နိုလှိုင်း ● လထဲက ယုန်​ရုပ်​အ​ရေးလွင့်​လာ ​လေထဲကလူငယ်

နိုလှိုင်း ● လထဲက ယုန်​ရုပ်​အ​ရေးလွင့်​လာ ​လေထဲကလူငယ်
(မိုးမခ) အောက်တိုဘာ ၁၀၊ ၂၀၁၇

၁။
လမ်း​ပေါ်က ခဲလုံးကို ကျုံးကျုံးကန်​တတ်​ပြီဆိုရင် တော်လှန်သောလူငယ်​​​နေ့​တွေ ​ရောက်​​လာ တော့တာပဲ။ ခဲလုံးလိုကန်လိုက်တဲ့အရှိန်အတိုင်း ဖိနှိပ်ခံရလို့ လမ်းပေါ်လိမ့်နေတဲ့လူငယ်​​တွေ ရှိတယ်။ လမ်းပေါ်မှာ လွတ်လပ်ချင်နေတဲ့ လူငယ်တွေရှိ တယ်။ လူငယ်​​နေ့​တွေ ​ရောက်​လာ တယ်​။ စာသင်​ခန်းအပြင်က လူငယ်​​နေ့အ​ကြောင်းများမှာ အိမ်​ကထွက်​လာပြီဆိုတာနဲ့ စုမိကြ တာ လူငယ်​တွေပဲ။ လွတ်​​နေတဲ့စိတ်​က လပ်​​နေတဲ့ကွက်​လပ်​ထဲ လဲရာက လူးလဲထလာတတ်​တာ လူငယ်​တွေပဲ။ အိပ်​မက်​ကို အစာသွပ်​လို့ ​ပြေးလာ​တယ်။ အိမ်​နဲ့မတည့်​သလို ကိုယ့်အိမ်​ထဲမှာ ဘယ်လိုမှနေလို့မရ အိမ်အပြင်ထွက်နေချင် တဲ့စိတ်က နောက်က ကျားလိုက်သလို ​ပြေးလာ​ လွတ်​လပ်​မိုးသား စာသားများရွတ်​လို့ လူငယ်​​တွေ လမ်း​မပေါ်​လာ​နေပြီ။

လမ်း​ပေါ်ကလူငယ်​​နေ့​တွေအ​ကြောင်း ​လေ​ကြောင်းနဲ့​ရောက်​လာ ​လေသင့်​ရာ အရိပ်ရ လမ်း ထိပ်​အုတ်​ခုံ​ထက်​က လွင့်​လာ တဲ့အသံနဲ့ လိပ်စာမဲ့နေတဲ့ အိပ်​မက်​။ ရွတ်နေတတ်တဲ့ ဂီတသံ​စဉ်​စာသား​များ တလိပ်​လိပ်​တက်​​လို့ ကွဲအက်ထားတဲ့အသံမှာ တိမ်ပေါ်တက် လွှင့်ထူချင်နေတဲ့ အလံ။ လူငယ်အလံဆိုတာ တလက်လက်လွင့်မှာပဲ။ လမ်းထိပ်အုတ်ခုံပေါ်မှာ ဘယ်တော့မှ မမောမပမ်း ဂစ်တာကိုထောင်လျက် ဆံပင်ကိုစုလျက်နဲ့ လူငယ်စိတ်ကို ကြိုးတင်းညှိနေတာပဲ။

လီဗာဖိနင်းနေတဲ့ပုံနဲ့ မြောက်​ကြွ​နေတဲ့ ကိုယ်​​နေဟန်​ထား လူငယ်​​တွေ ဒရောသောပါး ရောက် ရောက်​​လာတယ်။ လူငယ်တွေ ​လမ်းမ​ပေါ် ဆောင့်​ကြွားကြွား ​လျှောက်​လာ ​ဘယ်​​နေရာ ရောက်​​ ရောက်​ ခပ်​သွက်​သွက်​ လမ်းမများ​ပေါ် လူငယ်​​တွေ သွား​နေ​တော့တာပဲ။

၂။
အိမ်​ထဲမှာ နွေလိုပူပြင်း ​လောင်​မြိုက်​​လို့ သစ်ရွက်ခြောက်လိုကြွေကျ  ဘယ်လိုမှနေလို့မရဘူးလို့ သာထင်တယ်။ လူငယ်ဆိုတာ အိမ်ထဲမှာအသက်ဝဝ မရှူရဘူး ဒီလိုထင်နေတယ်။

