နရီမင်း - ကာရန်ကဗျာကို ဘာလို့ စွန့်လွှတ်ခဲ့တာလဲ


ကာရန်ကဗျာကို ဘာလို့ စွန့်လွှတ်ခဲ့တာလဲ 
နရီမင်း
(မိုးမခ)၊ နိုဝင်ဘာ ၃၊ ၂၀၁၇
 
နိဒါန်း

ကာရန်ကဗျာဆိုတာ စွန့်သင့်လို့ စွန့်ခဲ့တာဖြစ်တယ်။
``ဒီကနေ့မှာ ဘယ်​သူမှ ဗန္ဓုလဝတ်စုံကြီးနဲ့ စစ်မတိုက်ကြတော့ဘူး´´ဆိုတာ ရှင်းရှင်းလင်းလင်း သိဖို့လို တယ်။
ခေတ်ပေါ်ကဗျာ ရေးသူတွေဟာ ကာရန်နဲ့ ကဗျာမရေးတတ်လို့ မဟုတ်​ဘူးဆိုတာ ပိုပြီး ရှင်းရှင်းလင်းလင်း သိထားစေချင်တယ်။

ပီကာဆိုဟာ ၁၃ နှစ်သားကတည်းက ကမ္ဘာကျော်ကားတွေ အကုန်ကူးရေးနိုင်တယ်။
ဓာတ်ပုံထက်တူအောင် ရေးနိုင်တယ်။ ပီကာဆိုဟာ ဘာဖြစ်လို့ အချိုးမကျတဲ့ ပုံတွေ ဆွဲခဲ့လဲ၊ ဘာဖြစ်​လို့ ပါစပက်တစ်တွေ၊ ဘက်ဂရောင်းတွေ၊ ဖိုးဂရောင်းတွေ ဖျောက်ခဲ့သလဲဆိုတာ နွားတွေ နားမလည်နိုင်ဘူး။ နွားတွေမှာ ယဉ်ကျေးမှုဖြစ်ပေါ်တိုးတက်မှုသမိုင်းဆိုတာမှမရှိတာ။ နွားယဉ်ကျေးမှုဟာ နွားရယ်လို့ ဖြစ်ပေါ် လာကတည်း က တနေရာတည်းမှာ အသေရပ်တန့်နေခဲ့ပေမယ့် လူသားယဉ်ကျေးမှုဟာ အဆက်မပြတ် ပြောင်းလဲတိုးတက်နေတယ်ဆိုတာကို အရှင်းဆုံး သိထားဖို့ လိုတယ်။

(၁)

ငါ လေးတန်းမှာ ဦးသော်ဇင် ရေးတာထင်တယ်။
ကဗျာလမ်းညွှန်ဆိုတဲ့ စာအုပ်တအုပ်စပြီး ဖတ်ရတယ်။
အဲ့ဒီမှာ ဘယ်ပြောကောင်းမလဲ၊ လင်္ကာ၊ သံပေါက်၊ ဝဲရိုက်ဝဲသွင်းလင်္ကာကစလို့ ဒွေးချိုး၊ တြိချိုး၊ လေးချိုး၊ အဲချင်း၊ အိုင်ချင်း၊ ကာချင်း အလယ် ရတု၊ ဘောလယ်အဆုံး တအုံးအုံးနဲ့ ရေးလာခဲ့တာ ဆယ်တန်းအောင် တဲ့ အထိပဲ။
ဆုမက်တဲ့ သောက်ပေါတွေကို ပြောပြရရင် ငါဟာ ခုနစ်တန်းက စလို့ ဆယ်တန်းထိ မြို့နယ်စာဆိုတော်နေ့ ပြိုင်ပွဲတွေမှာ ကဗျာဆု အမြဲရတယ်။ ကျန်စာပေမှာ ဆုရတဲ့ ကျန်တဲ့သူတွေက လူကြီးတွေချည်းပဲ။ အဘိုးကြီးတွေတောင်ပါတယ်။
ကိုယ်က ပါရမီရှင် ကလေးစာဆိုလေးပေါ့။
မင်းသုဝဏ်၊ ​ဇော်​ဂျီ၊ တင်မိုး အစရှိတဲ့ ဆရာကြီးတွေရဲ့ ကဗျာတော်တော်များများ ငယ်ငယ်က ဖတ်ခဲ့တာ ခုထိ အလွတ်ရသေးတယ်။
ဆုမရလို့ ရင်ခံပြီး ကာရန်ကဗျာဆိုတာ တစ်သိန်းမှာ တစ်ယောက် မရေးနိုင်ဘူးလို့ လေပွတဲ့ အတိုအစ ကဗျာဆရာသာ ငါ ၄ တန်းတုန်းက ရေးတာတွေမြင်သွားရင် အဟိပဲ။

