ဗိုလ်သူရိန် ● ဒိုင်ဗင် ထက်ခိုင်နှင့် ပင်လယ်ဓါးမြ သူခိုးများ

ဗိုလ်သူရိန် ● ဒိုင်ဗင် ထက်ခိုင်နှင့် ပင်လယ်ဓါးမြ သူခိုးများ
(မိုးမခ) အောက်တိုဘာ ၂၄၊ ၂၀၁၇

သင်္ဘောသားဆိုရင်  ပြန်ပေးစွဲတဲ့ ဆိုမာလီပင်လယ်ဓါးမြကို တွဲမြင်ကြမှာပါ။ ထို့အတူ သင်္ဘောသားအတွက်နောက်ထပ် အသက်အန္တရာယ်ရှိတာက သင်္ဘောပေါ်တက်ပြီးတိုက်တဲ့ ပယ်လယ်ဓါးမြများနှင့် သူခိုးတွေလည်း ရှိပါသေးတယ်။ အဓိက မလက္ကာ (malacca) ရေလက်ကြားအနီးဝန်းကျင်နဲ့ အာဖရိက နိုင်ဂျီးယီးယား (Nigeria) ဘက်မှာ သင်္ဘောပေါ်တက်ပြီး တိုက်တဲ့ပင်လယ်ဓါးမြတွေဟာ ၂၀၁၆ ခုနှစ်အထိကို တိုက်နေတုန်းပါ။ သူတို့တွေက အဓိက သင်္ဘောသူကြီး Captain ဆီ က အဓိကတိုက်ယူကြပြီး ကျန်သင်္ဘာသားတွေဆီကလည်း ရသလောက်ယူသွားကြပါတယ်။ (သူကြီးဆီမှာက သင်္ဘေသား လစာ အချို့နဲ့ ကုမ္ပဏီငွေတွေက ရှိနေတာ ဓါးမြတွေက သိကြတယ်လေ။)

ကြုံဖူးတဲ့ သင်္ဘောသား Old service ကြီးတွေပြောတာကတော့ ဒီလိုပယ်လယ်ပြင်နေရာတွေကိုဖြတ်သန်းရင် အနည်းဆုံး ဒေါ်လာ ၁၀ နဲ့ ၂၀ ကြားတော့ ဆောင်ထားကြတယ်တဲ့။ တကယ်လို့ ဓါးမြတွေလာရင် ဒေါ်လာလုံးဝမရှိဘူးဆို ရိုက်နှက်သွား တက်ကြတယ်လို့ ဆိုပါတယ်။

နောက်ထပ်ကြုံရတာက သင်္ဘောပေါ်က ပစ္စည်းတွေတက်ခိုးတဲ့ သူခိုးတွေပါပဲ။ အာရှဘက်မှာဆို အင်ဒိုနီးရှားနှင့် ဘင်္ဂလား ဒေ့ရှ် မှာကုန်သွားတင်ရင် အများဆုံးကြုံရပါတယ်။ အဓိက သူတို့က သင်္ဘောကြိုးတွေကို ခိုးယူကြတာများပါတယ်။ စက်လှေ
အသေးလေးနဲ့လာကြပြီး သင်္ဘောပေါ်ခိုးတက်ကြ။ နောက် Winch မှာ ရစ်ထားတဲ့ကြိုးတွေကို အောက်ကလှေ ပေါ်ချပေးကြ တယ်။ တကယ်လို့ သင်္ဘောကသိသွားရင်လည်း ကြိုးကို ရသလောက်ဖြတ်ယူသွားကြပါတယ်။ အများအားဖြင့် တော့ ညဘက်လာခိုးကြသလို တခါတလေ နေ့ဘက်မှာလည်း လစ်သလို လာခိုးကြပါတယ်။ ပင်လယ်ပြင် ဓါးမြ သူခိုးများ ထုံးစံ အတိုင်း ငါးဖမ်းလှေလိုလို အယောင်ဆောင်လာကြတာ။ ဒီဓါးမြတွေနှင့် သူခိုးတွေကလည်း အခန့်မသင့်ရင် လူပါ သတ်သွား တတ်ကြပါတယ်။ ဒါနဲ့ ပက်သက်လို့ ကြုံရဖူးတာကေို ပြောပြချင်ပါတယ်။ ရယ်လည်းရယ်စရာလေး တစ်ခုပါ။

