ဂါမဏိ ● ကရင်အမျိုးသားတို့ရဲ့ လူမျိုးစုံသွေးစည်းချစ်ကြည်ရေးခရီး

ဂါမဏိ ● ကရင်အမျိုးသားတို့ရဲ့ လူမျိုးစုံသွေးစည်းချစ်ကြည်ရေးခရီး
(မိုးမခ) အောက်တိုဘာ ၃၀၊ ၂၀၁၇

၁၉၄၉ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ကရင့်တော်လှန်ရေးပေါက်ကွဲခဲ့ပြီး အောက်ဗမာပြည်မှာ စောဘဦးကြီး ခေါင်းဆောင်တဲ့ ကရင်နဲ့ နိုင်ဘလွင်-နိုင်ငွေသိမ်းခေါင်းဆောင်တဲ့ မွန်၊ အထက်ဖက်မှာ ဘီတူရယ်နဲ့ စောရွှေ ခေါင်းဆောင်တဲ့ ကရင်နီ၊ အနောက်ဖက်မှာ ဦးစိန္ဒာနဲ့ ဗုံပေါက်သာကျော် ခေါင်းဆောင်တဲ့ ရခိုင်အမျိုးသားတွေလဲ လက်နက်ကိုင်တော်လှန်ရေး အသီးသီးဆင်နွှဲခဲ့ကြတယ်။

အင်းစိန်တိုက်ပွဲမှာ ကရင်နီအမျိုးသားတွေ မွန်အမျိုးသားတွေ ပါဝင်ခဲ့ကြသလို ကရင်နဲ့မွန် ပေါင်းပြီး မော်လမြိုင် သထုံတို့ကို သိမ်းယူနိုင်ခဲ့တယ်။ ကရင်နဲ့ကရင်နီပေါင်းပြီး မော်ချီး၊ လွိုင်ကော်တို့ကို သိမ်းနိုင်ခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီ အချိန်က သွေးထိုးမှုတွေ အမြင်ကျဉ်းမှုတွေကြောင့် ဗကပ ပြည်သူ့ရဲဘော် စတဲ့ ဗမာအများစုပါဝင်တဲ့ လက်နက် ကိုင်တော်လှန်ရေးတွေနဲ့ ညီညွတ်ရေးမတည်ဆောက်နိုင်လို့ အောင်ပွဲနဲ့အလှမ်းဝေးခဲ့ရတယ်။ အထူးသဖြင့် ပြည်သူ့ရဲဘော်က ဖဆပလအစိုးရနဲ့ပေါင်းပြီး တိုင်းရင်းသားတပ်တွေကို ပြန်တိုက်တာတောင်ရှိခဲ့တယ်။ ကရင်နဲ့ မွန် ညီညွတ်ရေးတောင် ကာလတခု ပြန်ပျက်သွားခဲ့သေးတယ်။

ဒါပေမဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ဟာ တိုင်းရင်းသားညီညွတ်ရေးရဲ့အရေးကြီးမှုကို စကတည်းက သဘောပေါက်ခဲ့လို့ နယ်မြေချင်းနီးစပ်တဲ့ မွန်တော်လှန်ရေး၊ ကရင်နီတော်လှန် ရေးတွေနဲ့ ခိုင်ခိုင်မာမာ လက်တွဲနိုင်ခဲ့တယ်။
ဒါ့အပြင် တနိုင်ငံလုံးလွတ်မြောက်ရေးအတွက် ဘဝတူ ရှမ်း ပအိုဝ်း ကချင်တွေကို ကူညီဖို့ ၁၉၄၉ ခုကတည်းက ရှမ်းပြည်ဘက်ကို ကရင်တပ်တွေလွှတ်ခဲ့တယ်။ ဒါကြောင့် ၁၉၄၉ ခု ဒီဇင်ဘာ ၁၁ ရက်မှာ ပအိုဝ်းအမျိုးသား တွေရဲ့ ပဒေသရာဇ်ဆန့်ကျင်တော်လှန်ရေး ပေါက်ဖွားလာတဲ့အခါ ပအိုဝ်းနဲ့ကရင်ပေါင်းပြီး တောင်ကြီးမြို့အပါ အဝင် ရှမ်းပြည်တောင်ပိုင်း တော်တော်များများကို သိမ်းနိုင်ခဲ့တယ်။ အဲ့ဒီတုန်းက KNDO တပ်မှူးတွေဖြစ်တဲ့ တာတီးကလို၊ စောစပယ်ရှယ်၊ စောတာကလယ်၊ စောဖားမူ၊ မန်းကီးတောင်၊ ဆရာဘော်ဘီ၊ စောလှတို့ဟာ ဖရားတန်ကောင်ခဲ၊ ဗိုလ်ချန်ဇုံတို့ ခေါင်းဆောင်တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (ပအလဖ) ကို အပြီး အပိုင်ကူးပြောင်းပြီး ဝင်ကူခဲ့ကြတယ်။ ဗိုလ်လင်းထင်နဲ့ ဗိုလ်စီးပလိန်းတို့ကတော့ ကာလတခုသွားကူခဲ့ကြပြီး ကရင့်တော်လှန်ရေးကို ပြန်လာခဲ့ကြတယ်။ လွိုင်ကော်သိမ်းတုန်းက ဗိုလ်ချုပ်မြတောင် ပါခဲ့ပုံရတယ်။

ဗိုလ်နော်ဆိုင်း ခေါင်းဆောင်တဲ့ ကချင်သနက ၁ တောခိုပြီး KNU နဲ့ပေါင်းတိုက်ပြီးနောက် ကချင့်တော်လှန်ရေး ကိုလှုံ့ဆော်ဖို့ ကချင်ပြည်နဲ့ ရှမ်းပြည်မြောက်ပိုင်းကို တက်သွားတဲ့အခါ KNDO တပ်မှူးတွေ ရဲဘော်တွေလဲ လိုက်သွားကြတယ်။ ဒီထဲက မှတ်မိသလောက် နာမယ်ကြီးတာက စောမာတင်နဲ့ စောထွန်းတင်။ သူတို့ဟာ တရုတ်ပြည်အထိပါသွားခဲ့ပြီး ၁၉၆၈ မှာ ဗကပနဲ့အတူ ဗမာပြည်ထဲ ပြန်ဝင်တိုက်ခဲ့တယ်။ တပ်မဟာမှူးအဆင့်တွေ ဖြစ်ခဲ့ကြတယ်။ စောထွန်းတင်ဆိုရင် မိုးမိတ်မြို့သိမ်းတိုက်ပွဲကို (ယခု NDAA က) ကျန်းစစ်မင်နဲ့အတူ ဦးစီး ခဲ့တယ်။ ဒေါက်တာဆီးဂရေ့ရဲ့ နမ်းခမ်းဆေးရုံက ကရင်သူနာပြုဆရာမအများအပြားလဲ ဗိုလ်နော်ဆိုင်းတပ်နဲ့လိုက်သွားခဲ့ပြီး ၁၉၆၈ ခုနောက်ပိုင်း ဗကပမှာ ဆေးမှူးကြီးတွေ အဖြစ် တော်လှန်ရေးတာဝန်တွေယူခဲ့ကြတယ်။

၁၉၅၆ ခုမှာတော့ ကရင်ခေါင်းဆောင် ပဒိုစံလင်းဟာ KNPP နဲ့ ပအိုဝ်းတော်လှန်ရေးတွေဆီ သွားရောက်ကူညီ အားပေးခဲ့ တယ်။ ပအိုဝ်းတော်လှန်ရေးလက်နက်ချသွားတော့ ၁၉၅၉ မှာ ကရင်နီတော်လှန်ရေးကို ပြန်လာ ကူညီခဲ့တယ်။ ဒါပေမဲ့ ၁၉၆၃ မှာ SSA ဆီကို ခဏသွားကူခဲ့သေးတယ်။

