သာထက်အောင် ● ခြစားတဲ့အိမ်



သာထက်အောင် ● ခြစားတဲ့အိမ်
(မိုးမခ) အောက်တိုဘာ ၃၀၊ ၂၀၁၇


အခု ကျွန်တော်အခြေချနေထိုင်တဲ့ ဆစ်ဒနီမြို့ရဲ့ရာသီဥတုက ဆောင်းလည်းမမည် နွေလည်းမပီ သေးတဲ့ Spring လို့ခေါ်တဲ့ နွေဦးရာသီပါ။ နေလို့ထိုင်လို့ကောင်းရုံလေးဆိုပါတော့။ နေလို့တော့ကောင်း ပါရဲ့။ တနေ့တခြား ပူနွေးလာတဲ့ရာသီဥတုက ကျွန်တော်တို့လို အပူပိုင်းကလာတဲ့သူအဖို့ မမှုပေမယ့် ဒီနှစ်နွေက ၅၀ ဒီဂရီ စင်တီဂရိတ် အထိ ရောက်နိုင်တယ်လို့ ကြိုတင်ခန့်မှန်းထားလို့ နေရတာခပ်လန့်လန့်ပါပဲ။

ပူနွေးလာတဲ့ရာသီဥတုနဲ့အတူ တဆောင်းတွင်းလုံး ပျောက်ချက်သားကောင်းနေတဲ့ ပုရွက်ဆိတ် တို့၊ ပိုးဟပ်တို့၊ ယင်ကောင်တို့ ဟိုနားတကောင် သည်နားတကောင် တွေ့လာရပါပြီ။ ဒါကြောင့် Mortein ဆိုတဲ့ ပိုးမွှားသတ်ဆေးတဘူး ပြေးဝယ်ပြီး ဟိုနားရှူးရှူး ဒီနားရှူးရှူး လိုက်ဖြန်းနေရပါတယ်။ တကယ်တော့ ဒါက လက်ပူတိုက်လုပ်တာပါ။ ရှေ့လျှောက် ဒီထက်ပူလာရင် ပိုးဟပ်တွေ ပုရွက်ဆိတ် တွေက အုံနဲ့ကျင်းနဲ့ ထွက်လာတတ်ပါတယ်။

ဖြစ်နိုင်ရင်တော့ တနှစ်တခါ Pest Control လုပ်ဖို့လိုပါ တယ်။ ကျွန်တော်လည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ အဆင်ပြေနေတော့ ပိုးဟပ်တွေလည်း သိပ်မတွေ့ရလေ တော့ စနစ်တကျ ပိုးမွှားနှိမ်နင်းတာ ကျွမ်းကျင်သူ Pest Control ကို မခေါ်ဖြစ်ပါဘူး။ မခေါ်ဖြစ်တာ ၄-၅ နှစ်လောက်တောင် ရှိပြီထင်ပါရဲ့။ ဒါနဲ့ ဒီနှစ် တော့ Pest Control ခေါ်ပြီး ဆေးလေးဘာလေး တအိမ်လုံး တခြံလုံး ဖြန်းသင့်ပြီထင်တာနဲ့ ခေါ်လိုက် ပါတယ်။ ဒေါ်လာ ၁၅၀ ပေးရပါတယ်။ နောက်နေ့အိပ်ရာထတော့ ပိုးဟပ် ၃ ကောင် အနိစ္စရောက်နေတာ တွေ့လို့ အမှိုက်ပုံးထဲပစ်ရင်း အင်း … ဒင်းတို့သေဖို့ တကောင်ကို ဒေါ်လာ ၅၀ နှုန်းနဲ့ သတ်ရပါ့လား ဆိုပြီး ပြုံးမိပါသေးတယ်။

အခုကျွန်တော်ရေးပြနေတာ တကယ်တော့ ဘာမှလည်း အဆန်းမပါပါဘူး။ မြို့ပြလူနေမှုဘ၀မှာ အိမ်တိုင်းနီးပါး ပြုမူဆောင်ရွက်နေရတဲ့ကိစ္စမို့ စာဖွဲ့လောက်အောင် အရေးမကြီး ပါဘူး။

