ဇင်လင်း ● အမျိုးသားသွေးစည်းညီညွတ်ရေးခိုင်မာမှ ရခိုင်ပြည်နယ်အရေး စိန်ခေါ်မှုကို ကျော်ဖြတ်နိုင်မည်

ဇင်လင်း ● အမျိုးသားသွေးစည်းညီညွတ်ရေးခိုင်မာမှ ရခိုင်ပြည်နယ်အရေး စိန်ခေါ်မှုကို ကျော်ဖြတ်နိုင်မည်
(မိုးမခ) နိုဝင်ဘာ ၂၊ ၂၀၁၇

လတ်တလော ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ပြဿနာဟာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံအတွက် မြွေပူရာ ကင်းမှောင့်လို့ ဆိုရမယ့် အနေအထားပါပဲ။ ရခိုင်ပြည်နယ်မှာ ထပ်မံ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးကြတဲ့ ရိုဟင်ဂျာမူစလင် ဒုက္ခသည် အရေအတွက်ဟာ အခုအခါ ၆ သိန်းကျော်သွားပြီလို့ ကုလသမဂ္ဂက အောက်တိုဘာ ၂၅ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာမူဆလင်တွေအပေါ် အကြမ်းဖက်မှု အမြန်အဆုံးသတ်ဖို့ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms.Yanghee Lee အပါအ၀င် ကုလသမဂ္ဂကျွမ်းကျင်သူ ၇ ဦးက တိုက်တွန်းတဲ့ ကြေညာချက်ကို အောက်တိုဘာ ၂၅ ရက် က ပူးတွဲထုတ်ပြန်လိုက်တဲ့အပေါ် မြန်မာအစိုးရက ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်ကြောင်း ဗွီအိုအေသတင်းက ဆိုပါတယ်။ ကုလသမဂ္ဂ တာဝန်ရှိသူတွေ အနေနဲ့ ရခိုင်ပြည်နယ် ပဋိပက္ခတွေကို ပိုမိုကြီးထွားလာစေမယ့် လုပ်ရပ်မျိုးတွေ ရှောင်ရှားကြ ဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ညွှ့န်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဗွီအိုအေကို ပြောခဲ့ကြောင်းလည်း ကြားရပါတယ်။

လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee အစီရင်ခံစာတင်သွင်းပြီးတဲ့နောက် ကုလသမဂ္ဂဆိုင်ရာ မြန်မာ မြန်မာ အစိုးရ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဟောက်ဒိုစွမ်းကလည်း သူ့ အစီရင်ခံစာအပေါ် ပြန်လည် ချေပခဲ့ကြောင်း သိရပါတယ်။

“ရခိုင်ပြည်နယ်အတွင်း ဆယ်စုနှစ်တွေနဲ့ချီပြီး တည်ရှိခဲ့တဲ့ ပဋိပက္ခ အမွေအနှစ်တွေ၊ သီးခြား အထီးကျန် စွန့်ပယ်ခံထားရမှု၊ ဖွံ့ဖြိုးမှုနောက်ကျမှု စတဲ့ အခက်အခဲပေါင်းများစွာကို မြန်မာအစိုးရအနေနဲ့ ရင်ဆိုင်နေရတာကို အထူး ကိုယ်စားလှယ်ရဲ့ အစီရင်ခံစာထဲမှာ ထပ်ဟပ်ဖော်ပြခဲ့ရင် ကောင်းမွန်မယ်လို့ ကျနော်တို့ ယူဆပါတယ်။ ဒါကြောင့် အစီရင်ခံစာမှာ ဖော်ပြထား တဲ့ အကြံပြုချက်တွေအပေါ် ကျနော်တို့အနေနဲ့ စိတ်ပျက်မိပါတယ်။ ဒီအရင်ခံစာက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို တိုက်ရိုက်သော်၎င်း၊ သွယ်ဝိုက်၍သော်၎င်း သက်ရောက်မှု ရှိစေနိုင်ပါတယ်။ လွန်ခဲ့တဲ့ နှစ် အနည်းငယ်အတွင်း မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးကို ခုခံကာကွယ်ခဲ့သလို သိသာတဲ့ ဖွံ့ဖြိုးမှုရှိအောင်လည်း လုပ်ဆောင် ခဲ့ပါတယ်။ ဒီလုပ်ငန်းစဉ်ကို ဆက်လက် အကောင်အထည်ဖော်သွားဖို့ ကျနော်တို့ သန္နိဋ္ဌာန် ချထားပါတယ်။” လို့ မြန်မာသံ အမတ်ကြီးက ပြောကြားခဲ့ပါတယ်။

