ဂျူနီယာဝင်း ● အိပ်မက်တွေကို အကောင်အထည် ဖော်ပေးခဲ့ကြသူများ

ဂျူနီယာဝင်း ● အိပ်မက်တွေကို  အကောင်အထည် ဖော်ပေးခဲ့ကြသူများ
(မိုးမခ) နိုဝင်ဘာ ၂၊ ၂ဝ၁၇

(အတွေးအမြင် နိုဝင်ဘာ ၂ဝ၁၇)

(ဒီဆောင်းပါးကို ဆင်းရဲတွင်းနက်နေသူများ (၂) လို့ အမည်တပ်ရမှာဖြစ်ပါတယ်။ ဆင်းရဲတွင်းနက်နေသူများ အမည်တပ် ဆောင်းပါးတစ်ပုဒ်က Jeffrey Sachs ရေးသားသော The End of Poverty စာအုပ်နိဒါန်း (အဆိုတော် ဘိုနို (Bono) ရေး) တာကို ဘာသာပြန်ခဲ့တာ ဖြစ်ပါတယ်။)

● မင်းအိပ်မက်က ဘာလဲ ?

ဒီမေးခွန်းက ကမ္ဘာပေါ်မှာ အလုပ်မရှိတဲ့လူတွေ၊ အလုပ်လက်မဲ့တေနဲ့ ဆင်းရဲတဲ့လူတန်းစားတရပ်ကို မေးလိုက်တာပါ။ သည် တော့ မေးခွန်းက သူတို့အတွက် ရယ်စရာကောင်းနေလား။ သူတို့ကို  ဘယ်လိုအလုပ်မျိုးကို စတင်လုပ်ချင်သလဲလို့မေးပြီး အလုပ်အကိုင်တစ်ခုခုပေးပြီး သူတို့ဆီက ဘယ်လိုမျော်လင့်ချက်ထားကြမလဲ။

၁၉၇၉ ခုနှစ် မှာ Trickle Up ပရိုဂရမ် စတင်တည်ထောင်ခဲ့တဲ့ အမေရိကန်နိုင်ငံသား မိုင်းဒရပ်နဲ့ဂလန်လိသ် (Mildred and Glen Leet) တို့စုံတွဲက တိုင်းပြည် ၉၉ နိုင်ငံမှာ အကြိမ်ပေါင်း ၇ဝဝဝ မက အဲဒီ မေးခွန်းတွေကို မေးပြီး အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့ကြတယ်။ သူတို့တတွေက ဆင်းရဲသားတွေအပြင် စာမတတ်ပေမတတ် လူတန်းစားတွေကိုတောင် တွေ့ပြီး အဖြေ ထုတ်ခဲ့ကြပါတယ်။ လိသ်ဟာ ကာရီဘီရန်အရပ်က အဆင်းရဲဆုံး ဒေသတစ်ခုဖြစ်တဲ့ ဒိုမီနီကာကိုခရီးထွက်ခဲ့စဉ်မှာ Trickle Up မွေးဖွားလာဖို့ အကြောင်းတွေ ဖြစ်ခဲ့ပါတယ်။

''ကျွန်တော်တို့က မတူညီတဲ့လုပ်ငန်း ၁ဝဝ အတွက် ဒေါ်လာ ၁ဝဝ သုံးခဲ့တယ်။ ရခဲ့တဲ့ အတွေ့အကြုံတွေက ဒီထက်မက တန်ဖိုးရှိတယ်။ ဘာနဲ့မှ နှိုင်းလို့မရပါဘူး။'' ဂလန်လိသ်က ဆက်ပြောရာမှာ ''ကာရီဘီရမ်အရပ်က ဒိုမီနီကာဆိုတဲ့ ကျွန်းလေး တစ်ကျွန်းကို စစချင်းတုန်းက ကျွန်တော်တို့ ရွေးချယ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲသည်နေရာမှာ အလုပ်လက်မဲ့တွေ သိပ်ကို ထူထပ်တယ်။ သူတို့ရဲ့ဝင်ငွေကလည်း အနိမ့်ဆုံးအဆင့်လောက်ပဲ ရှိတယ်။''

