လွင် (ဘော်တွင်း) ● ဗိုင်းရပ်စ်

လွင် (ဘော်တွင်း) ● ဗိုင်းရပ်စ်
(မိုးမခ) အောက်တိုဘာ ၂၀၊ ၂၀၁၇

အေးတယ်။ ပတ်ဝန်းကျင်ဟာ မဲမှောင်နေတဲ့ မိုးတိမ်တွေကြောင့် မှုန်မှိုင်းနေတယ်။ လမ်းပေါ်က လူတွေဟာ ထီးကိုအားကိုး အကာအကွယ်ယူရင်း ခပ်သုတ်သုတ် သွားလာနေကြတယ်။ သုတ်ခနဲဝေ့လိုက်တဲ့ အေးစက်စက်လေညင်းဟာ မကောင်း ဆိုးဝါးတကောင်ကောင် အနားကပ်လာသလိုမျိုး။  အိမ်ထဲမှာပဲ အဝတ်တွေလှမ်းနေရတဲ့ အိမ်ရှင်မရဲ့ကျောရိုးတလျှောက် စိမ့်ခနဲ ဖြစ်သွားတယ်။

လည်ကုပ်ပေါ်ကမွှေးညင်းနုကလေးတွေ ထောင်သွားသလိုပဲ။ လွင့်ခါနေတဲ့ခန်းစီးစမှာ မကောင်းဆိုးဝါး တွဲခို နေလေသလား။

လှုပ်ခတ်သွားတဲ့သစ်ရွက်တွေ၊ မြက်ပင်တွေ၊ အဝတ်တွေကြားမှာ မကောင်းဆိုးဝါးဟာ မြူးပျံတယ်။

အသက်ရှုဖို့တောင် ကြောက်လန့်နေသူတွေက နှာခေါင်းနဲ့ပါးစပ်ကို နှာခေါင်းစည်းနဲ့ ပိတ်ထားကြလေရဲ့။  ပါးနပ်တဲ့မကောင်း ဆိုးဝါးတွေက လက်တွေမှာ ဝင်ပြီးခိုနေကြတယ်။ ကျောရိုးထဲက စိမ့်အေးမှုက လက်မောင်းပေါ်မှာ ကြက်သီးဖုကလေး တွေအဖြစ် ပေါ်လာတယ်။


သတင်းတွေမှာ မကောင်းဆိုးဝါး ပူးကပ်ခံရသူတွေအကြောင်း၊ အသက်ဇီဝိန်နှုတ်ခံရသူတွေအကြောင်းသာ လွှမ်းမိုးနေတယ်။ ကျောင်းတွေ၊ တက္ကသိုလ်တွေ၊ လုပ်ငန်းခွင်တွေ၊ ဌာနဆိုင်ရာတွေ၊ ရပ်ကွက်တွေမှာ လူတွေကိုစုပြီး ပညာပေးဟောပြော နေကြတဲ့ သတင်းတွေကလည်း ခဏခဏ။ မကောင်းဆိုးဝါးတွေ ပျော်မြူးတတ်တဲ့ လူစုလူဝေးကိုရှောင်ပါ။ ကလေးတွေဟာ စာသင်ခန်းတွေထဲမှာ တစုတစည်းတည်း။ စာသင်ခန်းက မိုးလုံပါရဲ့လား။ ကလေးပီပီ မိုးရေအိုင် တစွက်စွက်မှာ ပြေးလွှား ဆော့နေလေမလား။ အေးစိမ့်စိုစွတ်နေတဲ့ဝန်းကျင်မှာ သူတို့ စာတွေဆိုကြမယ်။ ရေးကြမယ်။ တယောက်နဲ့ တယောက် စကြနောက်ကြမယ်။ နှာချေတဲ့အခါ နှာခေါင်းနဲ့ပါးစပ်ကိုအုပ်ထားဖို့ သူတို့လေးတွေ သတိရကြမယ်မထင်ဘူး။ အိမ်ပြန်လာကြ တဲ့အခါ စိုစွတ်အေးစက်လာမှာ။ သူတို့အနားမှာ မကောင်းဆိုးဝါးတွေ ကခုန်နေကြမလား။

