မောင်မိုးသူ - အတိုက်ခံရတာက ငါတို့အပစ်ခံရတာကလည်း ငါတို့ပဲ …….


မောင်မိုးသူ - အတိုက်ခံရတာက ငါတို့အပစ်ခံရတာကလည်း ငါတို့ပဲ ……. 
(ကုမုဒြာဂျာနယ်၊ ရန်ကုန်) မိုးမခ၊ အောက်တိုဘာ ၂၁၊ ၂၀၁၇
 
မောင်မိုးသူ အသက် ၈၁ နှစ် ရှိပါပြီ။ နှစ်ပေါင်း ၆၀ လောက် စာနယ်ဇင်း၊ အဓိက အားဖြင့် သတင်းစာ၊ ဂျာနယ်များမှာ အယ်ဒီတာ့ ဆောင်းပါးရေးသူအဖြစ် လုပ်ကိုင်ဖူးပါတယ်။ မောင်မိုးသူ မန္တလေးက မန်းခေတ် သတင်းစာတိုက်မှာ အလုပ်လုပ်ရစဉ် နိုင်ငံတကာသတင်းရယူမှုကို မန္တလေးမှာရှိတဲ့ လူထုတိုက်လိုတယ်လီပရင်တာ လည်းမရှိ၊ ရန်ကုန်တိုက်ခွဲထားပြီး လူထုစိန်ဝင်းတို့လည်းမထားနိုင်လေတော့ နိုင်ငံတကာသတင်းကို BBC World New တို့ နာရီပိုင်း အင်္ဂလိပ်ဘာသာနဲ့ထုတ်လွှင့်တာကို နားထောင်ပြီး သတင်း အချက်အလက်တွေ စုစည်းပြီးမှ နိုင်ငံတကာသတင်းတွေရေးခဲ့ရတာဖြစ်ပါတယ်။ မောင်မိုးသူတို့ မန်းခေတ်သတင်းစာတိုက်ကသုံးနိုင်တဲ့ ရေဒီယိုကြီးကလည်း ရှေးဟောင်း ဖီးလစ်ရေဒီယိုကြီးပါ။ မီးလုံးသုံး အမျိုးအစားဖြစ်ပါတယ်။ သည်နေ့ခေတ် ကလေးတွေတော့ သိကြ မြင်ဖူးကြမယ်မထင်ပါဘူး။ Magic Eye ဆိုတဲ့ မီးလုံးလေးစိမ်းပါမှ ရေဒီယိုမြည်တာပါ။ BBC World News ကလည်း တစ်နာရီတစ်ကြိမ် အင်္ဂလိပ်လိုကြေညာတာဖြစ်ပါတယ်။ မောင်မိုးသူတို့မှာ အဲသည်ခေတ်တုန်းက ရီကော်ဒါလည်းမရှိ၊ မောင်မိုးသူကိုယ်တိုင်လည်း လက်ရေးတိုမတတ်။ အင်္ဂလိပ်လိုပြောတာ နားထောင်မှတ်သားပြီး စုစည်းရေးရတာပါ။ အလေ့အကျင့်ရသွားတော့လည်း ဖြစ်သွားတာပဲ ခင်ဗျ။

အခုလည်း နိုင်ငံတကာသတင်းတွေကို နိုင်ငံတကာသတင်းဌာနတွေ၊ ရုပ်သံထုတ်လွှင့်မှုတွေ နားထောင်စုစည်းပြီး ရေးနေရတုန်းပါပဲ။
ခု ရခိုင်အရေးမှာတော့ မောင်မိုးသူ ရင်ထဲမှာခံစားလာရတာက ခေါင်းစဉ်ပေး ထားတဲ့အတိုင်း အတိုက်ခံရတာက ငါတို့၊ အပြစ်တင်ခံရတာကလည်း ငါတို့˘ ဖြစ်နေ တယ်လို့ ခံစားရပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ရခိုင်မှာရှိတဲ့ လုံခြုံရေးစခန်းနှစ်ခုသုံးခုကို ဘင်္ဂါလီအကြမ်းဖက်အဖွဲ့က ဝင်တိုက်လို့ လုံခြုံ ရေးတပ်ဖွဲ့ဝင် တပ်သားတချို့ ကျဆုံးပြီး လက်နက်တချို့ အကြမ်းဖက်များလက်ထဲ ပါသွားပါတယ်။ အဲသည်တော့မှ နယ်မြေရှင်းလင်းတိုက်ပွဲလုပ်ရလို့ အကြမ်းဖက်သမား ၆၀ဝ ကျော် သေဆုံး၊ အရှင်ဖမ်းမိတာတချို့ရှိခဲ့။ အဲသည်တုန်းက ဘင်္ဂါလီ အကြမ်းဖက်တွေလို့ပဲ ကြေညာခဲ့ပြီး AR-SA နာမည်မယူခဲ့သေးဘူးခင်ဗျ။ ဒါပေမဲ့ အဲသည်တုန်းက လုံခြုံရေးစခန်းကိုလာတိုက်တာက သူတို့၊ ပြန်တိုက်လို့ ကျဆုံးတာတွေရှိတာနဲ့ လူမျိုးရေး၊ ဘာသာရေး စကားလုံးမျိုး သုံးချင်သလိုလိုဖြစ်နေတာကို သတိထားမိပါတယ်။

