ကျော်နိုင် - စည်ပင်ဥပဒေ (အကြံပြုချက် - ၂ ၏ ဒုတိယပိုင်း)


ကျော်နိုင် - စည်ပင်ဥပဒေ (အကြံပြုချက် - ၂ ၏ ဒုတိယပိုင်း)
(မိုးမခ) နိုဝင်ဘာ ၂၉၊ ၂၀၁၇

မနေ့ကရပ်ခဲ့တဲ့ စည်ပင်ဥပဒေမူကြမ်းထဲက ပုဒ်မ ၁၅၁, ၁၅၂, ၁၅၃, ၁၅၄ နဲ့ ၁၅၅ တို့ကို ဆက်ပြီး ဆွေးနွေးမှာဖြစ်ပါတယ်။ (အောက်က ဓါတ်ပုံ)

အဲ့ဒီပုဒ်မတွေကို ဆွေးနွေးတဲ့အခါ ပုဒ်မ ၂၇ (ဂ)  နဲ့ ပုဒ်မ ၅၇  တွေနဲ့ပါ ယှဉ်တွဲ ရှင်းပြသွားပါ့မယ်။


ပုဒ်မ ၂၇ (ဂ) အရ YCDC ဟာ စီးပွားရေးအဖွဲ့အစည်းတွေ ဖွဲ့ပါလိမ့်မယ်။ ဥပမာ တည်ဆောက်ရေးလုပ်ငန်းတွေလုပ်ဘို့အတွက် City Land Corporation ဆိုတာမျိုး၊ အခြားစီးပွားရေးလုပ်ငန်းတွေလုပ်ဘို့အတွက် City General Corporation ဆိုပြီးပေါ့။


ပုဒ်မ ၅၇ အရ ကော်မတီ (YCDC) ကို အိမ်ယာဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုတ်နှံဘို့ ခွင့်ပြုထားပါတယ်။ ဘယ်လိုလုပ်နိုင်သလည်းဆိုတော့ စောစောက ဖွဲ့ထားတဲ့ City Land Corporation က လုပ်မယ်။ စည်ပင်မှာ မြေငှားဂရန်လျှောက်မယ်။ အိမ်ယာတွေဆောက်မယ်။ ပြည်သူကို ရောင်းမယ် သို့မဟုတ် ငှားမယ်။ အဲ့ဒီလိုလုပ်ဘို့ ငွေရင်းငွေနှီးတော့လိုတယ်။ လိုအပ်တဲ့ ငွေရင်း ငွေနှီး ဘဏ္ဏာငွေရှာဖွေခွင့်ကိုလည်း ပုဒ်မ ၅၇ က ခွင့်ပြုထားတယ်။ ဘဏ်တွေကငွေချေးတာလည်း ဖြစ်နိုင်တယ်။ နောက်တနည်းနဲ့လည်း ငွေရင်းရှာနိုင်တယ်။ ဘယ်လိုရှာမလည်းဆိုတာ နောက်မှာဆက်လာပါ့မယ်။

ပုဒ်မ ၁၅၁ မှာ ကော်မတီ (YCDC) ဟာ အဆောက်အအုံ၊ လမ်းတံတား၊ ပန်းခြံ စတဲ့ လုပ်ငန်းကြီးတွေ အသစ်ဆောက်ဘို့၊ ပြုပြင်မွန်းမံဘို့ စီမံကိန်းအသစ်တွေရေးဆွဲပြီး အစိုးရအဖွဲ့ရဲ့ အတည်ပြုချက်နဲ့ အကောင်အထည်ဖေါ် ဆောင်ရွက်ရမယ် လို့ ဖေါ်ပြထားပါတယ်။ ဒီစည်ပင်ဥပဒေမူကြမ်းဟာ တော်တော်လေး အကွက်စေ့တဲ့မူကြမ်းပါ။ အခုလို စီမံကိန်းအသစ်တွေ အကောင်အထည်ဖေါ်ဆောင်ရွက်တာဟာ မြို့တော်စည်ပင်အနေနဲ့ လုပ်ရိုးလုပ်စဉ် ပါလို့ ပြောနိုင်ပေမယ့် ပုဒ်မ ၂၇ (ဂ) နဲ့ ပုဒ်မ ၅၇ တွေအရ အဲ့ဒီစီမံကိန်းအသစ်တွေဟာ ပုဂ္ဂလိကပိုင် ကုမ္ပဏီလေးတွေအတွက်မဟုတ်ဘဲ စည်ပင်ကပိုင်တဲ့ ကုမ္ပဏီကိုဘဲ လုပ်ခွင့်ပေးမှာလားလို့ သံသယ ဖြစ်စရာပါ။ အဲ့ဒီလိုသံသယကင်းဘို့အတွက် ပုဒ်မ ၂၇ (ဂ) နဲ့ ပုဒ်မ ၅၇ တို့ကို ဖြုတ်ပြစ်ရပါမယ်။ အဲ့ဒီပုဒ်မတွေကို ဖြုတ်ပြစ်လိုက်ရင်တော့ ပုဒ်မ ၁၅၁ ဟာ ဒီအတိုင်းဆက်ထားလို့ရပါတယ်။

