မောင်လူရေး - ဖွတ်ဂါရာမ "တင်းပါး" သံကြီး



မောင်လူရေး - ဖွတ်ဂါရာမ "တင်းပါး" သံကြီး
(မိုးမခ) နိုဝင်ဘာ ၁၉ ၊ ၂၀၁၇

ဖွတ်ဂါရွာမတရွာလုံး အုံးအုံးကျွက်ကျွက်ဖြစ်နေသည်။ ဒီအုံးအုံးကျွက်ကျွက်က တရွာလုံးမှာ တအိမ်ချင်းစီဖြစ်ပျက်နေတဲ့ ဟာ။ တချို့အိမ်များတော့ ဒါးဆွဲဒုတ်ဆွဲ။ တချို့လဲ အိမ်ခွဲမယ်၊ အိုးခွဲမယ်နှင့်။ တချို့တော့ အိမ်ပေါ်က နှင်ချခံရသည်။

သိတယ်မဟုတ်လား။ တရွာလုံးပါသည့်ကိစ္စဆိုတာ နိုင်ငံရေးနှင့် ဘောပွဲဘဲရှိသည်။ အခုဟာက အရင်တခါဖြစ်ခဲ့သည့် "မီးကင်းစောင့်အဖွဲ့ဖြစ်မြောက်ရေးကော်မတီ" ဖွဲ့တုန်းကထက် ပိုရှုပ်ထွေးသည်။ ပိုပညာသားပါသည်။ "အိမ်တအိမ်မှာ ဘယ်သူအကောင်လဲ" ဆိုတာ ဆုံးဖြတ်ရသည့်ကိစ္စဆိုတော့ အိမ်တိုင်း အိမ်တိုင်း ဗြောင်းဆန်နေသည်။ တသက်လုံး ရန်ဖြစ်တယ်မကြားဘူးသည့် ရွာတောင်ပိုင်းက လင်မယားနှစ်ယောက်ဘဲရှိသည့် ဖိုးအေးနှင့် ဖွားသုန်တို့တောင် ဒီကိစ္စအတွက်နှင့် ရန်ဖြစ်ကြပြီး ဖွားသုန်က နွားတဲမှာ ခွဲအိပ်နေပြီဟု ကြားရသည်။

ရွာမြွေဝင်သည်ဟုပြောရမည်လား၊ အိမ်ပေါက်စေ့ ဂျင်းထည့်ခံရသည်ဟု ဆိုရမည်လားမသိပေ။ မိသားစုတစုချင်းဆီတောင် ဒီလောက်ကွဲကြပြီဆိုတော့ တရွာလုံးကတော့ ဖရဲသီး ပုဆိန်နဲ့ပေါက်ထားသလိုရှိချိမ့်မည်။ ဒီနှစ် ဘုရားပွဲ ဇာတ်ထည့်ဖို့မှ ဖြစ်နိုင်ပါတော့မလားမသိ။

"အိမ်တအိမ်မှာ ဘယ်သူအကောင်လဲဆိုတာ ရွေးရမည်' တဲ့။ ဒီသတင်းကို သယ်လာတာကတော့ ထုံးစံအတိုင်း ဖိုးထွေး။ သူက သတင်းဆိုတာထက် ပြဿနာကို သယ်လာခြင်းဖြစ်သည်။ အစကတော့ အမှုမဲ့ အမှတ်မဲ့နေနေကြသည်။ သူကလဲ ကြက်ဝိုင်းပြော၊ အရက်ဝိုင်းပြော။ အကြော်ဆိုင်ပြော၊ ကဇော်ဆိုင်ပြော။ ကျုပ်တို့ တရွာထဲမဟုတ်ဘူး။ တနိုင်ငံလုံးက ရွာတိုင်း ရပ်တိုင်းမှာ မဖြစ်မနေ လုပ်ရမှာဆိုတာလည်း ပါသေးသည်။ ဖိုးအေးကလဲ ရေဒီယိုက လွှင့်တာ သူ ကြားလိုက်ရသတဲ့။ ဖိုးထွေးပြောတာ ဟုတ်မယ်ဆိုတော့ ဖိုးအေးကို တရွာလုံးကလဲ အလွန်နှံ့စပ်သဖြင့် ရွာရေးရပ်တာ အားကိုးအားထားပြုရသူဆိုတော့ကာ တအိမ်စ နှစ်အိမ်စ မင်းအကောင် ငါအကောင်လုပ်ရာက ခုတော့ တရွာလုံး အုံးအုံးထဖြစ်နေကြသည်။ ပဲနှုပ်တောင် မသွားနိုင်ကြ။ တချို့အိမ်များဆို တယောက်တယောက် အမောက်ထောင်ပြကြရင်း ထမင်းဟင်းပင် မချက်ကြလို့ စားရေးသောက်တာပင် ခက်နေကြပြီ။ ဖိုးမောင်တို့ညီအကိုကတော့ ဘေးအိမ်တွေက အဆွဲမြန်လို့တဲ့။