ဥပမာ ``မူးယစ်​​ဆေးဝါး ဘေးရန်များ ရှောင်ရှားတိုက်ဖျက် ပြည်သူ့တွက်´´လို့ ကလေးစာဆိုလေး ငါက လက်တန်းရေးပြီး မူးယစ်​​ဆေးဝါး တိုက်ဖျက်ရေး စာပေပြိုင်ပွဲမှာ ဆောင်ပုဒ်ဆုရတာမျိုး။

အတိုအစကဗျာဆရာရဲ့ကာရန်ကဗျာတချို့ fb မှာ တွေ့ရတဲ့အခါ လေးနက်တဲ့ အတွေးအမြင် ဒါမှမဟုတ် ခံစားချက် ပါဖို့ဝေးစွ၊ ဖတ်သူရဲ့ ဦးနှောက် ဒါမှမဟုတ်​ နှလုံးသားကို နှိုးဆွနိုင်ဖို့ ဝေးစွကာရန်ယူပုံ စနစ်မကျ သလို စကားလုံးလည်း မလှ၊ အသံလည်း မသာပါဘူး။
ငယ်ငယ်က ဖတ်ရတဲ့ ပြာဂလောင် ပြာလချောင် ကာတွန်းထဲ အမွှာညီနောင် ကဗျာရူးရူးပြီး တယောက် တလှည့်...
သွားစမ်း
စားစမ်း
ဘားလမ်း
(တို့က) ငါးတန်းလို့ ရွတ်တော့
ကြက်​တူ​ရွေးက
``ခွေးမသား´´ လို့ ထအော်တာ
သူတို့ ညီအစ်​ကိုက
``မင်းက ကာရန်မဲ့ပါလား´´လို့ ပြောတာပဲ အမှတ်ရမိတယ်။

ကာရန်ယူပုံ စနစ်ကျခြင်း၊ စကားလုံးလှခြင်းနဲ့ အသံသာခြင်းမှာ ငါက ဆရာမင်းသုဝဏ်ကို စံထားပါတယ်။
ဥပမာ။ ဝီလျံဘလိတ်ရဲ့ The Sick Rose ကို ဆရာမောင်သာနိုး ဖျားတဲ့ နှင်းဆီ ဆိုပြီး ပြင်းရှတဲ့ ရစ်သမ်နဲ့ တိုက်ရိုက်ပြန်ပါတယ်။ ရင်ကို ထိပါရဲ့။
မင်းသုဝဏ်ဟာ နာမကျန်းသည် အိုနှင်းဆီ ဆိုပြီး အဲ့ဒီကဗျာကို ကာရန်နဲ့ ပြန်ရေးပါတယ်။ ကာရန်အပြင် စကားလုံးတွေက လှလိုက်တာ။
မိုးမိုး (အင်းလျား) ရဲ့ နာမည်​ကြီး နှစ်အုပ်တွဲ ဝတ္ထုရှည်တပုဒ်ကိုတောင် ``နာမကျန်းသည် အိုနှင်းဆီ ´´ဆို ပြီး အမည်ပေးခဲ့တယ်။
ဒီနေရာမှာ ရသပေးနိုင်တဲ့ လှပတဲ့စာသားဆိုတာကိုတောင် အတိုအစကဗျာဆရာ နားလည်ဟန်မတူပါဘူး။
ငြိမ်းကျော်ရဲ့'' မြက်ဖျားနှင်း''တို့လို စကားလုံးဟာ ကိုစောညိန်းရဲ့သီချင်းထဲကဆိုတာ တစ်သိန်းမှာ တစ်ယောက် ဧရာမ ငတုံး ငဖား ကဗျက်ဆရာ သိဟန်မတူပါဘူး။ ထားပါ။

