မောင်တူး ● သက်ရှိပန်းချီ - အပိုင်း (၂၃)

မောင်တူး ● သက်ရှိပန်းချီ - အပိုင်း (၂၃)
(မိုးမခ) နိုဝင်ဘာ ၁၊ ၂၀၁၇

● ရဲဘော် အောင်အောင်ရဲ့ တိတ်တဆိတ်ဈာပန
ဝက်သားဟင်း၊ ချဉ်ပေါင်ရွက်ဟင်း၊ ငါးပိချက်၊ သခွားသီးစိတ်၊ ဥသျှစ်ရွက်၊ ခရမ်းကျွတ်သီး၊ ပေါက်ပန်းဖြူပွင့်ပြုတ် တို့စရာ တွေနဲ့ ထမင်းစားနေတယ်။ ဆန်က ကျေးလက်ထုံးစံ ရာကျော်ဆန်မို့ ကြမ်းပေမဲ့ ပူပူနွေးနွေး ခပ်ပြော့ပြော့။ ဒီလိုထမင်းမျိုးဟင်း မျိုးတွေက ကျွန်တော့်မိခင် ဇာတိ ပဲခူးတိုင်း၊ ကဝမြို့နယ် တောရွာတွေမှာ အလှုပွဲ၊ ဈာပနပွဲတွေတိုင်း ကျွေးလေ့ရှိမြဲ။ အခုလဲ အသက် ၈၄ နှစ် ရှိပြီဖြစ်တဲ့ ကျနော့်ရဲ့ ကြီးဒေါ်ကွယ်လွန်တာကြောင့် အသုဘပွဲကို လာရောက်နေတာပေါ့။

''အရပ်ကောင်းတော့၊ အလောင်းလှ'' ဆိုသလို သား သမီး မြေး မြစ်  ဆွေမျိုးတွေများတာ၊ နှစ်ပေါင်းများစွာ အတူနေလာကြ တဲ့ ရပ်ဆွေရပ်မျိုးတွေကလဲများတာကြောင့် အခု နာရေး ပွဲကလဲ ရိုးရာ ဓလေ့ ထုံးစံအတိုင်း အစီအစဉ်တကျ ဖြစ်နေပါတယ်။

''သရဏဂုံတင် တရားနာတာက သုသာန်မှာကော၊ အိမ်မှာကော လုပ်မယ်။ သံဃာတွေကိုတော့ အိမ်မှာ ဆွမ်းမကပ်ဘူး။ ကျောင်းမှာဘဲသွားကပ်မယ်။ ''

