မြတ်စံ ● အိမ်အလွမ်းကို…ပြန်လည်ခံစားမိခြင်း

မြတ်စံ ● အိမ်အလွမ်းကို… ပြန်လည်ခံစားမိခြင်း
(မိုးမခ) နိုဝင်ဘာ ၁၊ ၂၀၁၇

ဟိုးအဝေးတစ်နေရာ…ဥရောပရဲ့နိုင်ငံတခုဖြစ်တဲ့ နော်ဝေနိုင်ငံမှ သူငယ်ချင်းဖြစ်သူ ယမုံ @ Khin Ya Mone ရဲ့Post မှာ ကိုဖိုးလေး @ အဆိုတော်ကိုခိုင်ထူး (မကြာခင်က ကွယ်လွန်သွားသူ) သီချင်းလေးကို You Tube မှတဆင့်တင်ထားတာကိုပြန် လည်နားထောင်မိရင်း ဝေးတစ်မြေရပ်ခြားမှာ အမေ မိသားစုအားလုံးနဲ့ နှစ်ကာလကြာရှည်စွာ ရှိနေရတဲ့သူငယ်ချင်းဖြစ်သူရဲ့ ခံစားချက်ကိုနားလည်ရင်း အတွေးစိတ်အစဉ်ဟာ ကာလကြာရှည်စွာ မိဘညီအကိုမောင်နှမများနဲ့ဝေးကွာပြီး နေ့ခဲ့ရစဉ်က အချိန်။နေ့စဉ် အချိန်နဲ့အမျှ အသက်ရှင်သန်မှုများကို ရုန်းကန်ကြိုးစားရင်း တစ်ဖက်ကလည်း ကိုယ်ယုံကြည်တဲ့ပန်းတိုင်ကို မရောက်မချင်း မဆုတ်မနှစ်တဲ့ဇွဲနဲ့ ရောက်အောင်သွားမယ်လို့ ပိုင်းဖြတ်ဆုပ်ကိုင်ထားတဲ့အရာတွေကို လွတ်မကျမိအောင်ကြိုး စားနေချိန်မှာ… တစ်ချက် တစ်ချက် အိမ်အလွမ်းစိတ်တွေပြန်လည်လာတာကို အရှိတိုင်းလက်ခံရင်း ဆိုငြီး ဟစ်အော်ခဲ့ဖူးတဲ့သီချင်းလေးတစ်ပုဒ်… အထက်တန်းကျောင်းသားဘဝကထဲက ညဖက် သူငယ်ချင်းများနဲ့ လမ်းဘေးအုတ်ခုံပေါ်မှာသီဆိုစဉ်ကထဲက စွဲလမ်းနှစ်ခြိုက်စွာသီဆိုခဲ့ဖူး …… … …။

တက္ကသိုလ်ရောက်တော့လည်း RASU ပင်မဆောင်၊ သမိုင်းဝင်းထဲမှ အဆောင်ရှေ့စတဲ့နေရာတွေမှာ ဆိုငြီးစဉ်ကလည်း ခံ စားမှုအပြည့်နဲ့သီဆိုဖူးခဲ့ …........။

ဒါပေမယ့် အဲ့ဒီအချိန်ကာလများတုန်းက အငှားပုံဖော်ခံစားသီဆိုခဲ့တာကို ပြန်အမှတ်ရမိ.....။ အမှန်တကယ်စင်စစ် စတင်ခံ စားခဲ့သည်မှာ… ၁၉၈၉ ခုနှစ်၊ ဆိတ်ဖလူးရနံ့တွေသင်းတဲ့ နရသိန်းကျောင်းတော်ကြီး[အင်းစိန်ထောင်] ကိုစရောက်သွားချိန် ညဖက် ကြိုးတိုက်ထဲရှိ သေဒဏ်ကျအကျဉ်းသားအားလုံးကိုအိပ်ချိန်မပေးခင်…ကျနော့်ကိုစတင်ဖမ်းဆီးခေါ်ဆောင်သွားပြီး ခေါင်းတွင်စွပ်ထားတဲ့ ခေါင်းစွပ်ကိုချွတ်လိုက်ရပြီး စတင်နေထိုင်ခဲ့ရတဲ့ ၂ တိုက်လို့ခေါ်တဲ့ ကြိုးတိုက်..........။