အတွေးအမြင်နဲ့ ဦးနှောက်ကို နှိုးဆွနိုင်တဲ့ ကာရန်ကဗျာဆရာထဲ ငါစံထားတာက ဆရာဇော်ဂျီပါ။ ဥပမာကတော့ ဗေဒါလမ်းကဗျာများပါပဲ။ အဲ့ဒီလိုပဲ ခံစားမှုနဲ့နှလုံးသားကိုနှိုးဆွနိုင်စွမ်းတဲ့ ကာရန်ကဗျာ ဆရာထဲ ငါစံထားတာ ဆရာတင်မိုးပါ။ ဆရာတင်မိုးတောင် ကာရန်ကို​ဖြေလျှော့ လိုက်ပြီး ၈၈ အရေးတော် ပုံနဲ့ ပတ်သက်လို့ အမေ့သား စကားတိုးတိုး ပြောလှည့်ပါကဗျာကို ရေးတဲ့အခါ ရင်ထဲနင့်နေအောင် ခံစား ရပါတယ်။

ကာရန်တွေကို ငယ်ငယ်ကတည်းက လက်တန်းရွတ်နိုင်တဲ့ ငါဟာ ကိုယ့်​ကိုယ်​ကိုယ် ကဗျာဆရာဆိုတဲ့ ဘဝင်လေးတခုနဲ့ ဆေးတက္ကသိုလ်ကို ရောက်လာပါတယ်။ ကျောင်းရောက်ပြီး မကြာခင် ဘိုကလေးသား ကိုယ့်လို အရူးတ​ယောက်​နဲ့ ပေါင်းမိပါတယ်။ ဘုန်းကြီးကျောင်းသားကနေ ဆယ်တန်း အောင်လာလို့လား မသိ၊ ဒီကောင်က ကိုယ့်ထက်တောင် ကာရန်နဘေတွေနဲ့ အစဉ်အလာ ကဗျာစပ်နည်းတွေ ပိုင်သေးတယ်။
ဒီကောင်နဲ့ငါ နှစ်ယောက်ပေါင်းပြီး ကဗျာစာအုပ် တစ်အုပ်ထုတ်ဖို့ ပထမနှစ်မှာပဲ လုပ်တယ်။
စာအုပ်နာမည်ကိုက ညှိုးရိပ်လွမ်းရောင်သန်းတဲ့ မိုးနိမိတ်ပန်းတောင်တန်းတဲ့။

စာကူးစက်နဲ့ လှည့်ထုတ်ဖို့ပါ။ မျက်နှာဖုံးကို ဆယ်တန်းတုန်းက သူငယ်​ချင်း RIT က ထွန်းဝင်းကို ဆွဲခိုင်း တယ်။ ဖယောင်းလက်ရေးကို ငါ့ သူငယ်​ချင်း အီကိုက အောင်ဖြိုးကို ရေးခိုင်းတယ်။ ကျောင်းမှာ တရားဝင် ဖြန့်ချိရောင်းချခွင့်စာတောင် ရထားပြီးပြီ။ အဲ့တုန်းက ကျောင်းမှာ ကဗျာစာအုပ်ထုတ်လို့ တရားဝင်ချင်ရင် မြန်မာစာဌာနနဲ့ နိုင်​ငံ​ရေးသိပ္ပံဌာနကို တင်ရတယ်။ ဒါပေမဲ့....

(၂)

(ငါဆိုတာ မယဉ်ကျေးသလို ခံစားလာရပြန်တဲ့အတွက် ကျွန်တော်နဲ့ ဆက်ရေးပါမယ်။ အပေါ်ကအပိုင်းကတော့ ခပ်ရင့်ရင့် ခပ်ပြတ်ပြတ် ပြောချင်တာမို့ ငါဆိုတာနဲ့ ရေးခဲ့တာပါ)

