ဆောင်းဝေ (နတ်မောက်) ● အိမ်ပြေး

ဆောင်းဝေ (နတ်မောက်) ● အိမ်ပြေး
(မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၁၇

အရုပ်တွေ ရေပေါ်မှာအကြာကြီးထင်နေခဲ့ကြပြီး
ဘာမှမထူးဘူးကလည်း အခိုးအငွေ့တွေအဖြစ်ပျံတက်သွားကြတယ်
နေ့စဉ်လိုလို ရထားပေါ်လုတက်နေကြပြီး
ဘာရစရာမှမရှိပဲ ဘက်စ်ကားပေါ်ကပြေးဆင်းလာကြတယ်
ဒီအရွယ်မှာ ကျောင်းဆင်းခေါင်းလောင်းသံကိုမလိုအပ်ကြတော့ဘူး
စဉ်းစားနေဆဲပျော်ရွှင်မှုဟာ ပျော်ကျနေတဲ့ရေခဲမုန့်ပေါ်မှာဖြစ်ပြီး
ပတ်တီးစည်းထားတဲ့အနာပေါ်မှာ နေ့စဉ်ဘဝဟာပျံသန်းလို့
ဘာဖြစ်လဲ လူတိုင်းဟာ အကောင်းဆုံးကိုမျှော်လင်ြ့ကတာချည်းပဲ
ချမ်းသာတဲ့နိုင်ငံကလေယာဉ်ကွင်းကို မင်းလည်းဆင်းသက်ချင်မှာပဲ
ငါလည်း ချစ်သောလရောင်ကို ဂစ်တာကြိုးပေါ်တင်ထားချင်ခဲ့တာပဲ
တက်တူးရုပ်အဖြစ် အိမ်ကိုလက်ဖျံရိုးပေါ်ရွှေ့တင်ကာ
ငယ်ဘဝရဲ့ခါးကြားထဲ လမ်းကိုလိပ်ယူပြီးထည့်လာခဲ့
သဲတရှပ်ရှပ်ဘဝကို သပ်ချကာ
အဆီတဝင်းဝင်းနောက်ထပ်နေရောင်ခြည်ဆီ ချီတက်လာခဲ့
ရှောင်လို့မရတဲ့လမ်းကျဉ်းကျဉ်းလေးထဲမှာ ကမ္ဘာကြီးနဲ့ငါနဲ့တွေ့ပြီ
သူတို့အရသာမရှိဘူးပြောတဲ့မုန့်ကို သီချင်းထဲထည့်ယူလာ
နေ့စဉ်အော်ဆိုရင်း ငါသန်မာလာ
အိပ်မက်တွေ နောက်ထပ်အိပ်မက်တွေဟာ
ဘာမှမပါတဲ့အိတ်ထဲမှာအပြည့်။ ။

ဆောင်းဝေ (နတ်မောက်)
စက်တင်ဘာ ၃၀၊ ၂၀၁၇
0