အခန်းပေါင်း ၆၀ကို မျက်စောင်းထိုးအခန်း ၃၀ စီကို တစ်ဖက်တစ်ချက် ဒါးလွယ်ခုတ်အနေအထားမျိုးထားကာ ဆောက်ထား သော @ ထောင်အခေါ်အဝေါ် ရင်ကွဲတိုက်@ ကြိုးတိုက် (သေဒဏ်ချ အကျဉ်းသားများကို ကြိုးမိန့်ချမသတ်ခင်ထားသော တိုက်)ကိုစရောက်ပြီးနောက်ပိုင်း ကျနော်မှအပ ကြိုးတိုက်ထဲရှိအကျဉ်းသားများ ၅၄ ယောက်မှာ သက်ဆိုင်ရာခရိုင်အဆင့်၊ တိုင်းအဆင့်တရားရုံးများမှ သေဒဏ်အမိန့်စီရင်ခံရပြီး အယူခံအဆင့်ဆင့်ရှုံးတဲ့တစ်နေ့၊ နောက်ဆုံးအယူခံမှာ သမ္မတထံ အ သနားအယူခံတင်ဖို့ စောင့်နေကျသူများဖြစ်ကြ..။ (ကျနော့်မှာ ထိုအချိန်က တပ်မတော်ထာက်လှမ်းရေး (MI) မှ စစ်ကြောရေး စစ်ဆေးနေချိန်..။ ဗထလ@ရေကြည်အိုင်စခန်းသို့စစ်ဆေးမေးမြန်းရန် သွားရမည့်သူဖြစ်တဲ့အတွက် ထောင်အာဏာပိုင် အကြီးအကဲအချို့မှလွဲပြီး အခြားထောင်ဝန်ထမ်းများနဲ့ အခြားသာမာန်အကျဉ်းသားများ အဝင်အထွက်မရှိတဲ့ ဒီလိုကြိုးတိုက် နေရာမျိုးမှာ ခေတ္တထားလိုက်ခြင်းက သူတို့အတွက်ပိုအဆင်ပြေမယ်ဟုထင်လို့လား၊ ဒါမှမဟုတ် ပထမဦးဆုံးဗွေဆော်ဦး စိတ်ဓါတ်စစ်ဆင်ရေးလုပ်ချင်လို့လားမသိ။)

နိုင်ငံရေးအရ ဆွေးနွေးမေးမြန်းရန်ခေါ်လာသူတစ်ဦးကို အခုလို သေမိန့်ချအကျဉ်းသားများ၊ သေဒဏ်ကျအကျဉ်းသားများနေတဲ့တိုက်ခန်းထဲမှာ တစ်ယောက်တစ်ခန်းနဲ့ေ ရာထားလိုက်ခြင်းက သမရိုးကျဖြစ်စဉ်တော့မဟုတ်။ သို့ပေမယ့် ကျနော့် အတွက် အလွမ်းဓါတ်ခံပိုကြီးအောင် လုပ်ပေးလိုက်တာကတော့ အသေအချာ…..။ မျက်နှာချင်းဆိုင် ဒါးလွယ်ခုတ်အခန်း၂ ခန်းမှလူကြီးများမှာ ကျနော့်လို ကျောင်းသားအရွယ် လူငယ်တစ်ယောက်ကိုကြည့်နေရင်း သူတို့မှာခေါင်းတငြိမ့်ငြိမ့်…တစ် ရက်နေတော့ သူတို့အရပ်ဓလေ့အတိုင်း အိပ်ချိန်မပေးခင် သီချင်းများသီဆိုနေကြတာကို နာေးထာင်ရင်း မျက်စောင်းထိုး အခန်းမှ ကိုရစ်ကီ @ ရစ်ချက် (ကေအင်န်ယူ မန်းငွေအောင် အမှုတွဲဖြင့်သေဒဏ်ကျခံရသူ။ သူ့ဘေးဖက်အခန်းမှ ကိုဝင်းထူး စော (ကိုရစ်ကီအမှုတွဲ) တို့မှ" ညီလေး..ရောက်တုန်းရောက်ခိုက်ပျော်ပျော်နေ၊ ဒါမှမဟုတ်ရင် မင်းကို ထောင်က စားသွားလိမ့်မယ်။ အခန်းထဲလမ်းလျှောက်နေရင်း တီးတိုးမပွင့်တပွင့်သီချင်းဆိုနေမယ့်အစား အခုလိုညမျိုးမှာ အကိုတို့လိုမျိုး ဖွင်ဟအော်ဆိုပစ်လိုက်၊ လွမ်းစရာရှိရင် ရင်ဘတ်ကြီးနဲ့ အပီလွမ်းပစ်လိုက်" လို့ပြောတော့မှ ကျနော်လည်း စိတ်ထဲရှိတဲ့သီချင်း လေးတွေကို ရင်ဘတ်ကြီးနဲ့ခံစားပြီး စိတ်လိုလက်ရဆိုငြီးမိခဲ့တယ်။ အားလုံးကလည်း အသစ်စက်စက် ကျောင်းသားလူငယ် လေးရဲ့ ခံစားမှုအပြည်နဲ့ သီဆိုမှုကိုနားထောင်နေကြ။ သီချင်းတစ်ပုဒ်ပြီးသွားတိုင်း "ကောင်းဗျို့ ကောင်း ကောင်း" စတဲ့ Brabo ပေးတဲ့အသံတွေက နီးစပ်ရာအခန်းတွေကနေ ထွက်လာကြတယ်။ ရောက်နေတဲ့နေရာကိုတောင် မေ့သလိုလိုဖြစ် လာ.....။ ကျောင်းထဲက အဆောင်ရှေ့မှာဆိုချိန်တုံးက မိန်းကလေးအဆောင်ထဲက Brabo ပေးသံထက်ပိုနေ...။ တဖြည်း ဖြည်းနဲ့ ဖီလင်ပိုတက်လာပြီး ထူးအိမ်သင်ရဲ့ "အမေ့အိမ်" နဲ့ ကိုဖိုးလေး @ ကိုခိုင်ထူးရဲ့ "အိမ်အလွမ်း" သီချင်းကိုသီဆိုချိန်မှာ စိတ်အစဉ်က ဟိုတုန်းကလိုမျိုး အဌားပုံတူခံစားရတာမျိုးမဟုတ်တော့ပဲ လက်ရှိရောက်နေရာအရပ်ကထွက်ပေါ်လာတဲ့ တ ကယ့် အမေ့အိမ်ကို လွမ်းတဲ့ခံစားမှု..။ အိမ်အလွမ်းရဲ့ရသ… နဲ့အတူသီဆိုခဲ့…

