စံညိမ်းဦး ● နိုင်ငံတော်အဆင့် ငိုချင်း (၁)

 စံညိမ်းဦး ● နိုင်ငံတော်အဆင့် ငိုချင်း (၁)
(မိုးမခ) အောက်တိုဘာ ၁၆၊ ၂၀၁၇


ဘယ်လောက်လတ်ဆတ်သီးနှံမဆို

ချဉ်ဖတ်အိုးကြီးထဲခုန်ချ

ချဉ်ဖတ်ဖြစ်ဆိုတဲ့ လောဂျစ်

အဲဒီ သမားရိုးကျ လောဂျစ်ကို သံသယဖြစ်

အပြင်းအထန်

ငြင်းဆန်ပစ်လိုက်ပါရစေ။



ဒီဝတ္ထု

တန်ဖိုးကြီးကြီးပေးပြီး ဖတ်နေရတဲ့

တအုပ်ထဲသော ဒီဝတ္ထုမှာမှ

နောက်ဆုံးအခန်းဟာ

စုတ်ဖြဲခံထားရတာတွေ။



အချိန်ရဲ့အလျားဟာ

တိမ်တွေအချည်းနှီး

သားပေါက်ရုံ

တံလျှပ်အလင်းထဲ

ထင်းအစည်းပြေရုံ

ခြ၊ခြင်၊ ကြွက်နဲ့ ကြမ်းပိုးများ

အထူးမျိုးပွားလာစေရုံသက်သက်။



အွန့်! ဒဏ်ကြေလိမ်းဆေး

အပူရုပ်ကိုဟန်လုပ်

အနာကဖြင့် လောက်တက်

ခေတ်နဲ့တမျှ

ပုပ်ဆွေးနေခဲ့ပြီးသားလေ။



ရေစုန်ထဲ လှမ်းကြည့်တော့

တုတ်ဝေခေတ် အိမ်တွင်းပုန်း စောင်ခြုံတို့ရဲ့

မုန့်ဝေခေတ် ထမှု ကြွမှု ရွမှု ပဒေသာ။



လေစုန်ထဲ လှမ်းကြည့်တော့

တုတ်ဝေခေတ်

သူရသတ္တိတချို့ရဲ့

မုန့်ဝေခေတ် မုန့်လုရင်း

ခွက်စောင်းခုတ် တဘာသာ။



အား! ခင်ဗျားတို့ တိုင်းပြည်က

ငရုတ်သီးက

တကမ္ဘာလုံးမှာ အစပ်ဆုံးပဲ။



ဗိုက်ပြည့်နေတဲ့သတ္တဝါတွေရဲ့ ပြဿနာက

ငွေရေတွက်စက် ဆူညံသံကလွဲရင်

ဘယ် လူထုအသံကိုမှ နားမခံသာတာပဲ။



ရယ်ဒီကယ်လမ်းကိုတွေးခေါ်ပြောမိရင်

အနီကြောင်လို့

လွယ်လွယ်နဲ့မြန်မြန်လက်ညှိုးထိုး

လက်ညှိုးဆီ စိန်လက်စွပ် ဆုတော်ကျဖို့

အိပ်မက်ခိုးမက်နေတာတွေလည်း ရှိခဲ့။



အေးပါကွာ

စစ်တပ်ခဗျာ

အချစ်ငတ်ရှာပေမပေါ့လို့တွေး

စစ်အုပ်စုဟာ

သွေးဆာညစ်ပတ်တွေမဟုတ်ဘူးလို့တွေး

အကောင်းမြင်စမ်းပါ

ရွှေပြည်တော်မျှော် ရင်ကြားစေ့ရေး

ငါတို့ကုသိုလ်ခန္တီစ

နိဗ္ဗာန်ဧရိယာအစပ်ကို

ငါတို့အသေအချာ နင်းမိထားပြီလေ။



''ထလော့ 

့အငတ်ဘေးကျရောက်သူတို့

ထလော့''

မဆိုနဲ့ မဆိုနဲ့။ '

'စိန်မှန်ကင်းအစစ်

ထင်းဖြစ်ရပလေ ငါတို့ကံခေ''

မဆိုနဲ့ မဆိုနဲ့။

''ကမ္ဘာမကြေဘူး

ငါတို့တွေရဲ့သွေးနဲ့ရေးတဲ့ မော်ကွန်းတွေ''

အိုကွာ! မဆိုနဲ့ မဆိုနဲ့

မဆိုပါနဲ့။



''ဘုန်းရောင်တေဇာ

ထွန်းလင်းဖြာ''ကို ဆို

''အောင် တပ်မတော်ကြီးလည်း ချီလာပါပြီ'' ကို ဆို

''ဖန်စီဒိုင်း ဖန်စီဒိုင်း ဖန်စီဒိုင်း စွဲနေပြီ သိလား''ကို ဆို

ငို ငို ပြီးဆို။



စိတ်ကိုနန်းဆွဲပါ

စိတ်ကို ရွှေပြားလို ခတ်ပါ

စိတ်ရှည်ပါ

ခေါင်းရှစ်စိပ်ကွဲပစေလေ။



ချစ်ဗျူဟာ ချစ်ပရိယာယ် ခြားနားပေမယ့်

မင်းလည်း ငါ့လို

တိုင်းပြည်ကို အမှန်ချစ် မဟုတ်လား

ငါ့ ဟောဒီအချစ်ကဗျာဟာ

ကြမ်းရှ

မင်းမျက်စိထဲ ဖုန်ဝင်သွားရင်

ခွင့်လွှတ်ပါ။



သမိုင်းအဝေးပြေးလမ်းမကြီး အောက်မှာတော့

ဘုရားငုတ်တို ရောင်တော်လွှတ်မှ

ကျွတ်လွတ်ရမယ့် ဝိညာဉ်များ

ကမ္ဘာပြုမိုးကြီးကလည်း ကြာလိုက်တာ။



တဆိတ်!

ငါတို့နိုင်ငံကို ဝေဟင်ကနေ

ဒရုန်းနဲ့ရိုက်ကြည့်ရင်

အညတြသူရဲကောင်းပြည်သူတွေရဲ့သချိုင်းမြေပုံကြီး

မြေပုံကြီးဆိုတာကိုဖြင့်

ဘယ်သူ့ကိုမှ မပြောပြမိကြပါစို့နဲ့လား မိတ်ဆွေတို့။



စံညိမ်းဦး



၂၂.၁.၁၇
0