ရာမိုးဇင် ● လေချွန်ပြီး အေးအေးလူလူတင်ဆက်နေတဲ့ ကဗျာအော်ပရာ

ရာမိုးဇင် ● လေချွန်ပြီး အေးအေးလူလူတင်ဆက်နေတဲ့ ကဗျာအော်ပရာ
(မိုးမခ) အောက်တိုဘာ ၁၄၊ ၂၀၁၇

လေချွန်သံတွေနဲ့
ဒီကဗျာကိုတွေ့ဆုံဆွေးနွေးထားတယ်
အမှောင်အောက်မှာ
အမှောက်မှောက်အမှားမှားနဲ့
ရာစုနှစ်ခုစာလွယ်ပိုးထားခဲ့ရတဲ့သန္ဓေသားကို
ယမ်းငွေ့တအူအူမှာပွင့်တဲ့
နေကြာပန်းပွင့်လို
ပန်းချီကားကင်းဗတ်စတွေပေါ်
အဝါရဲရဲ ပွင့်ပြတော့မယ်
ဆန်ကြမ်းစားသူတွေရဲ့မျက်နှာပေါ်
မငြိမ်းမချမ်းတဲ့ငြိမ်းချမ်းရေးညစာဟာ
အာသာငမ်းငမ်း ငတ်မွတ်လို့
သေနတ်တွေကြည်အသွားတဲ့အထိ
ငါတို့ကဗျာတွေရွတ်နေကြမယ်
အဝါရောင်သစ်တောလမ်းလေးရှိရာမှာ
ငါတို့လေညင်းခံထွက်ကြမယ်
တောင်ကုန်းတွေပေါ်ကဂီတမှာ
ဘုရားသခင်ရဲ့မေတ္တာတော်နဲ့
ငါတိုတေးသီချင်းဖွဲ့ဆိုကြမယ်
ဘီလူးတွေရဲ့အံကြိတ်သံမျိုးနဲ့
ကြိတ်ခွဲခံနေရတဲ့ ပခုံးသားတွေပေါ်က
နင်းချေခံဘဝတွေကို ဘယ်သူတွေ
ထမ်းပိုးထူမတ်ပေးကြမလဲ....
ငါတို့ဟာ
သေနတ်တကမ်း ဓားတလှမ်းစာ
ခေတ်အပျက်ကြီးကိုပွေ့ဖက်
ကျောင်းခေါ်ချိန်ခေါင်းလောင်းထိုးသံနဲ့
စာမကျက်ခဲ့ရပဲ
စစ်ခရာမှုတ်သံတွေနဲ့ကျောင်းတက်ခဲ့ကြပြီး
ကမ္ဘာမကျေသီချင်းကို လူမမယ်သံတွေနဲ့
ဆိုညည်းခဲ့ကြရတယ်
စိန်ပန်းပွင့်တွေလို ရဲသွေးနီနီနေ့များ
ကံ့ကော်ဦးတွေလို ပြာရီလင်းတဲ့အလံများ
ချယ်ရီ သံလွင် ရနံ့တွေကင်းတဲ့လမ်းမတွေဆီ
တရားသောသူတို့ရဲ့တိုက်ပွဲ
လက်နက်မဲ့ဆင်နွှဲခဲ့ကြတယ်
အပြစ်မဲ့သူတွေအတွက်
အပစ်အခတ်တွေမရပ်စဲကြသေးဘူးလား
ငါတို့ရင်ထဲဆာလောင်နေခဲ့တာ
ငြိမ်းချမ်းရေးညစာ။

ရာမိုးဇင်
0