``ညှိုးရိပ်လွမ်းရောင်သန်းတဲ့ မိုးနိမိတ်ပန်းတောင်တန်း´´ကဗျာစာအုပ်က မရိုက်ဖြစ်သေးဘဲ ကြန့်ကြာနေ တယ်။ ကဗျာစာအုပ် ရိုက်ဖို့ ဥထားတဲ့ ပိုက်​ဆံ ဖဲရှုံးသွားလို့လည်း ဖြစ်နိုင်ပါတယ်။ သေချာမမှတ်မိပါဘူး။ သေချာမှတ်မိတာက အဲ့ဒီလို တစ်ရက်မှာ နေ့ခင်းကြောင်တောင်ကြီး ကျွန်တော့်အခန်းကို တစုံတယောက် က လာခေါက်တာပဲ။
နေ့ခင်းကြောင်တောင်ကြီးလို့ ပြောရတာက ဒီလိုပါ။

ကျောင်းတက်ချိန်တွေဆို ကျောင်းသားတွေ ကျောင်း သွားတက်ကြတာမို့ အဆောင်မှာ တိတ်​ဆိတ်​လို့ ခွေးဟောင်သံတွေကလွဲပြီး ဘာမှ မကြားရဘူး။ တိတ်​ဆိတ်​မှုကို ငြီးငွေ့လာရင် ကျွန်တော်လည်း ဂစ်​တာ အစုတ်ကြီး ကောက်ကိုင်ပြီး ခွေးနဲ့အပြိုင် အော်တတ်တယ်။ လက်ချာတွေ တက်ရတာ ကျွန်တော် ငြီးငွေ့ စိတ်ကုန်နေပြီ။ ကျောင်းသွားမတက်ဖြစ်တာများပါတယ်။ ကျွန်တော့်အခန်းဖော် ဝင်းမင်း ကျောင်းသွား တက်ရင် ကျွန်တော့်အတွက် ရိုးကောတွေရအောင် ဒီကောင် ဖြစ်တဲ့နည်းနဲ့ လုပ်လာလိမ့်မယ်။ မင်္ဂလာဒုံ ရွာထဲ ချောင်ဂလောင်ထဲကအဆောင်ကို ဘယ်သူလာလည်မှာတဲ့လဲ။ ကျွန်တော့်လို ကျောင်းပြေး တယောက် ကျွန်တော့်အခန်းတံခါး လာခေါက်တာပဲပေါ့။

တံခါးထဖွင့်လိုက်တော့ အခန်းဝမှာရပ်နေသူကို ကျွန်တော်မသိဘူး။
သူက ``ကျွန်တော် အောင်သူငြိမ်းပါ´´လို့ ပြောတယ်။

ကျွန်တော် ချက်ချင်းသိလိုက်ပြီ။ သူ့နာမည်​ကို ကျွန်တော်သိတယ်​။ သူ့ညီမက အီကိုတက်နေပေမယ့် ကျွန်တော်နဲ့တတန်းတည်း။ ၇ တန်းနဲ့ ၉ တန်း လူရည်​ချွန်​ခရီးသွားရတော့ သူ့ညီမနဲ့သိပြီး သူ့အစ်ကိုကြီး ကျွန်တော်တို့ကျောင်းမှာ ရှိမှန်းတော့သိတယ်။ နောက်ပြီး state ကျောင်းမှာတုန်းက တို့ကျောင်းသားစာ စောင်ဖတ်တဲ့အခါ ဆုရစာစီစာကုံးရှင်အဖြစ် ကိုအောင်သူငြိမ်းနာမည်ကို နှစ်ခါလား သုံးခါလားမသိ တွေ့ဖူး တယ်။ သူ့စာစီစာကုံးတပုဒ်က သာမန်အထက်တန်းကျောင်းသားလက်ရာမျိုးမဟုတ်ဘဲ အတော်လှတဲ့ စကားပြေဖြစ်နေတာမျိုး သတိထားမိဖူးတယ်။

အကို့ကို ကျွန်တော် အခုမှ တွေ့ပေမယ့် အရင်ကတည်းက သိနေပါတယ်ဘာညာပေါ့။ တွေ့တာနဲ့ ခင်သွား တယ်။ သူက နှစ်တန်းကြီးတယ်။ အိမ်ကနေ ကျောင်းတက်တာ။ အဆောင်ကမဟုတ်​ဘူး။ ခများတို့ ကဗျာ စာအုပ် ​ကြော်​ငြာထားတာ ကျွန်တော် တွေ့တယ်လို့ သူက ပြောတယ်။ ကျွန်တော်တို့က ကျောင်းကနေ တရားဝင် ခွင့်ပြုချက်ယူထားတာမို့ ကျောင်းအနှံ့က မှန်ပုံးဘုတ်တွေမှာ ​ကြော်​ငြာကပ်ခွင့်ရထားတယ်။

