လွင် (ဘော်တွင်း) ● သဟဇာတ

 လွင် (ဘော်တွင်း) ● သဟဇာတ
(မိုးမခ) အောက်တိုဘာ ၂၊ ၂၀၁၇


“နင်တို့က ကုလားလား။ ငါမေးတာက ဝက်သားမစားတဲ့ကုလားလားလို့”

ကျွန်မတို့ညီအစ်မနှစ်ယောက် တယောက်မျက်နှာတယောက်ကြည့်ကာ ပြုံးလိုက်ကြသည်။ ဒီလိုမေးခွန်း အမေးခံရခြင်း သည် ကျွန်မတို့အတွက် အဆန်းမဟုတ်။ ကျွန်မတို့၏ ရုပ်ရည်တွေသည် ကုလားနှင့်တူသည်ကို ကိုယ့်ဘာသာသိပြီးသား။ တက္ကသိုလ်ရောက်မှ ခင်ရသော သူငယ်ချင်းအတော်များများက လ္ဘက်ရည်ဆိုင်ထိုင်ရင်း၊ ထမင်းအတူစားရင်း ကျွန်မတို့ ဘာလဲဆိုတာကို အကဲခပ်တတ်ကြသည်။  ထိုထဲကမှ ဒီသူငယ်ချင်းက တိုက်ရိုက်မေးလာခြင်းဖြစ်သည်။

အမက ဖြေသည်။

“ငါက ခရစ်ယာန်ပါ”

“အော်”

ကျွန်မကတော့ ပြုံးရုံသာပြုံးနေလိုက်သည်။ ကျွန်မ၏အပြုအမူတွေကိုကြည့်ပြီး မျက်စိလည်ကြသည်ကို ကျွန်မ သဘောကျ သည်လေ။

“ခရစ်ယာန်က ဝက်သားစားတယ်နော်”

“စားပါတယ်။ စားလို့ရတာအကုန်စားပါတယ်”

“ခရစ်ယာန်ကလည်း ကုလားပဲမဟုတ်လား”

“ခရစ်ယာန်က ဘာသာ၊ ကိုးကွယ်တဲ့ဘာသာပဲ။ ဘာသာဝင်တွေကတော့ ကုလားလဲရှိတယ်။ ဗမာလဲရှိတယ်။ အမျိုးမျိုးပေါ့”
“အေး၊ ချင်းတွေလဲရှိတယ်”

ဗမာအများစုဖြစ်သော သည်အညာတက္ကသိုလ်မှာ တိုင်းရင်းသားသိပ်များများစားစားမရှိ။ ချင်းလူမျိုး အချို့ရှိသည်။ သူတို့ ကိုတော့ ခရစ်ယာန်တွေမှန်းသိလေသည်။

“ချင်းတွေတက်တဲ့ဘုရားကျောင်းနဲ့အတူတူပဲလား”

“မတူဘူး။ ငါတို့က ဟိုဘက်က ချာ့ခ်ျမှာတက်တာ။ ချင်းတွေက မက်သဒစ်တွေများတယ်”

အစ်မ၏အဖြေကို သူနားလည်ပုံမပေါ်။ သူ့မျက်နှာမှ ဇဝေဇဝါဟန်ကိုကြည့်ပြီး အစ်မကဆက်ရှင်းပြသည်။  “ခရစ်ယာန်တွေမှာ ဂိုဏ်းတွေအမျိုးမျိုးရှိတယ်လေ။ ငယ်ငယ်တုန်းက သမိုင်းမှာသင်ရသားပဲ။ ရိုမန်ကက်သလစ်တို့ ပရိုတက်စတင့် တို့၊ အဲလိုပေါ့”

“ငါသိတယ်။ နင်ပြောတာ ဘရင်ဂျီဘုရားကျောင်းပဲ”

“အေး၊ ဟုတ်တယ်”