အိမ်တအိမ်မှာ ဘယ်သူအကောင်လဲဆိုတာ ဘာ့လို့ ရွေးတာလဲဆိုတော့ အစက ဘယ်သူမှ ရေရေရာရာမသိကြ။ ပြဿနာဖြစ်လို့သာ ဖြစ်နေကြသည်။ မနေ့ကမှ ဖိုးထွေးက မြို့က ဂျာနယ်တစောင်ဝယ်ပြီး ဆရာတော်ကို အကျိုးအကြောင်း သွားလျှောက်၊ ဆရာတော်က အုံးမောင်းထု လူစုရှင်းပြမှ သဘောပါစပြုလာကြခြင်းဖြစ်သည်။

ဖိုးထွေးက မိုက်စမ်းသလိုလိုနှင့် ပြောမလို့ပြင်နေတုန်း ဆရာတော်က ပြီးပလား မိုက်ပေးဆိုမှ အရှိန်သတ်လိုက်သည်။ သူရှင်းပြတာနှင့် ဂျာနယ်ထဲပါတာကို ဆရာတော်က ထပ်ဆင့်ရှင်းပြခြင်းဖြစ်သည်။

"အဟမ်း အဟမ်း" ပရိသတ်ငြိမ်သွားအောင် အသံပေးပြီးမှ

"သပ္ပုရိသနွယ်ဝင် သူတော်စင်အပေါင်းတို့" ဆိုပြီး ထုံးစံအတိုင်း အစချီသည်။

"တကာမောင်ထွေးပြောတာက တနိုင်ငံလုံးမှာ သူကြီးရွေးပွဲ ပြန်လုပ်မယ်တဲ့။ အဲတော့ ဒို့ဖွတ်ဂါရွာမမှာလဲ သူကြီးရွေးပွဲ ပြန်လုပ်မယ်ပါ့"

"အင်း အခုသူကြီးက အရင်အစိုးရကခန့်ထားခဲ့တဲ့ အခုအစိုးရလက်ထက် သူကြီးတဲ့" ဆိုတော့ ကြောင်စီစီကြည့်နေကြသည့်ဒကာတွေကို မျက်မှန်လေးပင့်ပြီး "ရှင်းလား" လို့ ဘုန်းကြီးက မိန့်သည်။ ဘုန်းကြီးနားက တရားထောက်ဦးနီက ဘာလာလာ "တင်းပါး" ဆိုတော့ ထုံးစံအတိုင်း တင်းပါးသံကြားပြီးရင် ဘုန်းကြီးကလည်း ဟောစရာရှိတာ ဆက်ဟောနေကြ။

ဘုန်းကြီးက မျက်လွှာလေးပြန်ချပြီး " အဲဒါ သူကြီးရုပ် သိပ်မပေါက်လို့ ခု ပြန်ရွေးရမှာတဲ့" ဆိုတော့

လက်ရှိသူကြီးက ဖိုးထွေးကို မျက်နှာထားတင်းတင်းဖြင့် လှမ်းကြည့်သည်။ ဖိုးထွေးက မသိချင်ယောင်ဆောင်ပြီး စက်ကို အသံညှိသလိုလိုလုပ်နေသည်။

"အဲဒီ သူကြီရွေးဖို့ရာမှာ လုပ်ထုံးလုပ်နည်းက အဆင့်ဆင့်ရှိသတဲ့။ သူကြီးကို ရာအိမ်မှူးတွေက ရွေးရမှာတဲ့။ အဲဒီ ရာအိမ်မှူးကလဲ ခု ရာအိမ်မှူးမဟုတ်ဘူးတဲ့။ သူကလဲ အရင်အစိမ်းအစိုးရက ရွေးထားတော့ စိမ်းနေလို့တဲ့။ အစိမ်းဆိုတော့ သရဲမရဲစီးမယ် ထင်လို့နဲ့ တူပါရဲ့။ အဲဒေါ့ ရာအိမ်မှူးတွေကိုလဲ ပြန်ရွေးရမယ်တဲ့"

ထိုစဉ် ရာအိမ်မှူးများ ခေါင်းငုံသွားကြသည်။ မျက်နှာ ပျက်သွားသူ၊ မျက်နှာရှုံ့သူ မဲ့သူ၊ နှုတ်ခမ်းရွဲ့လိုက်သူ အမျိုးသမီးတွေ တော်တော်ပေါ်လာကြသည်။

"အဟမ်း အဟမ်း မောင်ထွေးနဲ့ ဂျာနယ်အလိုအရတော့ အဲဒီရာအိမ်မှူးကို ဆယ်အိမ်မင်းတွေက ရွေးပေးရမယ်တဲ့"

