ထွန်းဝင်းငြိမ်း - ပြည်သူချစ်တဲ့ အထိမ်းအမှတ်ပွဲကလေး


ပြည်သူချစ်တဲ့ အထိမ်းအမှတ်ပွဲကလေး
ထွန်းဝင်းငြိမ်း
(မိုးမခ) နိုဝင်ဘာ ၃၀၊ ၂၀၁၇

အမေလူထုဒေါ်အမာအကြောင်းက ပြောလို့မကုန် ရေးလို့မခမ်းဆိုသလိုပါပဲ။ လွမ်းကြရတဲ့ အဖြစ်တွေက အများသားပါ။ အမေ့မွေးနေ့ဖြစ်တဲ့ နိုဝင်ဘာ ၂၉ ရက်နေ့အရောက် မန္တလေးကို တက်ကြမယ်။ တောင် လေးလုံးကျောင်း၊ မယ်ဇယ်ပင်တန်း၊ တောင်သမန်၊ ဦးပိန်တံတား၊ ကဗျာရွတ်သံတွေနဲ့ အမေရဲ့ သြဝါဒ စကားတွေ ကြားရမယ်။ အထက်၊ အောက်၊ ဝဲ၊ ယာ၊ စာသမားတွေ၊ ကျောင်းတော်ပြန်တွေ ဆုံကြမယ်။ ဒါဟာ ကျွန်တော်တို့ခေတ်ရဲ့ယဉ်ကျေးမှုသစ်ပါပဲ။ ပြိုမလိုညို့နေတဲ့ နိုင်ငံရေးရာသီဥတုမျိုးမှာ တောင် အမေက ပွဲလုပ်မယ်ဆိုတော့ မရောက်ရောက်အောင် လူစုပြီးသွားခဲ့ကြတာ အမှတ်ရပါသေးတယ်။

ထူးခြားတာက “ပြည်သူချစ်သောအနုပညာသည်များ” စာအုပ်ထွက်ခဲ့တာ ၁၉၆၄ ဇွန်ဆိုတော့ အဲဒီစာအုပ် ၂၅ နှစ်မြောက် ငွေရတုပွဲက ၁၉၈၉ ဇွန်ထဲမှာ။ ငါးယောက်ထက်ပိုပြီး လူမစုရဆိုတဲ့ ကာဖျူးအမိန့်ကလည်း မရုပ်သိမ်းသေးတဲ့အချိန်။ အရေးတော်ပုံကြီးကိုနှိမ်နင်းပြီး စစ်အာဏာ သိမ်းပြီးစ။ လူတွေလည်း ပြေးရလွှား ရ၊ ရှောင်ရ တိမ်းရနဲ့အအနေအထားက ပြန့်ကျဲနေရတဲ့ကာလ။ ရှမ်းပြည်နဲ့ကရင်ပြည်နယ်ဘက်မှာလည်း တိုက်ပွဲကြီးငယ်တွေ တအုန်းအုန်းဖြစ်နေတာကို လေလှိုင်းမှာ နေ့စဉ်လိုလို ကြားနေရပါတယ်။

မြို့ပေါ်မှာလည်း ဘယ်နေ့က ဘယ်သူတော့ ပါသွားပြန်ပြီဆိုတဲ့သတင်းတွေက မကြားချင်အဆုံးပါ။ လူတွေဟာ တဖက်သတ် အနိုင်ကျင့်ခံနေရပြီး ကျီးလန့်စာစားနေရတော့ ဖိနှိပ်မှုတွေကို စိတ်ထဲကိုက အလို လိုဆန့်ကျင်ပြီးသား ဖြစ်နေတယ်လို့ထင်ပါတယ်။ အဲဒီတုန်းက အချို့သော အနုပညာရှင်ဆိုသူတွေရဲ့ သူခိုး ဓားရိုးကမ်း တဲ့လုပ်ရပ်တွေကို ပြည်သူလူထုက နှာခေါင်းရှုံ့နေကြတဲ့အချိန်ပေါ့