အိမ်ဆိုတာက လူငယ်စိတ်မှာ ပူပြင်းတဲ့နွေရာသီ၊ သူ့အိမ်မှာသာ ရစ်ပတ်ဖွဲ့နေတတ်တဲ့ ပင့်ကူ မျှင်လို ကြိုးတွေကို မလိုချင်ဘူး။ ချုပ်ကိုင်တတ်တဲ့ အနှောင်အဖွဲ့တွေ ဘာမှမလိုချင်ဘူး။

လူငယ်ဘဝအတွက် သံယောဇဉ်ဆိုတဲ့အဓိပ္ပာယ်က လည်ပင်းဖက်ပေါင်းသင်းရမှ ချိုမြိန်တာ။ အဲဒီတော့မှ ထိရှတဲ့ လူငယ်အရသာ။ ကောင်းကင်ကို တက်ချိတ်ဖို့ ခပ်မာမာအုန်းဆံကြိုးတွေသာ ကျစ်ဖို့လိုတယ်။ တိမ်ပေါ်တက်ချိတ်မယ့်ကြိုးတွေ ဟာ ငါးမျှားချိတ်ထက် အန္တရာယ်ရှိနေမှ ရမယ်။ သွေးတွေ ပူတုန်း ချက်ချင်းထလုပ်လိုက်တာပဲ။ လူငယ်တွေက စိတ်ထဲရှိတာ ပြောဆို စိတ်ကူးတည့်ရာ ထလုပ်နေတတ်လို့လည်း ဘယ်တော့မှ မှားတယ်ဆိုတာမစဉ်းစား ဘယ်အရာမှ နောက်မဆုတ် လူငယ်တွေ လျှောက်လုပ်နေကြသလား မပြောပါနဲ့။

အိမ်​ဟာ ပူလွန်းလို့ တံစက်​မြိတ်​​အောက် ထွက်​လာတယ်​။ တံစက်​မြိတ်​​အောက်​က ပူလွန်းလို့ အပြင်​ဘက်ထွက်​လာတယ်​။ လမ်းပေါ်မှာဆို နေပူပူ လေပူပူ လူငယ်ကဘာလို့ မပူတော့တာလဲ စဉ်းစား ခြေလှမ်းတွေ ဘာကြောင့်သွက်နေရတာလဲ လူငယ်တွေမစဉ်းစား  ​နောက်​ဆုံး​တော့ လည်း လမ်းတခုဖောက်လို့ ​ရောက်​လာခဲ့တာပါပဲ။

ပိတ်လှောင်ခံထားရတဲ့နေ့များဟာ နွေ​နေ့တာများလို့သာ ထင်​​နေတယ်။ လေပြေအေးအေးမလာ ပူလောင်လွန်းလှပါတယ်။ နွေးထွေးမှုဆိုတာကို အိမ်ထဲမှာဘယ်တော့မှ မရှာပဲ လက်ဖက်ရည် ဆိုင်ကဖွင့်ထားတဲ့ သီချင်းထဲမှာလိုက်ရှာတယ်။ အဲဒီမှာ သံစဉ်တွေရှိနေ လွတ်လပ်ချင်တဲ့ အခြား လူငယ်တွေလည်းရှိလို့ သွေးကိုနွေးသွားစေတာပဲ။  လူငယ်တွေစုနေပြီဆိုတာ လက်ဖက်ရည် ဆိုင်ထဲ တစစစီတွဲစပ်ထားတဲ့ သံယောဇဉ်အမှတ်အသား။

လာရာတူဖို့မလိုပေမယ့် လားရာတူတဲ့လူငယ်တွေရှိနေပြီဆို သီချင်းတပုဒ်ကအစ ကမ္ဘာနဲ့ချီ သွားတတ်သော လူငယ်အိပ်မက် များ။ အနာဂတ်စကားများဆိုတာ လက်ဖက်ရည်တခွက်နဲ့သာ စတင်ရတယ်။ လူငယ်တွေတွေ့ပြီဆို လွတ်လပ်မှုအကြောင်းပြော လို့အားမရ အိပ်မက်ဆိုတာ တကယ့်လက်တွေ့ဘဝမှာ ဘာမှမရသေးဘူးဆိုပေမယ့် စိတ်ကူးယဉ်အိပ်မက်ဆိုတာက လူငယ် အနာဂတ်ပဲ။