အောက်တိုဘာ ၂၄ ရက်နေ့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင် ဆန်းစုကြည်က ဘင်္ဂ​လား​ဒေ့ရှ်နိုင်ငံ ပြည်ထဲရေးဝန်ကြီး H.E. Mr. Asaduzzaman နဲ့အဖွဲ့ကို နေပြည်တော်ရှိ နိုင်ငံခြားရေး ၀န်ကြီးဌာန ဧည့်ခမ်းမမှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။ ဘင်္ဂ​လား​ဒေ့ရှ်​ဘက်​ကို ထွက်​​ပြေးတိမ်းရှောင်သူတွေ ပြန်လည်စိစစ် လက်ခံရေးနဲ့ပတ်​သက်​ပြီး နယ်စပ်ဒေသလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေဒဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စ ဆွေးနွေးခဲ့ ကြတယ်လို့ သိရပါတယ်။ နှစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနအဆင့် အစည်းအဝေးလည်း အဲဒီနေ့မှာပဲ လုပ်ခဲ့ကြောင်း သိရပါတယ်။ ဆွေးနွေးမှုရလဒ်အဖြစ် နှစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန အကြား ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့ကြတယ်လို့ ဆိုတယ်။ နားလည်မှုစာချွန်လွှာကို မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်​နိုင်​ငံ ပြည်ထဲရေးဝန်ကြီးတွေ  လက်မှတ်ရေးထိုးခဲ့ကြောင်း သိရတယ်။ နားလည်​မှုစာချွန်​လွှာ ရေးထိုးပွဲကို နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာနမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ အဲဒီသဘောတူညီချက်တွေထဲမှာ ​ မြန်​မာ-ဘင်္ဂလား​ဒေ့ရှ်​ နယ်​စပ်​ဆက်​ဆံ​ရေးရုံးတွေ တည်ထောင်ရေးကိစ္စ ပါဝင်ကြောင်း သိရတယ်။ အိမ်နီးချင်းနှစ်နိုင်ငံ အကြား နယ်စပ်ဒေသ လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ကိစ္စရပ်တွေ၊ ဘင်္ဂလားဒေ့ရှ် ဘက်သို့ မြန်မာဘက်မှ ရောက်ရှိနေသူတွေကို ပြန်လည်စိစစ်လက်ခံရေးနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ရေး ကိစ္စလည်း ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာလ ၂၃ ရက်နေ့၊ ကုလသမဂ္ဂအထွေထွေညီလာခံမှာ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာကရစ်ရှနန် (Dr. Vivian Balakrishnan) မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ဗီဗီယန်က ရခိုင်ပြည်နယ်၊ ဘင်္ဂါလီ အရေးကိစ္စကို ထောက်ပြပြော ဆိုရာမှာ ခေါင်းဆောင်များအနေနဲ့ အစွန်းရောက်အုပ်စုများကို တုံ့ပြန်ရာမှာ အထူးဂရုတစိုက် လုပ်ဆောင်သင့်ကြောင်း  တိုက်တွန်းပြောကြားခဲ့ ပါတယ်။