၁၉၆၈ ခုမှာတော့ ကရင်တပ်မှူးတွေဖြစ်တဲ့ ဗိုလ်မှူးအေးဟန်၊ ဗိုလ်မှူးဘာဘာ တို့ဦးဆောင်ပြီး ပဒိုမန်းရှာ၊ စော သမိန်ထွန်း၊ စောပါစကား၊ စောဝါးဝါး၊ ကိုသိန်းလွင်တို့ဟာ ရလလဖ၊ SSA နဲ့ ပလောင်နယ်မြေတွေကတဆင့် တရုတ်ပြည်အထိ ရောက် သွားခဲ့တယ်။ သူတို့နဲ့အတူ တရုတ်ကွန်မြူနစ်ပါတီရဲ့ ရန်ကုန် ယူဂျီတာဝန်ခံ အန်စုလျံနဲ့ တရုတ်ကျောင်းသား တယောက်လဲ တရုတ်ပြည်ကို တောလမ်းနဲ့ လိုက်သွားခဲ့တယ်။ လမ်းခရီးမှာ ဗိုလ်မှူးအေးဟန် ကျဆုံးခဲ့ပြီး ဗိုလ်မှူးဘာဘာ အဖမ်းခံခဲ့ရတယ်။ ကျန်တဲ့ရဲဘော်တွေက ၁၉၇၀ ခုကျမှ တောင်ငူခရိုင်နဲ့ ပဲခူးရိုးမကို ပြန်ရောက်ခဲ့တယ်။
အဲ့ဒီနောက် ၁၉၇၂ ခုမှာ ကရင်ခေါင်းဆောင် စကောလယ်တော ခေါင်းဆောင်ပြီး အင်အား ၃၀ လောက်ပါတဲ့ ဒေါနအဖွဲ့ဟာ KNPP ရလလဖ SSA နဲ့ ဗကပ ဆီ ညီညွတ်ရေး-သွေးစည်းရေး ခရီးရှည် ထပ်ချီတက်ခဲ့ကြတယ်။ ပါဝင်တဲ့ရဲဘော်တွေကတော့ မှတ်မိသလောက် ဗိုလ်မီးသတ်၊ မန်းရှာ၊ စောသမိန်ထွန်း၊ စောလိလေး၊ စော တင်ငွေ၊ ဗိုလ်မင်းသိန်း၊ စောထို၊ စောတာ မလာထူး၊ စောအယ်ထူး၊ စောဖိုးချို၊ စောသန်းမြ၊ အောင်မြတ်ကျော်၊ စောနီကော်၊ စောဘီထူး၊ စောဟင်နရီ (7 July ဒဏ်ရာရကျောင်းသား)၊ စောဝီဖရက် (KNU ဗဟိုကော်မတီ ရခိုင် အမျိုးသား ဦးစိုးအောင်၏သား)၊ စောပါစကား၊ စောဝါးဝါး၊ စောဖားဒဲ၊ စောဗမိုး၊ စောငဖယ်၊ ဆရာထွန်းလှ၊ စောဆာယု၊ ဆရာသဒါး၊ မန်းစပီ စသူတို့ဖြစ်တယ်။ ဒီထဲမှာ တော်တော်များ များဟာ KNPP ကလလတ ရလလဖ ဗကပ တို့ဆီကိုကူးပြောင်းတာဝန်ယူပြီး လူမျိုးစုံသွေးစည်းချစ်ကြည်ရေးစိတ်ဓာတ်နဲ့ တပြည်လုံးတော်လှန်ရေး အတွက် စွမ်းစွမ်းတမန်ကြိုးပမ်း ကူညီပေးခဲ့ကြတယ်။ ကျန်တဲ့လူတွေက ၁၉၇၅ မှာ တောင်ငူခရိုင် ပြန်ရောက် လာတယ်။

