ဗိုလ်ထက်မင်း - ရခိုင်၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ (၁)



ဗိုလ်ထက်မင်း - ရခိုင်၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ (၁)

(မိုးမခ) အောက်တိုဘာ ၄၊ ၂၀၁၇

၁။ မြန်မာနိုင်ငံရေးဇာတ်ခုံမှာ လွှမ်းမိုးထားတဲ့ အင်အားစုကြီး (၃) ရပ်ဖြစ်တဲ့ နိုင်ငံရေးပါတီအင်အားစု၊ တပ်မတော်၊နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ နိုင်ငံရေးနယ်ပယ်မှာ တဖွဲ့နဲ့တဖွဲ့ အပြိုင်အဆိုင် အင်အား ပြိုင်ဆိုင်ကြပါတယ်။ တချို့နိုင်ငံရေးဖြစ်စဉ်တွေမှာ အင်အားစုကြီး (၂) ရပ် ပူးပေါင်းသွားကြပြီး ကျန်အင်အားစုကြီး တစ်ရပ်ကို ရင်ဆိုင်ကြသလို တခါတရံကြတော့လည်း နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွါး၊ အမျိုးသားလုံခြုံရေးကိစ္စတွေမှာ မည်သူ့တိုက်တွန်းမှူမှ မပါဘဲ အင်အားစုကြီး (၃) ရပ်စလုံး အလိုလို အံ့သြစွာ ပူးပေါင်းသွားကြတဲ့ သမိုင်းဖြစ်စဉ်တွေလည်းရှိပါတယ်။

အဲဒီလို ပူးပေါင်းသွားတဲ့ ဖြစ်စဉ်တွေထဲမှာ အားအကောင်းဆုံး ဖြစ်စဉ်ကတော့ ဖက်ဆစ်ဂျပန်ကို တော်လှန်တဲ့ သမိုင်းဖြစ်စဉ်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းဦးစီး ဖဆပလ(နိုင်ငံရေးပါတီပေါင်းစုံ၊ မြန်မာလွတ်လပ်ရေးတပ်မတော် ဦးစီးတဲ့ တိုင်းရင်းသားသေနတ်ကိုင်တပ်ရင်းများ) နဲ့ မိမိအစီအစဉ်နဲ့တော်လှန်ကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အားလုံးတက်ညီလက်ညီ ပူးပေါင်းတော်လှန်ကြပါတယ်။ အလားတူ မြန်မာနိုင်ငံကို နယ်ချဲ့အင်္ဂလိပ်တို့ သိမ်းပိုက်ခဲ့စဉ်က သီပေါမင်းကို အလွယ်တကူ ဖမ်းဆီးနိုင်ခဲ့ပေမဲ့ အနယ်နယ်အရပ်ရပ်မှ တိုင်းရင်သားပြည်သူလူထုက တော်လှန်ပုန်ကန်ခဲ့ကြလို့ နယ်ချဲ့အင်္ဂလိပ်တို့ (၁၀)နှစ်ကြာ ခက်ခက်ခဲခဲ နှိမ်နှင်းခဲ့ရပါတယ်။