“နေရာတကာမှာရှိတဲ့ အစွန်းရောက်တွေမှာ တူညီတဲ့ 'မဟာဗျူဟာလက်စွဲ အညွှန်း' ရှိတယ်။ နံပါတ် ၁ အဆင့်က ထိတ်လန့် တုန်လှုပ်စေနိုင်တဲ့ အကြမ်းဖက်မှုတွေလုပ်ဖို့။ နံပါတ် ၂ အဆင့်က ဖြစ်လာတဲ့ အခြေအနေပေါ်မှာ ဘာသာရေးဆိုတဲ့ အမှတ် တံဆိပ်တွေ ကပ်ပြီး ရန်၊ ငါ၊ စည်း ခွဲခြားဖို့(အုပ်စုခွဲဖို့)။ နံပါတ် ၃ အဆင့်က ပြင်းထန်တဲ့ တုံ့ပြန်မှုတွေကြောင့် သီးခြားစီ ခွဲ ထွက်နေထိုင်မှ ရပါတယ်ဆိုတာမျိုး ဖြစ်လာအောင်လုပ်ပြီး သဘောထားပျော့ပြောင်းသူတွေရဲ့ နယ်မြေတွေ ကွယ်ပျောက် အောင်လုပ်ဖို့” လို့ စင်ကာပူနိုင်ငံခြားရေး ဝန်ကြီးက ရခိုင်အရေးနဲ့ ဆက်စပ်ပြီး အစွန်းရောက်အုပ်စု များရဲ့ ဗျူဟာကို သုံးသပ်ပြောကြားခဲ့ကြောင်း The Voice သတင်းဂျာနယ်မှာ ဖေါ်ပြတာ တွေ့ရတယ်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း နေပြည်တော်သို့ သွားရောက်ခဲ့ပြီး၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်မှာ ပေါ်ပေါက် နေတဲ့အခြေအနေ အရပ်ရပ်ကြောင့် အလုပ်များနေတာတွေ့ရတယ်လို့ ဗီဗီယန်က ဆိုပါတယ်။ ရခိုင်ပြည်နယ် အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ထိခိုက်ခံစားခဲ့ရသူတွေရဲ့ကိစ္စနှင့်ပတ်သက်ပြီး အလွန် စိတ်ဖိစီးမှုခံစားနေရတာ သတိပြုမိခဲ့တယ် လို့ ဗီဗီယန် က ဆိုတယ်။ ရခိုင်ပြည်နယ် ဘင်္ဂါလီ ပြဿနာဟာ သမိုင်းကြောင်းအရ ရှုပ်ထွေးနက်နဲတဲ့  လူမျိုးရေးကိစ္စ ဖြစ်တဲ့အတွက် ချက်ချင်းအမြန် ဖြေရှင်းမရနိုင်ဘူးလို့ ၎င်းက ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ရေရှည်ခံမယ့် အဖြေတစ်ခု ရရှိရေးနဲ့ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းမှုရှိရေး နည်းလမ်းရှာဖွေရာမှာ အာဆီယံအဖွဲ့က အထောက်အကူပေး  သွားမှာဖြစ်ကြောင်း၊ စင်ကာပူအနေနဲ့ အာဆီယံမှတစ်ဆင့် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်ခံရတဲ့  လူမျိုးစုများ ထံသို့ ‘လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ အထောက်အပံ့များ’ ပေးအပ်သွားမှာဖြစ်တယ်လို့စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်က ဆိုပါတယ်။ လက်ရှိ အနေအထားအရ အကြမ်းဖက်အုပ်စုတွေဟာ အင်တာနက်ကို ကောင်းစွာ အသုံးချပြီး အဆိပ်အတောက်ဖြစ်စေတဲ့ အစွန်းရောက် အတွေးအခေါ်တွေကို အာဆီယံဒေသ အပါအဝင် ကမ္ဘာအနှန့်ဖြန့်ချိနေတယ်လို့လည်း Dr. Vivian Balakrishnan က ပြောကြားခဲ့တာ တွေ့ရတယ်။

အောက်တိုဘာ ၂၆ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan က ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံ အကြား ဖွဲ့စည်းဖို့သဘောတူထားတဲ့ လုပ်ငန်းအဖွဲ့နဲ့ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်းတွေကို နိုဝင်ဘာလ ၃၀ ရက်နေ့မှာ အပြီးသတ်ရေးဆွဲဖို့ သတ်မှတ်ထားတယ်လို့ ပြောကြောင်း ဗွီအိုအေသတင်းက ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတဲ့ ဒုက္ခသည်တွေကို ပြန်ခေါ်ဖို့၊ မြန်မာပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက သူ့ကို အာမခံပြောဆိုခဲ့တယ်လို့ ၀န်ကြီး Asaduzzaman Khan က ဆိုတယ်။ မြန်မာနိုင်ငံခရီးစဉ်အတွင်း ၀န်ကြီး Asaduzzaman Khan ဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့ကြောင်း သိရတယ်။