အဲ … အိမ်တအိမ်မှာ ပိုးဟပ်၊ ပုရွက်ဆိတ်၊ ယင်ကောင်လောက်တင်မကပဲ `ခြ´ကိုပါတွေ့ပြီ ဆိုရင်တော့ အဲ့ဒီအိမ်ရှင်ခေါင်း ဆင်နင်းတော့တာပါပဲ။ ဆေးဘူးလေးကိုင်ပြီး ရှူးရှူးလုပ်ရုံနဲ့ ဒီခြတွေမသေ ပါဘူး။ Termite လို့ခေါ်တဲ့ `ခြ´ ကိုနှိမ်နင်းဖို့ Pest Control ကိုခေါ်ပြီဆိုရင်တော့ ဒေါ်လာထောင်နဲ့ချီ ကုန်နိုင်သလို အဆင်မသင့်ရင် သောင်းနဲ့ချီ ကုန်ပါတယ်။ ပိုက်ဆံနှမြောပြီး မနှိမ်နင်းဘူးဆိုရင်တော့ မကြမတင်မီသောကာလမှာ သင့်ရဲ့အိမ်ထဲမှာရှိတဲ့ စာအုပ်၊ အ၀တ်၊ ဗီရို၊ ပရိဘောဂ၊ သစ်သားနဲ့လုပ်ထား သမျှ သင်္ခါရ နယ်ထဲ ရောက်တော့တာပါပဲ။ ၀ါးလို့ရတာအကုန်ဝါး၊ စားလို့ရတာအကုန်စား သွားပါလိမ့်မယ်။ အနိစ္စသဘောကို မျက်ဝါးထင်ထင် မြင်ရပါလိမ့်မယ်။

ခြကိုနှိမ်နင်းဖို့ဆိုတာ ကိုယ်တိုင်ထလုပ်လို့ ရတာမျိုးမဟုတ်ပါဘူး။ Professional Pest Control ကိုခေါ်ပြီး ခြလာရာလမ်းကြောင်းကို ရေဆုံးရေဖျား လိုက်ရတာပါ။ သူပေါက်ပွားကြီးပြင်းရာကို ခြေရာ ရအောင်ခံပြီးမှ ဆေးထိုး၊ ဆေးမှုတ် လုပ်ရတာဆိုတော့ မြေကြီးကိုတူးရ လှန်ရပါတယ်။ အဆင်မသင့်ရင် သူများဝင်းတွေ ခြံတွေထဲအထိ လိုက်တူးရ ဖော်ရတာဆိုတော့ တာဝန်ကြီးပါတယ်။ တာဝန်လည်းခံရပါတယ်။ ပိုက်ဆံရပြီးရော လုပ်လို့မရပါဘူး။ (၃) နှစ် (၅) နှစ် စသဖြင့် အာမခံရပါတယ်။

ဟိုတခေါက် ရွှေပြည်ကြီးမှာရှိတဲ့ အမျိုးတွေနဲ့ ဖုန်းပြောရင်း အဲဒီ `ခြ´အကြောင်း ရောက်သွား ပါတယ်။ သူတို့ဒုက္ခကတော့ ရှင်းလို့မလွယ်တဲ့ ဒုက္ခကြီးပါ။ ဆောက်ပြီးတာ (၁)နှစ်တောင်မရှိသေးတဲ့ သူရဲ့တိုက်ကြီးထဲမှာ ခြတွေနှိပ်စက်ထားလို့ အ၀တ်တွေ၊ အ၀တ်ဗီရိုတွေ မွစာတက်နေပြီလို့ ငြီးပါတယ်။ ဒါတောင် တိုက်ဆောက်စဉ်က သစ်သားကို အတတ်နိုင်ဆုံး ရှောင်ခဲ့တယ်လို့ဆိုပါတယ်။ သြစတြေးလျမှာတော့ လိုအပ်လို့ သစ်သားလေး ဘာလေး ၀ယ်သုံးရင် Treated Timber လို့ခေါ်တဲ့ ခြမစားအောင် ဓါတုဗေဒ နည်းနဲ့ စီမံပြီးသား သစ်ကိုပဲ သုံးရဲပါတယ်။ အဲဒီသစ်သားမျိုးက ဈေးကြီပေမယ့် ခြဒဏ်ကာကွယ်နိုင်ပါ တယ်။ တခေါက် ရွှေပြည်ကြီးပြန်ရောက်တော့ ကျွန်တော်မသယ်နိုင်လို့ ထားခဲ့တဲ့စာအုပ် အတော်များ များမရှိတော့ပါဘူး။ ဒါနဲ့ ကျွန်တော့်အကိုကို မေးကြည့်တော့ ပေးတာပေး လှူတာလှူ လုပ်လိုက်ပြီတဲ့။ ဘာပြုလို့လဲမေးတော့ ဒီအတိုင်းထားရင်း ခြကိုအစာကျွေးမွေးထားသလို ဖြစ်တော့မှာတဲ့။ မြို့လယ်ခေါင် တိုက်ခန်းကလည်း ခြတဖွေးဖွေးနဲ့ပါလား။