၂။ တရုတ်ဖြူများ ကျုးကျော်ဝင်ရောက်တဲ့အချိန်ကာလမှာ အစိုးရနဲ့တပ်မတော်ကို လူထုက ထောက်ခံ အားပေးမှုနဲ့အတူ ထိုစဉ်က ဆန့်ကျင်ပုန်ကန်နေတဲ့ အင်အားကြီး ဗကပ ကပင် တဖက်တလမ်းမှ ပိတ်ဆို့ ကာကွယ်ပေးတဲ့ ဖြစ်စဉ်တွေရှိပါတယ်။ တဖန် ကွမ်းလုံ ရက် (၄၀) နဲ့စီစီတာဖန်တိုက်ပွဲတွေ အပါအ၀င် တရုတ် အကူအညီယူတဲ့ ဗကပ နဲ့ဖြစ်တဲ့ တိုက်ပွဲတွေမှာ တပ်မတော်ဘက်မှ ကိုးကန့်တပ်ဖွဲ့ (လောစစ်ဟန်)နဲ့KIA SURA(MTA) ရှမ်း၊ လားဟူ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက သတင်းပေးခြင်းနဲ့ပိတ်ဆို့ပေးခြင်း ကူညီခဲ့တဲ့ ဖြစ်စဉ်တွေရှိပါတယ်။ ထိုင်းနဲ့ နယ်စပ်စစ်ပွဲ ဖြစ်ပွါးလုဆဲဆဲမှာ အင်အားကြီးUWSA နဲ့ DKBA တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များက တက်ကြွစွာနဲ့ တပ်မတော်နဲ့ ပူးပေါင်းတိုက်ခိုက်ပေးမည်လို့ အဆိုပြုခဲ့ပါတယ်။ ဒီဘက်ခေတ်မှာ လောက်ကိုင်မြို့တိုက်ခိုက်ခဲ့တဲ့ ကိုးကန့်တပ်ဖွဲ့တွေဟာ တရုတ်အကူအညီ ယူခဲ့တဲ့တာ သံသယဖြစ်ပေါ်ခဲ့လို့ ပြည်သူလူထုနဲ့ အစိုးရက တပ်မတော်ကို ထောက်ခံခဲ့ပြီး ပြည့်သူ့လွှတ်တော် ဥက္ကဌနဲ့ ဒုသမ္မတတို့ သွားရောက်အားပေးခဲ့ပါတယ်။ နိုင်ငံခြားက စွပ်ဖက်မှုပါလာရင် မျိုးချစ်စိတ်ကြောင့် အင်အားစုကြီးတွေဟာ အလိုလိုပေါင်းကာ စည်းလုံးခြင်းရဲ့ အင်အားစုကြီး ပေါ်ထွက်လာတယ်လို့ သုံးသပ်ပါတယ်။

၃။ တဖန်အင်အားစုတွေ ပြိုင်ဆိုင်မှူသုံးသပ်ရာမှာ နအဖ စစ်အစိုးရလက်ထက်က တိုင်းရင်သား လက်နက်ကိုင်အဖွဲ့အများစုကို အပစ်အခတ်ရပ်စဲရေး ဖိတ်ခေါ်ကာ အင်အားစု (၂)ရပ် ယာယီပူးပေါင်းတဲ့ အနေအထားနဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ အတိုက်အခံ အမျိုသားဒီမိုကရေစီအဖွဲချုပ်အား ရင်ဆိုင်ခဲ့ပါတယ်။ ဒီမိုကရေစီခေတ်ကျတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုင်စွဲထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အစိုးရနဲ့ တပ်မတော် ပူးပေါင်းကာ NCA ညီလာခံကျင်းပနေပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနဲ့ ထိတွေ့ဆက်ဆံ ဆွေးနွေးပွဲများ ပြုလုပ်နေဆဲကာလ ဖြစ်ပါတယ်။ စာရေးသူဟာ State Commander ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်ချုပ်တို့ ဆက်ဆံရေး ချောမွေ့ပြေလည်ရေး အထောက်အကူဖြစ်ဖို့၊ UNFC နဲ့မြောက်ပိုင်းအဖွဲ့ပါဝင်လာဖို့နဲ့အင်အားစုကြီး (၃) ရပ်ပူးပေါင်းပြီး ငြိမ်းချမ်းရေး ရကာ ဖက်ဒရယ်ပြည်ထောင်စုရဖို့ ရည်ရွယ်ရင်း နည်းလမ်းများ ရှာဖွေတင်ပြမည့် ဆောင်းပါး ရေးသားနေဆဲဖြစ်ပါတယ်။