ဆယ်အိမ်ခေါင်းများနှင့် မိသားစုဝင်များ ခေါင်းထောင်ကြ၊ ပခုံးဝင့်ကြ၊ မျက်စပင့်ကြည့်ကြ လုပ်လာကြစဉ်

"ဆယ်အိမ်ခေါင်းပါဘုရား" ဟု သူကြီးက မကြိုက်သည့်လေသံဖြင့် ဝင်လျှောက်သည်။

"ငါ သိပါသကွဲ့ သူကြီးရဲ့၊ ခေါင်းဆိုတာ မြို့အရပ်မှာဆို အလွန်ရိုင်းတဲ့စကားကွဲ့။ ပြီးတော့ ဆယ်အိမ်ကို အစိုးရသောသူလို့ အဓိပ္ပါယ်ပေါက်အောင်၊ အုပ်ချုပ်ခံဆယ်အိမ်ကလဲ လေးစားသမှုရှိအောင် "ဆယ်အိမ်မင်း" လို့ သေချာခေါ်တာပါကွဲ့။ ရှေ့လျှောက် အားလုံး မှတ်ထားကြ"

"အဲဒီ ဆယ်အိမ်ခေါင်း အဲလေ ဆယ်အိမ်မင်းတွေကလဲ အရင်က ဘုမသိဘမသိ ရွေးလိုက်သူတွေဆိုတော့တဲ့၊ ခုအသစ် ပြန်ရွေးရမယ်တဲ့" ဟု ဆက်ဟောလိုက်ရာ ပရိသတ်တွေ လှုပ်လှုပ်ရှားရှားဖြစ်လာကြပြီး အသံဗလံများပင် ထွက်လာကြသည်။

"ဒီသူကြီးရွေးနည်း နိဿရည်းမှာ ဒီအချက်က သိပ်အရေးကြီးတယ်။ နားစိုက်စိုက်နာကြ ဒကာတို့"

"တင်းပါးဘုရား"

"အဟမ်း အဟမ်း"

"ဂွီ ဝီ ဝီ" စက်သံစူးစူးကြီး မြည်လာသဖြင့် ဆရာတော်လဲ အဟမ်းတင် ရပ်သွားသည်။ ဖိုးထွေးကို အားလုံးက ဝိုင်းကြည့်ကြသည်။ ဖိုးထွေးက ပွဲတပွဲပွဲမှာ လူတွေ သူ့ကို ကြည့်အောင် လုပ်လေ့ရှိသည်။ ဒါလဲ အဲလိုကြည့်အောင် လုပ်တာပင်ဖြစ်သည်။

"ဟဲ့ ကောင် ဖိုးထွေး၊ ဘယ့်နှယ်လုပ်နေတာလဲ" ဟု သူကြီးက အခွင့်ကြိုက်တုန်း ပါဝါပြသည်။

အဟမ်းသံနှင့် အခြေအနေကို ထိမ်းလိုက်ပြီး ဘုန်းကြီးက ဆက်ဟောသည်။

" ဆယ်အိမ်မင်းရွေးဖို့ရာမှာ ဆယ်အိမ်တစုစု။ ပြီးရင် အဲဒီဆယ်အိမ်ထဲက အိမ်ရှိလူကုန် ဆယ်အိမ်မင်းရွေးခွင့်မရှိဘူးနော်။ ကိုယ့်အိမ်ထဲက တယောက်ကိုဘဲ ရွေးရမှာ။ ကိုယ့်အိမ်နဲ့ကိုယ် ဆယ်အိမ်မင်းရွေးချယ်တင်မြောက်ပေးရမယ့် တယောက်ကို ရွေးထုတ်ရမှာ။ အဲဒီလူဟာ နှယ်နှယ်ရရမဟုတ်ဘူး။ ဆယ်အိမ်မင်း ရွေးကောက်တင်မြှောက်ပေးရမယ့် အာဂလူဖြစ်ရမယ်၊ သဘောပါကြရဲ့လား"

"တင်းပါး"

တရွာလုံးကြားလောက်သည့် "တင်းပါး" သံကြီးပင်။

မိသားစုချင်း မျက်စောင်းခဲနေကြပြီ။ ဓမ္မာရုံထဲ ထိုင်နေသူအကုန်လုံး လှုပ်လှုပ်ရွရွ ဖြစ်လာကြသည်။ မာရသွန်အပြေးပြိုင်ပွဲက တာထွက်ရတော့မည့် လူအုပ်ကြီးဟန်ပေါက်နေသည်။ ခုချက်ချင်း အိမ်ပြန် ရွေးချယ်ကြတော့မည်ပုံ။

မောင်လူရေး



Comments