ငြိမ်းဝေ(ကဗျာ့အိုးဝေ) - ဝံပုလွေများနဲ့အတူအူရန် ငြင်းဆိုသူ



ငြိမ်းဝေ(ကဗျာ့အိုးဝေ) - ဝံပုလွေများနဲ့အတူအူရန် ငြင်းဆိုသူ
(မိုးမခ) နိုဝင်ဘာ ၁၆၊ ၂၀၁၇
(သူ့ဖေ့စ်ဘွတ်ကနေ ကူးပါတယ်)

(၁)
၁၉၁၇ ခုနှစ်ဝန်းကျင် ရုရှားနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းအပေါ် သမိုင်းပညာ ရှင်အမျိုးမျိုး ကရပ်တည်ချက် အမျိုးမျိုးအပေါ်မူတည်ပြီး အမြင်အမျိုးမျိုးနဲ့ သုံးသပ်ကြတာရှိပါတယ်။ ဒီလိုသုံး သပ်ကြတဲ့ အထဲမှာ ရုရှတော်ဝင်ကဗျာဆရာကြီး`အလက်ဇန်ဒါ ဘလော့´ပြောတဲ့စကားကတော့ ကျနော့်ကို အစွဲဆောင်နိုင်ဆုံးစကားဖြစ်တယ်လို့ ယူဆပါတယ်။သူက အဲဒီကာလကြီးကို`ကြောက်မက်ဖွယ် နှစ်ကာ လကြီး´လို့ သုံးသပ်လိုက်ပါတယ်။

အဲဒီကြောက်မက်ဖွယ် နှစ်ကာလကြီးအတွင်းမှာ ရုရှနိုင်ငံရဲ့ ဘယ်လိုမှမေ့အပ်နိုင်ဖွယ်မရှိတဲ့ ကဗျာဆရာ လူရည်ချွန်တချို့ ရာဇဥပါဒ်ဒဏ်နဲ့ သေဆုံးခဲ့ကြတာတွေရှိပါတယ်။ တချို့က အဲဒီခေတ်ဆိုး ခေတ် ပျက်ကြီးရဲ့ဒဏ်ကို မခံမရပ်နိုင်တဲ့အဆုံး ကိုယ့်ကိုယ်ကိုသေကြောင်းကြံသွားခဲ့ကြတာမျိုးအထိရှိခဲ့ပါတယ်။
ရုရှကဗျာဆရာမ`မာရီနာစဗက်ထရေဗါ´ဟာ အဲဒီလိုကိုယ့်ကိုယ်ကိုသေကြောင်းကြံလို့ သေဆုံးသွား ရတဲ့သူတွေထဲက တစ်ဦးဖြစ်ပါတယ်။

သူ့ကိုအဲဒီကာလကြီးအတွင်းမှာ တော်လှန်ရေးဆန့်ကျင်သူ၊ အရင်းရှင်ဖေါက်ပြန်ရေးသမား၊ ဇာဘုရင့်ဘက် တော်သား အစရှိတဲ့စွပ်စွဲချက်ကျောက်တုံးကျောက်ခဲတွေနဲ့ ပစ်ခတ်တိုက်ခိုက် သမုတ် ခဲ့ကြပါတယ်။

ကျနော်က ရုရှနိုင်ငံရဲ့သမိုင်းကို တချိန်တုန်းကကိုယ်သန်ရာဘက်တစ်ခုထဲကရပ်ပြီး လေ့လာ လက်ခံခဲ့သူဖြစ်တော့ကာ အဲဒီကာလအတွင်း`မာရီနာ´လိုကဗျာဆရာတွေရဲ့ အဖြစ်သနစ်တွေကို သူတို့ရဲ့ကဗျာ တွေနဲ့တွဲပြီးလေ့လာဖို့ရာ မထက်သန်ခဲ့ပါဘူး။ ( နောင်တော့လည်း သူဟာ တော်လှန်ရေးကို ဆန့်ကျင်ကောင်း ဆန့်ကျင်ခဲ့လိမ့်မယ် ရုရှပြည်သူတွေအပေါ်မှာတော့ သစ္စာစောင့်သိခဲ့သူဖြစ်တယ်ဆိုတာနားလည်လာရပါတယ်။)