ဈာပနပွဲ စီစဉ်သူ ကျွန်တော့်အကို တ၀မ်းကွဲက သူစီမံထားပုံကို ထမင်းစားရင်းက ကျနော့်ကို ပြောပြနေတာပါ။ ကြီးဒေါ် ဒေါ်ညို အောက်တိုဘာ ၂၃ မှာ ဆုံးသွားပါတယ်။ သေပြီလို့ ကြားကြားခြင်း ကျနော်က ချက်ခြင်းလာနိုင်သေးပါ။ ခွင့်ယူဖို့ အတွက် ၃ ရက်လောက် အလုပ်လုပ်ရသေးတယ်။ ပြီးမှ အလုပ်ကခွင့် ၂ ရက်ယူပြီး ရန်ကုန်ဘူတာကြီးကနေ ရထားတတန်၊ ကယ်ရီ မော်တော်ဆိုင်ကယ် တတန်နဲ့ ဈာပနကျင်းပတဲ့ ဒီရွာကို ရောက်လာရသပေါ့။ ဈာပန ကျင်းပတာက အောက်တိုဘာ ၂၇ ရက်။ ကျနော်တို့ ဗုဒ္ဓဘာသာ၊ မြန်မာထုံးစံမှာ သေသူကို နေ့ချင်းသင်္ဂြိုဟ်ရင် သင်္ဂြိုဟ်၊ ဒါမဟုတ် ၃ ရက်၊ ၅ ရက်၊ ၇ ရက်ထားပြီး သင်္ဂြိုဟ်ကြရမြဲ။  အခုကတော့ ၅ ရက်ထားတာပါ။ ၂ ရက်၊ ၄ ရက်၊ ၆ ရက် စသဖြင့် စုံ ကဏန်း မထားရတာက ထုံးစံပါ။ ဒေါ်ကြီး ရဲ့ နောက်ဆုံးခရီးမှာ ဆွေမျိုးစုံတယ်။ ရွာရှိလူတွေလဲ တအိမ်တယောက်လာကြတယ်။ အကြွေးအမွေး၊ အချက်အပြုတ်၊ အပြင်အဆင်တွေအပါအ၀င် ကုန်ကုန်ပြောရရင် နောက်ဆုံးပိတ် အလောင်းမြေကျ မြှုပ်နှံပြီးတဲ့အထိ အခက်အခဲမရှိ။ လူလာများတယ်။ စည်ကားတယ်ပေါ့။ ဒါပေမဲ့ ထိုင်းဘုရင်ကြီးရဲ့ ဈာပနနဲ့နှိုင်းယှဉ်မယ် ဆိုရင်တော့ ဆင်နဲ့ ပုရွက်ဆိတ် ပါ။ ဒေါ်ကြီး ဈာပနထက် ၁ ရက်စောတဲ့ အောက်တိုဘာ ၂၆ ဟာ နတ်ရွာစံ ထိုင်းဘုရင်ကြီး ဘူမိဘော နောက်ဆုံး ဈာပနကျင်းတဲ့နေ့ ဖြစ်ပါတယ်။ ထိုင်းပြည်သူလူထု သန်းနဲ့ချီပါဝင် ငိုကြွေး ဆင်နွဲခဲ့ကြတာပါ။

'' ကျနော့် အလုပ်က ခွင့် ၂ ရက်ပဲ ရတယ်။ ဒါကြောင့် နေချင်သေးပေမဲ့ ၇ ရက်လည်အထိ မနေနိုင်တာ ခွင့်လွှတ်ပါနော်။ နောက် အားလပ်ရင် လာလည်ပါဦးမယ်။ ''

ဆွေမျိုးတွေထံ ခွင့်ပန်ပြီး ရက်လည်အထိ မနေနိုင်ပဲ နောက်တနေ့မှာ ရန်ကုန်ပြန်ခဲ့ပါတယ်။ ရန်ကုန်က နေထိုင်ရာလမ်းထဲကို အရောက် ၅ အိမ်ကျော်လောက်မှာ အသုဘ ဖြစ်နေပြန်ပါရဲ့။ ဆွဲကြိုးချပြီး သေသူ တဦးတည်း အထီးကျန်နေထိုင်တဲ့ အသက် ၆၀ ရှိ လူပျိုကြီး ရဲ့ ဈာပနမို့ ရေဝေးသုသာန်ကို ဘတ်စ်ကားတစီးနဲ့ လိုက်ပို့တော့ ကားပေါ်မှာ လူ ၇ ယောက်ပြည့်အောင် ပါမသွားရှာပါ။ သူ့ နောက်ဆုံး ဈာပန ပရိသတ် ၇ ယောက် တောင်မှမရှိပါလားလို့ ရန်ကုန် လမ်းဘေး ပလက်ဖေါင်းပေါ်က ကွမ်းတံတွေးနီတွေ ရှောင်တိမ်း လမ်းလျောက်ရင်း တွေးနေမိရဲ့။

ABSDF ကို ဖြတ်သန်းခြင်း (၂)