ဒီအတောအတွင်းမှာပဲ အာရှရေးရာဆိုင်ရာ တရုတ်အထူးသံတမန် Mr. Sun Guoxiang ဟာ အောက်တိုဘာ ၂၅ ရက်နေ့ က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ခဲ့တယ်လို့ဆိုပါတယ်။ ဆွန်ကော့ရှန်ဟာ ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူတွေနဲ့ ဒုက္ခသည်အရေးကိစ္စ တွေ့ဆုံဆွေးနွေးခဲ့ကြောင်းလည်း သိရတယ်။ လတ်တလော ဒုက္ခသည်အရေး အခြေအနေဟာ ဒေသတွင်းအတွက် ကောင်းတဲ့ အလားအလာမဟုတ်တဲ့အတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား ငြိမ်းချမ်းစွာ ဖြေရှင်းစေလိုကြောင်း တရုတ်အထူးသံတမန်က ပြောခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Md Shahidul Haque က ဆိုပါတယ်။

ရခိုင်ပြဿနာနဲ့ပါတ်သက်လို့ နိုင်ငံတကာရဲ့ဝင်ရောက်စွက်ဖက်မှုကို ကန့်ကွက်ခဲ့တဲ့ တရုတ်နိုင်ငံက ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအရေးကို ထဲထဲဝင်ဝင်ပါဝင် ပတ်သက်လာတဲ့ အပေါ် တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဒေါက်တာလှကျော်ဇော်က အခုလို သုံးသပ်ကြောင်း ဗွီအိုအေကို ပြောပါတယ်။

"တရုတ်က အခု သူတို့ရဲ့ အိမ်နီးချင်းပေါ်လစီ ပေါ့ဗျာ နိုင်ငံခြားရေးပေါ်လစီက သူက လက်ဦးမှုရှိတဲ့ ပေါ်လစီကို ကျင့်သုံးပါ တယ်။ လက်ဦးမှုရှိတဲ့ပေါ်လစီဆိုတာ အရင်တုံးကလို Low Profile သိုသိုသိပ်သိပ် နေတော့တဲ့ ဟာ မဟုတ်ဘူး။ သူက လက်ဦးမှုရှိစွာ ၀င်ရောက်ဖြေရှင်းပြီးတော့ ၀င်ရောက် လုပ်ကိုင်လာတဲ့ သံခင်းတမန်ခင်း လုပ် လာတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်က ပြောတာတော့ သူ့ရဲ့ အကျိုးစီးပွားတွေကလည်း နိုင်ငံတကာ ကို အနှံဖြစ်နေတော့ ဒါတွေကို ကာကွယ်ဖို့အတွက် ပါဝင်ပတ်သက်နိုင်တဲ့ဟာတွေ အားလုံး ပါဝင်ပတ်သက်တာပဲ။"

တရုတ်က မြန်မာနိုင်ငံဖက်က ရပ်တည်ပြီး ကန့်ကွက်မယ်ဆိုရင် ဖြစ်ပေါ်လာနိုင်မယ့် အခြေအနေကိုတော့ နိုင်ငံတကာရေးရာ ကျွမ်းကျင်သူ ဒေါက်တာခင်ဇော်ဝင်းကလည်း အခုလို သုံးသပ်ကြောင်း ဗွီအိုအေက ဖေါ်ပြပါတယ်။

"အခု အမေရိကန်ကလည်း နည်းနည်းလေး ပြင်းထန်တဲ့ အနေအထားကို တင်လိုက်ပြီလေ။ အခု UN ကို ရောက်ပြီဆိုတော့ UN မှာကတော့ လုံခြုံရေးကောင်စီမှာကလည်း တရုတ်နဲ့ ရုရှက ရှိနေသ၍ကတော့ သိပ်ပြီး ထိထိရောက်ရောက်ဖြစ်လာ မယ်တော့ မထင်ဘူးလေ။ စကတည်းက တရုတ်နိုင်ငံက မြန်မာပြည်ရဲ့ ကိုင်တွယ်ပုံ ကို လက်ခံပါလို့ ပြောပြီးသား သေချာ ပေါက် လုံခြုံရေးကောင်စီမှာ အကာအကွယ်ပေးမှာပဲ။ သေချာတယ်။ တရုတ်က ပိုပေးမလား၊ ရုရှက ပိုပေးမလား အဲဒါစောင့် ကြည့်ရုံပဲ ရှိတယ်။ သို့သော်အပြန်အလှန်အနေနဲ့ ဘာ ကျေးဇူး တုံ့ပြန်ရမလဲဆိုတာ စဉ်းစားထား ဒါပဲ ရှိတယ်။"