ဒီအချိန်မှာတော့ ရခိုင်ပြည်နယ်မှာ ဘင်္ဂလီအရေးအခင်း ဖြစ်ပွါးလာကာ ဖြစ်စဉ်မှာ တစတစနဲ့ကြီးထွားလာပြီး လုံခြုံရေးကောင်စီမှာ ဆွေးနွေးနေရတဲ့ အထိ ဒီဂရီတက်လာကာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကို အကြမ်းဖက်ဘင်္ဂလီတွေနဲ့ ကွန်ယက်တွေရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့် နိုင်ငံတကာက တဖက်သတ် ဖိအားပေးစွပ်စွဲလာလို့ မျိုးချစ်စိတ်ဓါတ် အရင်းခံပြီး အမျိုးသားရေး တာဝန်တစ်ရပ်အနေနဲ့ ခေါင်းစဉ်ပြောင်း ရေးရပါတော့တယ်။ ဘင်္ဂလီဖြစ်စဉ်ကြောင့် အင်အားစုကြီး ၃ ရပ် ပူးပေါင်းလာတော့မည့် နမိတ်လက္ခဏာ လို့လည်း ဆိုချင်ပါတယ်။ NCA ညီလာခံ ဒုတိယအကြိမ်မှာ လက်မှတ်ထပ်တိုးမည့် တိုင်းရင်သားလက်နက်ကိုင်အဖွဲ့များ ထင်တဲ့အတိုင်း ဖြစ်မလာဘဲ အကြိတ်အနယ် ဖြစ်နေချိန်မှာ ရခိုင်ဒေသ ဘင်္ဂလီအရေးအခင်း ထပ်မံဖြစ်ပွါးခဲ့လို့ စာရေးသူက ဘင်္ဂလီတွေကို ကျေးဇူးတင်ရ မလိုဖြစ်ပါတယ်။

၎။ ဘာလို့လဲဆိုတော့ စာရေးသူ အထက်အပိုဒ် (၂) ပါ နိုင်ငံခြားက စွပ်ဖက်မှု ပါလာက မြန်မာလူမျိုးတွေရဲ့ စရိုက်လက္ခဏာအရ အင်အားစုကြီးတွေဟာ အလိုလို ပူးပေါင်းသွားနိုင်ပြီး စည်းလုံးခြင်းရဲ့အင်အားစုကြီးကို ဖန်တီးပေးနိုင်တော့မှာ ဖြစ်ပါတယ်။ ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်ကို သနားကရုဏာသက်ကာ အုန်းအုန်းကျက်ကျက် ထောက်ခံခဲ့သလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က လိုအပ်ရင် သူတို့ ၀င်ပါရစေလို့ အဆိုပြုသံများနဲ့ ငွေကြေးလှူဒါန်း ထောက်ခံအားပေးသံများ ကြားရသိရလို့ ၀မ်းသာမိပြီး ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ တပ်ချုပ်ကလည်း မေမြို့ သင်တန်းတခုမှာ ဒီအချိန်မှာ စည်းလုံးညီညွှတ်ကြဖို့ တိုက်တွန်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီလိုပြသနာမျိုး ကြုံခဲ့ရင် မကြောက်ဖူးလားလို့အင်တာဗျုးတခုမှာ မေးခဲ့တာကို သူမက မကြောက်ပါလို့ရဲရဲဝံ့ဝံ့ ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။ သံတမန် ရှင်းလင်းပွဲမှာ တပ်မတော်ကို အပြစ်မတင်ဘဲ ခေါင်းခံ တာဝန်ယူတဲ့အပြင် ဘင်္ဂလီရွာတွေထဲက မထွက်ပြေးဘဲ ကျန်နေသူဟာ ၅၀%တောင်ရှိနေတာ ဘာလို့ မထွက်ပြေးရသလဲ မေးခွန်းပြန်လည်ထုတ်ကာ သတ္တိရှိရှိ ရင်ဆိုင်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နောက်မှာ ပြည်သူလူထုက မားမားမတ်မတ်ရပ်တည်ပေးသလို အရေးကြုံချိန်မှာ တပ်မတော်ကို ဖိမနင်းတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် ရှေ့မှာ အသက်သေခံကာကွယ်ဖို့ အသင့်ဖြစ်နေမယ်ဆိုတာ ယုံကြည်ပါတယ်။