၁၉၉၂ ခုနှစ်အတွင်းတော်လှန်ရေးဌါနချုပ်စခန်းဖြစ်ခဲ့တဲ့ `မာနယ်ပလော´ကိုကျနော် ရောက်လာတဲ့အခါကြမှပဲ ရုရှနိုင်ငံရဲ့အဲဒီ ၁၉၁၇ ခုနှစ်ဝန်းကျင် ကာလအ ပေါ်ပြန်လည် သုံးသပ်ချင်တဲ့ဆန္ဒဖြစ်ခဲ့ပါတယ်။ အဲဒီအခါကြတော့မှ `မာရီနာ´ လိုကဗျာဆရာတချို့ကို ကျနော် ဖေါ်ထုတ်တွေ့ရှိလာခဲ့ရတာပါ။ ကျနော့်ရဲ့ တွေ့ရှိမှု အသစ်က ကျနော့်ကိုတကယ့်ကို စိမ်းလန်းစေ ခဲ့တယ်လို့ ပြောရပါလိမ့်မယ်။
အထူးသဖြင့် `မာရီနာစဗက်ထရေဗါ´လိုကဗျာဆရာမျိုးရဲ့ အထုပ္ပတ္တိနဲ့ကဗျာတွေဟာ နှစ်ပေါင်းများစွာ ဂူတခုထဲပိတ်မိနေတဲ့ ကျနော့်နှလုံးသားကို ဂူအပြင်ဖက်ဆွဲထုတ်လိုက်သလို ဖြစ်ခဲ့ပါတယ်။ကဗျာနဲ့ပတ်သက်ပြီး ကျနော့်ရဲ့ ရီနေဆန်းကာလတစ်ခုလို့တောင် ပြောလို့ရမလားပဲ။

(၂)
ကဗျာဆရာမ`မာရီနာစဗက်ထရေဗါ´ရဲ့ဘဝဟာ အင်မတန် ခက်ထန်ကြမ်းတမ်းပါတယ်။ ပြည့်စုံအောင် ရေးမယ်ဆိုရင်တော့ ဒီဆောင်းပါးတပုဒ်ထဲနဲ့လည်းမပြည့်စုံနိုင်ပါဘူး။ အတိုချုပ်ပြီးပြောရရင် လင် သားဖြစ်သူ`ဆာဂျီအဖရွန်´ က တော်လှန်ရေးဆန့်ကျင်သူဆိုတဲ့ စွပ်စွဲချက်နဲ့ အသတ်ခံခဲ့ရပါတယ်။ သမီးလေး တစ်ယောက်က မိဘမဲ့ဂေဟာတစ်ခုမှာ ငတ်မွတ်သေဆုံးပါတယ်။

သူလည်းပဲ ပြည်ပြေးဘဝနဲ့ ပြင်သစ်၊ ဂျာမဏီနဲ့ ချက်ကိုစလိုဗေးကီးယားကို သွားနေခဲ့ရပါသေးတယ်။
သူ့ကို ပစ္စည်းမဲ့တော်လှန်ရေးကြီးကိုဆန့်ကျင်သူအဖြစ် သတ်မှတ်ဖိအားပေးခဲ့ကြပေမယ့် (သူကိုယ်တိုင်ကလည်းကွန်မြူနစ်ဆန့်ကျင်ရေးရှပ်ဖြူဘက်တော်သားအဖြစ် ပါဝင်ခဲ့ပါတယ်။) သူ့ကဗျာတွေ ထဲမှာတော့ ဇာဘုရင်ကိုထောက်ခံရေးသားတာမျိုး လုံးဝမတွေ့ရပါဘူး။ သူ့ကဗျာတွေက စစ်ဆန့်ကျင်ရေး၊ အကြမ်းဖက်မှုဆန့်ကျင်ရေး၊ ချစ်ခြင်းမေတ္တာနဲ့ အလှတရားကို အခြေခံရေးဖွဲ့ထားတာကိုပဲတွေ့ရပါတယ်။ ယုတ်စွအဆုံး အဲဒီအချိန်တုန်းက အာဏာရကွန်မြူနစ်ပါတီကိုထောက်ခံတယ်လို့ထင်ရတဲ့ကဗျာတွေမရေးသလို ဆန့်ကျင်တယ်ဆိုပြီးရေးတာမျိုးကိုလည်းမတွေ့ရပါဘူး။

