအသစ်တွေဆိုက်ရောက်တယ်
သယ်လာတဲ့ကုန်စည်တွေက အဆောက်အဦးတွေနဲ့မျှော်စင်တွေပေါ့
နောက်တော့လည်း စွန့်ပစ်ပြီးစုပုံထားလိုက်တာပါပဲ။

တခါတလေ လူတွေအစား ဖယောင်းတိုင်တွေရောက်လာတယ်
အဲ့ဒီအခါ တိတ်ဆိတ်ငြိမ်သက်လို့ပေါ့။
တခါတလေ ဖယောင်းတိုင်တွေအစား လူတွေရောက်လာတယ်
အဲ့ဒီအခါ ပွက်လောရိုက်လို့ပေါ့။

ပြီးတော့၊ ပိတ်ထားတဲ့ဥယျာဉ်တွေထဲက
မွှေးမြနေတဲ့စံပယ်ခြုံတွေကြားမှာ
နိုင်ငံခြားကောင်စစ်ဝန်တွေဟာ
သစ်စိမ်းချိုးချိုးခံခဲ့ရသူဆိုးသွမ်းတဲ့သတို့သမီးတွေလို
သူတို့ရဲ့အချိန်ကိုစောင့်နေကြပေါ့။

Yehuda Amichai ရဲ့ Jerusalem Ecology

နောက်တစ်ခုက စစ်ပွဲ။ အာမီခိုင်းလ်ရဲ့ စစ်ပွဲအပေါ်အမြင်ဟာ လူသားဆန်လွန်းတာကို Rain on the Battlefield ဆိုတဲ့ကဗျာ တိုလေးမှာ တွေ့ရမှာ ဖြစ်ပါတယ်။

"စစ်မြေပြင်မှာရွာတဲ့မိုး"

ကျနော့်သူငယ်ချင်းတွေအပေါ်မိုးရွာချတယ်။
သူတို့ရဲ့ခေါင်းတွေကိုစောင်တစ်ထည်နဲ့ခြုံထားတဲ့
အသက်ရှင်ဆဲသူငယ်ချင်းတွေအပေါ်
ပြီးတော့ စောင်မခြုံထားတဲ့
ကျဆုံးလေသူ သူငယ်ချင်းတွေအပေါ်။

Yehuda Amichai ရဲ့ Rain on the Battlefield

အာမီခိုင်းလ်ကဗျာတွေကို အင်္ဂလိပ်ဘာသာပြန်အဖြစ် ပထမဆုံးပုံနှိပ်ခဲ့တာကတော့ ၁၉၆၅မှာ ထုတ်ဝေခဲ့တဲ့ Modern Poetry in translation ( edited by Daniel Weissbort and Ted Hughes )ဖြစ်ပါတယ်။ ၁၉၆၆ မှာ အီတလီနိုင်ငံ ကရှေးဟောင်းမြို့တစ်မြို့ဖြစ်တဲ့ Spoleto မှာကျင်းပတဲ့ ကဗျာပွဲတော်ကို အက်ဇရာပေါင်း၊ အော်ဒင်၊ နရူဒါတို့နဲ့အတူ အာမီခိုင်းလ်လည်းတက်ရောက်ခဲ့ပါတယ်။ ၁၉၆၈မှာ လန်ဒန်ကဗျာပွဲတော်ကို တက်ရောက်ခဲ့ပြီး အဲ့ဒီနှစ်မှာပဲ Assia Guttman ဘာသာပြန်တဲ့ အာမီခိုင်းလ်ကဗျာအင်္ဂလိပ်ဘာသာပြန်လုံးချင်း Selected Poems ကိုထုတ်ဝေခဲ့ပါတယ်။ ကယ်လီဖိုးနီးယား တက္ကသိုလ်​ (ဘာကလေ)မှာဧည့်ပါမောက္ခ တာဝန် ထမ်းနေစဉ်  ၁၉၇၁ မှာ တော့ ဒုတိယမြောက် ဝတ္ထုစာအုပ်ဖြစ်တဲ့ Mi Yitneni Malon ကိုထုတ်ဝေခဲ့ပါတယ်။ နယူးရောခ်တက္ကသိုလ်မှာလည်း အာမီခိုင်းလ်ဟာ Poet in Residence အဖြစ် တာဝန်ယူခဲ့ပါသေးတယ်။ အစ္စရေးလ် မှာတော့ အာမီခိုင်းလ် ဟာ ကျောင်းဆရာ၊ ဆရာမတွေကို စာပေသင်ကြားပေးတဲ့ တာဝန်ယူခဲ့ပြီး the Hebrew University မှာ နိုင်ငံခြားကျောင်းသားတွေကို စာပေပို့ချပါတယ်။