အဲဒီမှာ ဆင်းရဲတဲ့သူတွေကို ကူညီပေးမယ့် ပရိုဂရမ်တွေ ဘာမှမရှိဘူး။ သူတို့က ရိုးရိုးရှင်းရှင်းပဲ စခဲ့ကြတာပါ။ သူတို့ကိုယ်ပိုင် ပိုက်ဆံ ဒေါ်လာ ၁ဝဝ နဲ့ လူ ၁ဝ ယောက်စီကိုပေးပြီး ကိုယ်ပိုင်အလုပ်လေး စလုပ်ခိုင်းခဲ့ကြတယ်။ ကြက်ဥ၊ ယိုနဲ့ ကျောင်းသုံး ပစ္စည်းလေးတွေ ရောင်းဖို့စီစဉ်ပေးခဲ့တယ်။ အဲသည်အလုပ်လေးက ယနေ့တိုင် တည်တန့်နေတယ်။ ပြောရရင် ရလဒ်တွေက အံ့သြစရာကောင်းလောက်အောင် တိုးတက်လာတယ်ပေါ့။ အခု Trickle Up အကြောင်းလေးကို အစပြန်ဖော်ကြည့်ပါမယ်။

Trickle Up ဆိုတဲ့ အဓိပ္ဗါယ်ရဲ့ နောက်မှာ လက်တွေ့ကျတဲ့သီအိုရီ တစ်ခုရှိနေတယ်။ ''လူတစ်ယောက်ကို ငါးတစ်ကောင်ပေးပြီး ထမင်းတနပ်ကျွေးမလား၊ ဒါမှမဟုတ် သူ့ဘဝနေထိုင်စားသောက်ဖို့ ငါးများနည်း သင်ပေးမလား'' တဲ့။ လိသ်က ''လူတိုင်း လူတိုင်းမှာ'' တဲ့၊ ''ဘယ်လိုပဲ အဖိနှိပ်ခံနေရပါစေ၊ ကောင်းမွန်တဲ့ ဘဝအိပ်မက်တွေနဲ့ အလုပ်ကောင်းကောင်းလုပ်ဖို့ ချန်ပီ ယံ ဖြစ်ဖို့ အခွင့်အရေးရရင်လုပ်မှာပဲ ဆိုတဲ့ အိပ်မက်တွေ ရှိနေကြပါတယ်” လို့ပြောတယ်။

Trickle Up ရဲ့မူရင်းအဓိပ္ပါယ်ကို ဖော်ကြည့်လိုက်တော့ ''အပြည်ပြည်ဆိုင်ရာ အကျိုးအမြတ်မယူပဲ လူ့ဘဝကောင်းမွန်တိုး တက်ဖို့ လုပ်ဆောင်ပေးနေသော အဖွဲ့အစည်း'' လို့ ဘာသာပြန်ပါတယ်။ အဲဒီအဖွဲ့အစည်းက အလွန့် အလွန် ဆင်းရဲမွဲတေ ပါတယ်ဆိုတဲ့သူတွေကို အဓိကပစ်မှတ်ထားပါတယ်။ - သူတို့သတ်မှတ်တဲ့ ဆင်းရဲတဲ့သူတွေဆိုတာ တစ်နေ့ကို ဒေါ်လာ ၂ ဒေါ်လာအောက် (၁.၉ ဒေါ်လာ) လောက်ပဲ ဝင်ငွေရှိတဲ့သူတွေ - ဖြစ်ပါတယ်တဲ့။ စစချင်းမှာတော့ အားနွဲ့တဲ့ အမျိုးသမီးတွေ၊ ကိုယ်ခန္ဓာချို့ယွင်းနေတဲ့သူတေနဲ့ အမေရိက၊ အာဖရိကနဲ့အိန္ဒိယက ခိုလှုသူတွေဆီ ချဉ်းကပ်ပါတယ်။ ဆင်းရဲလွန်းလို့ အတိ ဒုက္ခရောက်နေသူတွေဖြစ်ပြီး သူတို့ဟာ အစိုးရရေးဆွဲတဲ့ အစီအစဉ်တွေထဲမှာ ပါဝင်ပတ်သက်ဖို့တောင်မှ အလှမ်းဝေးနေသူ တွေဖြစ်ပြီး NGO (Non-government Organization) ဆိုတဲ့ ''အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း'' တွေနဲ့လည်း ဘယ်လိုမှ မ တွေ့နိုင်တဲ့ မဆုံဆည်းနိုင်တဲ့သူတွေ ဖြစ်ပါတယ်။