ကျွန်တော့်အသိတယောက်ရဲ့ ပြဿနာက ပိုတောင်တရားကျဖို့ ကောင်းသေး။ သူ့အိမ်က (သူတို့အခေါ်) အုတ်ညှပ်ကာခေါ်မလား၊ အပြင်ကကြည့်ရင်တော့ အုတ်တိုက် အထဲကနံရံတွေက သစ်သားဆိုတော့ အို … ဘာပြောကောင်းမလဲ တံခါးဘောင်တွေ၊ ထုတ်တွေ၊ တန်းတွေ ခြစားလို့ ကုန် သွားလိုက်၊ တချောင်းအစားထိုးလိုက်နဲ့ သူ့အိမ်သူကြည့်ပြီး အလွန်စိတ်ဆင်းရဲဆိုပဲ။

ဒါနဲ့ ခြသတ်ဖို့ ခြဆရာတွေခေါ်ဆွေးနွေးတော့ (၇)သိန်း ကျမယ်။ ခုနှစ်နှစ်အာမခံမယ်တဲ့ မတတ်နိုင်လို့ လက်မှိုင်ချနေရ တာထက် သူတကယ်တတ်နိုင်လို့ ခေါ်လုပ်လည်း ပတ်ဝန်းကျင်အိမ်တွေမှာ ခြတွေဗရပွရှိနေရင် အချိန် တန်ပြန်လာမှာပဲ။ အဲဒီပြဿနာက သူ့ကိုစိတ်အနှောင့်အယှက်အပေးဆုံး ကိစ္စဖြစ်နေတယ်လို့ ဖုန်းထဲ ကနေပြောပါတယ်။ တအိမ်တည်း၊ တယောက်တည်း ကောင်းရုံနဲ့မရပါဘူး။

သူနဲ့ဖုန်းပြောပြီး ကျွန်တော်နည်းနည်းလေး အကျယ်ချဲ့ပြီး တွေးနေမိပါတယ်။ အိမ်တအိမ်မှာ ခြစားနေတာတောင် ရှင်းရခက် စိတ်တွေပျက်နေရရင် တတိုင်းပြည်လုံး `ခြစား´နေပြီဆိုရင် ဒီတိုင်းပြည် လည်း မကြာခင် ဟောင်းလောင်းဖြစ်ပြီး ပြိုပျက်ယိုယွင်သွားမှာပါကလားလို့ တွေးမိပါတယ်။

အိမ်တအိမ် ခြတွေသောင်းကျန်းနေပြီဆိုရင် ဆေးဘူးလေးကိုင်ပြီး လက်ပူနေလို့မရပဲ။ သူလာရာ သူပေါက်ဖွားရာကို ရေဆုံးရေဖျားလိုက်ပြီး နှိမ်နင်းရသလို တိုင်းပြည်တပြည် ခြစားမှုတွေကြီးနေပြီ ဆိုရင် တော့ ထိရောက်အစွမ်းထက်တဲ့ တရားဥပဒေကိုသုံးပြီး မြစ်ဖျားခံရာ အရင်းအမြစ်ထိလိုက်မှ အဆင်ပြေ မှာပါ။ ခုလို ကွန်တိန်နာနဲ့တလုံး မူးယစ်ဆေးတွေမိလည်း ပိုင်ရှင်မဲ့၊ ၁၂ ဘီးတပ်ကားကြီးနဲ့ တရားမ၀င် ကျွန်းသစ်တွေဖမ်းမိလည်း ပိုင်ရှင်မဲ့၊ ဗိုလ်မှူးတယောက်ပါတဲ့ကားပေါ်က မူးယစ်ဆေးမိတာကို ကားကြုံ လိုက်လာတာပါ ပြောလို့ပြော။ အိမ်ဖော်ကလေးမလေးတွေကို လူမဆန်စွာနှိပ်စက်တာကို သိလျက်နဲ့ တရားဥပဒေအရ အရေးမယူပဲ လူ့အခွင့်အရေးကော်မရှင်ဆိုသူတွေက ၀င်ညိပေးလို့ပေး၊ နေ့ခင်းကြောင် တောင် လေဆိပ်မှာ လူတယောက်ကို နောက်တည့်တည့်ကလုပ်ကြံတာကိုပဲ မျိုးချစ်စိတ်လွန်ကဲပြီး လူငယ်သဘာဝ ပြောနေတာတွေကို ထိရောက်အစွမ်းထက်တဲ့ တရားဥပဒေနဲ့ မနှိမ်နင်းရင် အိမ်တအိမ် ခြစားတာထက် အများကြီးပိုဆိုးပါတယ်။ အန္တရာယ်သိပ်ကြီးပါတယ်။