ဒါပေမယ့်လည်းအဲဒီကာလမျိုးက`အလှတရား၊ ငြိမ်းချမ်းရေးနဲ့ စစ်ဆန့်ကျင်ရေးကဗျာ´မျိုးရေးတယ်ဆိုရင်ပဲ တော်လှန်ရေးဆန့်ကျင်သူအဖြစ် စွပ်စွဲခံရသ လိုဖြစ်ခဲ့တဲ့ကာလကြီးဆိုတော့ သူဟာ အဲဒီစွပ်စွဲချက်နဲ့ပဲ တလောကလုံးနဲ့ ရင်ဆိုင်ဆန့်ကျင်သူ အဖြစ်မျိုး ကျရောက်ခဲ့ရတယ်လို့ ပြောနိုင်ပါတယ်။ ဘာပြုလို့လည်းဆိုတော့ ဒီတုန်းက ရုရှဇာဘုရင်စံနစ်ဆန့်ကျင်ရေး ပစ္စည်းမဲ့အာဏာရှင်စံနစ် လှိုင်းတံပိုးကြီးက ရုရှတနိုင်ငံလုံးကို တဝုန်းဝုန်းရိုက်ခတ်နေတဲ့အချိန် ဖြစ်လို့ပါပဲ။ `မာရီနာ´ တယောက်ကတော့ အဲဒီလှိုင်းတံပိုးကြီးကို စီးနင်းလိုက်ပါခဲ့တာမျိုးမရှိပေမယ့် အဲဒီလှိုင်းတံပိုးကြီးအောက်မှာ နစ်မြုတ်သေဆုံးခဲ့ရတဲ့သဘော ရှိတယ်လို့တော့ ပြောနိုင်ပါတယ်။

ဒီနေရာမှာ ပစ္စည်းမဲ့တော်လှန်ရေးယဉ်ကျေးမှု တပ်မှူးကြီးဖြစ်တဲ့ ကဗျာ ဆရာ`မာယာကော်စကီး´နဲ့ `မာရီနာ´တို့ တူတဲ့အချက် အထင်အရှားရှိပါတယ်။ သူတို့နှစ်ဦး ရပ်တည်ချက်ချင်းမတူကွဲပြားကြပေမယ့် ခံစားချက်ပြင်းထန်လှိုင်းဆန်လွန်းတဲ့ အချက်ကြ တော့ သွားတူနေတာတွေ့ရပါတယ်။`မာယာကော်စကီး´လည်း သူ့ကိုယ်သူ အဆုံးစီရင် သွားခဲ့တဲ့ ကဗျာဆရာပါပဲ။

`မာယာကော်စကီး´ကိုယ့်ကိုယ်ကိုသတ်သေသွားပြီဆိုတဲ့သတင်းကိုကြားတော့ `မာရီနာ´ ဟာ`မာယာကော်စကီး´ဂုဏ်ပြုကဗျာ (၇)ပုဒ်တိတိဆက်တိုက်ရေးတဲ့အထိ စိတ်ထိခိုက်ခဲ့ပါတယ်။ ပြီးတော့ `မာယာကော်စကီး´အပေါ် သူဘယ်လိုသဘောထားသလဲဆိုတာနဲ့ပတ်သက်ပြီး သူပြောလိုက်တဲ့စကားကလည်း တကယ့်ကိုလေးနက်လှပါတယ်။

`မာယာကော်စကီး´ကို သူက`ကျမရဲ့ အချစ်ဆုံးရန်သူ´ ဖြစ်ပါတယ်လို့ ပြောခဲ့ပါတယ်။ဒီတုန်းက သူဟာ ရှပ်ဖြူတွေကြားထဲ မှာရှိနေတဲ့အချိန် ရှပ်ဖြူတွေနဲ့ဆန့်ကျင်ပြီး ဒီစကားမျိုးတွေကို သူ ပြောခဲ့တာပါ။ ရှပ်ဖြူတွေ ရှေ့မှောက်မှာပဲ ကွန်မြူနစ်သံမဏိကဗျာဆရာတစ်ယောက်အပေါ် သူက ဂုဏ်ပြုစွဲလန်း ပြခဲ့တာပါ။