လူငယ်စိတ်ကူးကြယ်များ လင်းတလှည့် မှိန်တလှည့် ဆိုပေမယ့် အားရှိသလောက်နဲ့ တက်ကြွ ထွန်းလင်းနေစမြဲ။ ဆိုင်ထဲမှာဖွင့်ထားတဲ့သီချင်းမှပဲ လူငယ်တွေ အားယူနေရတာပဲ။

အချိန်ကိုဘယ်လိုအသုံးချ ကုန်ဆုံးစေရမလဲဆိုတာကအစ လူငယ်တွေ ပြောနေကြတာပဲ။ မျှော်လင့်ချက်အိပ်မက်ကို ဖွင့်ဟ တိုင်ပင်လို့ စားပွဲခုံကို ​စီးချက်​လိုက်​​ခေါက်​နေတတ်တယ်။ အဲဒီမှာ ဂစ်​တာမဝယ်​နိုင်​တဲ့လူငယ်​​တွေဆိုတာ အားလုံးနဲ့ နီးရက် နဲ့ဝေးရာ လူငယ်တွေအတွက် သီးသန့်ကမ္ဘာ။ အပိုင်စားရထားသလိုထိုင်လို့ ကမ္ဘာနဲ့ချီပြောမယ်။ ခေါင်း​ငုံ​နေတာလည်း ​​ဂျို​ (ချို) သွေး​နေတာပါပဲ။ မော့ကြည့်တော့လည်း ညထဲကြယ်တွေ စိတ်ကကြွနေ လူငယ်သဘာဝ သူ့ အလိုလို ဂျို (ချို) ကကြွ စိတ်​က တလက်​လက်​ထ​နေတယ်။

၃။
လူငယ်​​အမှတ်​အသားများစွာထဲ ရေးမှတ်ထားရမယ့်အကြောင်းအရာများက ဉာဏ်​ပညာ ခွန်​အား အနာဂတ်​စက္ကူပန်း များဆို တာ လေထဲပျောက်ပြယ် မွှေးရနံ့လွင့်စင် ဒီအတိုင်းကျန်ရစ်စေ မယ်မဟုတ်ပါဘူး။ လက်​​ဖျံ​ပေါ်​ရောက်​လာတဲ့ တက်​တူးမှာ ​မွှေးရနံ့ရ​နေတာ လူငယ်​ပဲ။

လမ်း​ပေါ်မှာ လိမ့်​​နေတဲ့ ခဲလုံးဟာ လူငယ်​ပဲ။ လမ်း​ဘေးအုတ်​ခုံ​ပေါ်က ဂစ်​တာသံဟာ လူငယ်​ပဲ။ လွတ်လပ်တဲ့အနာဂတ် အကြောင်းပဲ ပြောလို့ လူငယ်တွေဆိုတာ တရိပ်ရိပ်ပြေးနေတဲ့အနာဂတ် ရပ်မနေတဲ့ခြေလှမ်းများနဲ့ လောကလမ်းပေါ် ရောက်လာတဲ့ ကြယ်များ။

လောကလမ်းမှာရောက်​လာ လျှောက်သောလမ်းမှာလည်း ခြေလှမ်းတွေက စတင်မယ်မှမရှိ သေး ဆွဲမိတဲ့ ကြိုးတွေ။ အသက်​ကိုလည်း​အောင့်​ရ စိတ်​ကိုလည်း ​တောင့်​ထားရ ရဲစိတ်နဲ့သာ တင်းထားနေရတယ်။ ဉာဏ်​ပညာ ​ရောက်​လာတယ်​။ ရှေ့မှာ မသေရုံတမယ် ည​နေစာ ​ရောက်​လာတယ်​။ ဘယ်​သွားသွား ရောက်ဖို့သာခက်တာ အမြဲ လေလွင့်ဖို့သာလွယ်​မယ်။

ဘေးကိုချော်ထွက်သွားဖို့ဆိုတာကပိုလို့တောင်လွယ်သေးတယ်ဆို​ပေမယ့်​လည်း လွတ်​လပ်တဲ့ ငါးအတွက်​ ကန်​​ရေပြင်​ဟာ ပိုကျယ်​တတ်လို့ လူငယ်တွေ မနားတမ်းကူးခတ်နေရဦးမှာပါပဲ။

ပန်းတိုင်​ဟာလည်း ဝေဝါးမနေ စိတ်​ထဲလှိုင်းလိုလွန့်​လူး ​ကမ်းခြေရောက်နိုင်သေးတယ်​။ တစ်ယောက်တည်း လူငယ်။ အစုအပေါင်းလူငယ်။ ရဲရဲ ရှေ့ကို တိုးထွက်လာလိမ့်မယ်။