၅။ စာရေးသူအနေနဲ့ ရခိုင်ဒေသရှိ ဘင်္ဂလီတွေကို သမိုင်းနောက်ခံမခိုင်မာတဲ့ ရိုလင်ဂျာလို့ မခေါ်ဆိုနိုင် သလို မွတ်ဆလင်ဆိုပြန်ကလည်း မြန်မာပြည်မှာ သစ္စာရှိစွာနဲ့နေထိုင်ခဲ့တဲ့ မြန်မာမွတ်ဆလင်များကို ငှဲ့ညှာလို့သုံးနှုံးမှာ မဟုတ်တာ ဦးစွာတင်ပြလိုပါတယ်။ သြဂုတ်လ ၂၅ရက်နေ့ ARSA (Arakan Rohingya Salvation Army) လို့ခေါ်တဲ့ အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်တွေက ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်းတော၊ ရသေ့တောင်မြို့နယ်တွေရှိ ရဲကင်းစခန်း (၃၀) နဲ့ တပ်ရင်းဌာနချုပ်တခုကို တပြိုင်နက် အကြမ်းဖက်တိုက်ခိုက်မှုဟာ အာနန်ရဲ့ အစီရင်ခံစာထွက်ရှိမှုနဲ့ တနေ့တည်း ဖြစ်နေတာနဲ့ဆိုရင် တိုက်ဆိုင်မှုတော့ မဟုတ်ပါ။ အစီရင်ခံစာကို High Light လုပ် ဖိအာပေးချင်တာလား၊ အာဆာ(ARSA)အဖွဲ့ကို နိုင်ငံတကာက တရားဝင် အသိအမှတ်ပြု ရပ်တည်သွားလိုတဲ့ ရည်ရွယ်ချက်လား မေးစရာရှိပါတယ်။ အာဆာအဖွဲ့ခေါင်းဆောင်ဟာ နောက်ကွယ်က လက်မဲကြီးတွေရဲ့မဟာဗျူဟာကျကျ စီမံတွက်ချက်ပြီး အကောင်အထည်ဖေါ်တယ်လို့ သုံးသပ်ရပါတယ်။ ဒါပေမဲ့ တိုက်ကွက်ဟာ ဗရမ်းဗတာဖြစ်သွားပြီး ဝန်ထမ်းတွေ အပြင် အရပ်သားပစ်မှတ်တွေပါ ရောထွေးသွားလို့ တန်ပြန်သက်ရောက်ကာ ဆိုးကျိုးရလဒ်အဖြစ် အကြမ်းဖက်အဖွဲ့ အဖြစ်ကြေညာခံရပါတယ်။

နောက်ကွယ်က လက်မဲကြီး (၃) လက်

၆။ နောက်ကွယ်လက်မဲကြီးတွေက တခုသာ မဟုတ်ဘဲ စာရေးသူ Focus လုပ်ကြည့်တာကတော့ လက်မဲ (၃) လက် တွေ့ရပါတယ်။ ပထမလက်မဲကတော့ နိုင်ငံတကာမှာ သူတိုကိုယ်သူတို့ ရိုလင်ဂျာလို့ခေါ်တဲ့ ဘင်္ဂလီအဖွဲ့အစည်း - အာရကန် ရိုလင်ဂျာသမဂ္ဂ (Arakan Rohingya Union) ဖြစ်ပြီး ဒုတိယလက်မဲက ဆော်ဒီအာရေဗျနောက်ခံဖြစ်ကာ နောက်ဆုံးလက်မဲကတော့ ဗြိတိန်၊ ဘင်္ဂလားဒေရှ်နဲ့ အပေါင်းအပါ မလေးရှားနဲ့ တူရကီ နောက်ခံတွေတို့ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နောက်ခံအင်အားစုဟာ အစပိုင်းမှာ သူမဟုတ်သလို သူတော်ကောင်းယောင်ဆောင် စကားလုံးတွေနဲ့အသံပစ်ကာ နောက်ကွယ်မှာ ကြိုးကိုင်နေပေမဲ့ ဖြစ်စဉ်တွေက တစတစနဲ့ ပြင်းထန်လာလို့ ပေါ်တင်ဘဲ ရှေ့ထွက်ရပ်ကာ တည်ကြက် အနေနဲ့ လှုပ်ရှားလာပြီဖြစ်ပါတယ်။