သူ့နာမည်က ဒိုင်ဗင်ထက်ခိုင်။ မင်းသားကြီး ဒိုင်ဗင် (ဦး) တင်လှနဲ့ အမျိုးတော်လို့တော့မဟုတ်ပါဘူး။ ပင်လယ်ရေမျက်နှာပြင် အထက် ၁၅ မီတာ (၄၅ ပေ နီးပါး) အမြင့်ရှိ သင်္ဘောပေါ်ကနေ ရေထဲကို ဒိုင်ဗင်ထိုးချခဲ့ဖူးလို့ပါ။ ဖြစ်ပုံက ဒီလို…….ဒီလို……။
ကိုထက်ခိုင်က ကျွန်တော်တို့သင်္ဘောမှာ O/S (Ordinary seaman) နဲ့ လိုက်တဲ့သင်္ဘောသား အငယ်လေးတယောက်ပါ။ 

ကျွန်တော်တို့သင်္ဘောက အင်ဒိုနီးရှား ဂျကာတာ မှာကုန်ယူဖို့အလှည့်ကျစီနီယာစောင့်ရင်း ဆိပ်ကမ်းအပြင်ဘက် မှာ ကျောက်ချထားတုန်းကပေါ့။ တစ်နေ့ ကိုထက်ခိုင်ရဲ့ ဆရာကိုအောင်နိုင်ဦး (Bosun) ကသင်္ဘောရှေ့ပိုင်းမှ ပစ္စည်းတစ်ခုသွား ယူခိုင်းပါတယ်။ ကျွန်တော်တို့သင်္ဘောက ရှေ့နဲ့နောက် မီတာ၂၇၅ (ပေ ၈၀၀ ကျော်) ရှည်ပါတယ်။ အသွားအပြန် ငါးမိနစ် ပစ္စည်းရှာတာနဲ့ ဆယ်မိနစ်ပေါ့။ အခု ကိုထက်ခိုင်က မိနစ်နှစ်ဆယ်လောက်လည်း ပြန်မလာတော့ သူ့ဆရာ Bosun က စိတ် မရှည်တော့တာနဲ့ ရှေ့ကိုလိုက်သွားပါတယ်။ သိပ်မကြာပါဘူး Bosun က သူခိုး သူခိုး ဆိုပြီး အော်ဟစ်ပြန်ပြေးလာပါတယ်။

ကျွန်တော်တို့နားရောက်မှ ရှေ့ကသင်္ဘောကြိုးတွေကို အင်ဒိုနီးရှားသူခိုးတွေက သင်္ဘောပေါ်ကနေ အောက်မှာရှိတဲ့သူတို့စက်လှေအသေးလေးပေါ် ဆွဲချနေကြောင်းBosun ကပြောပြီး တာဝန်ကျအရာရှိဆီသတင်း လှမ်းပို့ပါတယ်။ ကျွန်တော်တို့သင်္ဘောသားတွေအားလုံး တုတ်တွေ သံလုံးတွေကိုင်ပြီး သင်္ဘောတစ်စီးလုံးက လူတွေ အကုန်လုံးရှေ့ကို သူခိုးသူခိုးဆိုပြီး ညာသံပေးချီတက်သွားလိုက်ပါတယ်။ သူခိုး ၂ ယောက်က  ၁၅ ယောက်လောက်ရှိတဲ့ ကျွန်တော်တို့လူ အုပ်ကြီးကိုမြင်တော့ သင်္ဘောပေါ်ကနေ ရေထဲခုန်ချသွားကြပါတယ်။ ကျွန်တော်တို့က သင်္ဘောနဲ့တန်းလန်းကြီးဖြစ်နေတဲ့ သူတို့စက်လှေပေါ် ရောက်နေတဲ့ကြိုးတွေကို Winch နဲ့ ပြန်ရစ်တင်ရပါတယ်။ သူခိုးတွေလည်း အခြေအနေမဟန်မှန်းသိတော့  သူတို့စက် လှေပေါ်က ကြိုးတွေကို ရေထဲပစ်ချပြီး မောင်းပြေးကြပါတယ်။