"အိမ်ပြန်ချင်တဲ့ အလွမ်း… ဆီးနှင်းတို့ကျစတစ်ညမှာ အိမ်ကိုပစ်ပြီးတော့ .. မပြေလည်နိုင်မယ့်လမ်းမှန်း.. သိရက်နဲ့ တစ်လှမ်း ချင်းလှမ်းကာ ရင်ဆိုင်နေဆဲက အိမ်ြပန်ချင်တဲ့ အလွမ်းစိတ် တိတ်တဆိတ်ရောက်လာတယ်… စိန်ခေါ်နေတဲ့လမ်း…ဆူးခင်းနဲ့ စီးချင်းထိုးကာ မြေလှန်ပစ်ပြီးတော့.… စိုပြေနိုင်မယ့်နည်းလမ်း ရှိရက်နဲ့ မနီးစပ်သေးခင် ရှာဖွေနေဆဲက ...အိမ်ပြန်ချင်တဲ့ အလွမ်းစိတ် တိတ်တဆိတ်ရောက်လာတယ်…"

စာသားတစ်ခုချင်းစီရဲ့ အဓိပ္ပါယ်လေးနက်မှု..၊ ခံစားသက်ဝင်မှုတို့မှာ ပိုမိုအားကောင်းလာ..။ တရိပ်ရိပ် ပေါ်ထွက်လာတဲ့ အတွေးများကလည်း လက်ရှိဘဝနဲ့အပ်စပ်နေ…တကယ်လည်း အိမ်အလွမ်းစိတ်က…

"အလွမ်း… ပြန်ချင်စိတ်ကြောင့် ..အလွမ်း ပြန်ချင်ဇောကြောင့် နေ့ခင်း… အိပ်မက်ထဲမှာ…အတွေး…အိပ်မက်ထဲမှာ အိမ်ပြန် ဖြစ်တယ်…"

စိတ်ထဲမှာ မျက်လုံး ထဲမှာ ကိုယ်ခန္ဓာဟာလွင့်မြောပြီး တကယ်ပဲ အမေ့အိမ်ထဲကိုရောက်ပြီး အမေ့အနားမှာထိုင်ကာ အမေနဲ့စကားတွေပြော..၊ အမေ့ရဲ့စိုးရိမ်ပူပန်စိတ်ကြောင့်ဖြစ်လာတဲ့ မျက်ရည်တွေကိုကူသုတ်ပေးရင်း ခံစားနေမိ။