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမှာ သဘာဝဓါတ်ငွေ့နဲ့ ရေနံပိုက်လိုင်း၊ ကျောက်ဖြူရေနက် ဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းအပြင် ဧရာဝတီမြစ်ဆုံစီမံကိန်းအစရှိတဲ့ ရင်းနှီးမြုပ်နှံမှုတွေ ရှိနေတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း ရင်းနှီးမြုပ်နှံတာတွေ ရှိနေတဲ့အပြင် One Road, One Belt 'ပိုးလမ်းစီမံကိန်းကြီး' လည်း အကောင်အထည်ဖေါ်နေတာကြောင့် တရုတ်နိုင်ငံက ဒေသတွင်း တည်ငြိမ်ရေးကို ပိုမိုအလေးထားနေတာဖြစ်နိုင်ကြောင်း ဒေါက်တာလှကျော်ဇော က သုံးသပ်ပါတယ်။

အောက်တိုဘာ ၂၃ ရက်နေ့က ရိုဟင်ဂျာဒုက္ခသည်အရေးဆိုင်ရာ နိုင်ငံတကာရံပုံငွေ ရှာဖွေရေးညီလာခံကို ကုလသမဂ္ဂ အဖွဲ့အစည်းတွေ ဖြစ်ကြတဲ့ OCHA၊ UNHCR နဲ့ IOM တို့နဲ့အတူ ဥရောပသမဂ္ဂနဲ့ ကူဝိတ်နိုင်ငံတို့ ဦးစီးကျင်းပခဲ့ကြကြောင်း သိရတယ်။ လိုအပ်နေတဲ့ ရံပုံငွေ အမေရိကန်ဒေါ်လာ သန်း ၄၃၄ အတွက် ညီလာခံမှာ နိုင်ငံပေါင်း ၃၅ နိုင်ငံကနေ ဒေါ်လာ ၃၄၄ သန်း ကျော်အထိ လှုဒါန်းမယ်လို့ ကတိပြုခဲ့ကြကြောင်း ကြားရတယ်။ မြန်မာအစိုးရကိုယ်စားလှယ် အဖွဲ့ကတော့ ညီလာခံ တက်ရောက်ခဲ့ပေမယ့် သဘောထား တုန့်ပြန်ပြောဆိုခြင်း မရှိခဲ့ပါဘူးလို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ ဒုက္ခသည်တွေ နေရပ်ရင်းပြန်နိုင်ရေးဟာ အဓိက ဖြေရှင်းရမယ့်နည်းလမ်းဖြစ်ပြီး ဒီအတွက် မြန်မာအစိုးရဘက်က ကတိ အတိုင်း လက်တွေ့အကောင်အထည်ဖေါ်ဖို့ အလွန်အရေးကြီးကြောင်း ကုလသမဂ္ဂ ဂျီနီဗာ ဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး Shameem Ahsan က ညီလာခံ အပိတ် မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ကြောင်း သိရတယ်။ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးကို အကန့်အသတ်မရှိ ဘင်္ဂလားဒေ့ရှ် အစိုးရ က ၀င်ခွင့်ပေးထားပြီး ၂၀၁၃ ခုနှစ်ကတည်းက အပြည့်အ၀ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း သံအမတ်ကြီးက ထည့်သွင်းပြောကြားသွားတာ သတိပြုသင့်ပါတယ်။

ရခိုင်ပြည်နယ်အရေးကိစ္စမှာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုတွေကို အကြောင်းပြုပြီး နောက်ကွယ်မှ ရည်ရွယ်ချက် ရှိရှိ ပြုမူလုပ်ဆောင်လာတာတွေဟာ နိုင်ငံတော်လုံခြုံရေးနဲ့ အမျိုးသားအကျိုးစီးပွားကို ထိခိုက်လာတဲ့အပေါ် အထူးသတိ ထား စောင့်ကြည့်ကာကွယ်သွားဖို့လည်း တပ်မတော်က သဘောထားထုတ်ပြန်ခဲ့ ကြောင်းသိရပါတယ်။ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသအတွင်းဖြစ်ပွားခဲ့တဲ့ အစွန်းရောက် ဘင်္ဂါလီတွေ ရဲ့  အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ် အပေါ်  တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က အောက်တိုဘာ ၂၄ ရက်နေ့မှာပဲ သတင်းထုတ်ပြန်ခဲ့တယ်လို့ ဒီဗွီဘီ သတင်းအရ သိရတယ်။