၁၉၉၄ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဗယ်ဆုကို အစ္စရေးလ်ဝန်ကြီးချုပ် ယစ်ဇက်ရာဘင်ရရှိတဲ့အခါမှာ နိုဗယ်ဆုပေးပွဲမှာ ကဗျာရွတ်ဖို့ ရာဘင်က အာမီခိုင်းလ်ကိုဖိတ်ကြားခဲ့ပါတယ်။ ဒီစာအုပ်ထဲမှာ စာဖတ်သူတွေ ဖတ်ရမယ့် God Has Pity on Kindergarten Children ဟာ အဲ့ဒီ့အခမ်းအနားမှာရွတ်ခဲ့တဲ့ ကဗျာတွေထဲက တစ်ပုဒ်ဖြစ်ပြီး၊ အစ္စရေးလ်နိုင်ငံ တဲလ်အဗိ မြို့တော်က ရာဘင်အထိမ်းအမှတ်ပြတိုက်မှာ ဒီကဗျာကို ကျောက်သား ကမ္ဗည်းထိုးထားပါတယ်။ အာမီခိုင်းလ်အမည်နဲ့လမ်းတွေကို အစ္စရေးလ်နိုင်ငံမှာရော မွေးရပ်မြို့ ဝုဇ်ဘာဂ်မှာပါဂုဏ်ပြု မှည့်ခေါ်ထားတာ တွေ့ရမှာပါ။ အာမီခိုင်းလ်ဟာ တစ်သက်တာလုံးကဗျာတွေရေးခဲ့ပြီး ၂၀၀၀ပြည့်နှစ်၊စက်တင်ဘာလ (၂၂)ရက်နေ့မှာကွယ်လွန်ခဲ့ပါတယ်။

အာမီခိုင်းလ် ရရှိခဲ့ဖူးတဲ့ဆုတွေကတော့ ...

၁၉၅၇ မှာ Shlonsky Prize
၁၉၆၉ မှာ Brenner Prize၊
၁၉၇၆မှာ Bialik Prize for literature (အက်ဆေးဆရာYeshurun Keshet နဲ့ပူးတွဲ) ၊
၁၉၈၁ မှာ Wurzburg's Prize for Culture (Germany)၊
၁၉၈၂ မှာIsrael Prize for Hebrew poetry.
၁၉၈၆ မှာ  Agnon Prize၊
၁၉၉၄မှာ Malraux Prize: International Book Fair (France)၊
၁၉၉၄ မှာပဲLiterary Lion Award (New York)၊
၁၉၉၅ မှာ Macedonia`s Golden Wreath Award: International Poetry Festival  နဲ့
၁၉၉၆မှာ Norwegian Bjornson Poetry Award တို့ပဲဖြစ်ပါတယ်။   
စာပေဆိုင်ရာနိုဗယ်ဆုကိုတော့ အကြိမ်ကြိမ်အမည်စာရင်းတင်သွင်းခြင်းခံရသော်လည်း မရရှိခဲ့ပါဘူး။

မျိုးတေဇာမောင်

Comments