တကယ်တော့ ရွှေပြည်ကြီးဟာ အလွန်အံ့သြဖို့ကောင်းတဲ့နိုင်ငံပါ။ မသူတော်တွေရေးဆွဲထားတဲ့ မတရားတဲ့ နာဂစ်အခြေခံဥပဒေကြီးကို ကာကွယ်ပါမယ်။ စောင့်ရှောက်ပါမယ်ဆိုတာ ခြတောင်ပို့ကြီးကို ဖယောင်းတိုင်ထွန်း၊ အမွှေးတိုင်ထွန်း ပူဇော်နေတဲ့ ပညာမဲ့အယူလွဲတွေရဲ့လုပ်ရပ်နဲ့ တပုံစံတည်းပါပဲ။

အခုတလော ပြောနေကြတဲ့ အနောက်ခြံစည်းရိုးကျိုးပြီဆိုတာ ခုမှမဟုတ်ပါဘူး။ နိုင်ငံရေးခြစားမှု၊ ငွေရေးကြေးရေးခြစားမှုတွေနဲ့ လုံးခြာလည်နေတာ ကြာလှပါပြီ။ အရှေ့တံခါးကြီး ပွင့်နေတာကြာလှပြီပဲ။ ပြည်တွင်းက အဖိုးတန်သယံဇာတတွေ အရှေ့တံခါးကနေ တသောသောထွက်နေတာ ဘယ်တာဝန်ရှိပုဂ္ဂိုလ် တွေကများ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်အရေးယူခဲ့ဖူးလို့လဲ။

ရွှေပြည်ကြီးမှာ နေထိုင်လုပ်ကိုင်စားသောက်နေကြတဲ့ ပြည်သူတွေ ဘယ်လိုရုန်းကန် ဘယ် လောက်ခံစားနေကြရတယ်ဆိုတာ ကျွန်တော်ထက် သူတို့ပိုသိပါတယ်။ ငွေမရှိ အရှိန်အ၀ါမရှိရင် တရားလိုက တရားခံဖြစ် ``မှားသူကစံ မှန်သူကဒဏ်´´ ဆိုတာတွေ မမြင်ချင်မှအဆုံးပါ။ တရားဥပဒေ မစိုးမိုးသမျှကာလပတ်လုံး ခြစားခံရတဲ့ အိမ်ကြီးလို တအိအိပြိုကျပျက်စီးသွားမယ်ဆိုတာ ဗေဒင်မေးစရာ မလိုပါဘူး။ ခုတလောကြားရတဲ့ ဖေ့စ်ဘွတ်ခ် သတင်းအရ မန္တလေးကျုံးဘေးမှာ သောက်စားမူးယစ်သူတွေ၊ မိန်းမရွှင်၊ မိန်းမပျက်၊ မိန်းမလျာတွေ ဖမ်းလာဆီးလာနေပြီး ရုံးတင်တော့ တယောက်ဒဏ်ငွေ ၅၀ ကျပ် ဆိုတာ အရပ်ရပ်နေပြည်တော် ကြားလို့မှမတော်ပါဘူး။ သူတို့ခမျာ ဒဏ်ရိုက်ခံရတာထက် မြန်မာငွေ ၅၀ တန်တရွက်ရှာဖို့ တော်တော်ခေါင်းစားမယ်ထင်ပါတယ်။

အချုပ်ဆိုရရင် … ဟို ခေါင်ကအစ … အသက် ၆၀ ပြည့်လျက်နဲ့ ပင်စင်ယူဖို့ငြင်းဆန်တဲ့သူကအစ ဘယ်ညာတောင် မှန်အောင်မနင်းတတ် မလျှောက်တတ်ဘဲ ငွေညှစ်ဖို့လောက်သာ နားလည်တဲ့ပုလိပ် အဆုံး … တတိုင်းပြည်လုံး ပျော်ပျော်ကြီးခြစားနေမယ်ဆိုရင်ဖြင့် … မကြာတော့သော ကာလတခုမှာ ဗုန်းဗုန်းကြီးပြိုကျပျက်စီးသွားတဲ့ နိုင်ငံငယ်တခု ကမ္ဘာမှာ ပေါ်လာပါလိမ့်မယ် ။ ။

သာထက်အောင်
အောက်တိုဘာ ၁၃၊ ၂၀၁၇
0