၎င်း အကြမ်းဖက် တိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်မှာ အလွန်ရှုပ်ထွေးတဲ့ သမိုင်းနောက်ခံအကြောင်းအရာတွေ များစွာရှိ တာကို ဦးစွာ လေ့လာသိရှိဖို့  လိုအပ်တယ်လို့လည်း တပ်မတော်ထုတ်ပြန် ချက်မှာဖော်ပြကြောင်း သိရတယ်။ ရခိုင်ပြည် နယ် မြောက်ပိုင်းမှာ သြဂုတ် ၂၅ ရက်ကစတင်ပြီး သမ္မတရုံးက စစ်ဆင်ရေး နယ်မြေ သတ်မှတ်ဆောင်ရွက်ခွင့်ပြုခဲ့ကြောင်း၊ စက်တင်ဘာ ၄ ရက်မှာ ကာကွယ်ရေးဦးစီးချုပ်က သမ္မတနဲ့ သီးခြားတွေ့ ဆုံပြီး ရခိုင်ပြည်နယ်အရေးကိစ္စ လမ်းညွှန်မှုခံယူခဲ့ ကြောင်း၊ သမ္မတက လုံလောက်သောတပ်အင်အား တိုးမြှင့်ဆောင်ရွက်ဖို့နဲ့ နယ်စပ်ဒေသ ခြံစည်းရိုး ခိုင်ခံ့လုံခြုံအောင် ကာရံဖို့ လမ်းညွှန်မှာကြားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

တပ်မတော်အနေနဲ့ လိုက်နာရမယ့် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေတွေအတိုင်း လိုက်နာဆောင်ရွက်ဖို့ ညွှန်ကြားကြပ်မတ်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း ဥပဒေဘောင်အတွင်းကသာ လိုက်နာဆောင်ရွက်ခဲ့ကြသလို ပေးအပ်တဲ့တာဝန်တွေ ကို ဥပဒေနဲ့ အညီ ဆောင်ရွက်ခြင်းရှိ/မရှိ ဒုဗိုလ်ချုပ်ကြီး အေးဝင်းဦးစီးတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ စစ်ဆေးဆောင်ရွက်နေ ကြောင်း သိရတယ်။ သတင်းထုတ်ပြန်ချက်အရ ၂၀၁၇ သြဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၅ ရက်နေ့အထိ ARSA အဖွဲ့နဲ့ ထိတွေ့တိုက်ခိုက်မှု ဖြစ်စဉ် ၉၇ ကြိမ်ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁၃ ဦး၊ နိုင်ငံဝန်ထမ်း ၂သေဆုံးပြီး  အကြမ်းဖက်သူ ၃၇၁ ဦး အသေရရှိ ပြီး၊ ၃၈ ဦးဖမ်းဆီးရမိခဲ့တယ်လို့ သိရတယ်။

အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်မှုကြောင့် ဒေသခံတိုင်းရင်းသား ၁၄ ဦး၊ ဟိန္ဒူဘာသာဝင် ဘင်္ဂါလီ ၇ ဦး၊ အစ္စလာမ် ဘာသာဝင် ဘင်္ဂါလီ ၇ ဦးစုစုပေါင်း ၂၈ ဦးအသက်ဆုံးရှုံးခဲ့ရပြီး ဟိန္ဒူဘာသာဝင် ၉၀ ကျော်အား အကြမ်းဖက်သမားတွေက အဓမ္မဖမ်းဆီးခေါ်ဆောင်၍ ရက်စက်စွာ သတ်ဖြတ်ခဲ့ရာမှာ ဟိန္ဒူဘာသာဝင်ရုပ်အလောင်း ၄၅ လောင်းအား တူးဖော်ရရှိခဲ့ တယ်လို့ ဆိုပါတယ်။ စိစစ်ဖော်ထုတ်ချက်အရ အကြမ်းဖက်တိုက်ခိုက်မှုကို ပါဝင်ဆောင်ရွက်ခဲ့ကြသူ ၂၂၂၂ ဦးရဲ့ နာမည်နဲ့ ရွာအမည်စာရင်းရရှိခဲ့ပြီး ၎င်းတို့အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်သွားတယ်လို့ တပ်မတော် သတင်းထုတ်ပြန်ချက်မှာဖော်ပြထားကြောင်း ဒီဗွီဘီသတင်းမှာ တွေ့ရတယ်။