United Nations Relief and Rehabilitation Agency (ကမ္ဘာ့ကုလသမဂ္ဂ ဆိုင်ရာ ကူညီထောက်ပံ့ရေး အေဂျင်စီ) မှာ သူ့ဘဝတလျောက်လုံး လုပ်ကိုင်ခဲ့တဲ့ ကာလတလျောက်လုံးမှာ ကမ္ဘာအနှံ့က တိုင်းပြည်ပေါင်း ၅ဝနိုင်ငံ ကိုခရီးထွက်ပြီး လူတွေရဲ့ ဘဝတွေကို လေ့လာစမ်းစစ်ပြီး အဖြေတစ်ခုထုတ်နိုင်ဖို့ မျော်လင့်ချက်တေနဲ့ ကြိုးစားခဲ့ကြပါ့တယ်။

လွန်ခဲ့တဲ့ ၁ဝနှစ်လောက်က မိုင်းလ်ဒရပ်နဲ့သူ (လိသ်) တို့နှစ်ဦးသားဟာ ''အပြည်ပြည်ဆိုင်ရာ ညိမ်းချမ်းရေး အဆင့်မြင့် ကော်မတီ'' ရဲ့ နောက်ခံနဲ့ကြီးမားတဲ့ အစီအစဉ်တစ်ခုကို ချမှတ်ရေးဆွဲပြီး အကောင်အထည်ဖော်ခဲ့ကြပါတယ်။ သူတို့က ပိုက်ဆံမရှိ၊ ဆင်းရဲတဲ့လူတန်းစားတွေကို တွေ့တယ်၊ မေးခွန်းတွေမေးတယ်၊ သူတို့ရဲ့အိပ်မက်ကဘာလဲလို့ ဖြေခိုင်းကြည့် တယ်၊ သူတို့လက်ထဲ ပိုက်ဆံထည့်ပြီး ဒါဟာ တကယ်ကူညီတာ၊ ဟန်ဆောင်မေးနေတာမဟုတ်ဖူးလို့ သက်သေပြခဲ့တယ်။

''ကျွန်တော်တို့က ဒေသဆိုင်ရာ (ကာရီဘီရန်အရပ်က အဆင်းရဲဆုံး ဒေသတစ်ခုဖြစ်တဲ့ ဒိုမီနီကာ) အစိုးရအဖွဲ့တွေ၊ အရာ ရှိတွေနဲ့ တွေ့ပြီး သူတို့နေရာက လူတွေအကြောင်းကို အသေးစိတ်မေးမြန်းကြပါတယ်။ ဒေသခံလူတေနဲ့တွေ့ဆုံမူတွေ မရေတွက်နိုင်အောင် လုပ်ရပါတယ်။ တချို့က ယဉ်ယဉ်ကျေးကျေး တုံ့ပြန်ကြတယ်။ တချို့ကတော့ ဟာသတွေ လာလုပ် နေတယ်ဆိုပြီး စိတ်ဆိုးကြတယ်။ အဲသည်လိုလူတွေ ကြားထဲကမှ အနည်းငယ်သော ၁ဝယောက်လောက်သာ ရှိတဲ့ အလုပ် လက်မဲ့၊ အိမ်ထောင်မရှိတဲ့ အမျိုးသမီးအုပ်စုတစ်စုကို တွေ့ခဲ့ပါတယ်။ ကျွန်တော်တို့က သူတို့ကို မေးကြည့်တယ် -- ''ခင်ဗျား တို့ကို အလုပ်တစ်ခုခု တစ်ယောက်ယောက်က ပေးမယ်လို့ မျော်လင့်ပြီး စောင့်နေကြတာ ဘယ်လောက်ကြာပြီလဲ၊ ကိုယ့်ဘာ သာကိုယ် ရောလုပ်ဖို့စိတ်ကူးမရှိဘူးလား”