ပုဒ်မ ၁၅၂ မှာ YCDC ဟာ စည်ပင်ရဲ့ လုပ်ငန်းခွင်တွေမှာ သုံးမယ့် ဆောက်လုပ်ရေးပစ္စည်းတွေရဲ့ အရည်အသွေး ကောင်းမွန်ဘို့ ဓါတ်ခွဲ စစ်ဆေးတာ၊ အရည်အသွေးပိုမိုကောင်းမွန်အောင် သုသေသန လုပ်တာတွေကို စီမံဆောင်ရွက်ရမည်လို့ ဖေါ်ပြထားပါတယ်။ အဲ့ဒီပုဒ်မဟာ ပုဒ်မ ၂၇ (ဂ) အရ ဖွဲ့ထားတဲ့ City Genaral Corporation အတွက် အလုပ်လုပ်ဘို့ ဂွင်ဖန်တီးပေးထားတဲ့ ပုဒ်မ လို့မြင်ပါတယ်။ အဲ့ဒီလို ဓါတ်ခွဲခန်းတွေ ရှိရပါမယ်၊ ရှိသင့်ပါတယ်။ ဒါပေမယ့် ပုဂ္ဂလိကကုမ္ပဏီတွေကို လုပ်ခွင့်ပေးရမှာဖြစ်ပါတယ်။ အဲ့ဒီလိုမဟုတ်ဘဲ စည်ပင်ကပိုင်တဲ့ ကုမ္ပဏီးကဘဲလုပ်မယ်ဆိုရင်တော့ တရားမျှတမှု ရှိမှာမဟုတ်ပါဘူး။

ပုဒ်မ ၁၅၂ ကို အခုလိုပြင်ဘို့ အကြံပေးလိုပါတယ်။

"ကော်မတီသည် စည်ပင်သာယာအဖွဲ့၏ လုပ်ငန်းခွင်များတွင် အသုံးပြုမည့် ဘိလပ်မြေ၊ ကွန်ကရစ်၊ ကတ္တရာ၊ သံချောင်း၊ အုပ်ခဲ၊ ကျောက်၊ သဲ၊ မြေ၊ ပိုက်အမျိုးမျိုး၊ သတ္တုပြားအမျိုးမျိုး၊ သတ္တုချောင်းအမျိုးမျိုး၊ လျှပ်စစ်ဝိုင်ယာကြိုးအမျိုးမျိုး နှင့် နည်းဥပဒေတွင် ထပ်မံပြဌာန်းမည့် ပစ္စည်းများသည် သတ်မှတ်ထားသော စံချိန်စံညွှန်းနှင့် ကိုက်ညီကြောင်း သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့က အသိအမှတ်ပြုထားသည့် ဓါတ်ခွဲခန်း(များ) မှ လက်မှတ်ပူးတွဲပါရှိမှသာ အဆိုပါပစ္စည်းများကို လုပ်ငန်းခွင်သို့ သယ်ပို့ခွင့်ပြုရမည်။"

ပုဒ်မ ၁၅၃ အရ စည်ပင်ဟာ စီးပွားရေးလုပ်ငန်းတွေကို ပုဂ္ဂလိကတွေနဲ့ ပူးပေါင်းလုပ်ချင်ရင် လုပ်ပါလိမ့်မယ်။ ပုဒ်မ ၅၇ အရ ဘဏ္ဏာငွေရင်း ရှာမယ်ဆိုတာ တိုင်ကွန်းတွေ၊ ခရိုနီတွေနဲ့ ပူးပေါင်းလုပ်ပြီး ရှာမှာပါ။