အခြေအနေအရပ်ရပ်ကို ပေါင်းရုံးသုံးသပ်ကြည့်ရင် ရခိုင်တိုင်းရင်းသားများနဲ့ဘင်္ဂါလီမွတ်စလင်တွေအကြား ပေါ်ပေါက်နေ တဲ့ ပဋိပက္ခဟာ နှစ်နိုင်ငံနယ်စပ်မှာ ပေါ်ပေါက်ခဲ့တာ ဖြစ်ကြောင်းတွေ့ရတယ်။ ဒီအရေးကိစ္စရဲ့ သမိုင်းနောက်ခံကို လေ့လာ ရင် နှစ်ပေါင်တစ်ရာကျော် ဗြိတိသျှတို့အုပ်ချုပ်ခဲ့စဉ်ကာလက အကြောင်းဇစ်မြစ်တွေအထိ ရောက်သွားမှာဖြစ်တယ်။ ဒါကြောင့် အချိန်တိုအတွင်း ပြီးပြတ်အောင် ဖြေရှင်းဖို့ မဖြစ်နိုင်ကြောင်း နိုင်ငံရေးအကဲခတ်များက ဝေဖန်သုံးသပ်ကြတယ်။

လတ်တလောအခြေအနေမှာ နိုင်ငံတကာလူ့အဖွဲ့အစည်းအနေနဲ့ ရခိုင်ပဋိပက္ခကို အကြောင်းပြုပြီး ဒေါ်အောင်ဆန်းစု ကြည် အပေါ် တစ်ဖက်သတ် ပြစ်တင်ဝေဖန်မှု မလုပ်သင့်ကြောင်း၊ အပြစ်တင်မည့်အစား လူသားချင်းစာနာမှု အကူအညီ ပေးရေး အဆင်ပြေစေရန် ကူညီသင့်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအစိုးရတို့အနေနဲ့ ရခိုင်အရေးဖြေရှင်းရာမှာ  အဆင် ပြေအောင် နိုင်ငံတကာက ကူညီကြဖို့ လိုကြောင်း စသဖြင့် တရုတ်နိုင်ငံရဲ့အာဘော် Global Times သတင်းစာက ဝေဖန် ရေးသားထားတဲ့အချက်ဟာ ထည့်သွင်းစဉ်းစားစရာ ကောင်းတဲ့အချက်ဖြစ်လို့ ကြိုဆိုသင့်ပါတယ်။

ဒီ့အပြင် သြဂုတ်၂၅ ရက် အကြမ်းဖက်မှုကို လုပ်ခဲ့တဲ့ အကြမ်းဖက်သမားတွေကို ချေမှုန်းရေး မြန်မာအစိုးရရဲ့ ကြိုးပမ်းမှုကို လည်း နိုင်ငံတကာ က ကူညီသင့်တယ်လို့ ၎င်းသတင်းစာက သုံးသပ်ရေးသားထားတယ်။ အကြမ်းဖက်အုပ်စုတွေဟာ အင်တာနက်ကို အသုံးချပြီး အဆိပ်အတောက်ဖြစ်စေတဲ့ အစွန်းရောက် အယူအဆတွေကို အာဆီယံဒေသ အပါအဝင် ကမ္ဘာအနှန့်ဖြန့်ချိနေတယ်လို့ ထောက်ပြခဲ့တဲ့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး ရဲ့ သတိပေးချက်ကိုလည်း နိုင်ငံတကာက လျစ်လျူမပြုသင့်ဘူး။ လက်ရှိအခြေအနေအရပ်ရပ်ကို ထောက်ရှုပြီး မြန်မာနိုင်ငံအစိုးရ နဲ့ တပ်မတော်တို့အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲအစည်းများ၊ နိုင်ငံရေးပါတီများ၊ လူထုလူတန်းစားအဖွဲ့အစည်းများ ပြည်သူများအတွင်း အမျိုးသား သွေးစည်း ညီညွတ်ရေး ခိုင်မာအောင် နည်းလမ်းရှာ ကြရမှာ ဖြစ်ပါတယ်။ ကျစ်လစ်ခိုင်မာတဲ့ ပြည်တွင်း အင်အား ကျော ထောက်နောက်ခံရှိမှသာ လက်ရှိ နိုင်ငံတကာနဲ့ရင်ဆိုင်နေရတဲ့ အကျပ်အတည်းကို ကျော်ဖြတ်နိုင်မှာ ဖြစ်တယ်လို့ ထင်မြင်ကြောင်းပါ။

Comments