ကေဇော်မိုး ● ဆိုက်ကို (၂)

ကေဇော်မိုး ● ဆိုက်ကို (၂)
(မိုးမခ) အောက်တိုဘာ ၂၄၊ ၂၀၁၇

နေ့ဟောင်းများက မျက်နှာသစ်တော့
အရင်လိုနေ့ဟောင်းမှာ ပြန်ပြန်နိုးနေတဲ့ မနက်ဟာ အသစ်ဖြစ်ပါရဲ့လား။
မေးခွန်းတွေနဲ့မျက်နှာသစ်တိုင်းနေ့စဉ်တွေးတယ်
မှန်သားပြင်ပေါ်ကသွင်ပြင်ရုပ်ဟာ ငါ့အဖေပွေ့ချီထားတဲ့ ကလေးလေးနဲ့ လုံးလုံးလျားလျားဆန့်ကျင်ခဲ့တယ်
အရွယ်ရလာတာလား အရွယ်ကျလာတာလား
ထူးမခြားနားအတွေးနဲ့ ဝတ်နေကြအဝတ်ကို လဲတယ်
သွားနေကြလမ်းထဲက လာချင်သလိုလာနေတဲ့ ဘတ်စ်ကားကိုမျှော်တယ်
ပြောင်းလဲခဲ့ပြီလားမေးတိုင်း ဝတ်နေကျ စတစ်ကော်လံလေးက အစွန်းအထင်းတွေကို အားနာတယ်
ခရုပတ်ပုံလမ်းကြောင်းအတိုင်း တိုးဝင်နေတဲ့ခေါင်းစဉ်ရဲ့အဖြေဟာဘာလဲ
သီအိုရီတခုကိုရှင်းပြနေရင်း
ကိုယ်တိုင်ကသီအိုရီတွေထဲ စက်ရုပ်သံပတ်လား
အတွေးတွေ မရှင်းလင်းဘူး
ညရေးညတာထဲ မက်မက်စက်စက်သောက်ခဲ့သမျှကော်ဖီဟာ နံရံများထက် စိတ္တဇ
အပူဓာတ်ဟာ မတွေ့ခဲ့တဲ့အလင်းထဲ နာတာရှည်ဝေဒနာတစ်ခုလို ကိုက်ခဲလို့
ဘဝရဲ့အလင်းလှုံငြိမ်းချမ်းမှု ဘယ်ကမ်းထဲမှာလဲ
ပြေးထွက်လိုတဲ့အာရုံတွေသိမ်းပိုက်တိုင်း
မရှိခြင်းအရိပ်ထဲ မမြင်ရသေးတဲ့သားလေး ငိုသံကြားရတယ်
ကလေးလေး
ကလေးလေးရေ
ကြာဖြူလေးချိုးခဲ့ ခရေဖြူလေးကောက်ခဲ့
သံလွင်ခက်ကလေးကမ်းလှည့်ပါ
အပူငွေ့အထပ်ထပ်နဲ့ရုန်းနေဆဲလူ့ဘဝဟာ ခါးတယ်
ကွယ်ပျောက်ခြင်းနဲ့ ရှင်သန်ခြင်းကြား အခိုးအငွေ့ဟာ ဆိတ်ငြိမ်မနက်ခင်းလေးဖြစ်လို့
ရယူလိုမှုထဲကကြိုးစများကို ဖြတ်တောက်လိုက်ပါ
ရှင်နေသမျှထဲ ကိုက်ခဲခံနာမ်တရားတွေ မလိုအပ်ဘူး မဟုတ်လား
အဖြေအရပ်ရပ်နဲ့ မေးခွန်းအချို့ထဲ ရုန်းမထွက်နိုင်အောင်မိဝင်လို့
မြင်နေလျက်နဲ့ အလင်းဝေးသူ
အရှင်ဘုရား သည်းခံစောင့်မ ကြည့်ရှုတော်မှုပါ။ ။

ကေဇော်မိုး
0