ကျွန်တော်တို့လည်း ကြိုးတွေကိုပြန်ရစ်တင်ပြီး မောမောနဲ့အပန်းဖြေ ခဏအနားမှ ကိုထက်ခိုင်ကိုသတိရလာပါတယ်။ ကျွန် တော်တို့ ဟိုရှာ သည်ရှာလုပ်တုန်း ကျောက်ချထားတဲ့ ကျောက်ဆူးကြိုးအပေါက်ဝကနေ ရေ စိုချွဲနေတဲ့ ကိုထက်ခိုင်ကို တွေ့လိုက်ရပါတယ်။ ဘယ်လိုဖြစ်တာလဲ ဝိုင်းမေးကြတော့ ကိုထက်ခိုင် ဘာမှပြန်မပြောနိုင်ရှာပါဘူး။ သူ့ခမျာ တော်တော် ကြောက်နေတဲ့ ပုံစံပါပဲ။ ဒါနဲ့ ကျွန်တော်တို့လဲ နောက်မှမေးတော့မယ်ဆိုပြီး နောက်ကိုပြန်လာခဲ့ပါတယ်။

နေ့လယ်ထမင်းစားချိန်ရောက်မှ ကိုထက်ခိုင်ဖြစ်ကြောင်းစုံလင် ပြောပြပါတော့တယ်။ သူရှေ့ကိုအရောက် သင်္ဘောပေါ်က ကြိုးတွေကို စက်လှေပေါ်ဆွဲချနေတဲ့ သူခိုးတွေကိုတွေ့လိုက်တော့ မြင်မြင်ချင်းပဲ နောက်ကိုပြန်ပြေး ကျန်သင်္ဘောသားတွေကို ပြန်သတင်းပို့မယ်အလုပ်မှာ သူ့နောက်ကနေ ဓါးကိုင်ထားတဲ့သူခိုးကိုတွေ့လိုက်တော့ ဘာလုပ်ရမှန်းမသိဖြစ်နေတုန်း ကြောက်ကြောက်နဲ့ ရေထဲဒိုင်ဗင်ထိုးချလိုက်ပါတယ်။ ရေထဲရောက်ခါမှ သူရေမကူးတတ်ဘူးဆိုတာ သတိရသွားပြီး ယက် ကန် ယက်ကန်လုပ်နေတုန်း သူခိုးစက်လှေက ဒီကောင်တော့ ရေမကူးတက်ပဲ သေတော့မှာပဲဆိုပြီး လှေပေါ်ခေါ် ကျောက်ချ ထားတဲ့ကျောက်ကြိုးပေါ်ကို တင်ပေးလိုက်ပါတယ်။ ကျွန်တော်တို့ရောက်လာတဲ့အချိန်မှာ သူက ကျောက်ကြိုး  ကိုကြောက် ကြောက်နဲ့ တွယ်တက်နေရတာ။ ဘာမှအသံမပြုနိုင်ကြောင်း ပြန်ပြောပါတယ်။

ကျွန်တော်တို့လဲ ငိုအားထက်ရယ်အားသန်။ ဒီပင်လယ်ကြီးထဲကို ရေမကူးတတ်တဲ့ သူတယောက်က ၁၅ မီတာကနေ ဒိုင်ဗင် ထိုးချလိုက်တာဆိုတော့ နာမည်မကြီးဘဲနေမလား။ သူ့နာမည်ကို အဲဒိအချိန်ကစပြီး ဒိုင်ဗင်ထက်ခိုင်လို့ ဝိသေသဘွဲ့ထူး ပေးလိုက်ရပါတယ်။ ။

(Hyundai သင်္ဘောလိုင်း အမှတ်တရ)

ဗိုလ်သူရိန်
ခေတ္တ တောင်ကိုရီးယား
၂၁ ၁၀ ၂၀၁၇

Comments