သူငယ်ချင်းသည် ရေနွေးကြမ်းပန်းကန် ကို မှုတ်နေရင်း ချီတုံချတုံဟန်ဖြင့် ဆက်ပြောလေသည်။

“ငါမေးချင်တာရှိတယ်။ စိတ်မဆိုးနဲ့နော်”

“မေးပါ။ ရပါတယ်”

နှစ်ခြင်းတွေ၊ ရေဖြန်းတွေ ဆက်မေးလိမ့်ဦးမည်ဟု တွက်ဆထားလိုက်မိသည်။ သို့သော်၊

 “နင်တို့ဘုရင်ဂျီတွေက မင်္ဂလာဆောင်မယ်ဆိုရင် ပန်းဦးလွှတ်ရတယ်ဆို”

“ဟေ”

အစ်မရောကျွန်မပါ ပါးစပ်အဟောင်းသားဖြစ်သွားသည်။ သည်လိုစကားမျိုး သူဘယ်က ကြားလာပါသနည်း။ အစ်မရော ကျွန်မပါ တပြိုင်တည်း လိုလိုဖြေလိုက်မိသည်။

“မဟုတ်ပါဘူးဟ”

အသံအနည်းငယ်ကျယ်သွား၍ ကိုယ့်ဘာသာပြန်ထိန်းလိုက်ပြီး သူ့ကိုဆက်မေးရသည်။

“နင့်ကိုဘယ်သူပြောတာလဲ”

“ဘယ်သူပြောတယ်ရယ်လို့မဟုတ်ပါဘူး။ ဒီလိုပါပဲ။ ငါတို့ ဒီလိုပဲသိထားတယ်လေ။”

ကျွန်မအနည်းငယ်စိတ်ညစ်သွားသည်။

“ပန်းဦးလွှတ်တယ်ဆိုတာ ပုဂံခေတ်က အရည်းကြီးတွေလုပ်တာပါဟာ၊ ဒီခေတ်မှာ ဒါမျိုးရှိမလားဟ၊ စဉ်းစားဦးမှပေါ့။”

ကျွန်မစိတ်တိုသွားသည်ကို သိသော အစ်မက လက်ကိုကုတ်သည်။

“နင်တို့က မသိလို့ပါ။ ဒါမျိုးမရှိပါဘူး။ ဗုဒ္ဓဘာသာနဲ့ တအားကြီးမကွာလှပါဘူး။”

“သိပါဘူး။ ငါလဲ မဟုတ်လောက်ပါဘူးလို့ ထင်ပေမယ့် ဒီလိုပဲပြောကြလို့ မေးကြည့်တာပါ။” သူက လျောချသွားသည်။

“နင်တို့ဘုရားရှိခိုးတာ ပျော်စရာကောင်းမယ့်ပုံပဲ။ သီချင်းတွေလဲဆိုရတယ်။”

“ကြည့်ချင်ရင် လာမယ့်တနင်္ဂနွေနေ့ကျရင် ငါတို့နဲ့ အတူတူလိုက်ခဲ့လေ။”

“အဲလို လိုက်ခဲ့လို့ရလား။”

“ရပါတယ်ဟ”

“အေး၊ အဆင်ပြေရင်လိုက်ခဲ့မယ်။ ကြောက်တော့ကြောက်တယ်”

“ဘာမှကြောက်စရာမရှိပါဘူး။ လိုက်ခဲ့ကြည့်လိုက်”

အဆောင်ကိုပြန်ရောက်တော့ အစ်မနှင့်ကျွန်မ သည်အကြောင်းကိုပဲ ဆက်ပြောဖြစ်ကြလေသည်။

“အစ်မရယ်။ တက္ကသိုလ်တောင်တက်နေပြီ။ ဒီလောက်ဗဟုသုတနည်းရလား”