တိုက်ဆိုင်ချင်တော့ အဲ့ဒီလိုအချိန်မှာ လူထုအမေက သူ့စာအုပ်အထိမ်း အမှတ်ပွဲလုပ်ပါတယ်။ လူငါးယောက်ထက် ပိုမစုရဆိုတဲ့အချိန်မှာ လူငါးဆယ်ကျော်၊ တစ်ရာနီးပါးလောက် စုမိကြပါတယ်။ စာပေ အရ၊ နိုငံရေးအရ ရင်ဘတ်ချင်းနီးတဲ့သူတွေပဲ လာကြတာပေါ့။ ပြည်သူချစ်သောစာအုပ်ထဲမှာပါတဲ့ မကွယ် လွန်သေးတဲ့အနုပညာရှင်ကြီးတချို့နဲ့ သူတို့ရဲ့မိသားစုအသိုင်းအဝိုင်းတွေလဲ လာကြတယ်လို့ မှတ်မိပါ တယ်။ ပွဲကိုလာကြတဲ့သူတွေကို အကုန်မမှတ်မိတော့ပေမယ့် ကိုဆူးငှက် အခမ်းအနားမှူး လုပ်ခဲ့တာ အမှတ်ရမိပါတယ်။

ဆရာဦးကိုလေး (အင်းဝဂုဏ်ရည်)၊ ဆရာဦးကြည်အောင်၊ ဆရာမောင်သစ်လွင် (လူထု)စတဲ့ ဆရာတွေ အပြင် ညီစေမင်း၊ သင့်နော်၊ မောင် မြတ်မှိုင်း (လမင်းတရာ)၊ ကိုငြိမ်း(မန္တလေး)၊ မောင်သင်းပန်၊ မောင်နွေ ထက်၊ သိုက်ထွန်းသက်၊ ညိုထွန်းလူ၊ မဋ္ဌေးဋ္ဌေးမြင့်(လမင်းတရာ)၊ မေမောင်၊ မကိုတို့လည်း ပါကြတယ် ထင်ပါရဲ့။

တက်လာကြတဲ့ဆရာတွေက အမေ့စာအုပ်နဲ့ ပတ်သက်ပြီး ဝေဖန်ကြ၊ ဆွေးနွေးကြ၊ စာတမ်းဖတ်ကြနဲ့ တကယ်အရသာရှိတဲ့ပွဲပါ။ ဆရာကြည်အောင်က ဒေါ်ဒေါ့်စာအုပ်ဟာ “ဘယ်လိုအထုပ္ပတ္တိအမျိုးအစားလဲ”၊ ဆရာ မောင်မြတ်မှိုင်း (လမင်းတရာ)က “ပြည်သူချစ်တဲ့ အနုပညာသည်ဆိုတာ” စတဲ့ စာတမ်းတွေဖတ်ကြ တာ အလွန်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ စာအုပ်နဲ့ ပတ်သက်လို့ အမှတ်တရတွေပြောကြ၊ အတွေ့အကြုံ တွေ ဖလှယ်ကြပုံတွေက လူ့အဖွဲ့အစည်းရဲ့အနုပညာနဲ့ နိုင်ငံရေးကို သရုပ်ခွဲနေကြသလိုပါ။

စာအုပ်အထိမ်းအမှတ်ပွဲဆိုတာထက် စကားဝိုင်းတခုလိုလွတ်လပ်ပြီး၊ ချက်ကျလက်ကျ ဆွေးနွေးနေကြတဲ့ စာတမ်းဖတ်ပွဲနဲ့ ပိုပြီးဆင်တယ်လို့ ထင်ပါတယ်။ ဆရာကြည်အောင်က အထုပ္ပတ္တိစာပေဆိုတာဘာလဲ။ အထုပ္ပတ္တိစာပေ အမျိုးအစားတွေအကြောင်း၊ ကမ္ဘာကျော် အထုပ္ပတ္တိတွေရေးသွားတဲ့ အိုင်ဗင်စတုန်းမှသည် ဗမာ့စာပေအထ္ထုပ္ပတ္တိများအကြောင်း စုစည်းတင်ပြပြီး “ပြည်သူချစ်သောအနုပညာသည်များ” က ဘယ်လို အထ္ထုပ္ပတ္တိစာပေအမျိုးအစားဖြစ်တယ်။ ဒေါ်ဒေါ်ဟာ ဘယ်သူ့ အကြောင်းရေးတဲ့နေရာမှာတော့ ဘယ်လို ထိန်းရေးသွားတာကို အားမရဘူးဆိုတာတွေ တရစပ် ပြောပြသွားတာ အမှတ်ရမိပါတယ်။

