ခွာညို ● အဖေ

ခွာညို ● အဖေ
(မိုးမခ) အောက်တိုဘာ ၁၇၊ ၂၀၁၇

ဒီနေ့ အဖေပျောက်သွားတာ ၁၆ နှစ်ပြည့်ပြီ။

ဘဝသစ်တခုကို ချက်ခြင်းသာသံသရာပြန်စမယ်ဆိုရင် အခုဆို အဖေက ၁၆ နှစ် တရက်လျော့ဖြစ်နေမှာ ပေါ့နော်။

ဟိုးအရင်က ကိုင်ဇာသီချင်းတွေကို သမီးတို့နဲ့အတူတူ လိုက်နားထောင်၊ လိုက်ကြိုက်ပေးခဲ့ပြီး သီချင်း စာသား တွေကိုလည်း အဖေက အသေးစိတ် လေ့လာခဲ့တာနော်။ သူ့ရှေ့မှာ အိမ်အလုပ်တွေလုပ်ရင်း - “တို့ဘဝထဲမင်းလာချိန်ဟာ သိပ်နောက် ကျတယ်- မလာနဲ့ကွယ် အရင်ရင်ခွင်သစ်သို့ ပြန်ပါမေရယ်… ဒီအချိန်မှာ ပြန်တွေ့တာ ဘာလုပ်ရမှာလဲ”….လို့ အော်ဆိုခဲ့ရင် အဖေက သေသေချာချာကို အစအဆုံးနားထောင်ပါတယ်။

ပြီးတော့မှ….
“စပယ်ဖြူတုံးကာမှ ခင်ဖုန်း သက်ဝေရယ်၊ ဘယ်စိတ်လယ်လို့ ပေါ်လာပြန်တယ်၊ လှောင်တာလေလားနော်ကွယ်……….. ပွင့်ဦးကြွေမှဖြင့်ကွယ် မပန်ဆင် စေချင်ရက်တော့တယ်”…. ဆိုတဲ့ ကိုစောငြိမ်းရဲ့သီချင်းကို အသံနေအသံထားနဲ့ဆိုပြပြီး သီချင်းနှစ်ပုဒ်ရဲ့ အဓိပ္ပာယ်ချင်းကို နှိုင်းယှဉ်ပြပါတယ်။ အခုမှ ပြန်စဉ်းစားရင် စာဖတ်အား၊ လေ့လာအား၊ လေ့ကျင့်အားချင်းကွာတာကိုများ အဖေက ယဉ်ယဉ်လေး ထောက်ပြခဲ့တာလားလို့ ….

အဖေက စောဘွဲ့မှူးဆိုလည်း အတော်သဘောကျခဲ့တာ။ သူ့သီချင်းတွေက ဝတ္ထုတပုဒ်စာရှိတယ်လို့ ချီးမွမ်း ထောပနာပြု လေ့ရှိတယ်။ အမယ်မယ်- ပြောလို့ပြောတာမဟုတ်၊ ပလေးဘွိုင်းသန်းနိုင်ရဲ့ အနှေးရထားကိုများဆိုရင် အဖေက သူ့သမီးဆို ဟန်က သန်းနိုင်ထက်ကောင်းသေးဆိုပဲ။

ဒီလိုအချိန်တွေမှာ သားအဖချင်းက သိပ်တည့်တာ။ လည်ပင်းဖက်ကြီးလာတဲ့ သူငယ်ချင်းတွေလိုပဲ။

ဘယ်လိုအချိန်တွေမှာ မတည့်ဘူးလဲဆိုရင် ကာရန်မဲ့လိုလို ကာရန်နဲ့လိုလို လျှောက်ရေးထားတဲ့ ကဗျာစာအုပ်ကို ဆွဲလုပြီး အော်ဖတ်ပြီဆိုရင် သားအဖချင်း သတ်ပွဲပဲ။ သူ့အရပ်အရှည်ကြီး ခြေဆံလက်ဆံအရှည်ကြီးနဲ့ စာအုပ်ကို ကိုင်မြှောက်ထားပြီ ဆိုရင် ညှက်စိ- တဆုပ်မ - လို့တောင် အခေါ်ခံရအောင် ပိန်လှီသေးကွေးတဲ့ သမီးလုပ်သူက ဘယ်နှယ်လုပ် ကိုယ့်စာအုပ်ကို ပြန်ယူနိုင်ပါ့မလဲ။ အဲဒီတော့ မနိုင် နိုင်ရာပဲ။ အဖေက ယားတတ်တော့ အတင်း ဂလိထိုးပြီး အနိုင်နဲ့ပိုင်းမှ ကိုယ့်စာအုပ်လေး ပြန်ရတယ်။