“အဲလိုမပြောနဲ့လေ။ နင်က နှစ်ပိုင်းတပိုင်းမို့ သိတာဟဲ့။ သူတို့က ငယ်ငယ်ကတည်းက ဗုဒ္ဓဘာသာ တမျိုးထဲသိပြီး ကြီးလာတာ။ ဘယ်သိပါ့မလဲ။ သူမေးဖော်ရတာတော်သေးတယ်။ ငါတို့ပြန်ပြောပြလို့ရတာပေါ့။ မဟုတ်ရင် တသက်လုံးဒီအတိုင်းထင်သွားမှာ။ နင်ရော ဗလီထဲဝင်ဖူးလို့လား၊ ကုလားဘုရားကျောင်းထဲ ရောက်ဖူးလို့လား။”

အဖေခရစ်ယာန်၊ အမေဗုဒ္ဓဘာသာမှ မွေးဖွားခဲ့သည့် ကျွန်မသည် တကယ့်ကို နှစ်ပိုင်းတပိုင်းဖြစ်သည်။  ဘယ်ဘာသာကိုမှ ထဲထဲဝင်ဝင် မလေ့လာမလိုက်စားဖူးသော်လည်း ဗုဒ္ဓဘာသာနှင့်ပတ်သက်သော ယုံကြည်မှု၊ အလေ့အထ၊ ဓလေ့ထုံးစံများနှင့် ရင်းနှီးသလို ခရစ်ယာန်ဘာသာနှင့်လဲ အကျွမ်းတဝင်ရှိလေသည်။ ထို့ကြောင့် ဟိုသူငယ်ချင်းကို ဗဟုသုတနည်းလှချည့်ဟု ထင်မိခြင်းဖြစ်သည်။ အစ်မပြောလိုက်တော့မှ ဗလီကိုမရောက်ဖူး၊ ဟိန္ဒူကုလားဘုရားကျောင်းကို မသွားဖူးကြောင်း သတိရမိသည်။ သွားကြည့်ဝင်ကြည့်ဖို့ စိတ်ကူးပင်မရှိခဲ့သည်ကို ဝန်ခံရပေမည်။ သို့သော် ကျွန်မအတွန့်တက်လိုက်သေးသည်။
“ဗလီထဲကိုက မိန်းမတွေ မဝင်ရဘူးမဟုတ်လား။”

“ငါလဲသေချာမသိဘူး”

“ဟုတ်သား၊ ငါတို့ မသိဘူးနော်”

ကျွန်မတို့တွင် ဟိန္ဒူကိုးကွယ်သူ သူငယ်ချင်း၊ အစ္စလာမ်ဘာသာဝင် သူငယ်ချင်းများရှိသော်လည်း သူတို့၏ ကိုးကွယ်ယုံကြည်မှုနှင့်ပတ်သက်၍ ဘာမှ သေချာမမေးကြည့်ဖူးပေ။ ကျွန်မတို့အာရုံတွင် ထင်ရှားသည်မှာ မွတ်ဆလင်သည် ဝက်သားမစား၊ ဟိန္ဒူသည် အမဲသားမစားဟူ၍သာ။ ထိုဘာသာတို့သည် ယောက်ျားနှင့်မိန်းမအလွန်ခွဲခြားသည်ဟူ၍သာ။ အိန္ဒိယနိုင်ငံတွင် ဇာတ်ခွဲခြားမှု များပြားသည်ဟူ၍သာ ဖြစ်သည်။

ကလေးဘဝတုန်းကတော့ မုတ်ဆိတ်ဖားဖားနှင့် ဗလီဆရာကြီးများကို ကြောက်ခဲ့ဖူးသည်။ ဟိန္ဒူနတ်ဘုရားများသည် ကျွန်မတို့ ကလေးများ၏အမြင်တွင် ကြောက်စရာလန့်စရာများဖြစ်သည်။ တရုတ်ဘုံကျောင်းအဝက ဘီလူးရုပ်ကြီးများကို ကြောက်လွန်း၍ အထဲမဝင်ရဲခဲ့ပေ။ ကြီးလာတော့ ဒါတွေကိုမကြောက်တော့သော်လည်း ရင်းနှီးမှုတော့မရှိခဲ့ပါ။

