ဆောင်းယွန်းလ ● အရေပြားပေါ်က နှစ်တွေ

ဆောင်းယွန်းလ ● အရေပြားပေါ်က နှစ်တွေ
(မိုးမခ) အောက်တိုဘာ ၃၁၊ ၂၀၁၇

လှပခန့်ညားတဲ့ စကားလုံးတွေက
အချိန်အတိုင်းအတာတခုထဲမှာတော့
ဘောင်ဝင်ခဲ့ပါတယ်။

အမှောင်တွယ်ကပ်လာတဲ့ အခန်းမှာ
ညကို ညနဲ့တိုင်းတာကြည့်မှ
အလင်းရောင်ခြည်သမ်းလာတဲ့ လမ်းမှာ
ဘဝကို ဘဝနဲ့တိုင်းထွာကြည့်မှ။

သင်ခန်းစာအသစ်တွေက
ကာလအဟောင်းတွေထဲ ထပ်တလဲလဲ
ရွှေငွေနဲ့ လဲလို့လည်း မရနိုင်ခဲ့ကြ။

အမြဲတမ်းပြောင်းလဲနေခြင်းကို
ထာဝရတည်မြဲတဲ့ အရာလို့ ငါတို့ဆိုကြမယ်။

ဖြတ်သွား ဖြတ်လာ ကာလတွေထဲမှာဖြစ်ဖြစ်
ငြိမ်ငြိမ်လေးထိုင်နေတဲ့ နှစ်တွေထဲမှာဖြစ်ဖြစ်
မှတ်သားစရာ အသစ်တွေဟာ မြစ်ရေစီးသလို
ကိုယ့်အကြောင်းအရာတွေထဲကို ရောက်လာခဲ့မြဲ။

ကိုယ့်အပူ ကိုယ့်လက်အိတ်ထဲ ထည့်ယူလာနိုင်ခဲ့သလို
ကိုယ့်အအေးဓါတ် ကိုယ့်ဖိနပ်ထဲ ထည့်လျှောက်သွားနိုင်ခဲ့တယ်
သွားသွားလာလာ တောနဲ့တောင်စွယ်တွေပေါ်မှာ
ဘယ်ကို ဘယ်လို ဘာနဲ့လှည့်လှည့်
၂၄ နာရီဟာ တည့်တည့်မြည်နေခဲ့တယ်။

ကြည်လင်တဲ့ ရေပေါ်ရေးခဲ့တဲ့ အရုပ်တရုပ်ဟာ
မျက်လုံးများနဲ့ မမြင်သာပေမယ့်
နှလုံးသားထဲမှာတော့ စွဲစွဲမြဲမြဲ
၂၉ ခါ ၂၉ နှစ် ၂၉ ကမ္ဘာ ဘယ်လို ဘယ်လောက်ပဲ လွဲလွဲ
အရေပြားပေါ်က အရောင်ဟာ မပြောင်းလဲဘူး။

ဆောင်းယွန်းလ
(အောက်တိုဘာ ၃၀ ရက်၊ ၂၀၁၇)

Comments