စိတ်ကူးအသစ်တွေ သယ်လာလိမ့်မယ်။ မှားမှားမှန်မှန် တခုမဟုတ်တခု စမ်းသပ်နေပါလိမ့် မယ်။ နေအိမ်နဲ့အဝေး ပြေးစရာ မြေရှိသလောက် အနာဂတ်အိပ်မက်ထဲ အားကုန်ပြေးလို့ လူငယ်တွေ ရောက်လာကြလိမ့်မယ်။ နေရာအနှံ့မှာလူငယ် ဆိုတာ ရှိလို့ နေရာအနှံ့မှာ လူငယ့် ပန်းတိုင်များရှိတယ်။ ပန်းတိုင်ဆိုတာကလည်း တည်နေရာ အတည်တကျ ဘယ်တုန်းကများ ရှိခဲ့ဖူးလို့လဲ။ မြေပုံညွှန်းအတိအကျနဲ့ ဘယ်တုန်းက သိခဲ့ဖူး ရခဲ့ရောက်ခဲ့ဖူးပါသလဲ။

တနေရာရာမှာ  ဘယ်ပန်းတိုင်ကို ဝင်နေပြီလဲ တနေရာရာတော့ ရောက်ပါပြီ ရောက်ရာနေရာက ပန်းတိုင်တခုတွေ့ပါပြီဆို ရင် လူငယ်သဘာဝ ပျော်ရတာချည်းပါပဲ။

၎။
အိမ်နဲ့ဝေးရာခဏ ဘဝသင်ခန်းစာများမှာ အတွေ့အကြုံဆိုတာ စာမျက်နှာတရွက်ချင်း စာ တကြောင်းချင်း အလွယ်တကူဖတ်သွားရတာမျိုးတော့မဟုတ်ပါဘူး။ လူငယ်ဆိုတာ ခံစားချက်ရှိသလို  အဝေးတနေရာက အိမ်ကိုတော့ ပြန်လွမ်းတတ်ကြတာချည်းပဲ။ အိမ်မှာနေစဉ် အဝေး ပြေးထွက်ချင်တယ်ထင်ရပေမယ့်  အိမ်နဲ့ဝေးနေတဲ့အခါ အိမ်လွမ်းနာ ဆိုတာ အလစ်ဝင်လာ တတ်တဲ့ သန်းခေါင်ယံအလွမ်းတွေ အိမ်အလွမ်းဆိုတာကလည်း အားကိုးရာမရှိမှ ခလုပ်ထိမှလည်း လွမ်းနေဖြစ်တာမဟုတ်ပဲ တခါတရံ ကားလက်မှတ်ကလေး တစောင်ကအစ မြေသင်းနံ့ လေးရလိုက်တာအဆုံး အိမ်ကို လွမ်းကြရတာ အဝေးရောက်ဖူးတဲ့သူမှ သိမှာပါပဲ။

ပညာရှာတဲ့အခါ အတွေ့အကြုံရှာတဲ့အခါ မလွှဲမရှောင်သာ အိမ်နဲ့ဝေးရာဘဝဆိုတာ လူငယ် တိုင်း ကြုံနေ ခွဲခွာလာရတယ် ဆိုတာက အစမှာသာပျော်ရွှင်မယ် အနေဝေးတာ ကြာလာတာနဲ့အမျှ အလွမ်းဟာ တမ်းတခြင်းအမောတွေသာ ယူလာတတ် ပါတယ်။ အိမ်အလွမ်းတွေဆိုတာ အဆင့်ဆင့်လက်ဆင့်ကမ်းလာတဲ့ယဉ်ကျေးမှုမှာ ပျော်ရွှင်စွာလိုက်ပါသွား အလွမ်းကို တခြား နည်းနဲ့အစားထိုးကုစား ဘဝအမောတွေဆိုတာလည်း ချန်ထားလို့မရတဲ့အကြောင်းအရာများ။