''ဒီမေးခွန်းက သူတို့အတွက် စိတ်အနှောက်အယှက်လည်း ဖြစ်တယ်၊ စိတ်လှုပ်ရှားစရာလည်း ကောင်းပါတယ်။ သူတို့က ဖြေတယ် - ''ကျွန်မတို့လုပ်ချင်တာပေါ့။ ကျွန်မတို့က ဝိုင်ကောင်းကောင်း လုပ်တတ်တယ်။ ဘယ်လိုလုပ်ရမလဲ ဆိုတာလည်း သိတယ်။'' ဆိုပြီး အစီအစဉ်တစ်ခုကို ကောက်ကြောင်းဆွဲပြတယ်။ ကျွန်တော်တို့က သူတို့အတွက် ရင်းနှီးငွေ ထုတ်ပေးလိုက် ပါတယ်။ ဒါဟာ သူတို့ရဲ့အိပ်မက်ကို ဆွဲထုတ်ပေးလိုက်တာ ဖြစ်ပါတယ်။ စာချုပ်တစ်ခုချုပ်တယ် - လက်မှတ်ထိုးကြတယ် - သူတို့အတွက်ပိုက်ဆံ ထုတ်ပေးတယ်။ သူတို့စိတ်ထဲ အလုပ်တစ်ခုလုပ်ရတော့မယ်ဆိုပြီး ခံစားမိသွားကြတယ်ပေါ့။''

မိုင်းလ်ဒရက်က ''သူတို့ အခုဆက်လက် အလုပ်လုပ်နေကြဆဲပါပဲ။'' ''အရသာရှိတဲ့ဝိုင်ကို သူတို့ကောင်းကောင်းလုပ်နိုင်ကြ ပြီ၊ ကျွန်မတောင် မြည်းကြည့်တာ တော်တော် ကောင်းတာပဲ။ ''။

သူတို့လုပ်ငန်းမှာ ၃ ပု့ ၂ ပုံက အမျိုးသမီးတွေ ဖြစ်ပါတယ်။ ဂလန်လိသ်က ''ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသမီးတွေကို  - ပေါင်မုန့် ကောင်းကောင်းဖုတ်တတ်ရင် ပေါင်မုန့်ဆိုင်တစ်ဆိုင်ဖွင့်လိုက်တော့ - တဲ့။ ဒါမှမဟုတ် - ကောင်းကောင်း အချုပ်အလုပ်တတ်ရင် စီးပွားရေးတစ်ခုခု စတင်လိုက်တော့ - တဲ့။ အဲဒါ အမျိုးသမီးတွေရဲ့ ခေါင်းထဲမှာ ရှိနေတာ။ ကျွန်တော်တို့က သူတို့ကို ''ခင် ဗျားတို့ခေါင်းထဲ ရှိတာ ချရေးလိုက်ပါ၊ ကျွန်တော်တို့က ဒေါ်လာ ၅ဝ အရင်းပြုမယ်။ ၃ လကျော်ရင် ခင်ဗျားတို့ရလာတဲ့ အကျိုး အမြတ်ထဲက ၂ဝ ရာခိုင်နှုန်းကို ပြန်ပြီးအရင်းအနှီးထပ်လုပ်။ ဒါဆို ခင်ဗျားတို့ကို နောက်ထပ် ဒေါ်လာ ၅ဝ ထပ်ပေးမယ်'' လို့ပြောလိုက်တယ်။” မိုင်းဒရက်က ''ဒီလိုစပြောလိုက်တော့  ပထမဦးဆုံးအကြိမ် ဆင်းရဲသားတွေဟာ သေသေချာချာ အာရုံ စိုက်ပြီး နားထောင်လာတယ်၊ လေးလေးနက်နက် စဉ်းစားလာတာ တွေ့ရပါတယ်။ သူတို့ရဲ့ စိတ်ကူးတွေနဲ့ ၅ဝ ဒေါ်လာ နဲ့အလုပ်စလုပ်မယ်။ ဒါဟာ လွယ်တော့မလွယ်ဘူးပဲ''