တခါတခါကျ မှတ်မိပါသေးတယ်။ ဝက်ထီးကန်မှာပေါ့- ကျောင်းဝိုင်းထဲက ကန်ဘေးမှာဆောက်ထားတဲ့ ပျဉ်ကာ ပျဉ်ခင်း၊ သွပ်အစုတ်လေးတွေ မိုးထားတဲ့ ကျောင်းအုပ်ကြီးအတွက် အိမ်ကလေးမှာ။ အိမ်ဝင်ဝင်းချင်း ဧည့်ခန်းနဲ့ ထမင်းစားခန်းလုပ်တဲ့ အခန်းကျယ်ရဲ့အထက်မှာ ဘုရားခန်းနဲ့ အဖေနဲ့အမေရဲ့အိပ်ခန်း၊ တဆင့်နှိမ့်ထားတဲ့ ဆက်ရက် အဖီလိုလေးမှာ အကို့အခန်း။ ဧည့်ခန်းအောက်ဘက်မှာက အမအကြီးဆုံး၊ သူနဲ့ကပ်ရက်မှာက ထမင်းစားခန်းတည့်တည့် အငယ်ဆုံးမ။ ကိုယ်နေတာက အငယ်မနဲ့ ဘေးချင်းကပ်၊ ခေါင်းရင်းမှာ မီးဖိုချောင်၊ မီးဖိုချောင်ရဲ့အထက်ဘက်က အကို့အခန်းပေါ့။ ကိုယ်က အစွန် ချောင်အကျဆုံးအခန်း၊ တခါးရှိတဲ့အခန်းကို ယူထားတာ။ အကြံကြီးနဲ့၊ စာရေးဖို့၊ ကဗျာတွေရေးဖို့။

အဖေနဲ့အမေက ကိုယ့်ကိုဆို ကလေးလိုပဲ၊ နောက်ပြီး မွေးကတည်းက ချူခြာလှလွန်းလို့ ပိုပြီး ကလေးလို သတ်မှတ်သလား တော့ မသိဘူး။ ဘယ်တော့မှ လူလားမြောက်မယ့်ပုံမပေါ်သလိုပဲ။ အမေကဆို - စာရေး ချင်တယ်၊ စာရေးဆရာမဖြစ်အောင် လုပ်မယ်-ဆိုတော့ “ကိုယ့်ချေးကိုယ် ပြောင်အောင် သုတ်တတ်အောင် လေ့ကျင့်စမ်းပါအုံး” လို့ ပြောတာ။

အဖေကကျ တမျိုး။ ရန်ကုန် ခနရောက်တုန်း ဦးလေးအောင်သင်းဆီသွားလည်တော့ - “ခင်ဗျားတူမ စာရေးဆရာမဖြစ် ချင်နေတယ်။ လုပ်ပေးလိုက်စမ်းပါဗျာ” လို့ အတည်လိုလို နောက်သလိုလိုနဲ့ပြောခဲ့တာ။ ဦးလေး အောင်သင်းက အဖေ့စကား ကို ဘာမှတ်ချက်မှ မပေးဘဲ ပြုံးနေတဲ့အပြုံးကို ဘယ်တော့မှ မမေ့ဘူး။ အဖေ့ ကိုလည်း စိတ်တိုမိတာ အရမ်းပဲ။

အဲဒီအရင် အသက် ၄ နှစ်မပြည့်ခင်လောက်ကလည်း အဖေ အဲလို အစအနောက်သန်လို့ အရမ်းနာကျင်ဝမ်းနည်းခဲ့တဲ့ ဇာတ် လမ်းတပုတ်ကလည်း ရှိနှင့်လေတော့ အဲဒီနောက်ပိုင်း အိမ်မှာ ဘာမှမပြောရဲတော့ဘဲ ကိုယ့်ဖာသာကိုယ် အခန်းတခါး ပိတ်၊ သန်းကောင်ကျော်မှ တိတ်တိတ်လေး စာရေး။ အဖေတရေးနိုးလာလို့များ ကိုယ့်အခန်းထဲက မီးရောင်မြင်ရင် - သူ့သမီး ဘာလုပ်နေမှန်းသိသိကြီးနဲ့ “သမီး၊ ဘာလုပ်နေတာလဲ” လို့လှမ်းစ။ ကိုယ်က တခါးပိတ်ထားတဲ့ နံရံတဘက်ကနေ ကိုယ့်စာမူ တွေ အဖေမြင်တာလည်း မဟုတ်၊ အဖေ လာလုနိုင်တာလည်းမဟုတ်ဘဲ စိတ်တွေရှုပ်ပြီး ရေးလက်စအတွေးတွေ ပျောက် သွား၊ စိတ်ဆိုး….။ အဖေ့ခြေသံကြားရင်ကို လူက စိတ်တို၊ တုန်လှုပ်။ အဖေက စလို့အားရရင် သူ့ဖာသာသူ ပြန်အိပ်ပျော် သွား။ အဖေကတော့ မနက်မိုးလင်းလို့ သမီးက မျက်စောင်းတထိုးထိုးလုပ်နေရင် တဟဲဟဲနဲ့ သဘောတွေကျလို့။

ဒါပေမယ့် အမေက သူ ဒီလောက်ကျွေးနေရဲ့နဲ့ ပိန်ရကောင်းလား၊ အစာမစားရကောင်းလား စိတ်တွေတို၊ ပွစိပွစိ ရွတ်လို့ သမီးလုပ်သူ မျက်နှာညိုလာပြီဆိုရင်တော့ ...