သူက ကျွန်တော်တို့ စာအုပ်မူကြမ်းကို စိတ်ရှည်လက်ရှည် ဖတ်တယ်။ တချို့စကားလုံးတွေက လှတယ်။ တချို့အတွေးတွေက ချစ်စရာ ကောင်းတယ်ဆိုတာမျိုး ပြောတယ်။ သူက ယဉ်​​ကျေးသိမ်မွေ့ပြီး လူကြီး လူကောင်းဆန်သူမို့ တိုက်ရိုက်ဝေဖန်တာမျိုး မလုပ်ပေမယ့် ကဗျာဆိုတာ ဒီလောက်နဲ့မလုံလောက်ဘူး ဆိုတာမျိုးအသိကို ကျွန်တော်ရအောင် သူလုပ်ခဲ့တယ်။

သူရေးထားတဲ့ ကဗျာစာအုပ်လေးတွေ ကျွန်တော်ဖတ်ဖို့ ပေးခဲ့တယ်။ သူ့ကဗျာတွေ ဖတ်ပြီးတဲ့အခါ ``ညှိုးရိပ်လွမ်းရောင်သန်းတဲ့ မိုးနိမိတ်ပန်း တောင်တန်း´´ကဗျာစာအုပ်ကို ကျွန်တော်ထုတ်ဖို့ ရှက်လာ တယ်။ နောက်တော့ သူက ကဗျာနဲ့ပတ်သက်တဲ့စာအုပ်တွေရော တခြားရသနဲ့ အတွေးအမြင်စာအုပ် တွေရော ယူယူလာပြီး ပေးဖတ်တယ်။ ကျွန်တော်ညှိုးရိပ်လွမ်းရောင်သန်းတဲ့ မိုးနိမိတ်ပန်းတောင်တန်း စာအုပ်နဲ့အတူ ကာရန်ကဗျာဆိုတာမျိုးကို စွန့်လွှတ်လိုက်တယ်။

ဒီနေရာမှာ ကျွန်တော် စဉ်းစားဖြစ်ခဲ့တာတွေထဲက တချို့ကို ပြောပြလိုပါတယ်။
အရင်ဆုံးပြောလိုတာက ကျွန်တော်တို့ရဲ့ text တွေက ထွားလာတဲ့အကြောင်းပါ။ ထွားကြိုင်းနေတဲ့ မိန်းမတယောက် သူနဲ့မတော်တဲ့ ဝတ်စုံ ကို ကျပ်ညပ်နေအောင်ဝတ်ထားရင် သူလည်း အသက်ရှူကျပ် သလို ကျွန်တော်တို့လည်း ကောက်ညှင်းထုပ်ကြီး ကြည့်ရတာ စိတ်မချမ်းသာပါဘူး။ အဲ့ဒီလိုပါပဲ၊ ပြောင်းပြန်ပေါ့၊ သေးညှက်ညှက်မိန်းမ အင်္ကျီမတန်တဆ ပွပွကြီးဝတ်ထားရင် အကြည့်ရဆိုးပါတယ်။ ဟိုအတိုအစကဗျာဆရာရဲ့ text ကို ကာရန်မပါဘဲ ရေးချကြည့်ပါ။ သူ့ဟာက ကာရန်အပြင် ဘာမှမရှိတဲ့ အကြောင်း ရှင်းရှင်းလင်းလင်း သဘောပေါက်သွားပါလိမ့်မယ်။

ထားပါ​တော့၊
ကျွန်တော် မကြာသေးမီက ရေးခဲ့တဲ့ ကဗျာထဲက

``ပျော်မယ်ထင်လို့ သောက်ခဲ့တဲ့ အရက်က
ပြန်အန်လို့ မရအောင်
ဝမ်းဗိုက်ထဲ အော်ဂလီဆန်နေတယ်´´ကို
``ပျော်မယ်ထင်ခဲ့ သောက်တဲ့ယမကာ
အန်မရပါ
ဝမ်းဗိုက်ထဲမှာ အော်ဂလီဆန်လာ´´