သွေးပလက်ဖောင်း
စာသင်ကျောင်းတို့
ရွှေ့ပြောင်း မြိုင်ရပ်နှင်သောခါ။

သမိုင်းမီးလျှံ
မုန်တိုင်းထန်သည်
ဓား လှံ လေး မြား ပွားစည်း၏။ ။

မောင်လွမ်းဏီ

ဒေါင်းအိုးဝေစာစောင်
အတွဲ (၂) ၊ အမှတ် (၃) ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ၂၀၀၂

တနင်္ဂနွေ အောက်တိုဘာ ၂၉  အလုပ်အားတာမို့ စာအုပ်စင်က ဒေါင်းအိုးဝေ စာစောင်ဟောင်းတအုပ် ဖတ်ရင်း ABSDF ကို ဖြတ်သန်းခဲ့တဲ့ ကာလတွေကိုတွေးနေမိတယ်။ ပလက်ဖေါင်းတွေပေါ်မှာ ၁၉၈၈ ခုနှစ် ဆန္ဒတွေပြခဲ့ကြ၊ စာသင်ခန်းတွေ အသံတိတ်ခဲ့ကြ၊ တက္ကသိုလ်တွေကို ရန်ကုန်ကနေ မြို့စွန်တွေဆီ ပို့လိုက်ကြ။ ကျနော်တို့လည်း တောထဲရောက်ခဲ့ကြပြီး ၁၉၈၈ ခုနှစ် အခုလိုနေ့မျိုးမှာ ABSDF တည်ထောင်ခဲ့ကြတယ်။

တောတွင်း တိုက်ပွဲတွေ ဖြတ်သန်းခဲ့စဉ် ကျောင်းသားတပ်မတော် ရဲဘော်များစွာအထဲက ကျဆုံးသူ ရဲဘော်အောင်အောင်ကို သတိရနေမိတယ်။

''မော်လမြိုင်မှာ ကျနော်နေခဲ့တယ်။ နိုင်ငံရေးကို ကောင်းကောင်း မသိခဲ့ပါဘူးဗျာ။ ဒါပေမဲ့ မဆလ ခေတ်ကြီးက ကမောက်ကမနဲ့ တခုခုမှားနေတာကိုတော့ သတိထားမိခဲ့တယ်။ ဒါကြောင့် ၈၈၈၈ အပြီး အာဏာလည်း သိမ်းရော ကျနော် တောခိုလာတာပါဘဲ။ ''

ရဲဘော်အောင်အောင် ပြောခဲ့တာကို ပြန်ကြားယောင်နေတယ်။ ကရင်- မွန်ပြည်နယ် စပ်ကြား စစ်မြေပြင် တခုမှာ ကျောင်းသားတပ်မတော် စစ်ကြောင်းကနေ နယ်မြေ ကင်းထောက်တာဝန်နဲ့ ကျနော်၊ နောက်ရဲဘော်တဦးနဲ့ ရဲဘော်အောင်အောင် တို့ ၃ ယောက် ထွက်လာခဲ့ကြတယ်။ ၁၉၉၂ ခုနှစ်လောက်ကပေါ့။ ရန်သူကလည်း ကျနော်တို့လို ကင်းထောက်အဖွဲ့ ထင်ပါရဲ့။ ရုတ်တရက်တွေ့ကြတော့ သူပစ်ကိုယ်ပစ်၊ သူ့မှန် ကိုယ့်မှန် ဖြစ်ပြီး ဆုတ်ပြေးပြေးကြတယ်။ ရဲ့ဘော်အောင်အောင်ကို ကျည်သင့်ပြီး ကျဆုံးတော့ သူ့အလောင်းကို ကျင်းတူးပြီး မြေမြှုပ်ကြရတယ်။ ဗုဒ္ဓဘာသာဝင် ရဲဘော်အောင်အောင်ကို သရဏဂုံမတင်ခဲ့ရပါဘူး။ တောနက်ထဲမှာရောက်နေတုန်း သင်္ဂြိုဟ်ရတာကိုး။ ကျောင်းသားတပ် စစ်ကြောင်းနဲ့ကလည်း အဆက်အသွယ်မရ၊ ရန်သူစစ်တပ်တွေကလဲ ခြေရှုပ်နေတော့ ဒီလိုပဲ ဖြစ်ခဲ့တာပေါ့။ စစ်မြေပြင်လေ။ နောက်ဆုံးမှာ စတိသဘော အမိန့်စာပြန်ခဲ့ပါတယ်။