''စစချင်းမှာတော့ သူတို့ကိုယ်ပိုင် စီမံကိန်းနဲ့လုပ်ကြတာပေါ့။ အမေရိကန်က စီးပွားရေးသမားတွေ စီးပွားရေး စလုပ်တဲ့ သူ တွေလိုပေါ့ဗျာ။'' ဂလန်က ဆက်ပြောတယ်။'' ဒါပေမယ့် လုပ်ငန်းရဲ့ ၃ ပုံ ၂ ပုံလောက်ပဲ အကြမ်းအားဖြင့် သွားနေတယ်။ သူ တို့ဆွဲထားတဲ့အတိုင်းဖြစ်မလာရင် တစ်ဝက်လောက်မှာ နောက်တစ်ခုကို စလုပ်ဖို့ အကြံပေးလိုက်ပါတယ်။'' ''ဘာဖြစ်လို့လဲ ဆိုတော့ သူတို့မှာ ဒီအတိုင်း ဆက်လက်သွားနေဖို့ အတွေ့အကြုံတို့၊ ဘာတို့ ယူဖို့ အချိန်သိပ်ပေးလို့မရဘူးလေ။ မျော်လင့် ချက်တို့၊ မိုးပေါ်ကကျလာတဲ့ ကံကောင်းမှုတို့ကို စောင့်နေလို့မရဘူးဗျ။''

သူတို့ စတင်လမ်းခင်းပေးတဲ့အလုပ်တွေထဲမှာ ဆိုင်သေးသေးလေး စဖွင့်တာ၊ ကြက်နဲ့ဆိတ်တွေ ရောင်းခိုင်းတာ၊ အဝတ်အထည်တွေကို ဒေသဆိုင်ရာဈေးမှာ နေရာရှာပေးပြီး  တင်ရောင်းခိုင်းတာတွေပါပါတယ်။ ဒါ့အပြင် ပိုက်ဆံကို ဘယ် လို စုဆောင်းရမယ်၊ အကြွေးကို ဘယ်လိုယူပြီး ကိုယ်ပိုင်အရည်အချင်းနဲ့တိုးပွားအောင် ဘယ်လိုလုပ်သင့်တယ်၊ အနာဂတ်အ တွက် အစီအစဉ်ဆွဲတတ်ဖို့ စသဖြင့် ရှင်းပြသင်ကြားပေးကြပါတယ်။ အရေးကြီးဆုံးကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မူရှိဖို့ ဖြစ်ပါသတဲ့။

သူတို့လုပ်ငန်းတွေဟာ United Nation ‘s Development Forum magazine (ကမ္ဘာ့ကုလသမဂ္ဂ ဆိုင်ရာ တိုးတက်ရေး ဆိုင်ရာ ဆွေးနွေးပွဲ) မဂ္ဂဇင်းမှာ Trickle Up အကြောင်းတွေ ဆောင်းပါးတွေ ပါလာတော့ပိုပြီး လူတွေ အာရုံစိုက်မိလာပါတယ်။ ချက်ချင်းလက်ငင်းကို မီဒီယာတွေက စိတ်ဝင်စားလာတယ်။ သူတို့ရဲ့ အောင်မြင်မူတွေကို လူတွေ သိချင်လာကြတယ်။ ကမ္ဘာအနှံ့အပြားက ကမ်းလှမ်းလာတာတွေ၊ ဒီအလုပ်ကို လှူချင်တမ်းချင်တာတွေ ထိဖြစ်လာတယ်။ မိုင်းဒရပ်က ''ကျွန်မတို့ မူလအစမှာ ဒေါ်လာ ၁ဝဝဝ နဲ့ စလှူခဲ့ကြတာပါ'' လို့ပြန်ပြောင်းပြောပြပါတယ်။ ''နောက်တော့ UN (United Nation) (ကမ္ဘာ့ ကုလသမဂ္ဂ) က ဒေါ်လာ ၇ဝဝဝထည့်ဝင်ခဲ့တယ်။ သူတို့ နှစ်ပေါင်းများစွာ ဆက်လက် အကျိုးပြုပေးခဲ့တာ ဒေါ်လာ ၇ သောင်းခွဲလောက် ရှိပါပြီ။ ဒါပေမယ့် မနှစ်ကဆို နယ်သာလန်က လုပ်ငန်းတစ်ခုက ၄ နှစ်စီမံကိန်းအတွင်း ဒေါ်လာ ၆ သောင်း ပြန်ရခဲ့ပါတယ်။ ဒါဟာ နှစ်တွေကြာလာလေ၊ ပိုပြီး လုပ်ငန်းက ကြီးထွားလာလေ၊ အမြတ်များများရလေ ပေါ့။ စစချင်း ကိုယ်တတ်နိုင်သလောက်လေးနဲ့စပေးခဲ့ရာကနေ ခုဆို ၂ ဆ ပြန်ရတယ်။''

