စိုးနေလင်း ● ထမ်းပိုးနဲ့ လှည်းထုပ် ကဗျာ

● ထမ်းပိုးနဲ့ လှည်းထုပ် ကဗျာ
(မိုးမခ) အောက်တိုဘာ ၁၅၊ ၂၀၁၇

ပျော်ဖို့ခက်ခဲလွန်စိတ်နဲ့ နေထွက် နေဝင် နေထိုင်လှုပ်ရှား
ပြေးစရာ သွားစရာမြေမရှိ  လှည့်မကြည့်ပဲထားပစ်လိုက်ဖို့ဆိုတော့လည်း
ခဲလေသမျှ ဖြစ်ခဲ့ရသူတွေထဲ ဆင်းရဲမွဲတေမှုစိုးရိမ်ရေမှတ်ပြ
ငါးပွက်ရာ ရှာကြသူတို့ သတင်းလွေ့လွေ့
ဂ ငယ်ကွေ့ ဆိုင်းဘုတ်တို့ချည်းသာ
မြွေပူရာ ကင်းမှောင့်နေကြ။
အစမကောင်းပေမယ့် အနှောင်းသေချာလို ချင်စိတ်ပြင်းပြ
ခွာချလိုက်တဲ့ အရေခွံများရဲ့ သွေးညှီနံ့တို့ လျှမ်းလျှမ်းထ
ကမ်းမမြင် လမ်းမပြင် ရေတွင်းဝမှာ
ကောင်းကင်ဟာ စပ်ဖာရာ အထပ်ထပ်။
ရတတ်သမျှ ဝါးမြိုလိုတဲ့ အစွယ်ဖွေးဖွေးတွေကြား
နှစ်ပါးသွား ကကြိုးအမျိုးမျိုးနဲ့ ဟိတ်ဟန်ထုတ်
သွေးအစုပ်ခံပြီး သွေးစုပ်ဖုတ်ကောင် ဖြစ်သွားခဲ့ကြတဲ့ဇာတ်လမ်းမှာ
ကိုယ့်ဇာတ်ကောင် ကိုယ်မနိုင်တဲ့ စင်စီးခမျာ
အလာမကောင်းသလောက် အခါနှောင်းလည်း ရောက်ခဲ့ပြန်ပေါ့။
ဟော့ဟို တောင်စွယ်မှာ… ။      ။
0