နောက်ပိုင်းမှာတော့ နှစ်ကာလတွေအများကြီး ကျော်လွန်လာတဲ့အခါမှာတော့ အဲဒီ ခေတ်ဆိုးခေတ်ပျက်ကာလကြီးအတွင်း ရုရှနိုင်ငံ ရုရှပြည်သူတွေရဲ့ရင်ခုန်သံကို အထိရောက်ဆုံး အနက်ရှိုင်းဆုံး ကဗျာရေးဖွဲ့ဖေါ်ပြနိုင်သူတွေအဖြစ် ကဗျာဆရာ `ပက်စတာညက်´( ဒေါက်တာဇီးဗါးဂိုး ဝတ္ထု ရေးခဲ့သူ)နဲ့ ကဗျာဆရာမ `မာရီနာ စဗက်ထရေဗါ´ တို့ကို ဝေဖန်ရေးဆရာတွေက ဝိုင်းဝန်း အသိအမှတ်ပြုလာခဲ့ကြပြန်ပါတယ်။`မာရီနာ´ရဲ့ ကဗျာတွေဟာ အဲဒီခေတ်ကာလ `ရုရှနိုင်ငံရဲ့တန်ဘိုး ရုရှနိုင်ငံရဲ့ အသံ´ ဖြစ်တယ်လို့တောင်မှ ဆိုလာကြပါတယ်။

ဝမ်းနည်းဖို့ကောင်းတာကတော့ သူဟာ `ရယ်လာဘူဂါ´ဆိုတဲ့ မြို့ကလေးတမြို့မှာ မဲဇာအပို့ခံရတဲ့သဘော ရှိတဲ့အချိန် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့တယ်လေ။ (၃၁၊ သြဂုတ်လ၊ ၁၉၄၁)။ သူ သေဆုံးတော့ အသက်(၄၈)နှစ်ပဲ ရှိပါသေးတယ်။ ကဗျာတွေ အများကြီး ရေးနိုင်နေသေးတဲ့အချိန်ပေါ့။

သူ သေဆုံးသွားတဲ့အခါ သူ့အတွက် အကြေကွဲဆုံးဖြစ်ကြရတဲ့သူတွေထဲက သူလိုပဲ တော်လှန်ရေးဆန့်ကျင်သူအဖြစ်နဲ့ စွပ်စွဲခံရပြီး သူ့ကဗျာတွေလည်း နှစ်ပေါင်းများစွာ အပိတ်ပင်ခံရ၊ ဆိုဗီယက်ယူနီယံ စာရေးဆရာသမဂကြီးထဲက အထုတ်ပယ်ခံရဖူးပြီး နောင်အခါကြတော့လည်း ဆိုဗီယက်ယူနီယံ စာရေးဆရာသမဂကြီးရဲ့ ဥက္ကဌ ဖြစ်လာတဲ့ ကဗျာဆရာမကြီး `အာခ်မာ တော်ဗါ´ကဆိုရင်`မာရီနာ စဗက်ထရေဗါ´ဟာ မနိုင်နိုင်မှန်းသိနေတဲ့ စစ်ပွဲကို ကျေကျေနပ်နပ် ဝင်တိုက်ခဲ့သူဖြစ်တယ်လို့ ကြေကြေကွဲကွဲ မှတ်ချက်ချပါတယ်။

`မာရီနာ´အပေါ် ရုရှကဗျာဆရာ စာရေးဆရာ `အီလျာ အာရင်ဘတ်´(နှင်းခဲပျော်ချိန် ဝတ္ထု ရေးသူ) မှတ်ချက်ချတဲ့စကားတွေက `မာရီနာ´ရဲ့ ဥပဓိရုပ်ကို အပေါ်လွင်ဆုံးဖေါ်နိုင်တဲ့ စကားတွေလို့လည်း ပြောနိုင်ပါတယ်။ သူက `မာရီနာ´လောက် ကြေကွဲစရာကောင်းတဲ့ ကဗျာ ဆရာမျိုးကို ကျွန်တော် မတွေ့ဖူးသေးဘူး လို့ သူ့ရဲ့ `လူများ၊ သက္ကရာဇ်များ-ဘဝ´ဆိုတဲ့စာအုပ်မှာ ထည့်ရေးခဲ့ပါတယ်။`မာရီနာ´ဟာ နာကျင်ခြင်း၊ အထီးကျန်ဖြစ်ခြင်း၊ ငြင်းပယ် ခံရခြင်း စတဲ့လမ်းများအတိုင်း လျှောက်လှမ်းခဲ့သူဖြစ်တယ်လို့လည်း ရေးခဲ့ပြောခဲ့ပါတယ်။