ဟုတ်ပါတယ်။ နှစ်စဉ် ဒေါ်လာ ၅ သောင်းနဲ့လူတွေကို လုပ်ငန်းတွေ စတင်ပေးခဲ့တာ လာမယ့်နှစ်အနာဂတ်မှာ ဒေါ်လာ ၁ သန်းရမယ်လို့ လိသ်က မျော်လင့်နေပါတယ်။

Trickle Up က အမေရိကန်ပြည်ထောင်စုမှာလည်း အလုပ်ဖြစ်နေပါတယ်။ မိုင်းဒရပ်က ''နယူးယောက်ရဲ့အဆင်းရဲဆုံး နေရာလေးတစ်ခုမှာ လုပ်ငန်း ၄ဝ စတင်ခဲ့ပါတယ်။ အခုဆိုရင် မြင်တဲ့အတိုင်းပဲလေ - ၂ဆ ၂ဆ ရနေပြီ။ ဒါဟာ ပထမတစ်နှစ် စာလောက်လေး တွက်ပြတာပါ။ ဒိအရင်စခဲ့တဲ့ စီမံကိန်းတွေဆို ပြောမပြတတ်လောက်အောင် အောင်မြင်နေပါပြီ။ ဒိထက်မ က ပြောစရာတွေ အများကြီးပါပဲ။''

''အင်း… ကျွန်တော်တို့ကတော့ မီဒီယာကို သည်လူတေနဲ့ ပေးမတွေ့စေချင်ဘူး။ သည်လိုလုပ်လိုက်တာဟာ သူတို့လေးတွေ ရဲ့ ရှေ့ရေးကိုဖျက်စီးပစ်ရာရောက်ပါတယ်။ လုပ်ငန်းအတွက် အကူအညီလည်းမဖြစ်ပါဘူး။ အစိုးရ ဝါဒဖြန့်တဲ့ ပုံစံမြင်ရပါများ ရင် ယုံကြည်မူကင်းမဲ့သွားမှာကို စိုးရိမ်ပါတယ်။ ခနတော့ စတားတွေ ဖြစ်သွားမှာပေါ့လေ။ ဒါဟာ သူတို့အတွက် ရှေ့အလား အလာ အခွင့်အရေးတွေ ဆုံးရှုံးသွားလိမ့်မယ်။''

မိုင်းဒရက် က ''ဒေါ်လာ ၅ဝတို့ ၊ ၅ဒေါ်လာတို့ဆိုတာ အရေးမကြီးပါဘူး။ အရေးကြီးတာ လူ့ရဲ့ခံစားချက်တွေကို ဖွင့်ပေးလိုက်ဖို့ သာ အဓိကပါ။ သူတို့အတွက် လေးစားမူနဲ့ဂုဏ်သိက္ခာကို ရရှိခံစားပေးလိုက်ခြင်းသာလျင် လုပ်ငန်းရဲ့ အောင်မြင်မှုဖြစ်ပါ တယ်။''