အဲ့လိုရေးလို့ရတာပဲ။
ဒါပေမဲ့ အဲ့ဒီမှာ သိသိသာသာ ​ပျောက်​ဆုံးသွားတာက ခံစားမှု/အတွေးကို နှိုးဆွပေးနိုင်မယ့် မူရင်းအသံပါပဲ။
ခံစားမှု/အတွေးကို စာသားသက်သက်အပြင် အသံက သယ်ဆောင်ပေးတယ်ဆိုတာ အသေအချာ စဉ်းစားကြည့်ပါ။
နောက်တခု စဉ်းစားမိတာက visual (မျက်မြင်) ကိစ္စပါ။ ငါးကင်ကို အကောင်လိုက် ခများရှေ့ ဘာလို့ လာချ ပေးသလဲဆိုတဲ့ကိစ္စပါ။ ကင်ပြီးငါးကို ခုတ်​ထစ်​ပြီး ပန်းကန်လုံးထဲ ထည့်ပြီး လာချပေးမယ်ဆို ဒီငါးကင်ပဲဆိုပေမယ့် အရသာထိခိုက်နိုင်တယ်ဆိုတာမျိုးပါ။

အဲ့ဒီမှာက မူရင်း text က အ​ခရာပါ။
ဝက်နားရွက်ကို ပါးပါးလှီးမထားဘဲ နားရွက်လိုက်ကြီး လာချရင် ကြည့်မကောင်းပါဘူး။ နတ်သျှင်နောင် ရတုတွေကို ခင်​ဗျား မောင်ချောနွယ်လို ရေးကြည့်လို့ အဆင်မပြေပါဘူး။ ကိုနေဝင်းရဲ့ ခတ္တာသီချင်းထဲက text
``စိမ်းလဲ့လဲ့ည လရောင်သမ်း အချစ်နှုတ်ခမ်း အနမ်းတွေ ဖူးပွင့်ဖို့ဝေ´´ဆိုတာကို
``အစိမ်းရောင် လဲ့နေတဲ့ ညမှာ
လရောင်ဖြာကျနေတဲ့အောက်
ချစ်သူ့နှုတ်ခမ်းကို
ငါ အကြိမ်​ကြိမ်​ နမ်းပစ်လိုက်တယ်´´ဆိုတာမျိုး ရေးကြည့်လေ။

(၃)

ကျွန်တော်တို့ ၁၉၈၈ မှာ တောခိုကြတော့ ဘုရားသုံးဆူ ABSDF စခန်းကို စာပေသမားတွေလည်း ရောက် လာပါတယ်။ အဲ့ဒီမှာ ဦးရဲခေါင်တို့ ဦးအောင်မြင့်စိုး (မောင်စိုးချိန်) တို့လို ကွန်ဆာဗေးတစ်သမားတွေ ပါ သလို ကျွန်တော်အပြင် ကိုအောင်သူငြိမ်း (ယောဟန်အောင်) နဲ့ ကိုရဲဌေး (လူအိမ်) တို့လို မော်ဒန်စာပေ သမားတွေ ပါတယ်။ စခန်းကော်မတီ ဖွဲ့တော့ ပြန်​ကြား​ရေးကော်မတီအတွင်းရေးမှူးက ယင်းတိမ်တိုက်ပွဲ မှာ ကျဆုံးသွားတဲ့ ရေး - ကိုကိုဦးပါ။ သူက ကျွန်တော့်ကို ပြန်​ကြား​ရေးတာဝန်ခံ ခန့်ပါတယ်။ ပြောရရင် သူက elected ဖြစ်ပြီး ကျွန်တော်က appointed ပါ။