"မိန်ရာသီရဲ့စန်း… နက္ခတ်နဲ့လိုက်လို့ ညှိကာ အဖြေပြန်တွက်ပြီးတော့… အမေအိုမျှော်မယ်မှန်းလည်း သိရက်နဲ့ ခရီးကြမ်းဖျက် ကာ ပြန်မလာနိုင်သေးခင် …အိမ်ပြန်ချင်တဲ့ အလွမ်းစိတ် တိတ်တဆိတ်ရောက်လာတယ်…"

"အလွမ်း…ပြန်ချင်စိတ်ကြောင့်…အလွမ်းပြန်ချင်ဇောကြောင့် နေ့ခင်း…အိပ်မက်ထဲမှာ…အတွေး…အိပ်မက်ထဲမှာ အိမ်ပြန်ဖြစ် တယ်… အိမ်ပြန်ချင်တဲ့ အလွမ်း စိတ်…တိတ် တ ဆိတ် ရောက် လာ တယ်…"။

နောက်ဆုံးသီချင်းပိုဒ်ရဲ့စာသားကို ဂရုဏာအသံအပြည့်နဲ့ ဆိုငြီးပြီးအဆုံးသတ်လိုက်ချိန်မှာ ကျနော် တကယ်ပဲ အိမ်ပြန် ရောက်သလိုခံစားလိုက်ရ။ သ်ီချင်းအဆုံးသတ်ပြီးဆုံးသွားချိန်မှာ ကြိုးတိုက်တစ်ခုလုံးဟာ မိနစ်ဝက် စက္ကန့် ၃၀ လောက်တိတ် ဆိတ်နေ။ ခုနတုန်းက Brabo အော်သံတွေမကြားရ .... ..... ..... ...။

ကျနော်သိလိုက်ပါပြီ.............။

မနေ့တနေ့ကမှ အပြင်လောကနေရောက်လာသူ ကျောင်းသားလူငယ်လေးတစ်ဦးက အိမ်အလွမ်းသီချင်းကို ခံစားချက် အပြည့်နဲ့သီဆိုနေချိန်မှာ ကျနော့်ထက် အိမ်တွေကိုနှစ်ကာလကြာရှည်စွာခွဲခွာနေရတဲ့ သူတို့တွေမှာလည်း သီချင်းထဲကလို အိမ် အလွမ်းစိတ်တွေနဲ့ စာသားတစ်ခုချင်းဆီက ရသနဲ့အတူ အားလုံး သူတို့ရဲ့အိမ်ကို ခေတ္တခဏရောက်သွားကြလို့ပါလား ... ကျနော် ပြုံးမိလိုက်ချိန်မှာ မျက်စောင်းထိုးအခန်းမှ ကိုရစ်ကီ ရဲ့ "ကောင်းဗျို့ ကောင်း ကောင်း" ဆိုတဲ့ အားပေးအော်သံနဲ့အတူ ကြိုးတိုက် အခြားအခန်းတွေကလည်း ထပ်ဆင့်အော်သံတွေကြားရ။ ရေတစ်ခွက်ကို သံတိုင်ကြားထဲကအိုးမှ အသာခပ် သောက်လိုက်ပြီး သောက်လက်စ မကျင်လှ (နွား) ဆေးပေါလိပ်ကို ပါးစပ်မှအသာအယာကိုက်ထားမိချိန် တာဝန်မှုးကြီး လက်ပတ်နဲ့ရောက်နေတဲ့ ထောင်မှုးကြီးဦးတင်ဦးက ဆေးလိပ်မီး လာတို့ပေးရင်း" "အေးကွာ ညီလေးရာ..အကိုလည်း ဒီတာ ဝန်တွေသာလုပ်နေပေမယ့် အကို့အမေ အသက် ၇၀ ကျော် အမေက ရွှေဘိုမှာကွ။ အကိုလည်း မင်း ဆိုတဲ့သီချင်းထဲက စာသားလိုပဲ အိမ် ခဏပြန်ရောက်သွားတယ်လို့ ခပ်ဆွေးဆွေးလေးပြောရင် ပြန်ထွက်သွားတယ်။

သေချာပါတယ် …ကျနော့်ဘဝမှာ အဲ့ဒီ့ညက အိမ်ကိုတကယ်ပြန်ရောက်သွားသလို အားလုံးလည်း အိမ်ပြန်ရောက်သွားကြခဲ့ပါ တယ်…
[ဆက်လက်ဖော်ပြပါမယ်]

အစဉ်အမြဲမေတ္တာဖြင့် ....

ကိုမြတ်စံ
29/10/2017
1:47 am
0