ဆလိုင်းမြတ်နိုးသူ ● အားလပ်ရက် ကဗျာရေးခြင်း

ဆလိုင်းမြတ်နိုးသူ ● အားလပ်ရက် ကဗျာရေးခြင်း
(မိုးမခ) အောက်တိုဘာ ၂၅၊ ၂၀၁၇

ပုရွတ်ဆိတ်တွေ သေကြောင်းကြံသွားကြရတာက ချိုစရာမရှိတော့လို့ 
အဲဒီနေ့ဟာ ကမ္ဘာကြီးပျက်တဲ့နေ့ဖြစ်မယ်တဲ့
မဟုတ်ဘူး ကျွန်တော် ကဗျာဘယ်လိုမှ ရေးမထွက်လို့ပါဆိုတော့
ပရောဖက်ကြီးက ရယ်တယ်
သဲကန္တာရတွေကို ကုလားအုတ်တွေပေါ်ကလျှောက်ပြီး ငါ မိုးလင်းခဲ့ရတယ်
ရတနာဟာ ရေပဲဖြစ်လိမ့်မယ်လို့ထင်လား
မဟုတ်ဘူး ဘယ်သူမှမစားချင်တဲ့ သဲပွင့်တွေ
ငါသာ ကဗျာဆရာဖြစ်မယ်ဆို ကုန်လွန်ခဲ့တဲ့ အဲဒီအကြောင်းတွေ ရေးဖြစ်မှာ
ဒါပေမဲ့လို့ ကဗျာဆရာဆိုတာ အဆိပ်တော့မရှိဘူးပေါ့  အဲဒီလိုထင်တယ်
ဘုရားသခင်ရဲ့ဆံပင်တွေအကြောင်းကို ငါ ဘယ်လိုရေးမယ်ထင်သလဲ
တွေးကြည့်ပေါ့
မြို့ပျက်တလုံးဟာ ယုံကြည်သူတွေမရှိတဲ့ အရပ်ပဲ
အဲဒါကို ငါ ဘယ်လိုရေးမယ်ထင်သလဲ
တိတ်ဆိတ်သွားတဲ့နွေဦးရဲ့ကျိုးနေဆဲသွားတွေ ငါ ဘယ်လို ဖွဲ့နွဲ့ရမလဲ
ရစ်ချယ်လ်ကာစင်ကို ငါ ဘယ်လိုတိုင်တည်ရမလဲ
ဒီမှာ ပရောဖက်ကြီးသာ ငါ မဟုတ်ခဲ့ရင်
ငါ့ဖြစ်တည်မှုဟာ အရသာရှိမယ်မထင်ဘူး
ဒီတော့ မင်းပဲ ကဗျာဆရာလုပ်ပါကွာ

မဟုတ်ဘူး ပရောဖက်ကြီး  ဘာတွေလျှောက်ပြောနေတာလဲ
ခင်ဗျားပြောတာတွေ ကျွန်တော်မသိဘူး
ညက မယ်တော်မာရီယာကို အိပ်မက် မက်တော့
ဖုန်းနဲ့မှတ်တမ်းတင်ရိုက်ထားလိုက်တာ
တပုံမှပြန်ကြည့်မရတာ  အဲဒါဘယ်လို ကဗျာရေးရမလဲ မေးနေတာ
ပုရွတ်ဆိတ်တွေဘာတွေမသိဘူး
ပရောဖက်ကြီးက ကောင်းကင်နဲ့ မြေကြီးကို
ဘုရားသခင်သာ ပိုင်တယ်လို့ထပ်ဆိုတယ်
ကျွန်တော်လည်း ပိုင်ပါသော်ကော ခဏဖြစ်ဖြစ်ပေါ့ ပြောတော့
မင့်နှယ် အဲဒီအကြောင်း ကဗျာရေးလေကွာ ဆိုလာတယ်

သွေးတစ်ပေါင်မှာ အောင်စဘယ်လောက်
ပန်းပင်တွေ အစာမချက်နိုင်လို့ အိပ်ငိုက်နေကြခြင်း
ရောမမီးထပ်လောင်တော့ ဘုရင်က ရေတွင်းပျက်ထဲ ခုန်ချသွား
စစ်ဗိုလ်ချုပ်ကြီးက ပန်ခ့်သီချင်းတွေဆိုပြီး ကြိတ်ပျော်နေ
အဲဒါတွေ ကဗျာရေးလို့ရပါတယ်ကွာ
ငါ အကြံပေးတာပါ ပရောဖက်ကြီးက ဆိုလာတယ်

ခင်ဗျားပြောတဲ့ဟာတွေ ကျွန်တော် စိတ်မဝင်စားဘူးဗျာ ပရောဖက်ကြီး
ဆိုတော့ သူက ရယ်တယ်
အေးပေါ့ ဒါကြောင့်လည်း မင်းဟာ ကဗျာဆရာဖြစ်နေတာကိုး
ငါသာ ကဗျာဆရာဖြစ်မယ်ဆို မင်းလောက်ညံ့မယ် မထင်ဘူးကွာ
ဟုတ်ပါတယ် ကျွန်တော်သာ ပရောဖက်ဖြစ်ပြီး
ခင်ဗျားက ကဗျာဆရာဖြစ်မယ်ဆို
ကျုပ်တို့ဒီလို တွေ့နိုင်ဖို့လွယ်မယ်မထင်ဘူးဆိုတော့
ပရောဖက်ကြီးက ရယ်တယ်
ငါ ဆုတောင်းပေးပါ့မယ် မင်းကဗျာရေးလို့ရပါစေကွာ
ပြီး ပရောဖက်ကြီးဟာ ထွက်သွားတော့တယ်
သူ့ကျောကို ကြည့်ပြီး ကဗျာတပုဒ်လောက်ရေးရကောင်းမလား
တွေးမိပေမယ့် အမြန် ပြန်ဖျက်ချထားရ
ရေးစရာရှားလို့ ပရောဖက်အကြောင်းများ ရေးရတယ်ရှိသေး
နှောင်းလူတွေ ဝိုင်းရယ်ကြလိမ့်မယ်
နေပါအုံး အဲဒီတော့ ဘာသောက်ဂရုစိုက်စရာလိုသလဲ
ပရောဖက်ကြီးဟာ နောက်ပြန်လှည့်မကြည့်
သူ့ကျောကြီး နောက်ဆုံးပျောက်သွားတဲ့အထိ မြင်နေရတယ်
ဘာရေးရကောင်းမလဲလို့တော့  ကိုယ်ဆက်မတွေးအား။

ဆလိုင်းမြတ်နိုးသူ
၂၀၁၇

Comments