အဲ့ဒီမှာ ကျွန်တော်တို့ စခန်းနံရံကပ်စာစောင် ပုံမှန်လုပ်ကြတယ်။ ကဗျာတွေ ရွေးပြီး ကတ်ပြားတွေပေါ် ရေးတာက ကိုရဲဌေးနဲ့ ကျွန်တော်ပါ။ ကယန်းနယ်မြေမှာ အသတ်ခံလိုက်ရတဲ့ တေဇာမင်းက ပုံတွေ ကာတွန်းတွေ ဒိုင်ခံရေးဆွဲသူပါ။ အဲ့ဒီမှာ ဦးရဲခေါင်က ကျွန်တော်တို့ ရေးတာတွေကို ကဗျာမဟုတ်​ဘူး၊ စာညွန့်လို့ တပ်ဖို့ ဝေဖန်ပါလေရော။ အဲ့ဒီမှာ ကိုရဲဌေးက စပ်​ဖြီးဖြီးနဲ့ ပြန်ပြောတဲ့ စကားတခွန်းကို ကျွန်တော် အခုထိ မှတ်မိပါတယ်။ သူက ``ဒီကနေ့မှာ ဘယ်​သူမှ ဗန္ဓုလဝတ်စုံကြီးနဲ့ စစ်မတိုက်ကြ တော့ဘူး အဘ´´တဲ့။

တကယ်တော့ သူပြောခဲ့တာက modern sensiblity (contemporary ဆို ပိုမှန်မယ်) ဆိုတဲ့ ခေတ်ပြိုင် အာရုံခံစားမှုနဲ့ဆိုင်ပါတယ်။ ဒီနေ့ ခေတ်ကဗျာဟာ ဒီနေ့ခေတ်ရဲ့ဘဝကို ကိုယ်​စားပြုပါတယ်။
ကျွန်တော်ဟာ ကဗျာရေးနေတာသာ ဖြစ်ပြီး သမိုင်းရေးနေတာမဟုတ်တဲ့အတွက် ကဗျာထဲမှာ မဟာဗန္ဓုလ အကြောင်းရေးခဲ့မယ်ဆိုရင်တောင် ဒီကနေ့ခေတ်ရဲ့ အာရုံခံစားမှုကိုပဲ ထင်ဟပ်ပြနေမှာပါ။
ဟိုလိုဝတ်စုံကြီးတကားကားနဲ့ ဇာတိသွေးဇာတိမာန် တက်ကြွစေမယ့်ဗန္ဓုလကို ခများမြင်ရမှာ မဟုတ်ပါ ဘူး။ ရန်သူရဲ့ ခေတ်မီလက်နက်တွေအကြောင်း ကောင်းကောင်းမသိရှာတဲ့ သနားစရာဗန္ဓုလ ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ်။

ထားပါ။ ဒီနေ့ခေတ်ရဲ့ကဗျာဟာ ကျွန်တော်တို့ရဲ့နိုင်ငံရေး၊ ကျွန်တော်တို့ရဲ့ အိုင်ဒီယိုလော်ဂျီ၊ ကျွန်တော် တို့ရဲ့စီးပွားရေးစနစ် အစရှိတာတွေကို လေ့လာသုံးသပ်ထင်ဟပ်ပါတယ်။

ဒီကနေ့ခေတ်ရဲ့ကဗျာဟာ အရုဏ်ဦးနေထွက်ချိန်တို့ ညနေနေဝင်ဆည်းဆာတို့ တိမ်ပန်းချီတို့ ဆိုတာမျိုးကို စာသားအလှတွေနဲ့ ဖွဲ့ဆိုနေမှာ မဟုတ်ပါဘူး။ ``မေမေအကွက်တွေက လွှတ်လှ´´တို့ ``အဘသက်တော် ရှည်စေသောဝ်´´တို့ ဘာတို့ ဘုန်းတော်ဖွဲ့တွေ ဖားဖားယားယား ရေးနေမှာလည်း မဟုတ်ပါဘူး။

ဒီကနေ့ခေတ်ရဲ့ကဗျာဟာ တနေ့ပြီး တနေ့ရဲ့ ပြုမူဆောင်ရွက်ချက်တွေ၊ လူ့အဖွဲ့အစည်းတရပ်ထဲမှာ နေထိုင်နေတဲ့ လူသားရဲ့တွေ့ကြုံခံစားရမှု တွေကို ခါးခါးသီးသီးနဲ့ သစ္စာရှိရှိ ဖွဲ့ဆိုပါတယ်။