ထူးထူးခြားခြားမှတ်မိနေတာက ဆရာမောင်မြတ်မှိုင်း(လမင်းတရာ)ရဲ့ “ပြည်သူချစ်တဲ့ အနုပညာသည်ဆို တာ” စာတမ်းပါပဲ။ အမေ့စာအုပ်ထဲ က ဇာတ်မင်းသားဖိုးစိန်နဲ့ ကျောင်းသားသပိတ်ကြီးမှာ သင်ခန်းစာယူ စရာတွေ ထုတ်နှုတ်ပြီးသုံးသပ်ပြထားတာလို့ မှတ်မိပါတယ်။ ၁၉၂၀ ပထမကျောင်းသားသပိတ်ကြီး တပြည် လုံး အတိုင်းအတာနဲ့ဖြစ်နေတော့ ဖိုးစိန်က မန္တလေးမြို့ဆိုင်တန်းဇာတ်ရုံမှာ ကနေတာပါ။
မန္တလေးကျောင်းသားတွေက သကျသီဟဘုရားရဲ့စနေဒေါင့်မှာရှိတဲ့ မော်လမြိုင် ဦးသာညှင်းဇရပ်ကြီးမှာ သပိတ်စခန်းဖွင့်ပြီးတော့ ပြည်လုံး ကျွတ်သပိတ်ကြီးကို ပါဝင်ဆင်နွှဲကြပါတယ်။ နယ်ချဲ့လက်အောက်မှာပထမဆုံးတိုက်ပွဲဖြစ်သလို၊ ကျောင်းသားတွေ ဦးဆောင်တာလည်းဖြစ်တော့ မြို့ လူထုက တက်တက်ကြွကြွထောက်ခံ ကူညီကြပါသတဲ့။ မြို့မိမြို့ဖတွေကစ သပိတ်ရံပုံအတွက် အလှူခံ ထွက် ပေးကြပါတယ်။

ဇာတ်ဆရာဖိုးစိန်နေတဲ့ ဒါးတန်းကအိမ်ကို မြို့မိမြို့ဖတွေက သပိတ်ရံပုံငွေအတွက် အလှူခံသွားကြပါ တယ်။ ဂရိတ်ဖိုးစိန်ဆိုပြီး အင်္ဂလိပ်မင်းများက ဘွဲ့ထူးတွေပေးထားတော့ ဖိုးစိန်ဇာတ်ကဖို့ရှိတဲ့နေရာဆိုရင် မီးရထားတောင် ဘူတာမရှိလည်း ရပ်ပေးတဲ့အထိ အခွင့်ထူးတွေရနေချိန် ဖြစ်ပါတယ်။ အခုကိစ္စက ဗြိတိသျှ အာဏာပိုင်ကြီးများကို ပုန်ကန်တဲ့ကိစ္စဖြစ်လေတော့ ဖိုးစိန်က ကျောင်းသားတွေကို မကြည်ဖြူပါ ဘူး။ ဒါကြောင့် သူက သပိတ်ကိစ္စမှာ “သူတို့မိဘတွေ ပြည့်စုံကြသားပဲ၊ ကျောင်းသားတွေကို ဘာသနားစရာရှိ တုန်း” လို့ ပြန်ပြောပြီး အလှူ ငွေအနည်းအပါးပဲ ထည့်လိုက်ပါသတဲ့။