ဘာတွေ ခွဲခြမ်းစိတ်ဖျာကြည့်ကြမှာလဲ

၇။ လက်မဲကြီး(၃)လက်က ဘယ်သူတွေကို တည်ကြက်လုပ်မလဲ၊ HRC၊ Burma UK Campaign နဲ့OIC တို့ကို စစ်ကူတောင်းပြီး ဘယ်လို လော်ဘီလုပ်ကြတယ်။ OIC အကူအညီနဲ့ UN ရဲ့G.S ကို အိတ်ထဲထည့်နိုင်သည်အထိ ထိုးဖေါက်နိုင်ကာ ပြင်းထန်တဲ့ ဖိအားအဖြစ် ဘယ်လို လှုပ်ရှား ဆောင်ရွက်လာကြလဲ၊ သူတို့ရဲ့မဟာဗျူဟာရည်မှန်းချက်တွေက ဘယ်အထိ ထားနိုင်လဲ၊ အစိုးရနဲ့ တပ်မတော်တို့က ကျောချင်းကပ်ပြီး ဘယ်လို ဖြေရှင်းကြရင်ကောင်းမလဲ၊ ပြည်တွင်းက အမျိုသားရေးဝါဒီနဲ့မျိုးချစ်တပ်မတော်အရာရှိများက အစိုးရအပေါ် ဘယ်လို နားလည်ပေးသင့်ပြီး တပ်မတော်က ညီညွှတ်ရေးအတွက် ရှေးရှုကာ ဝင်ရောက်ညှိနှိုင်ပေးသင့်လား၊ ဒီလိုဖြစ်စဉ်ရဲ့နောက်ကွယ်မှာ သံသယဖြစ်နိုင်ဖွယ်ရှိတဲ့ ဘက်၂ဘက်ရဲ့သဘောထားအမြင်ပေါ် ဖြေရှင်းချက်၊ ဘင်္ဂလီအရေး နိုင်ငံတကာက ထပ်မံ ထိုးစစ်ဆင်လာရင် ခံစစ်ဆင်ပြင်ဆင်ရမည့် နည်းဗျူဟာများ၊ ပြီးခဲတဲ့ နိုင်ငံတကာ ထိုးစစ်ကြောင့် တွေ့ရှိရတဲ့ ခံစစ်စည်း ကျိုးပေါက်ရတဲ့ အချက်အလက်များ၊ ကိုဖီအာနန် အစီရင်ခံစာကို ဘယ်အတိုင်းအတာအထိ အကောင်အထည် ဖေါ်နိုင်မလဲ၊ ရေရှည်ပြင်ဆင်ထားရမည့်မဟာဗျူဟာစီမံချက် လက်လှမ်းမှီသရွေ့ဖြစ်စဉ်တွေနဲ့အတူ တင်ပြသွားပါမယ်။

ပထမလက်မဲ

၈။ ဘင်္ဂလီအဖွဲ့ (၆၀)ခန့်ပါတဲ့ အာရကန်ရိုလင်ဂျာသမဂ္ဂ (Arakan Rohingya Union) ညွှန်ကြားရေးမှူးချုပ် ဒေါက်​တာဝါကာအူဒင်ဟာ သုံးခေါက်ချိုး မှတ်ပုံတင်တွေ ရထားသူဖြစ်တယ်။ မြန်​မာပြည်​က မောင်းတောမြို့ အထက်တန်းကျောင်းမှာ နေခဲ့ရာမှ စိုက်ပျိုးရေးဘွဲ့ကို ရေဆင်းတက္ကသိုလ်က ရယူသွားတယ်။ အဲဒီနောက် သူက ဘင်္ဂလားဒေ့ရှ်ကို ရောက်ပြီး အဲဒီကနေပြီးတော့ အမေရိကန်ကို ထွက်သွားပါတယ်။ အမေရိကန်မှာ ဆက်ပြီှး Doctorate တွေ တက်ပြီးတော့မှ အမေရိကန်နိုင်ငံသားအဖြစ်ခံယူတယ်။ အမေရိကန် cultural Pathologist စိုက်ပျိုးရေးဗေဒပါရဂူ အ​မေရိကန်​ ဂျော်ဂျီယာတက္ကသိုလ်မှာ​ ဒေါက်​တာဘွဲ့ယူခဲ့ပါတယ်။

သူဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျွန်ကယ်ရီ၊ အမေရိကန်သံအမတ်ကြီးဟောင်း ဒဲရစ်မစ်ချယ်၊ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် ယန်ဟေးလီ တို့ကို တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ တူရကီ သမ္မတနဲ့ ၀န်ကြီးချုပ်တို့ကို အကြိမ်ကြိမ် တွေ့ဆုံခဲ့သလို မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ မလေးရှားနိုင်ငံ ဘင်္ဂလီ ကျောင်းသို့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်ကတည်းက OIC အစည်းအဝေးကျင်းပရာ ဆော်ဒီနိုင်ငံ JEDDAH မှာ ဘင်္ဂလီများ အရေးတင်ပြကာ ARUကို စတင်ဖွဲ့စည်းခဲ့ပါတယ်။ သူဟာအဖွဲ့ရဲ့ ညွှန်ကြားရေးမှူးချုပ်အဖြစ် ဆောင်ရွက်ကာ အင်မတန်မှ သိုသိုသိပ်သိပ် လျှို့ဝှက်လွန်းတာမို့ အဖွဲ့ဝင်တွေ ဘယ်သူဆိုတာ မသိရသေးဘဲ သူတို့ရဲ့ ဌာနချုပ်ဟာ အမေရိကန်နိုင်ငံ ဝါရှင်တန်နဲ့နီးတဲ့ မြို့တမြို့ဖြစ်မည်လို့ ခန့်မှန်းရကာ သူတို့အဖွဲ့ လှုပ်ရှားမှုအတွက် ရှေ့နေငှားရမ်းထားတယ်လို့ သိရပြီး ရှေ့နေကတော့ Robert C. Rayman, Attorney at Law, 1315 W College Avenue, Suite 300 State College, PA 16801. Arakan Rohingya Union (ARU) ဖြစ်ပါတယ်။

၉။ ဒေါက်တာဝါကာအူဒင်ဟာ UAE သို့သွားရောက်ကာ E.C Of Burma နဲ့တွေ့ဆုံခဲ့ပါတယ်။ ဆော်ဒီနိုင်ငံ မက္ကာမှာ ၂၀၁၆ခုနှစ် ဧပြီလ ၂၁ရက်နေ့ကြာသာပတေးနေ့တွင် ရိုလင်ဂျာကွန်ကရက် ညီလာခံတခု ကျင်းပခဲ့ရာမှာ ရခိုင်ရိုလင်ဂျာသမဂ္ဂ ဥက္ကဌပါ တက်ရောက်ခဲ့ပြီး ARU စီမံကိန်း၊ ရိုလင်ဂျာလူမျိုးများရဲ့ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် အမျိုးသားရေးနဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနဲ့ အတူ ရှေ့သို ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ အနာဂတ် မဟာဗျူဟာများ ဆွေးနွေးခဲ့တယ်လို့သိရှိရပါတယ်။ စာရေးသူထင်မြင်တာက ယခုဖြစ်ပွားခဲ့တဲံ ဘင်္ဂလီများ အကြမ်းဖက်မှု အစီအစဉ် အပါအဝင် နိုင်ငံတကာ သံခင်းတမန်ခင်း စည်းရုံးဆောင်ရွက်မည့် PLANS များဖြစ်နိုင်ပါတယ်။ ဒေါက်တာဝါကာအူဒင်ဟာ ကိုဖီအာနန်အဖွဲ့ ကွင်းဆင်းပါက သူတို့ရဲ့လိုလားချက်များပါအောင် အဲဒီအစည်းအဝေးမှာ ရခိုင်ရိုဟင်ဂျာဥက္ကဌကို လမ်းညွှန်ချက်ပေးနိုင်ပြီး ဆက်သွယ်မှု ကွန်ယက်ထားပါတယ်။ သူဟာ ၇၂ကြိမ်မြောက် ကုလသမဂ္ဂ အစည်းအဝေး မကျင်းပမှီ ဘင်္ဂလီအရေး ခေါင်းစဉ်ကို လုံခြုံရေးကောင်စီ တင်နိုင်ရေးအတွက် OIC၊ G.S ၊ တူရကီ၊ ဘင်္ဂလားဒေရှ်တို့က သံတမန်များနဲ့နယူးယောက်မှာ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

