မောင်လူရေး - ပုလိပ်အဖွဲ့ကြီး ပြုပြင်ရန်လိုသေးကြောင်း


မောင်လူရေး - ပုလိပ်အဖွဲ့ကြီး ပြုပြင်ရန်လိုသေးကြောင်း
(မိုးမခ) အောက်တိုဘာ ၂၁၊ ၂၀၁၇

မနက်က လက်ဖက်ရည်ဝိုင်းမှာ ဖြိုးကိုကိုတင့်ဆန်းနဲ့ပတ်သက်တဲ့ ရဲမင်းကြီးဇော်ခင်အောင် အကြောင်းဘဲ ပြောဖြစ်ကြတယ်။

ရဲမင်းကြီးက ရဲအစစ်မဟုတ်တော့ ရဲစကားမပြောတတ်။ စစ်သားစကားလားဆိုတော့လဲ မဟုတ်ပြန်။ တရားခံရှေ့နေလိုလို ပြောဆိုနေတဲ့အကြောင်းတွေပေါ့လေ။

တယောက်ပြောတာက ရဲမင်းကြီးက လက်နက်တွေ စမိမိခြင်း လက်နက်တွေဟာ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့လို့ ပြောတယ်။ နေပြည်တော်လေဆိပ်မှာမိတာနော်။ သူ့စကားအတိုင်းဆို မင်းနေပြည်တော်မှာ ဒုစရိုက်ဂိုဏ်းသားတွေဘဲ ကျက်စားနေသလိုလိုဘဲတဲ့။

တဦးကတော့ သူ့ရဲ့အဲဒီစကားဟာ အရေးကြီးပါတယ်။ သူ့စကားရဲ့အသံအတိုင်းဘဲ နေပြည်တော်ရဲက လက်နက်မှုလုံးဝမပါဘဲ မူးယစ်မှုနဲ့ဘဲ စွဲထားတဲ့စာ အွန်လိုင်းမှာ တက်လာပါတယ်။ ဆေးပြား ၁၂ ပြားအတွက်ဘဲ အမှုပါပြီး သေနတ် ၉လက်အတွက် တစက်မှ မပါပါဘူး။ တံဆိပ်အတု ရဲအတုလုပ်တာတွေအတွက်လဲ မပါပါဘူး။ ဆေးမှုမှာလဲ လက်ဝယ်တွေ့ရှိမှုလောက်ဖြစ်လို့ရတာကို ဆီးမစစ်ဘဲ အလိုလိုသိတဲ့သဘော သုံးစွဲမှု ရောင်းဝယ်မှုတွေပါ တခါတည်း ထည့်ထားပါတယ်။ ရောင်းတာလဲ သိပီးသားလားမသိ။ စွဲရမယ့်ဟာ ချန်ပြီး မစွဲရမယ့်ဟာတွေ ထည့်ထားတဲ့အကြောင်း ပြောတယ်။

တယောက်ကတော့ သူ့စကားတွေထဲမှာ ဖကကတဆဟာ လုံခြုံရေးကုမ္ပဏီထောင်မလို့ဆိုတာ သူသိတယ်၊ ကားတွေကလဲ အပြင်မှာ လုံးဝမသုံးဘူးဆိုတာ သူသိတယ်လို့ပြောတယ်၊ ဘယ်လိုသိတာလဲပေါ့၊ အဲလောက်သိနေတာကို မူးယစ်တရားခံကို ဟိုတယ်မန်နေဂျာခန့်ထားတာကျ ဘာ့လို့မသိပါလိမ့်ဆိုတာပြောတယ်။ တဆက်တည်း သူ့ကိုပါ ဖမ်းစစ်သင့်တယ်လို့ ဖေ့ဘွတ်မှာ တင်ထားကြတဲ့အကြောင်းလဲ ပြောသေးတယ်။

ရဲမင်းကြီးတွေကို ရဲအစစ်မဟုတ်လို့ဆိုတာက သူတို့က မိုးကျရွှေကိုယ်တွေလေ။ အဲ ဘွာတေး ဘွာတေး ကျုပ်တို့ လက်ဖက်ရည်ဝိုင်းထဲက တယောက်က အဲလို အသွင်ပြောင်းစစ်ဗိုလ်တွေကို မိုးကျရွှေကိုယ်လို့ ခေါ်တာမကြိုက်ဘူး။ သူကတော့ ရေမျောကမ်းတင်လို့ သုံးပါတယ်။

ပြီးတော့ ရဲမင်းကြီးတွေ နယ်ပြောင်းကြတာ ခနခနနော်။ အဲဒါမှာလဲ ပြောင်းတာဘဲရှိပြီး ပြုတ်တာကမရှိတော့ ဘယ်သူ ဘယ်လောက်တော်လဲ ရှော်လဲဆိုတာလဲ မသိရ။ ဒါမှမဟုတ် အကုန်လုံးသိပ်တော် မဟားဒယားတော် အလွန်တော် အလွန့်အကျွံတော် သောက်ကျိုးနဲတော်တွေချည်းထင်ပါရဲ့ဆိုပြီးလဲ ပြောတယ်။

တယောက်ကတော့ အိုးဝေဦးညိုမြကို သတင်းစာမှာ ခေါင်းကြီးတွေမထပ်အောင် ဘယ်လိုရေးလဲလို့မေးတော့ ရေးစရာမရှိရင် ပုလိပ်အဖွဲ့ကြီး ပြုပြင်ရန်လိုသေးကြောင်း ဆိုပြီး ရေးလိုက်ရုံဘဲတဲ့လို့ ပြောတယ်ဆိုတဲ့အကြောင်း ပြောတယ်။

အင်း ပုလိပ်အဖွဲ့ကြီးကလဲ အမြဲပြုပြင်ရန်လိုသကိုးနော့။
မောင်လူရေး

Comments