မာရီနာရဲ့ ကဗျာတွေဟာ သူ သေဆုံးပြီးလို့ နှစ်ပေါင်း (၂၀)ကျော်အကြာ အာဏာရှင်`စတာလင်ခေတ်လွန်ခေတ်´ရောက်တဲ့အခါကြကာမှပဲ ပုံနှိပ်ထုတ်ဝေခွင့် ရလာခဲ့တာပါ။ ဒီတော့မှပဲ မြို့တော် မော်စကိုမြို့အနီးမှာ သူ့ပုံတူ ကျောက်ရုပ်တစ်ခုထုလုပ်ပြီး ဂုဏ်ပြုနိုင်ကြပါတယ်။

ကျနော် အခု သူ့ရဲ့ စစ်ဆန့်ကျင်ရေးကဗျာတပုဒ် ဘာသာပြန်ဖေါ်ပြပေးလိုက်ပါတယ်။ သူ့ရဲ့နာမည်ကျော် ကဗျာတပုဒ်လို့လည်း ဆိုကြပါတယ်။ ကျနော်ကိုယ်၌ကလည်း ဒီကဗျာကို နှစ်သက်တဲ့အကြောင်း ဝန်ခံအပ်ပါတယ်။

------------------------------------------
ချက်ကိုစလိုဗက်ကီးယားအတွက် ကဗျာ
----------------------------------------------

ဘာပြုလို့ မျက်လုံးတွေထဲ
ဒီလို မျက်ရည်တွေ ရှိနေရမှာလဲ
ဒေါသတွေ၊ ချစ်ခြင်းမေတ္တာတွေနဲ့
အဲဒီမျက်ရည်တွေကို သုပ်ပစ်လိုက်စမ်း။
ချက်ကိုစလိုဗက်ကီးယားရဲ့ မျက်ရည်များ
စပိန်နိုင်ငံရဲ့ နှလုံးသားထဲက မျက်ရည်များ။

ကမ္ဘာကြီးကို ဘယ်လို အနက်ရောင်တောင်တန်းက
အလင်းရောင်နဲ့ မထိတွေ့နိုင်အောင် ကာဆီးထားသလဲ။
အချိန်ကျပြီ အချိန်ကျပြီ အချိန်ကျပြီ
ဘုရားသခင်ဆီ သူ့လက်မှတ် ပြန်ပေးဖို့ရာ အချိန်ကျပြီ။

ငါ ငြင်းဆိုတယ်
လူမဆန်တဲ့ အရူးတွေရဲ့အိမ်ထဲ
ငါ မနေဘူးလို့ ငြင်းဆိုတယ်။
ငါ ငြင်းဆိုတယ်
ဝံပုလွေတွေနဲ့အတူ မအူနိုင်ဘူးလို့
ငါ ငြင်းဆိုတယ်။

ငါ ငြင်းဆိုတယ်
ကွင်းပြင်ထဲ ငါးမန်းတွေနဲ့အတူ မဟစ်ကြွေးနိုင်ဘူးလို့
ငါ ငြင်းဆိုတယ်။

ငါ ငြင်းဆိုတယ်
နောက်ပြန်ဆုတ်တဲ့ လမ်းကြောင်းတခုမှာ
ငါ မကူးခတ်နိုင်ဘူးလို့
ငါ ငြင်းဆိုတယ်။

နားထောင်ဖို့ရာ နားနဲ့
နိမိတ်ဖတ်ဖို့ရာ မျက်လုံးတွေ
ငါ့မှာ မလိုအပ်ဘူး
သင့်ရဲ့ ရူးသွပ်နေတဲ့ကမ္ဘာအတွက်
အဖြေတစ်ခုပဲ ငါပေးမယ်
အဲဒါ ငါ ငြင်းဆိုလိုက်တယ်ဆိုတဲ့ အဖြေပဲ။ ။
(၁၉၃၈)

ငြိမ်းဝေ(ကဗျာ့အိုးဝေ)

မှီငြမ်း။ ။ ။ (၁) SELECTED POEMS OF MARINA TSVETAYEVA
။ (၂) မောင်သာနိုးရဲ့ `တောမှော်ရုံလမ်း´ စာအုပ်
။ (၃) မြသန်းတင့် ဘာသာပြန်ဆိုတဲ့ `လူများ၊ သက္ကရာဇ်များ-ဘဝ´ စာအုပ်
0