ဒီကရင်ကိုယ်စားလှယ်အဖွဲ့ဟာ ဗကပနဲ့ တရုတ်ပြည်ကွန်မြူနစ်ပါတီမှာ သူတို့ကို ကရင်ပစ္စည်းမဲ့ပါတီ (ဝါ) ကရင်ကွန်မြူနစ် ပါတီအဖြစ် အသိအမှတ်ပြုဖို့ တောင်းဆိုခဲ့တော့ "တိုင်းပြည်တပြည်မှာ ကွန်မြူနစ်တပါတီ တည်းရှိရမယ်" ဆိုတဲ့ခေတ်ဖြစ်နေ လို့ အဆင်မပြေဖြစ်ခဲ့တယ်။ ကိုယ်စားလှယ်အဖွဲ့ထဲမှာလဲ အဲ့ဒီကိစ္စအပေါ် ကရင်အချင်းချင်း သဘောကွဲလွဲမှုတွေဖြစ်ခဲ့တယ်။ ဗကပ ရဲ့ခေါင်းဆောင်မှု မခံယူလို့ ဗကပ နဲ့ အဆင်မပြေ ဖြစ်ပြီး အကူအညီမပေးတဲ့ပြဿနာ မဟုတ်ခဲ့ဘူးလို့ သိမှီသူတွေက ပြန်ရှင်းပါတယ်။

အဲ့ဒီအချိန်မှာ ရလလဖ (ပအိုဝ်းနီ) အဖွဲ့ထဲ ၁၉၄၉-၅၀ ကတည်း လာရောက်ကူညီခဲ့ကြတဲ့ ဗိုလ်စပယ်ရှယ်၊ ဗိုလ် တာကလယ်၊ စောဖားမူ၊ မန်းကီးတောင်၊ ဆရာဘော်ဘီ၊ စောလှတို့ဟာ တချို့က ထိပ်တန်းရာထူးတွေနဲ့ တာဝန် ထမ်းဆောင်နေကြပြီး တိုက်ပွဲမှာကျတဲ့လူတွေလဲကျကုန်ပြီဖြစ်တယ်။ ဖယ်ခုံ-မိုးဗြဲကားလမ်းမှာ အစိုးရတပ် တပ်ခွဲတခွဲလုံးကို ခြုံခိုတိုက် ချေမှုန်းနိုင်လို့ 'စပယ်ရှယ်ကွေ့'လို့တောင် နာမယ်တွင်သွားခဲ့သေးတယ်။ အခုတော့ အဲ့ဒီ KNDO ရဲဘော်အားလုံးမရှိကြတော့ပါ။ ၁၉၇၃-၇၆ မှာ ကူးပြောင်းတာဝန်ထမ်းဆောင်ခဲ့သူတွေလဲ အခု တော့ အားလုံးနီးပါးကျဆုံးခဲ့ကြပါပြီ။ နောက်ပိုင်းမှာ အပစ်ရပ်အဖွဲ့တွေထဲ ရောက်သွားတာတွေရှိပေမဲ့ လက်နက် ချအညံ့ခံသွားသူတော့ တယောက်မှမရှိပါ။ ကရင့်အာဇာနည်စာရင်းဝင်ရုံတင်မက ကရင်နီအာဇာနည်၊ ပအိုဝ်း အာဇာနည်၊ ရှမ်းအာဇာနည်စာရင်းထဲပါ ဝင်သွားခဲ့ကြတယ်။ ဆီးဘူးက ကယန်းပြည်သစ် အာဇာနည်ကုန်းမှာလဲ ကမ္ပည်းထိုးထားတယ်။