ဘတ်စ်ပေါ်ကလူတွေလဲ စိုစိုစွတ်စွတ်။ အဲကွန်းအေးအေး ဖွင့်ထားတဲ့ဘတ်စ်က မကောင်းဆိုးဝါးအကြိုက် ချမ်းစိမ့်စိမ့် ဝေဒနာကို ပေးတယ်။ တယောက်နဲ့တယောက် ထပ်လုမတတ် ကြပ်ညှပ်နေတဲ့ဘတ်စ်ပေါ်မှာ ဝင်သက်ထွက်သက်တွေက ရောပြွမ်းလို့။ နှာခေါင်းစည်းတွေအပေါ်က မျက်လုံးတွေမှာ မယုံသင်္ကာ အကြည့်တွေနဲ့။ လမ်းပေါ်လျှံနေတဲ့ ရေတွေထဲ နစ်လာရတဲ့ ခြေထောက်တွေဟာ အေးစက်လို့၊ စိုအိလို့။ လက်ကိုင်ကွင်းတွေပေါ်မှာ၊ တန်းတွေပေါ်မှာ၊ ပြတင်းပေါက်ဘောင် တွေပေါ်မှာ မကောင်းဆိုးဝါးဟာ ဟိုဟိုဒီဒီတွားသွားရင်း သားကောင်ကိုချောင်းတယ်။

“ဟပ်ချိုး”

လက်ဆေးပါ၊ လက်ဆေးပါ၊ လက်ဆေးပါ။ ဆပ်ပြာအမြုပ်တွေကြားမှာ မြုပ်နေတဲ့လက်ကို ရေတဖွားဖွားကျနေတဲ့ အောက် ထည့်လိုက်တယ်။ ပဲကြီးရေတွန့်နေတဲ့လက်ဟာ ရန်သူရဲ့လက်နက်တဲ့လား။ ဒီလက်နဲ့ကိုင်တွယ်မိခဲ့သမျှ အရာတွေအားလုံး မှာ မကောင်းဆိုးဝါးပူးကပ်နေတယ်။  အပြင်က ပြန်လာလာခြင်း ဘာကိုကိုင်လိုက်ပါလိမ့်။ တံခါးလက်ကိုင်။ အိမ်ရှင်မဟာ အဝတ်စတစ်ခုကို အရက်ပျံဆွတ်ပြီး တံခါးလက်ကိုင်နဲ့ ဝန်းကျင်ကိုပွတ်တိုက်လိုက်တယ်။ ပြီးတော့ရော အကိုင်အတွယ်များတဲ့ အရာတွေ၊ မီးခလုပ်၊ ထိုင်ခုံလက်ရမ်း၊ လှေကားလက်ရမ်း၊ ကွန်ပြူတာခလုပ်ခုံ၊ ဖုန်းရဲ့ဖန်သားပြင်၊ ငွေစက္ကူတွေနဲ့ အဲဒါတွေထည့်ထားတဲ့ အိတ်၊ ဈေးခြင်းတောင်းလက်ကိုင်၊ ထီး၊ ဦးထုပ်၊ သော့၊ ပြီးတော့ပြီးတော့ ထိတွေ့ကိုင်တွယ်မိ တဲ့အရာများစွာ။

အိမ်ရှင်မဟာ ပွတ်တိုက်တယ်။ ဆေးကြောတယ်။ လျှော်ဖွပ်တယ်။

မကောင်းဆိုးဝါးဟာနေရောင်ခြည်ကိုကြောက်သတဲ့။ တိမ်မဲညိုတွေကြားက ချောင်းကြည့်လိုက်တဲ့ နေမင်းကို မြင်လိုက်တယ် ဆိုရင်ပဲ အိမ်ရှင်မဟာအဝတ်တွေကို ကပြာကယာ အပြင်ထုတ်ပြီးလှမ်းတယ်။

“နေရောင်ခြည်သည် ရောဂါပိုးကိုသေစေ၏” လို့ ပထမတန်းက ကလေးတွေစာအံနေတယ်။ ဆရာမဟာ စိုနေတဲ့ လုံခြည် အနား ခြောက်သွေ့သွားအောင် နေရောင်ကျတဲ့နေရာဆီ ရွှေ့ထိုင်လိုက်တယ်။ နှာခေါင်းနဲ့ပါးစပ်ကို တစ်ရှုးစနဲ့ အုပ်ပြီး နှာချေ လိုက်တဲ့အခါ နေရောင်ခြည်က လန့်ပြီး ပြန်ပုန်းသွားတော့တယ်။ အိမ်ရှင်မရဲ့ မျက်နှာဟာ မိုးနဲ့အပြိုင် ညိုမှိုင်းသွားပြီး အဝတ် တွေကိုရုပ်သိမ်းပြန်တယ်။

မိုးစက်တွေကြောင့် စုစည်းလာတဲ့ရေတွေဟာ လမ်းမပေါ်ကို အလုအယက်တက်လာကြပြန်တယ်။

မကောင်းဆိုးဝါးတွေဟာ ရေတွေထဲမှာ ဟိုဟိုဒီဒီကူးခပ်နေကြတယ်။ ကျန်းမာရေးဟောပြောပွဲကပြန်လာတဲ့ ကျောင်းသူ ကျောင်းသားတွေဟာ နှာခေါင်းစည်းတွေကိုယ်စီနဲ့။

“ဟပ်ချိုး”

လွင် (ဘော်တွင်း)
0