၂၀၁၆ အောက်တိုဘာ ဖြစ်ရပ်ကိုအကြောင်းပြုပြီး ဘင်္ဂါလီတွေက နည်းဗျူဟာတစ်ခုရသွားပုံရတယ်။ ရခိုင်အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းကိုဖီအာနန်ရဲ့ စုံစမ်းရေးကော် မရှင်ရဲ့ ပဏာမအစီရင်ခံစာကထွက်နေပြီး ကော်မရှင်ရဲ့ အစီရင်ခံစာက ရခိုင်ဒေသ တိုးတက်ဖွံ့ဖြိုးရေး အကြံများကိုအလေးထားပြီး မတူကွဲပြားတဲ့သူများ အတူတကွနေထိုင်ကြရေးအတွက် အကြံပေးထားတာသာဖြစ်ပါတယ်။ ကော်မရှင်က အကြံပေးကော်မရှင်ဖြစ်တဲ့အတွက် ဒေသတွင်းတိုးတက်ဖွံ့ဖြိုးရေးကိုအဓိကထားပြီးအကြံပေးနိုင် တာသာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုဖီအာနန်ရဲ့အစီရင်ခံစာတင်သွင်းတဲ့ နောက်ရက် ဩဂုတ် ၂၅ ရက်နေ့ မှာပဲ ရခိုင်ဒေသ နယ်မြေလုံခြုံရေးစခန်း၃၀ ကို လူစုလူဝေးလူ အုပ်ကြီးနဲ့ တစ်ပြိုင်တည်း တိုက်ပါတော့တယ်။

သည်တစ်ကြိမ်တိုက်ရာမှာတော့ ဘင်္ဂါလီအကြမ်းဖက်တို့ဟာ သူတို့ကိုယ်သူတို့ AR-SA အဖွဲ့လို့ နာမည်ခံပါတော့တယ်။ AR-SA ဆိုတာ Arakan Rohingya Salvation Army, ရိုဟင်ဂျာတပ်ဖွဲ့ဆိုပါတော့။ သည်တစ်ခါတိုက်ပွဲလုပ်ရတဲ့ အကြောင်းပြချက်ကတော့ သူတို့ဟာတိုင်းရင်းသားမျိုးနွယ်စုဖြစ်ပြီး သည်ဒေသဟာသူတို့ဒေသဖြစ်ကြောင်းကြေညာပြီးတိုက်လာတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအစိုးရက မြန်မာနိုင်ငံဟာ တိုင်းရင်းသားမျိုးနွယ် စုပေါင်း ၁၃၅ စုနေထိုင်တာဖြစ်ပါတယ်။ အဲသည်အထဲ မှာ ရိုဟင်ဂျာဆိုတာ ရှိလည်းမရှိခဲ့ပါဘူး။ ရှိလည်း မရှိပါဘူး။ သူတို့ဟာ ဘင်္ဂါလီများပဲ ဖြစ်ပါတယ်။ ဧည့်နိုင်ငံသားများ ဖြစ်ပါတယ်။

ဟို အင်္ဂလိပ်အစိုးရ လက်ထက်မှာပဲ ဘင်္ဂါလီများ မြန်မာနိုင်ငံမှာ ဧည့်နိုင်ငံသားများအဖြစ် ရောက်ရှိနေထိုင်ခဲ့ကြပါတယ်။ အားလုံးအတူတကွနေထိုင်ခဲ့ကြတာပါ။ ပြဿနာမရှိပါဘူး။ သည်တစ်ခါ AR-SA နာမည်တပ်ပြီးခါမှ နယ်မြေပိုင်ဆိုင်မှုပါလိုချင် ကြေညာလာတဲ့အပြင် မွတ်စလင်ဘာသာဆိုတဲ့ စကားကိုပါသုံးစွဲပြီး လူမျိုးရေး၊ ဘာသာရေးပဋိပက္ခအသွင်ဖြစ်ပေါ်အောင် လှုံ့ဆော်မှုတွေပြုလုပ်လာပါ တယ်။ သည်မှာတင်ခုခံတိုက်ခိုက်ရတဲ့ တိုက်ပွဲ၊ နယ်မြေရှင်းလင်းရေးတိုက်ပွဲများပြုလုပ်ရာက ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ဘင်္ဂါလီစစ်ရှောင်ဒုက္ခသည်လေးသိန်းလောက်ရောက်နေကြောင်း ငိုကြီးချက်မ အသံတွေထွက်လာကြပြီး ကမ္ဘာ့သတင်းဌာနတွေကလည်း စစ်ရှောင်ဒုက္ခသည်တွေရဲ့ ဒုက္ခအဖုံဖုံကိုအမျိုးမျိုးပုံကြီးချဲ့ ဖော်ပြပြီး မြန်မာနိုင်ငံအစိုးရကိုအကြမ်း ဖက် နှိမ်နင်းသူများ၊ လူမျိုးတုံးသတ်ဖြတ်မှုများ ပြုလုပ်တယ်ဆိုတဲ့ အလွန့်အလွန်ဆိုးရွားတဲ့ စွပ်စွဲချက်ကြီးနဲ့ စွဲချက်တင်လာပါတယ်။ ဘာသာရေးသဘောပါဆောင်လာခဲ့လို့ မြန်မာနိုင်ငံအတွင်းရှိ မွတ်စလင်အဖွဲ့ချုပ်များက အကြမ်းဖက်မှုကိုဆန့်ကျင်ကြောင်း ကြေညာရတဲ့အထိပါပဲ။