စည်ပင်ကလုပ်မယ့် စီမံကိန်းတွေက ကြီးတယ်ဆိုတော့ လိုအပ်တဲ့ငွေရင်းရှိတာကလည်း ခရိုနီတွေ၊ တိုင်ကွန်းတွေဘဲကိုး။ ပြည်သူကို အစုရှယ်ယာ ထုတ်ရောင်းပြီး အများပိုင်ကုမ္ပဏီ ထောင်မယ်ဆိုရင်တောင်မှာ ကျွန်တော်ကတော့ စည်ပင်က စီးပွားရေးလုပ်မယ်ဆိုတာကို ကန့်ကွက်ပါတယ်။ မဖြစ်သင့်လို့ပါ။

ပုဒ်မ ၁၅၃ ဟာ ဖြုတ်ပြစ်ရမယ့် ပုဒ်မဖြစ်ပါတယ်။

ပုဒ်မ ၁၅၄ အရ စည်ပင်ဟာ သူ့ရဲ့လုပ်ငန်းခွင်တွေမှာ မူလ ကန်ထရိုက်စည်းမျဉ်းပါ ပစ္စည်းတွေကို လုပ်ငန်းခွင်မှာ အချိန်မီမရနိုင်ဘူးဆိုရင် လုပ်ငန်းခွင်ရှိရာဒေသက ရရာဒေသထွက်ပစ္စည်းတွေကို ဈေးနှုန်းကွာဟမှု မရှိရင် ဝယ်သုံးနိုင်တယ်လို့ ခွင့်ပြုထားပါတယ်။ ဥပမာပေးရရင် ကန်ထရိုက်ထဲမှာပါတဲ့ စံချိန်စံညွန်းအရ ထိုင်းနိုင်ငံလုပ် ဘိလပ်မြေကို သုံးရမယ်။ ဒါပေမယ့် ထိုင်းနိုင်ငံလုပ်ဘိလပ်မြေကို လုပ်ငန်းခွင်ဆီ အချိန်မီပို့ဘို့ အခက်အခဲရှိရင် အဲ့ဒီလုပ်ငန်းခွင်နဲ့နီးတဲ့ ဒေသထွက် ဘိလပ်မြေနဲ့ အစားထိုးသုံးဆွဲနိုင်တယ်ဆိုတဲ့သဘောပါ။ အဲ့ဒီလို အစားထိုးသုံးဆွဲတဲ့အတွက် ပိုက်ဆံတောင် နဲနဲအပိုတောင်းလို့ ရပါသေးတယ်တဲ့။

ပုဒ်မ ၁၅၄ ကို အခုလိုပြင်ဘို့ အကြံပေးချင်ပါတယ်။

"ကော်မတီသည် စည်ပင်၏ စီမံကိန်းလုပ်ငန်းခွင်များတွင် အသုံးပြုသည့် ဆောက်လုပ်ရေးပစ္စည်းများကို ကန်ထရိုက်တာများက မူလကန်ထရိုက်စာချုပ်တွင်ပါရှိသည့် စံချိန်စံညွှန်းများအတိုင်း အသုံးပြုစေရန် စဉ်ဆက်မပြတ် စစ်ဆေးနေရမည်။ မူလကန်ထရိုက်စာချုပ်တွင် သတ်မှတ်ထားသည့် ပစ္စည်း မရရှိနိုင်ခဲ့လျှင် ကန်ထရိုက်တာက စာချုပ်ပါ စံချိန်စံညွှန်းနှင့် ကိုက်ညီသော၊ သို့မဟုတ် ပိုမိုသာလွန်ကောင်းမွန်သော ပစ္စည်းအား အစားထိုးသုံးစွဲခွင့်တောင်းခံလျှင် သက်ဆိုင်ရာ အတိုင်ပင်ခံအင်ဂျင်နီယာအဖွဲ့ (consultant) ၏ထောက်ခံမှုဖြင့် ခွင့်ပြုနိုင်သည်။ အစားထိုးသုံးစွဲသောပစ္စည်းသည် စာချုပ်ပါ စံချိန်စံညွှန်းထက် သာလွန်ကောင်းမွန်သောပစ္စည်းဖြစ်စေကာမူ ကန်ထရိုက်တာအား အပိုငွေတောင်းခံခွင့်မပြုရ။"

ပုဒ်မ ၁၅၅ အရ စည်ပင်ဟာ သူ့ရဲ့လုပ်ငန်းခွင်တွေမှာ အရည်အသွေးနဲ့ ဘတ်ဂျက်ကို စစ်ဆေးဘို့အတွက် (စည်ပင်ဝန်ထမ်း) အင်ဂျင်နီယာတွေနဲ့ အဖွဲ့ဖွဲ့ပြီး ဆောင်ရွက်ရမယ်လို့ ပြောထားပါတယ်။ တော်ပါပေတယ် စည်ပင်ရယ်ပေါ့။