အဲဒီမှာ ဖိုးစိန်က သပိတ်မှောက်ကျောင်းသားတွေကို ဒီလိုပြောလွှတ်လိုက်သတဲ့ဆိုတဲ့သတင်းက မိုးမီး လောင်တော့တာပါပဲ။ သကျသီဟ သပိတ်စခန်းကနေ ဖိုးစိန်ကိုသပိတ်မှောက်ကြဆိုပြီး ကျောင်းသားတွေ က ဆုံးဖြတ်လိုက်ကြပါတယ်။ သပိတ်စခန်းချရာ သကျသီဟဘုရားရဲ့ မဟာရာမ်တံတိုင်းမှာ လူနှစ်ယောက် ဖက်စာလောက်ရှိတဲ့ ဘန်းကြီးတွေအပေါ် စာလုံးအကြီးကြီးတွေနဲ့ “ဖိုးစိန်ပွဲ မကြည့်ကြနဲ့”လို့ ရေးပြီး ချိတ် ဆွဲထားကြပါသတဲ့။ ဖိုးစိန်ကနေတဲ့ ရုံနားမှာလည်း ဖျာကြီးတွေပေါ်မှာ ပွဲမကြည့်ကြဖို့ စာရေးပြီး ကပ်ကြပါ တယ်။

အင်မတန်ပွဲကြိုက်ကြတဲ့ မန္တလေးသူ မန္တလေးသားတွေဟာ ဒီတခါတော့ ကျောင်းသားတွေရဲ့မေတ္တာရပ်ခံ ချက်ကို တိတိကျကျလိုက်နာကြလို့ ဖိုးစိန်ဇာတ်လည်း ဆက်ကလို့ မရတော့ဘူးတဲ့။ မန္တလေးမှာ ကလို့မရ တော့ ပဲခူး၊ ရန်ကုန်၊ မော်လမြိုင်တို့မှာ လှည့်ပြီး ကပါတယ်။ ဒါပေမဲ့ မန္တလေးကျောင်းသား တွေရဲ့သဘော ထားကို သက်ဆိုင်ရာမြို့တွေက ကျောင်းသားတွေကလည်း လက်ခံပြီး သပိတ်မှောက်ကြလို့ ဖိုးစိန်ကြီး လေးလလောက် ပွဲကမရဘဲ နားလိုက်ရပါသတဲ့။

အဲဒီမှာ ဖိုးစိန်က ကျောင်းသားတွေအပေါ်မှာ သြဇာညောင်းတဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို ချဉ်းကပ် ပြီး ကျောင်းသားတွေကို နားချဖို့ တောင်းပန်ရပါတော့တယ်။ ဆရာကြီးက ဖိုးစိန်က တောင်းပန်ရင် ကြေ အေးကြပါဆိုပြီး ဘွိုင်းကောက်ဋီကာနဲ့ မျောက်ဋီကာတို့မှာ ရေးပြီး ကြားဝင်ဖြန်ဖြေပေးပါတယ်။

ဘွိုင်းကောက်ဋီကာထဲက မောင်ဖိုးစိန်ကို သပိတ်လှန်ဘို့ ပရိတ်သံလေးချိုးကြီးမှာတော့ “ဟုတ်တာကို လုပ် စရာလဲ မရွံ့ပေဘု၊ ရှေးအဓွန့်အခါမှာ မနစ်နာဘို့အလုံးတွေနှင့်၊ သွေးစွန့်ကာ သစ္စာသုံးချိန်မို့၊ ငှက်ငုံး မော် ပရိတ်ပန်းတွေကဖြင့်၊ ရွတ်မန်းကာ ဆရာဝေလိုက်ကဲ့၊ မြန်မာပြေ သည်နှစ်တိုင်းတွင်ဖြင့်၊ မပြော့သကို” ကော့” ဆိုတဲ့ “ဘွိုင်း”တွေပေါ့။ ကိုင်းဟဲ့ မတူပေသနော်ကွယ်၊ သမိုင်းတဖွဲ့ ဂိုဏ်းမနွဲ့နိုင်ဘု “မှိုင်း” ရဲ့လူ တွေ” ဆိုပြီး ဆရာကြီးက ကျောင်းသားတွေရဲ့လုပ်ရပ်ကို ထောက်ခံချီးကျူးလိုက်ပါတယ်။