မွတ်ဆလင်သူငယ်ချင်းများကို ဘာ့ကြောင့်ဝက်သားမစားသနည်းဟု အကြိမ်များစွာမေးခဲ့ဖူးသည်။ ဘာ့ကြောင့် ဟာလာလုပ်ရသနည်း မေးကြည့်ဖူးသည်။ သူတို့ကလည်း ဘာ့ကြောင့်ဟု သေချာဖြေဖူးတာမရှိ။ ဒီလိုပဲနောက်နောက်ပြောင်ပြောင်နှင့် ပြီးစလွယ်ဖြေသည်သာ။ သူတို့၏ ဘာသာရေးအကြောင်းအလေးအနက် မေးမြန်းဆွေးနွေးဖူးတာမရှိချေ။

အညာမြို့များ၏ ရပ်ကွက်ဘုရားပွဲများတွင် လာသမျှဧည့်သည်ကို ထမင်းကျွေး၊ မုန့်ကျွေးဒါနပြုဧည့်ခံသော အလေ့ရှိရာ၊ ကျွန်မတို့ မိတ်ဆွေ မွတ်ဆလင်အိမ်ကလည်း အများနှင့်အတူ ထမင်းကျွေး၊ မုန့်ကျွေးဧည့်ခံလေသည်။ ရပ်ကွက်စုပေါင်းအလှုဒါနများဖြစ်သော ဝါဆိုသင်္ကန်းကပ်၊ ကထိန်ပွဲများတွင် ကျွန်မတို့နှင့်အတူ ပါဝင်သော မိတ်ဆွေကို ကျွန်မတို့လူငယ်တွေသာမက လူကြီးတွေကပါ သဘောကျကြလေသည်။ သူတို့၏ ဘာသာရေးပွဲများတွင်တော့ ကျွန်မတို့မပါဝင်ဖူးပေ။ မည်သို့ ပါဝင်ရမှန်းလဲမသိချေ။ အစ်နေ့တွင် သူတို့အိမ်မှပို့လာသော စမိုင်ကို အရသာရှိရှိစားရသည်။ အစ်ကြီးနေ့တွင် ကျွန်မတို့အိမ်အတွက် အမဲသား ငါးဆယ်သားခန့် ပို့ပေးလေ့ရှိသည်။ ဘယ်အချိန် နွားသတ်လိုက်သလဲ မသိလိုက်ပေ။ သူတို့ ဥပုသ်စောင့်ကြသည်ဟု ကြားဖူးသော်လည်း မည်သို့မည်ပုံ ပြုလုပ်ကြသနည်း မသိချေ။ ကျွန်မတို့၏ အလှူဒါနများတွင် သူတို့လည်း ပူးပေါင်းပါဝင်ကြသော်ငြား၊ သူတို့၏ အလှုဒါနများတွင် ကျွန်မတို့ ပါဝင်ဖူးခြင်းမရှိပေ။ ပါလို့ရမရလဲ မသိချေ။

“ဗလီသွားတက်ကြည့်ဖို့တော့ စိတ်ကူးမရှိပါဘူး”

“ဒါပေမယ့်စမိုင်နဲ့ အမဲသားတော့ ကြိုက်တယ်မဟုတ်လား”

“အေးလေ။ စားရရင်ပြီးတာပဲလေ၊ ဟား၊ဟား”

ကျွန်မနှင့်အမနှစ်ယောက်သား ရယ်မောလိုက်ကြသည်။ မနက်ဖြန် ဒီပဝါလီနေ့၊ ကျောင်းပိတ်သည်။ သူငယ်ချင်းဟိန္ဒူကောင် မလေးအိမ်က ပို့လိုက်မည့်မုန့်အချိုများကို ဝိုင်းစားကြရပေဦးမည်။
0