“ဝင်းရယ်၊ ဝင်းသမီးက အစာအိမ်မှ မကောင်းတာ။ နွားတွေဆို မြက်ခြောက် ကောက်ရိုးခြောက်စားပြီး ပရိုတိန်းဓာတ်တွေ ဒီလောက်များနေတာ မတွေ့ဘူးလား။ အစားကောင်းစားရတိုင်း ထွားကျိုင်းရမယ်လို့ ဘယ်လိုလုပ် ပြောနိုင်မလဲ၊ သူ့အစာ အိမ်က ခြေဖျက်နိုင်သလောက်၊ သူ့အစာအိမ်က စုတ်ယူနိုင်သလောက်နဲ့ပဲ သူ အားရှိမှာပေါ့။ ဝင်း ကျွေးတိုင်းလည်း သူ့အစာ အိမ်က ခြေနိုင်အုံးမှကိုး…” လို့ သားအမိချင်းကြားက ဟိုဘက်ဒီဘက် မျက်နှာညို အလိုမကျတာတွေကို ကြားဝင်ဖြန် ဖြေပေး တတ်ပြန်ရော။

အဲလို သမီးကို အစိုးရိမ်လွန်၊ ဝစေချင်၊ လှစေချင်တဲ့အမေနဲ့ သမီးကို အလိုပိုလိုက်တဲ့အဖေတို့ကြားမှာ တခါတခါလည်း စိတ် ညစ်ရတာရှိ။

အူအတက်ပုပ်လို့ ပြည်ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ်တက်ရတုန်းကပေါ့။ ဝက်ထီးကန်ကနေ ပြည်ကိုလွှဲတာကိုက ခွဲဖို့ တော်တော်နောက်ကျနေပြီ။

နှာခေါင်းပိုက်ချပေးတဲ့ ယောက်ျားသူနာပြုက ထည့်ရမယ့်နှာခေါင်းပိုက် အရှည်ကိုမှန်းကိုင်ထားပြီး နှာခေါင်းထဲ အတင်း ထိုး ထည့်တယ်။ ပါးစပ်ကလည်း -

“မျိုချ၊ မျိုချ၊ နင်သတိလစ်သွားလို့ ပိုက်သွင်းမရတော့ရင် သေသွားလိမ့်မယ်တဲ့။”

သေမှာကြောက်ရကောင်းမှန်းမသိတဲ့အရွယ်လည်းဖြစ်၊ လည်ချောင်းထဲ အတင်းဆောင့်သွင်းခံရတော့ နာကနာ။ အသက် တောင် မရှူနိုင်ပါဘူးဆို အဲဒီပိုက်ကြီး သူ တဆစ်ထိုးထည့်လိုက် မျိုချလိုက်နဲ့ ပိုက်ကလည်း ရော်ဘာနံ့ နံလိုက်တာ အခုပြော အခုပြန်ပြီး အဲဒီအနံ့ကြီးရသလိုပဲ။

ထားပါတော့ အဲလိုနဲ့ ရေတစက်မှမသောက်ရဘဲ နှာခေါင်းပိုက်တန်းလန်း၊ ဆေးပိုက်တွေတန်းလန်းနဲ့ အူအတက်က ပုပ်ပြီး ပြတ်ကျသွားလို့ အူပါဖြတ်၊ ပြည်ထုတ်ဖို့ ဘေးကအပေါက်ဖောက်။ ချုပ်ရိုးတွေက ပြည်တွေလိုက်။ အဖျားကမကျ။ နှာခေါင်း ပိုက် အနံ့နဲ့ရော၊ လည်ပင်းထဲတစ်ခံနေတာကြောင့်ရော တံတွေးတွေက တချိန်လုံးထွက်။ ရေငတ်တယ်ဆို ဂျီတိုက်။