ဆက်ပြီးတော့လည်း “သပိတ်မှောက်ခေတ်မှာ သစ္စာဖောက်တယ်လို့၊ စိတ်အလျောက်ဖြစ်လာလျှင် အချစ် သဒ္ဒါလဲ မပျောက်စေနှင့်၊ အတိတ်နောက် ဖြစ်ရာရာကို မေတ္တာနှင့်ထောက်သင့်ပါရဲ့၊ မှောက်သင့်မှမှောက် ကြစရာပေ၊ အောက်မကျ နောက်မကျ မြန်မာအသရေပေပ ဇာတ်သဘင်အရေး။(အိုကွယ်) နောက်နောက် က အရာတွေကိုဖြင့် တပ်တပ်အပ်အပ် ထင်ထင်မြင်မြင်တွေး” ဆိုပြီး သစ္စာဖောက်တယ်လို့ ထင်ရင်တောင် မှ မေတ္တာမပျောက်ဘဲ၊ တကြောင်းမဟုတ်တကြောင်းထောက်ပြီး သပိတ်မှောက်သင့်မှ မှောက်ကြဖို့ ဖြန်ဖြေ ပေးခဲ့တာကို မှတ်သားဖွယ် တွေ့ရပါတယ်။

အဲဒီတော့ ဖိုးစိန်ကြီးလဲ မန္တလေးတက်ပြီး ကိုယ်တိုင်လိုက်ပါကာ မြင်းရထားပေါ်မှာ အုန်းပွဲ၊ ငှက်ပျောပွဲတွေ နဲ့  တမြို့လုံး လှည့်လည် ကန်တော့တဲ့အပြင် ကျောင်းသားတွေ၊ မြို့မိမြို့ဖတွေ၊ လေးပြင်လေးရပ်က ဆရာ တော်၊ သံဃာတော်တွေနဲ့မြို့လူထုကို ဝန်ချတောင်းပန် ပါတယ်။ ရန်သူနဲ့ မိတ်ဆွေဆိုတဲ့ စည်းနဲ့ မိတ်ဖက် ချင်း ပြဿနာအပေါ်မှာ ဆရာကြီးဟာ သိမ်မွေ့စွာ ချည်းကပ်ပြခဲ့တယ်လို့ ဆရာ မောင်မြတ်မှိုင်းရဲ့ စာတမ်း မှာ ဖော်ပြတာ သတိရမိပါသေးတယ်။

စာတမ်းရဲ့နိဂုံးချုပ်ကတော့ ကျောင်းသားတွေဟာ တမျိုးသားလုံးနဲ့သက်ဆိုင်တဲ့ ပညာရေးစနစ်အတွက် တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။ ကျောင်းသားတွေရဲ့သပိတ်ကို ဆန့်ကျင်တာ၊ အသိအမှတ်မပြုတာဟာ တမျိုးသားလုံးရဲ့အကျိုးစီးပွားကိုဆန့်ကျင်တာ၊ အသိအမှတ်မပြုရာ ရောက်တယ်။ ကျောင်းသားတွေကို ပြည်သူတရပ်လုံးက ထောက်ခံနေချိန်မှာ ပြည်သူတွေအားပေးလို့ ထင်ရှားလာတဲ့ အနုပညာရှင်တွေက လည်း တမျိုးသားလုံးရဲ့အကျိုးစီးပွားကို ကိုယ်စားပြုဆောင်ရွက်နေတဲ့ ကျောင်းသားတွေကိုမဆန့်ကျင်သင့်ဘူး။ အနုပညာရှင်ဆိုတာ ပြည်သူကို တကယ်ချစ်မှ ပြည်သူကလည်း အနုပညာရှင်ကို တကယ်ချစ်မှာဖြစ် ကြောင်း တင်ပြခဲ့တယ်လို့ အမှတ်ရမိပါတယ်။

ကျွန်တော်ဆက်ပြီးတွေးနေမိတာက ပြည်သူက ချစ်ဖို့ဆိုရင် အများပြည် သူထောက်ခံမှုကိုရယူပြီး အလုပ် လုပ်ရတဲ့ အနုပညာရှင်ဖြစ်စေ၊ နိုင်ငံရေးသမားဖြစ်စေ ပြည်သူကို မဆန့်ကျင်မိဖို့လိုပါတယ်။

