ဆောင်းယွန်းလ ● လူသတ်သမားဟာ လွတ်နေတယ်

ဆောင်းယွန်းလ ● လူသတ်သမားဟာ လွတ်နေတယ်
(မိုးမခ) အောက်တိုဘာ ၄၊ ၂၀၁၇

မြင်ရင် မြင်တယ်လို့ မှတ်ရတဲ့ တရားထဲ
လူသတ်ပွဲကြီးတွေ ခုန်ပေါက်ရင်းပါသွားတယ်
ကြားရင် ကြားတယ်လို့ မှတ်ရတဲ့ တရားထဲ
မတရားမှုတွေ ယိမ်းထိုးပြီးပါသွားတယ်
လူသတ်သမားဟာ
သူ့လက်ထဲက ဓါးကို
တရားဥပဒေပလ္လင်ထက်မှာမြိနေအောင် တင်သွေးပစ်လိုက်တယ်
သူ့လက်ထဲက သေနတ်ကို
လေထဲမြှောက်ရမ်းရင်း
အသေအပျောက်စာရင်းကို မီးရှို့ပြာချပစ်လိုက်တယ်
လူသတ်သမားက တယောက်တည်းပေမယ့်
သေသူတွေဘက်ခြမ်းက အကျအဆုံးများနေခဲ့တယ်
လူသတ်သမားကို အင်္ဂလိပ်လိုအမည်တပ်ရရင်
စီရီရယ်ကေလာလို့ ခေါ်မယ်ထင်တာပဲ
ရုပ်ရှင်ဇာတ်ကားတွေထဲမှာ
ဥပဒေဘက်တော်သားတွေက
လူသတ်သမားကို
ဇာတ်သိမ်းခန်းမတိုင်ခင်မှာ ဖမ်းမိတာချည့်ပဲ
လက်တွေ့ ကမ္ဘာမှာ
လူသတ်သမားဟာ
ဥပဒေကို သူ့ဘောင်းဘီအိတ်ထဲ ထိုးထည့်ထားနိုင်သူလား
လွန်ခဲ့တဲ့ အနှစ်သုံးဆယ်တုန်းက အမှုဟာ ကွင်းလုံးကျွတ်နေဆဲ
လူသတ်သမားဟာ လွတ်နေတယ်
လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်တုန်းက အမှုဟာ ပလပ်နေဆဲ
လူသတ်သမားဟာ လွတ်နေတယ်
လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက အမှုဟာ အာမခံရနေဆဲ
လူသတ်သမားဟာ လွတ်နေတယ်
လောလောလတ်လတ် ပူပူနွေးနွေးအမှုမှာလည်း
လူသတ်သမားဟာ အေးအေးဆေးဆေး လွတ်နေတယ်
ဘုရားမရှိတော့တဲ့ ကမ္ဘာမှာ
ဘုရားဟောခဲ့တဲ့ တရားတွေကျန်ခဲ့တယ်လို့ ပြောဦးမလို့လား
တရားဟာ မတရားဘူးဆိုတာကို ဘယ်လိုပြောရမလဲ
တရားခေတ်သက်တမ်းကုန်သွားတဲ့ ကမ္ဘာမှာ
သံဃာကျန်နေခဲ့သေးတယ်လို့ကော ပြောဦးမလို့လား
သံဃာက လူသတ်သမားနဲ့ပေါင်းနေတာကို ဘယ်လိုပြောရမလဲ
လူသတ်သမားဟာ လွတ်လွတ်ကျွတ်ကျွတ် လွတ်နေတယ်
လူသတ်သမားဟာ လွတ်လွတ်နေတယ်
လူသတ်သမားဟာ လွတ်နေတယ်။

ဆောင်းယွန်းလ
စက်တင်ဘာ ၂၆ ရက်၊ ၂၀၁၇

Comments