“သမီးက ရေမသောက်ရလို့ ရေငတ်တယ်ထင်နေတာပါ။ တနေ့ကို သမီးအကြောထဲ ဂလူးကို့စ်တွေ မပြတ် သွင်းပေးနေတယ် လေ။ အဲဒါ သမီးခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အရည်ဓာတ် လုံလောက်အောင် သွင်းပေး ထားတာ၊ ပါးစပ်က သောက်မချတာ ပဲရှိတယ်။ သမီးခန္ဓာကိုယ်မှာ အရည်ဓာတ်အပြည့်ရှိပါတယ်။ တကယ်က သမီးရေငတ်မနေပါဘူး။ ရေမသောက်ရတာကို စိတ်ကရောက်နေလို့ ရေငတ်တယ်ထင်နေတာပါ။”

အဖေ အဲလိုပြောတော့ တကယ်ပဲ ရေသောက်ချင်နေတဲ့စိတ်က ပြေသွားသလိုနဲ့ ပြန်မှိန်းသွားတယ်။

နောက်တော့ နှာခေါင်းပိုက် လာဖြုတ်မပေးရင် ကိုယ့်ဖာသာကိုယ် ဆွဲဖြုတ်မယ်ဆို တစခန်းထ။

တကယ်က အသံတောင် ခပ်ယဲ့ယဲ့ပဲထွက်တာ။ ဒီပိုက်တွေဘယ်လိုမှ ဆွဲဖြုတ်နိုင်တဲ့အားရှိတာမဟုတ်။ ဒါပေမယ့် အဖေက ခုနစ်ရက်လောက် ပိုက်တွေနဲ့သူ့သမီးကို မြင်နေရတာကို စိတ်မချမ်းသာ၊ သူကိုယ်တိုင်လည်း အစာအိမ်ရောဂါနဲ့ ချောက်မှာ တုန်းက ဆေးရုံတက်တော့ နှာခေါင်းပိုက်ချတာကို လက်မခံဘဲ ငြင်းလို့ ဆရာဝန်နဲ့ ပြဿနာဖြစ်ခဲ့သူဆိုတော့ သမီးဘက်က ရှေ့နေလိုက်ပြီး နှာခေါင်းပိုက်ကို စဖြုတ်ပေးဖို့ အရေးဆိုပေးခဲ့တာ။

ဆရာဝန်တွေက တကယ်လို့ အန်ရင် ပြန်တပ်ရမယ်လို့ သတိပေးပြီး ခုနစ်ရက်အကြာမှာ နှာခေါင်းပိုက် စဖြုတ်ပေးတယ်။ ရေ နှစ်ဇွန်းသောက်ကြည့်တဲ့။ မအန်ရင် တနာရီကြာတော့ နောက်တဇွန်းသောက်တဲ့။

သမီးလုပ်တဲ့သူက အသံသာမထွက်သာ။ လောဘက ခပ်ကြီးကြီး။ ရေတိုက်ဖို့ ပြင်နေတဲ့အဖေ့ကို လှမ်းပြီး “အဖေ၊ ဟင်း ခပ်ဇွန်းနဲ့ သောက်မယ်နော်” လို့ ဈေးဆစ်တယ်။

အနားမှာရှိနေတဲ့ အမေက ဒီလောက် အသံသဲ့သဲ့လေးနဲ့ပြောတာတောင် ရေတွေ အများကြီးဝင်သွားရင် အခြေအနေပြန်ဆိုးသွားမှာကြောက်တော့- မြင်းကြား (ဇီဘရာ) ဟင်းခပ်ဇွန်းကို လက်လှမ်းတဲ့အဖေ့လက်ကို တွန်းဖယ်တယ်။ ပြီးတော့ ထမင်း စားဇွန်းကိုပဲ ပေးတယ်။ ကိုယ်က ပုလဲခချင်နေပြီ။ ရေမသောက်ရတာ ဆယ်ရက်လောက်ဆိုတော့ ရေသောက်လိုက် ရရင် အရမ်းအရာသာရှိမယ်လို့ မျှော်လင့်ထားတာကိုး။

ဒီလောက်တောင် အကဲပိုရမလားဆို အမေ့ကိုစိတ်ဆိုးပြီး အဖေက အမေပေးတဲ့ စောက်သိပ်မနက်တဲ့ ထမင်းစားဇွန်းကို လည်းမယူ၊ သူလက်လှမ်းထားတဲ့ ဟင်းခပ်ဇွန်းကိုလည်းရှောင်ပြီး လက်ဖက်စားဇွန်းလေးနဲ့ ကိုယ့်ကို ရေတိုက်တယ်။

အမေ့ စိုးရိမ်စိတ်ကြီးမှုကြောင့် ဇွန်းကြီးကြီးနဲ့ ရေသောက်ရမယ့်အခွင့်အရေးကြီး လက်လွှတ်လိုက်ရချိန်ဟာ ခန္ဓာကိုယ်ထဲ အရည်နည်းနေချိန်မို့ မျက်ရည်ချောင်းမစီးခဲ့တာပေါ့ အဖေရယ်…နော်။
0