၁၀။ ၂၀၁၇ ခုနှစ် သြဂုတ်လ ၁၅ရက်နေ့မှာ ဆော်ဒီအာရေးဗျနိုင်ငံက ဗိုလ်ချုပ်(ငြိမ်း) ဒေါက်တာ အန်နဝါ အဆာကီ (ဥက္ကဌ ၊ အရှေ့အလယ်ပိုင်းမဟာဗျူဟာလေ့လာရေးဗဟိုဌာန) က ဒေါက်တာဝါကာအူဒင်ကို ဘင်္ဂလီကိစ္စအား နိုင်ငံတကာစင်မြင့်ရောက်အောင်လုပ်ပေးနိုင်မှုနဲ့ ဘင်္ဂလားဒေရှ်နိုင်ငံကို လိုအပ်တဲ့ ထောက်ပံ့မှူတွေရအောင် ဆောင်ကျဉ်းပေးနိုင်လို့ Middle East Center က Strategic and Legal Studies ပေးခဲ့ပါတယ်။ (Saudi Maj. Gen. (Ret.) Dr. Anwar Eshki, Chairman of the Middle East Center for Strategic and Legal Studies (MECSLS), held a reception for the Director General of Arakan Rohingya Union, Dr. Wakar Uddin, at the MECSLS Headquarters in Jeddah, Saudi Arabia) ဒါဆိုရင်​ သူ့ရဲ့လက်​တံ ဘယ်​လောက်​ရှည်​တယ်​ဆိုတာ မှန်းဆနိုင်​ပါတယ်။


၁၁။ ARSA ခေါင်းဆောင်Ataullah abu Ammar Junjuni ဟာ ပါကစ္စတန်နိုင်ငံ ကရာချိမှာ မွေးဖွားခဲ့ပြီး ဆော်ဒီအာရေးဗျနိုင်ငံရှိ မက်ဒရယ်ဆာ ဘာသာရေးကျောင်းတက်ခဲ့သူ ဖြစ်ပါတယ်။ ဧရာဝတီမီဒီယာမှ ဖေါ်ပြခဲ့တဲ့ ဆောင်းပါးတပိုဒ်မှာ ARSA အဖွဲ့ရဲ့ စစ်နည်းဗျုဟာများဟာ မြန်မာနိုင်ငံမှာ ရှိနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကဲ့သို့ စစ်ဝတ်စုံ ဝတ်ဆင်ထားမှု မရှိတာ၊ လက်နက်ကိုင်ထားပေမဲ့ ရွာသားများကဲ့သို အသွင်ယူထားတာ၊ ညအချိန်ကာလမှာ လက်နက်မဲ့ ကျေးရွာပြည်သူတွေကို စုစည်းပြီး အင်အားထုဖြင့် တပ်စခန်းတွေကို အကြမ်းဖက်တွေရဲ့ တိုက်နည်းစနစ်အတိုင်း တိုက်ခိုက်တာ၊ တကယ်တမ်းသူတို့ အင်အားမှာ ၅၀၀ ထက် ကျော်နိုင်ဖွယ် မရှိတာ၊ ဒုက္ခသည်စခန်းမှ စည်ရုံးသိမ်းသွင်းထားတဲ့ လူငယ်များနဲ့ နိုင်ငံခြားသား ၁၅၀ခန့် (ဘင်္ဂလားဒေရှ်၊ ပါကစ္စတန်) ပါနိုင်တာ၊ ဖေါ်ပြသွားခဲ့ပါတယ်။

၁၂။ ဒါကိုကြည့်ခြင်းဖြင့် ARSA အဖွဲ့ဟာ ပြည်ပအကူအညီ မယူထားတဲ့ အသွင်ယူပုံဖေါ်ထားပြီး ဖိနှိပ်ခံရလွန်းလို့ရရာ ဓါးရှည် လက်နက်စွဲကိုင်ကာ တော်လှန်ရတယ်ဆိုတာဟာ နိုင်ငံတကာအမြင်မှာ ပုံရိပ်လှစေပါတယ်။ စခန်းတွေကို တပြိုင်နက်တိုက်ခံရရင် တပ်မတော်က မလွဲမသွေ စစ်ဆင်ရေးလုပ်မယ်လို့ တွက်ဆထား ပါတယ်။ ဒါ့အပြင် ယခင်လို မထိန်းတော့ဘဲ အရပ်သားပစ်မှတ်တွေပါ တိုက်ခိုက်လာလို့ တပ်မတော်က ဒေါသနဲ့ အင်အားသုံး ပြန်တိုက်လာလိမ့်မယ်လို့သူတို့ခန့်မှန်းနိုင်ပါတယ်။ အဲဒီအခါ တပ်မတော်က နိုင်ထက်စီးနင်း ရွာသားတွေကို သတ်ဖြတ်နေတယ်၊ ရွာသားတွေကို မနေခိုင်းဘဲ ထွက်ပြေးခိုင်းတာ၊ ရွာကိုတောင် ဒီအတိုင်းမထားခိုင်းဘဲ လက်ဦးမှုယူ ထွက်ပြေးတာနဲ့ မီးရှို့ခိုင်းပြီး တပ်က ဝင်ရှင်းတာနဲ့ အံကိုက်ဖြစ်အောင် ဖန်တီးထားတဲ့ သတ်ကွင်း ဗျုဟာဖြစ်ပါတယ်။