၁၉၇၉ခုနှစ်မှာစတင်ခဲ့တဲ့ Trickle Up ဟာ အမျိုးသမီး ၂ သိန်းခွဲကို ကူညီပေးနိုင်ခဲ့ပြီး မိသားစုတွေအတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မူ၊ အလုပ်ကျွမ်းကျင်မူတေနဲ့ စီးပွားရေးအလုပ်တွေ ပိုင်နိုင်သွားစေယုံမက လူမှုဆက်ဆံရေးနယ်ပယ်ပါ ကျယ်ပြန့် လာစေခဲ့ပါတယ်။ စဉ်းစားကြည့်လေ - အမျိုးသမီးတွေ အောင်မြင်ရင် သူတို့ရဲ့ သားသမီးတွေနဲ့ မိသားစုတွေပါ ပါလာပြီပေါ့။ ပထမ ၃၇နှစ်အတွင်းမှာ  လူပေါင်း ၁ သန်းရဲ့ဘဝတွေကို ကယ်တင်ပေးနိုင်ခဲ့ပါတယ်။

အခုဆိုရင် Trickle Upဟာ အဖွဲ့တွေဖွဲ့ပြီး လုပ်ငန်းတွေ ဆက်လုပ်နိုင်နေပါပြီ။ သူတို့ဟာ လုပ်ငန်းတွင်းသင်တန်းများပေးတယ်၊ ကျွမ်းကျင်ဖို့ ကွင်းဆင်းလုပ်ကြရပါတယ်။ အနာဂတ်အတွက် အစီအစဉ်တွေကို ချပေးပါတယ်။ ဒါ့အပြင် Trickle Up ဟာ မိမိတို့နေထိုင်ကြတဲ့ မြို့ရွာက လူတွေအချင်းချင်း ဆက်သွယ်ရေး၊ ကိုယ့်အသိစိတ်ဓါတ်နဲ့အလုပ်လုပ်ချင်လာအောင် ကြိုးစား ချင်စိတ်ရှိလာအောင် အားပေးကြတယ်။ ပြောရရင်တော့ ဆင်းရဲတာဟာ ပိုက်ဆံမရှိလို့မဟုတ်လား။ ဒါကို ဖြည့်ပေးဖို့ဆိုရင် တကယ့်ကို သူတို့နဲ့ပွင့်လင်းမြင်သာဖို့လည်း လိုတယ်လေ။

Trickle Up  က နောက်လာမယ့် သက္ကရာဇ် ၂ဝ၃ဝ မှာ တကမ္ဘာလုံးဆိုင်ရာ ဆင်းရဲမွဲတွေမူ ကင်းစင်ဖို့ မျော်လင့်လျက်ရှိပါတယ်တဲ့။  နောက် ၅ နှစ်အတွင်းမှာတောင် အဆင်းရဲဆုံးလူ၁သန်းကို ထပ်မံကယ်တင်ပေးနိုင်မယ်လို့ ကြွေးကျော်ထားပါတယ်။ အ ကယ်၍များ သူတို့မှန်းထားတဲ့အတိုင်းများဖြစ်ခဲ့ရင် သူတို့ရဲ့ Trickle Up ဟာ တကမ္ဘာလုံးက အာရုံစိုက်လာပြီး သူတို့လုပ်ငန်း ကိုလည်း သည့်ထက်တိုးချဲ့လာနိုင်၊ အောင်မြင်လာနိုင်ပြီးတော့ ဆင်းရဲတဲ့နေရာတွေဆီကို ဒိထက်မက ပိုပြီးရောက်ရှိ ပြန့်နှံ့ သွားတော့မှာ ဖြစ်ပါတယ်။

ဂျူနီယာဝင်း

REF : 1989 June American Newsletter, Sherrey Henry’s What is your dream? ကို မှီငြမ်းဘာသာပြန်ထားကာ Trickle Up Wiki မှအချက်အလက်များ ဖြည့်စွက်ထားပါတယ်။
0