နေ့စဉ်ဘဝအကျပ်အတည်းတွေ၊ စိတ်ပျက်စိတ်ညစ်ရမှုတွေ၊ စိတ်ရှုပ်ထွေးမှု စတာတွေကနေ လူတွေ မလွတ်မြောက်နိုင်ကြပုံတွေ။ အဆက်မပြတ်ခံစားနေရတဲ့ နာကျင်မှုတွေကနေ ချက်ချင်း သက်သာရာ ရှာမရတဲ့ လူတွေ။ ဒီကနေ့ခေတ်ရဲ့ကဗျာဟာ ဒါတွေကို ဖွဲ့ဆိုပါတယ်။

ဒီကနေ့ခေတ်ရဲ့ကဗျာဟာ လူတွေရဲ့ ရုန်းကန်ရပုံတွေပါ။ လူတွေရဲ့ ကာယဉာဏအားတွေပါ။ လူတွေရဲ့ ကံမကောင်းအကြောင်းမလှမှုတွေ ပါ။ ဒီကနေ့ခေတ်မှာ ရှေးကလို လရောင်ကို ဖွဲ့ဆိုမှုမျိုး မရှိဘူးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ လရောင်မှာ နေ့စဉ်ဘဝရဲ့အရိပ်တွေ ထိုးကျနေ ပါလိမ့်မယ်။ လရောင်မှာ ခေတ်ကို ထင်ဟပ်ထားမှုတွေ စွန်းပေနေပါလိမ့်မယ်။ နေ့စဉ်ဘဝရဲ့ တင်းမာခက်ထန်တဲ့ အရှိတရားတွေက စိတ်​ကူးယဉ်​အိပ်မက်တွေကို အစိပ်စိပ်အမွှာမွှာ ကွဲကြေသွားစေပါတယ်။

မောင်အောင်ပွင့်ရဲ့ငါးရိုးနင်တဲ့ ​ငွေ လမင်းပါပဲ။

ဒီကနေ့ခေတ်ရဲ့ကဗျာဆရာဟာ မလွှဲမရှောင်သာ သူပုန်တဦး ဖြစ်လာရပါတယ်။ သူဟာ လက်ရှိ လူတွေ ဖန်တီးထားတဲ့ လူမှုအဆောက် အအုံကို ဆန့်ကျင်တော်လှန်နေရပါတယ်။ လက်တဆုပ်စာ လူတစ်စုပဲ ချမ်းသာကြွယ်ဝပြီး လူသန်းပေါင်းများစွာ စားဝတ်နေရေး အစစ အရာရာ ကျပ်တည်းစေတဲ့ တန်းတူညီမျှမှု မရှိတဲ့ မတရားတဲ့ စနစ်တွေကို ဆန့်ကျင်တော်လှန်နေရပါတယ်။

ဒီတော့ ဒီကနေ့ခေတ်ရဲ့ကဗျာဆရာရဲ့အာရုံခံစားမှုဟာ အတိတ်ကိုလွမ်းဖို့ အနာဂတ်​ကို ချောင်းကြည့်ဖို့ ထက် ပစ္စုပ္ပန်​တည့်တည့်ကိုသာ မပြတ်ရှုနေရပါတယ်။ ပစ္စုပ္ပန်​မှာ တကယ်ဖြစ်တဲ့အတိုင်း တကယ့် အဓိပ္ပာယ်အမှန်အတိုင်း ထင်ဟပ်ပြရပါတယ်။

ခေတ်ပြိုင်အာရုံခံစားမှုအပေါ် နားလည်ပုံ အမျိုးမျိုး ရှိနိုင်ပေမယ့် ဒီကနေ့ခေတ်ရဲ့ကဗျာကို ရည်​ညွှန်းတဲ့ ခေတ်ပြိုင်အာရုံခံစားမှုဆိုတာ ဒီကနေ့ ကျွန်တော်တို့နေထိုင်နေတဲ့ ကမ္ဘာလောကကြီးရဲ့စစ်မှန်တဲ့ရုပ်ပုံပါပဲ။ အဲ့ဒီစစ်မှန်တဲ့ရုပ်ပုံကို ကဗျာပုံစံခွက်အသေတွေ ကာရန်တွေရဲ့ ချုပ်နှောင်မှုထဲကနေ ဖော်ပြဖို့ဆိုတာ ဘယ် လိုမှ မဖြစ်​နိုင်​တော့ပါဘူး။

နရီမင်း
၁- ၁၁- ၂၀၁၇
0