''ရဲဘော်အောင်အောင်။ မင်းဟာ ကျောင်းသားအရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကြီးမြတ်စွာ တိုက်ပွဲဝင်ခဲ့တယ်။ အခု မင်းဟာ ဂုဏ်ရောင် ပြောင်တဲ့ အာဇာနည်အဖြစ်ကျဆုံးခဲ့ပြီ။ ဒါကြောင့် မင်းဟာ ABSDF  ကျောင်းသားတပ်မတော်နဲ့ လုံးဝ (လုံးဝ) မသက်ဆိုင်တော့ကြောင်း အမိန့်ထုတ်ပြန်လိုက်တယ်။ ''

အမိန့်စာရွက်ကို ရဲဘော်အောင်အောင်ရဲ့ ခန္ဓာကိုယ်ပေါ် တင်လိုက်တယ်။ ကျောင်းသားခွပ်ဒေါင်းအလံ မပါလာတာမို့ ဒေါင်းအိုးဝေစာစောင်ပါ ခွပ်ဒေါင်းအလံပုံတခုကို ဖြတ်ထုတ်ပြီး တင်လိုက်တယ်။ မြေဖို့တယ်။ နောက် တောကောင်တွေက သူ့အလောင်းကို ဖေါ်မစားနိုင်အောင် မြေကြီးကိုနင်းဖိပြီး အပေါ်က ကျောက်တုံးတွေထပ်တင် ဖိနိုင်သလောက် ဖိထားပေးလိုက်ပြီ။ ရဲဘော်အောင်အောင် ဈာပနမှာ ကျနော်ရယ် နောက်ရဲဘော်တဦးရယ် စုစုပေါင်း ၂ ဦးသာ ရှိခဲ့တာပါ။

ပြည်သူလူထု သန်းပေါင်းများစွာ တက်ရောက်တဲ့ ထိုင်းဘုရင်ကြီးရဲ့ ကမ္ဘာကျော် ဈာပနနဲ့ ကျနော့် ဒေါ်ကြီးရဲ့ ကျေးရွာသဘာဝ လူ ရာဂဏန်းလောက် လိုက်ပို့တဲ့ ဈာပန မနှိုင်းယှဉ်သာသလို။

လူရာချီပါသော ကျေးလက်က လယ်သူမကြီး ဈာပနနဲ့ ရန်ကုန်မြို့ ကျနော့်အိမ်ရှိရာ လမ်းက အထီးကျန် လူပျိုကြီးရဲ့ လိုက်ပို့သူ ၇ ယောက်မပြည့်တဲ့ ဈာပန မနှိုင်းယှဉ်သာသလို။

ABSDF ကျောင်းသားတပ်မတော် ရဲဘော်အောင်အောင်ရဲ့ ဈာပနကိုတော့ ကျနော်အပါအ၀င် ၂ ယောက်ထဲအင်အားနဲ့ မြှုပ်နှံခဲ့ရတာပါ။ ။

(နိုဝင်္ဘာ ၁ ရက် ၂၀၁၇ ကျရောက်တဲ့ ၂၉ နှစ်မြောက် ABSDF ဖွဲ့စည်း တည်ထောင်ခြင်း အမှတ်တရ ကျဆုံးသွားသူများနှင့် အလံမလှဲ တိုက်ပွဲဝင်ဆဲ ရဲဘော်များ အားလုံးကို ဦးညွှတ်လျှက်)

မောင်တူး

Comments