အံ့သြဖွယ်ကောင်းတာက သူတို့ရဲ့ကြေညာချက်တွေTwitter နဲ့ ဆိုရှယ်မီဒီယာများမှာ တင်ပြချက်၊ ဝါဒဖြန်ချီရေး တွေဟာ အင်္ဂလိပ်စာ ကျွမ်းကျင်လှသလို စက်တင်ဘာလ (၉) ရက်နေ့မှာ လူသားချင်း စာနာထောက်ပံ့မှု ပေးနိုင်ဖို့ တလကြာ အပစ်အခတ်ရပ်စဲမည်ဆိုတဲ့ ကြေညာချက် ထုတ်တဲ့ ကစားကွက်တွေ၊ အယ်ကိုင်ဒါနဲ့ အိုင်စစ်လို အကြမ်းဖက်အဖွဲ့အစည်းနဲ့ အဆက်အသွယ် မရှိကြောင်း ကြိုတင်ကာတာတွေ၊ Safe Zone ဇုန် ဘင်္ဂလီအတွက် လုပ်ပေးဖို့ တောင်းဆိုတာ။

 ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ စကားအတိုင်းမမှန်ကြောင်း ကျန်နေတဲ့ ရွာတွေကို အောက်တိုဘာလ ၉ ရက် နောက်ဆုံးထားပြီး ဘင်္ဂလားဒေ့ရှ်ကို ပြန်လာခိုင်းဖို့ ဖုံးနဲ့ ထပ်မံခေါ်ထုတ်ခိုင်းတာ၊ မလာက သတ်ပစ်မည်လို့ခြိမ်းချောက်တာ။

 ARSA အကြမ်းဖက်အဖွဲ့ဟာ ဟိန္ဒူလူမျိုးတွေကို သတ်ဖြတ်ကာ မြေမြှုပ်ထားခဲ့ပြီး နောက်ထပ် လအနည်းငယ်အကြာမှာ ပြန်လည်တူးဖော်လို့ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဘင်္ဂါလီလူမျိုးတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေသည့်ပုံမျိုးကို ဖန်တီးရန် မဟာဗျူဟာကျကျ ထောင်ချောက်ဆင်ထားတာတွေ၊ သူတို့ပြောတဲ့ အရေအတွက်အတိုင်း မစိစစ်ဘဲ ချက်ခြင်း လက်ခံခိုင်းတာ၊ သူတို့(ဖုံး/လိမ်) ထားတာပေါ်မှာစိုးလို့ဘင်္ဂလားဒေရှ်စခန်းတွေမှာ ဒုက္ခသည်တွေကို ဖုံးသုံးခွင့် ပိတ်တာ။

တပ်မတော်က လူ့အခွင့်အရေးချိုးဖေါက်နေတယ်၊ လူမျိုးတုံးသတ်ဖြတ်နေပါတယ်ဆိုပြီး သတင်းလိမ်၊ အခြားဖြစ်စဉ်များမှ ဓါတ်ပုံများနဲ့ ရောညှပ် ဂွင်ဆင်ကာ BURMA UK Campaign၊ HRC၊ NGO တို့မှတဆင့် UN အထိသာမက လုံခြုံရေးကောင်စီအထိ ပေါက်သွားတဲ့ မဟာဗျုဟာမြောက် ကစားကွက်တွေကို ASRA တဖွဲ့တည်း မလုပ်နိုင်တာကတော့ သေချာလှပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

Comments