သွားဖြဲ​ပြ​ရ လူငယ်​ဘဝ နေ့တာများ။ ဘယ်​​တော့မဆို ​အသစ်​ကပဲစရ ဘယ်နေရာမဆို အောက် သက်ကျေအောင်လည်း စီးတဲ့ဖိနပ်ကအစ လျှောက်နေတဲ့လမ်းများအဆုံး နေရာမျိုးစုံမှာ သင်ယူ နေရတယ်။ လမ်းပေါ်မှာလည်း ဘယ်ညာနှစ်ဘက် တပြိုင်နက်ကြည့်​မရ ဘယ်တော့မှ နှစ်​ခု လိုချင်​လို့မရ ​ချွေတာ​ရေး ဆန်ပြုတ်များ။ ချွေတာရေး နေ့တာများ။ ​ငွေဟာ အရေးမကြီးဘူး ဘယ်လောက်ဆိုလည်း လူငယ်ဘဝမှာငွေဆိုတာမမြဲ အချိန်ဆိုတာက ပို​ရေးကြီးတာပဲ​။

ဘဝဆိုတာ နဖူးကချွေး ​ခြေမထိ​အောင်​စီးမှာပဲ။ ပိတ်​ထားတဲ့ ​သေတ္တာထဲ ကြိုးလား ​မြွေလား ခွဲမရ စက္ကူစွန်​ ​လေထဲလက်နဲ့ လှမ်းမရ တင်းထားတဲ့ ကြိုးကို လွယ်လွယ်ကိုက်​ဖြတ်​မရတဲ့နေ့များမှာ ​နေလုံးဟာ ဘယ်​​တော့မဆို​ခေါင်း​ပေါ်တည့်​တည့်​ မွန်းတည့်​ချိန်​များသာမိုးထားတယ်။

လူငယ်ဆိုတာက မထွင်းရသေးတဲ့ သစ်သား မထုရသေးတဲ့ ပန်းပုအရုပ်တရုပ်လို မဖြည့်ရသေးတဲ့ စာမျက်နှာအလွတ်များမှာ စိတ်ရှိသလောက် အရုပ်ရေးကြ လူငယ်သမိုင်းကိုရေးကြရမှာပါပဲ။

၅။
လွတ်​​တော့လွတ်​​​နေ ဘယ်​​တော့မှ မလပ်​​ပါစေနဲ့ လူငယ်​။ လွှတ်ထားတဲ့ကွက်လပ်မှာ ဘယ်လို လစ်ဟာသွားမလဲဆိုတာ ကိုလည်း ကြည့်လို့ အချိန်နဲ့အမျှ ဒီရေအတက်အကျ ရှိမယ်ဆိုတိုင်း ကမ်းမရှိတဲ့ဘဝ မရောက်စေရပါဘူး။ လွတ်​လပ်​​မှုဆိုတာ အနာဂတ်​ထဲ ဘယ်တော့မှမကျွတ်​ကျဲ သံကြိုးနဲ့ခတ်​​မရ တားမရတဲ့လူငယ်​​စိတ်​က လေပင့်ရာလောင်တဲ့မီးလို လေတိုက်ရာ လမ်းတလျောက် စွဲနေတဲ့ဖွဲမီးကို ကွဲနေတဲ့အရောင်မှာ ညှိထားတဲ့ဖယောင်းတိုင် အရည်ပျော်ကျရုံ သက်သက် ချက်ချင်းကုန် ဆုံးသွားမယ်တော့ မဟုတ်ပါဘူး။

လူငယ်ဘဝဆိုတာက ချစ်ခြင်းမေတ္တာဆိုလည်း ရူးသွပ်စွာ စားသုံးခွင့်ရှိတာပဲ။ လွတ်လပ်တဲ့အရွယ် ပျော်စရာမှန်သမျှ ပျော်ကြဖို့ပါပဲ။ လူငယ်ဆိုတာ တင်းထားရတဲ့ အခြေအနေကျပ်နေတဲ့စိတ် မဟုတ်ပါဘူး။ လွတ်လပ်မှုဟာသံကြိုးနဲ့ ခတ်ထား လို့ မရပါဘူး။ တကယ်တော့ လူငယ်​ဆိုတာ လွင့်​မှာပဲ။ လူငယ်​ဆိုတာ လူးရ ​လှော်​ရမှာပဲလို့ ဆိုခဲ့ဖူးတဲ့နေ့​တွေ အမှတ်​ရ အခုစိတ်ပြန်​​ရောက်သွားတယ်​။
               
ဒါပေမဲ့ လူငယ်​ဘဝဆိုတာက တကယ်တမ်း ​မှောင်​ချင်​လည်း​မှောင်​မယ်​။ ဒါ​ပေမဲ့ ​လောကကို ​လူငယ်​ အမြဲလှောင်​တယ်​။

ခေတ်လူငယ်တွေလှောင်​ရယ်​။ ။

နိုလှိုင်း
၂၀၁၇ ဇွန် ၁၁
0