ပုဒ်မ ၁၅၅ ကို အခုလို ပြင်ဆင်ဘို့ အကြံပြုပါတယ်။

"ကော်မတီသည် မိမိစီမံကိန်းလုပ်ငန်းများတွင် သတ်မှတ်စံချိန်စံညွှန်းအတိုင်း သင့်တော်သောခန့်မှန်းချေတန်ဘိုးဖြင့် ဆောင်ရွက်ရရှိနိုင်စေရန်အတွက် စီမံကိန်းအတွက် ပြင်ဆင်ချိန်ကတည်းက အတိုင်ပင်ခံဗိသုကာအဖွဲ့အစည်း၊ အတိုင်ပင်ခံ ဆောက်လုပ်ရေးအင်ဂျင်နီယာ အဖွဲ့အစည်း၊ အတိုင်ပင်ခံ စက်မှုအင်ဂျင်နီယာနှင့်လျှပ်စစ်အင်ဂျင်နီယာ အဖွဲ့အစည်း၊ အတိုင်ပင်ခံ စာရင်းစစ်အဖွဲ့အစည်းတို့ကို ခန့်အပ်တာဝန်ပေး၍ ဆောင်ရွက်ရမည်။"

ပုဒ်မ ၂၇ (ဂ)၊ ပုဒ်မ (၅၇)၊ ပုဒ်မ ၁၅၁၊ ၁၅၂၊ ၁၅၃၊ ၁၅၄ နဲ့ ၁၅၅ တို့ကို ဥပဒေ မူကြမ်းအတိုင်း အတည်ပြုလိုက်မယ်ဆိုရင် ဖြစ်လာနိုင်တဲ့ အခြေအနေကတော့....

- စည်ပင်က စီမံကိန်းအသစ်တွေ ရေးဆွဲဆောင်ရွက်မယ်။

- စည်ပင်က ဖွဲ့ထားတဲ့ ဆောက်လုပ်ရေးလုပ်ငန်းလုပ်မယ့် ကုမ္ပဏီက အဲ့ဒီစီမံကိန်းတွေအတွက် လိုအပ်တဲ့တည်ဆောက်ရေးလုပ်ငန်းလုပ်မယ်။

- အဲ့ဒီဆောက်လုပ်ရေးလုပ်ငန်းတွေလုပ်ဘို့ စည်ပင်မှာ ငွေအရင်းအနှီးလိုရင် ခရိုနီတွေ၊ တိုင်ကွန်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်တယ်။

- အဲ့ဒီ စီမံကိန်းတွေမှာသုံးမယ့် ပစ္စည်းတွေရဲ့ အရည်အသွေးကို စည်ပင်ပိုင် ဓါတ်ခွဲခန်းတွေမှာ စစ်ဆေးမယ်။

- စည်ပင်ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့ ပစ္စည်းတွေ အချိန်မီမရနိုင်ရင် လုပ်ငန်းခွင်အနီးက ရရာ ပစ္စည်းတွေနဲ့ အစားထိုး ဆောင်ရွက်ခွင့်ရှိတယ်။ အဲ့ဒီအတွက် အပိုငွေတောင် (အနည်းငယ်) ထပ်တောင်းခွင့်ရှိတယ်။

- စည်ပင်က ဆောက်တဲ့လုပ်ငန်းတွေရဲ့ အရည်အသွေးနဲ့ ဘတ်ဂျက်ကို စစ်ဆေးဘို့ စည်ပင်ဝန်ထမ်း အင်ဂျင်နီယာတွေကို စစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး စစ်ဆေးစေမယ်။

စီမံကိန်းအစကနေ အဆုံးအထိ စည်ပင်က ပါဝင်ပါတ်သက်နိုင်ပါတယ်။

ပြည်သူတွေရဲ့ ပါဝင်ပါတ်သက်မှုကတော့ အဲ့ဒီစီမံကိန်းတွေအတွက် ကုန်ကျမယ့်ငွေတွေဟာ ပြည်သူတွေရဲ့ အခွန်ငွေတွေဖြစ်ပါတယ်။

ဥပဒေမူကြမ်းမှာ စည်ပင်ကို စီးပွားရေးလုပ်ပိုင်ခွင့်ပေးထားတဲ့ ပုဒ်မတွေကို လိုအပ်သလို ပယ်ဖျက်၊ ပြောင်းလဲရမှာ ဖြစ်ပါတယ်။

Comments