ဒုတိယအကြိမ် လုံခြုံရေးစခန်း ၃၀ ကို AR-SA က ဝင်တိုက်လို့ ပြန်လည်ခုခံတဲ့အခါမှာ ကြိုတင်ပြင်ဆင်ထားသလိုထွက်ပြေးတိမ်းရှောင်ကြပြီး အကြမ်းဖက်မှုများ၊ လူမျိုးတုံးသတ်ဖြတ်မှုများ ပြုလုပ်ကြောင်းစွပ်စွဲ၊ အဲသည် စွပ်စွဲချက်ကို ကုလညီလာခံမှာ မြန်မာသံအမတ်က ပြတ်သားတိကျစွာဖြေရှင်းခဲ့ပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာလူ့အခွင့်အရေးချိုးဖောက်မှုမရှိခဲ့ကြောင်း၊ မည်သည့်အကြမ်းဖက်မှုကိုမှ သည်းခံမည်မဟုတ်ကြောင်း ပြောဆိုခဲ့ပြီးဖြစ်ပါတယ်။ ၂၈ ရက်နေ့လုံခြုံရေးကောင်စီမှာလည်း ဆွေးနွေးဖို့ရှိနေပါသေးတယ်။

သည်ရက်မတိုင်မီကလေးမှာပဲ တိုက်ပွဲကာလအတွင်း ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးတိမ်းရှောင်သွားကြသလို မြန်မာပြည်တွင်းမှာလည်း မြို့ပြတွေရှိရာကို တိုင်းရင်းသားတွေဖြစ်တဲ့ရခိုင်တွေ၊ ဟိန္ဒူတွေ၊ မြို၊ ဒိုင်းနက်လူမျိုးတွေထောင်နဲ့ချီပြီး ပြောင်း ရွှေ့နေထိုင်ရကြောင်း ထုတ်ပြန်ပြီးတဲ့ အပြင်တိုက်ပွဲကာလအတွင်း မြန်မာဘက်က စစ်ဘက်၊ လုံခြုံရေးဘက်၊ အရပ်ဘက်မှ ကျဆုံးသေဆုံးကြသူများစာရင်းကိုထုတ်ပြန်ခဲ့ပါတယ်။

နောက်ဆုံးရက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုကာလအတွင်းက ရဲဘော်ကျရွာမှာဘင်္ဂါလီအကြမ်းဖက်များက ဖမ်းဆီးခေါ်ဆောင်သွားကြတဲ့ ဟိန္ဒူလူမျိုး ၉၃ ဦးအနက် ၄၅ ဦးတို့ရဲ့ ရုပ်အလောင်း များကို ကျင်းနှစ်ကျင်းမှာ မြှုပ်နှံထားတာကို တူးဖော်ရရှိပါတယ်။ ခေါင်းဖြတ်အသတ်ခံ ထားကြသူများဖြစ်တဲ့အပြင် ဖမ်းဆီးသွားတဲ့ ဟိန္ဒူအမျိုးသမီးတချို့ကိုလည်း ဘာသာကူးပြောင်းခိုင်းပြီး ဘင်္ဂလားဒေ့ရှ်ထဲသို့ခေါ်ဆောင်သွားကြောင်း သတင်းထုတ်ပြန်ချက်များ ထွက်ပေါ်လာခဲ့ပါတယ်။သည်တော့ သည်ဆောင်းပါးရဲ့ ခေါင်းစဉ်အတိုင်းအတိုက်ခံရတာက ငါတို့၊ အပြစ်တင်ခံရတာကလည်း ငါတို့ပဲဖြစ်နေပါတော့တယ်။ ကျူးကျော်တိုက်ခိုက်မှုကို ဆန့်ကျင်ကြ။ မီဒီယာထောင်ချောက်တွေကိုလည်း ရှောင်ရှားကြ။

မောင်မိုးသူ

Comments