တမျိုးသားလုံးအကျိုးကို ဆန့်ကျင်မိပြီဆိုရင်လည်း ပြည်သူလူထုကို ဝန်ချ တောင်းပန်ရပါမယ်။ ငါကထင် ရှားတဲ့ သူပဲ၊ ငါ့ကိုအားပေးထောက်ခံသူတွေ အများကြီးရှိတယ်၊ ငါလုပ်ရင်ဖြစ်တယ်။ ငါ့အဆုံးအဖြတ် သည်သာ အခရာပဲလို့ထင်ပြီး မဆင်မခြင်နဲ့ ပြည်သူ့အကျိုးကို နင်းချေတဲ့သူတွေကိုတော့ ပြည်သူလူထု ကြီးတရပ်လုံးက ဒဏ်ခတ်ပါလိမ့်မယ်။ အဲဒီလို သမိုင်းဖြစ်ရပ်တွေ အများအပြားရှိခဲ့တာ သင်ခန်းစာယူနိုင်ဖို့ ဖိုးစိန်နဲ့ ကျောင်းသားသပိတ်ကို အမေမာက ထည့်ရေးခဲ့တာလို့ မြင်မိပါတယ်။

စာအုပ်ပွဲကို နောက်ဆုံးအနားသတ်ပေးတာကတော့ အမေလူထုဒေါ် အမာပါပဲ။ ပွဲမှာ ဆွေးနွေးကြ၊ ဝေဖန် ကြ၊ ကွဲလွဲချက်တွေကို ညှိနှိုင်း ကြတာတွေ၊ စာတမ်းမှာပါတဲ့အချက်တွေ အပါအဝင် တယောက်ချင်းစီ ပြော သွားတာတွေကို ပြန်လည်သုံးသပ်ရာမှာ မောင်ကြည်အောင် ပြောတာနဲ့ပတ်သက်လို့ ဒီလိုရှိတယ်ကွယ့်။ မောင်စန်းတင် (မောင်မြတ်မှိုင်း)ရေးတာကို ဒေါ်ဒေါ်က ဒီလိုမြင်တယ်။ ဘယ်သူထောက်ပြတဲ့ သီချင်းစာ သားကို မှတ်ထားလိုက်မယ်။ ကျမက သဘင်သည် အနုပညာသည်တွေကို ဖက်ခွက်စားဆိုပြီး နှိမ်ချဆက် ဆံကြတဲ့ ပဒေသရာဇ် အလေ့အထတွေ ပပျောက်စေချင်တာရယ် သူတို့ဖန်တီးတဲ့အနုပညာဟာ လူထုကို အကျိုးပြုတယ်ဆိုရင် ပြည်သူလူထုကလည်း သူတို့ကို အမြဲချစ်နေကြမယ်ဆိုတာ လူတွေအားလုံးသိစေချင် တယ် စသဖြင့် အံ့သြစရာကောင်းလောက်အောင် တထိုင်ထဲ နိဂုံးချုပ်သွားတာကို တွေ့ရပါတယ်။

စာအုပ်ပွဲက အပြန်မှာတော့ အညာရဲ့အဝါရောင် ကောင်းကင်ကြီးအောက်မှာ ကန်ဘောင်ပေါ်စက်ဘီးနင်း ရင်း တောင်သမန်ရွှေအင်းရဲ့ လေညင်းက ကျွန်တော်တို့အားလုံးရဲ့ပါးပြင်ကို ပွတ်သပ်ကျီစယ်ပြီး ဟိုး ခပ်လှမ်းလှမ်းက ထန်းတောအုပ်အုပ်တွေကြားမှာ တိုးဝင်ပျောက် ကွယ်သွားပါတော့တယ်။

ထွန်းဝင်းငြိမ်း
၂၉၊၁၁၊၂၀၁၇
https://www.facebook.com/tun.w.nyein/posts/1775246455819577?notif_id=1511953040593944&notif_t=like_tagged
0