၁၉၇၆ ခုမှာ KNU အရှေ့ခြမ်းနဲ့ အနောက်ခြမ်းပြန်လည်ပေါင်းစည်းပြီးနောက် KNU ကနေ မြောက်ပိုင်းကို ကူး ပြောင်းလာသူတချို့ကတော့ မန်းသက်ဖော၊ စောဗမိုး၊ စောဖားဒဲ၊ ဗိုလ်ချုပ်မြမောင်ရဲ့ ကိုယ်ရေးအရာရှိလုပ်ခဲ့သူ စောအေးကို တို့ဖြစ်ပြီး ဗကပ၊ ကယန်းပြည်သစ်၊ ရလလဖ၊ KNPP-ကလလတ တို့မှာ တာဝန်ထမ်းဆောင်ခဲ့ကြ တယ်။ ၁၉၇၇ ခုမှာတော့ ဗိုလ်ချုပ်မြရဲ့ အနီးကပ်ကိုယ်ရေးအရာရှိလုပ်ခဲ့သူ စောကိုဦးလဲ ရလလဖ ကတဆင့် ဗကပကို ကူးပြောင်းရောက်ရှိလာတယ်။
KNU ကနေ ဗကပ နဲ့ ရှမ်းပြည်တော်လှန်ရေး ကရင်နီပြည်တော်လှန်ရေးတွေကို ကူးပြောင်း အားပေးတဲ့အထဲမှာ နောက်ဆုံးလို့ပြောနိုင်တာက ပဒိုမန်းရှာလက်မှတ်နဲ့ရောက်လာတဲ့ အောင်ဆန်း ခေါ် စည်သူအောင်မြင့် (ယခု ဂျာနယ်လစ်) ဖြစ်တယ်။ ဒါပေမဲ့ သူရောက်ပြီးမကြာခင် ဗကပ ထဲမှာ ဝ အာဏာသိမ်းပွဲဖြစ်လို့ ဇခုန်တိန့်ယိန်း NDAK အဖွဲ့ဆီခိုလှုံရပြီး နောက်ဆုံးတော့ လက်နက်ချသွားခဲ့တယ်။ (လက်နက်ချတာ မဟုတ်ဘူး၊ အေးအေး ဆေးဆေးမြို့ပြန်သွားတာလို့လဲ ဆိုနေပါတယ်)

ကရင့်တော်လှန်ရေး နှစ်ပေါင်း ၆၀ ကျော်သမိုင်းမှာ ကရင်တမျိုးသားတည်း လွတ်မြောက်ရေးတင်မကဘဲ ကျန် တဲ့တိုင်းရင်း သားတွေပါ အတူတကွလွတ်မြောက်ဖို့အတွက် ကရင်ရဲဘော်အမြောက်အမြားဟာ တနယ်တကျေး မှာ အသက်သွေးချွေးတွေ အဲသလိုပေးဆပ်ခဲ့ကြတာဖြစ်တယ်။ အဲဒါကို သက်ဆိုင်ရာ ကရင်နီ ကယန်း ပအိုဝ်း ရှမ်း တိုင်းရင်းသားတွေက ထာဝရအမှတ်ရ ဂုဏ်ပြုနေကြမှာဖြစ်တယ်။

ဒီဘက်ခေတ်မှာတော့ ကရင့်တော်လှန်ရေးကနေ ညီနောင်တော်လှန်ရေးတပ်ဖွဲ့တွေကို အဲ့သလိုမျိုး လူမျိုးစုံ သွေးစည်း ချစ်ကြည်ရေး၊ တခုလုံးအရေးစိတ်ဓာတ်နဲ့ သွားကူနေတာ DKBA(NCA မထိုး) က ဗိုလ်ဆန်းအောင်နဲ့ အဖွဲ့တွေဖြစ်တယ်။ ကရင့်တော်လှန်ရေးရဲ့ နှစ် ၆၀ ကျော်အစဉ်အလာအတိုင်း သူတို့ဟာ အခု MNDAA ကိုးကန့်၊ AA ရခိုင် နဲ့ TNLA တအာင်းတော် လှန်ရေးတွေနဲ့အတူ တိုင်းရင်းသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေး ရရှိရေးတို့အတွက် ကိုယ်တိုင် ကိုယ်ကျ လက်တွဲတိုက်ပွဲဝင်နေကြတယ်။

ဂါမဏိ
0