အေးငြိမ်း ● အဝေးသင်တက္ကသိုလ်၊ ဒုတိယနှစ် မြန်မာစာ ပြဋ္ဌာန်းစာအုပ်မှ အမှားများ

အေးငြိမ်း ● အဝေးသင်တက္ကသိုလ်၊ ဒုတိယနှစ် မြန်မာစာ ပြဋ္ဌာန်းစာအုပ်မှ အမှားများ
(မိုးမခ) နိုဝင်ဘာ ၄၊ ၂၀၁၇

● နိဒါန်း
၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလက အဝေးသင်တက္ကသိုလ်၊ ပထမနှစ် မြန်မာစာ ပြဋ္ဌာန်းစာအုပ်မှ အမှားများအကြောင်း ကျွန်တော် ဆောင်းပါးရေးခဲ့ ပါသည်။ ထိုပြဋ္ဌာန်းစာအုပ်များ၌ အဘယ်ကြောင့် အမှားများသည်မျှများနေရကြောင်း ပညာရေးဝန်ကြီးဌာန ကိုမေးရန် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးမှလည်း မေးခွန်းတင်ခိုင်းလိုက်၏။ တစ်နှစ်နီးပါးကြာသည်ထိ မေးခွင့်ပြုမပြု မသိရပါ။ တက္ကသိုလ် ပြဋ္ဌာန်း စာအုပ်ထက် ပိုအရေးကြီးတာတွေ များနေလို့ နေမှာပါလေဟု စိတ်ကို မနိုင့်ရင်ကာ ဖြေသိမ့်ထားရ၏။

နိုင်ငံတစ်ခုကိုတည်ဆောက်ရန် အရည်အချင်းပြည့်ဝသော နိုင်ငံသားများ လို၏။ ထိုနိုင်ငံသားများကို မည်သည့်နေရာက မွေးထုတ် ပေးနေပါသနည်း။ တက္ကသိုလ်များက မဟုတ်ပါလော။ အမှန်စင်စစ် တက္ကသိုလ်များ၏ အဓိကတာဝန်မှာ အရည် အချင်းပြည့်ဝပြီး တော်တည့်ထက်မြက်သော နိုင်ငံသားများ မွေးထုတ်ပေးရေး ဖြစ်၏။ ထို့အတွက် ထိုတက္ကသိုလ်များ၏ သင်ကြားရေးစနစ် အရေးကြီးပါသည်။ သင်ကြားရေးစနစ်အတွက် အဓိကကြောရိုးဖြစ်သော သင်ရိုးညွှန်းတမ်းနှင့် ဖတ်စာအုပ်များ၏ အရည်အသွေးမှာလည်း အလွန်အရေးကြီးကြောင်း ပြောနေစရာပင် မလိုပါ။ သို့နှင့်တောင်မှ သည်ဖတ်စာအုပ်များကို ဂရုစိုက်ကာ အမှားအယွင်း ကင်းအောင် မလုပ်နိုင်ကြသည်ကတော့ တော်တော့်ကို အရုပ်ဆိုးလှပါသည်။ နိုင်ငံခြားသားတစ်ဦးဦးသာ အဝေးသင်တက္ကသိုလ် မြန်မာစာအဓိကယူကာ လေ့လာသင်ကြားမည် ဆိုပါက၊ တက္ကသိုလ်ပြဋ္ဌာန်းစာအုပ်များတွင် ထိုမျှအမှားများပါနေကြောင်း သိသွား မည်ဆိုပါက နိုင်ငံနှင့်ချီ၍ အရှက်ဟက်တက်ကွဲရလိမ့်မည်။

ယခု ပညာတတ်ဟုအမည်ခံနေသူ လူကြီးတော်တော်များများက ခေတ်လူငယ်ကလေးများ၏ ပညာရေးနှင့် ပတ်သက်၍ ရစရာ မရှိအောင် မှိုချိုးမျှစ်ချိုး ပြောနေကြတာ နားနှင့်မဆန့်အောင် ကြားနေရ၏။ ကလေးဆိုသည်မှာ လူကြီးများလုပ်သမျှ ခံနေရသော အရုပ်များသာ ဖြစ်၏။ သူတို့ကံကြမ္မာကို သူတို့ ဖန်တီးခွင့်ရသူများမဟုတ်ကြ။ ကလေးများ ပညာရေးညံ့ဖျင်းနေရခြင်းမှာ သူတို့ စာမကြိုးစားကြလို့မဟုတ်။ အဓိကအကြောင်းမှာ သူတို့ကို ပုံစံသွင်းပေးနေသည့် ပညာရေးစနစ်ကြောင့်နှင့် ထိုပညာရေးစနစ်ကို အကောင်အထည် ဖော်နေသူများကြောင့်သာဖြစ်ကြောင်း ယခင်ဆောင်းပါး တော်တော်များများတွင် ကျွန်တော် ရေးခဲ့ဖူးပါပြီ။

အဝေးသင်တက္ကသိုလ်ဟူသည် ကျောင်းသားများကို စာအုပ်များ၊ အသံသွင်းစီဒီ၊ ဗီဒီယိုများမှတစ်ဆင့် သင်ကြားပေးနေသည့်စနစ် ဖြစ်၏။ အသံသွင်းစီဒီနှင့် ဗီဒီယိုများကို ဖွင့်နားထောင်သူ ကျောင်းသားဦးရေမှာ ၅% ပင် ပြည့်မည်မထင်ပါ။ အများစုမှာ စာအုပ်ကိုသာ အားကိုးကြပါလိမ့်မည်။ ထို့အတွက် ကျောင်းသားများကို အဓိကသင်ပေးနေသည့် ထိုပြဋ္ဌာန်းစာအုပ်များ မှန်ကန် ကောင်းမွန်ရေးမှာ အသက်တမျှ အရေးကြီးပါသည်။ ထို့ပြင် ထိုစာအုပ်များမှာ တစ်ကျောင်းစာအတွက်၊ ကျောင်းသားအနည်းစု အတွက်မျှ ထုတ်တာမဟုတ်ပဲ တစ်နိုင်ငံလုံးရှိကျောင်းသားအားလုံးအတွက် ရည်ရွယ်ထုတ်ခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးမှ ကျောင်းသား များသည် ထိုစာအုပ်များကိုကိုင်ကာ လေ့လာသင်ယူနေကြတာ ဖြစ်၏။

အဝေးသင်တက္ကသိုလ် ပြဋ္ဌာန်းစာအုပ်များ၌ အမှားများစွာ ပါနေ၏။ ကျောင်းသားများသည် ထိုအမှားများကိုပင် လေ့လာကျက်မှတ် ကြလိမ့်မည်မချွတ်။ ကျောင်းသားများမှာ လူငယ်များသာဖြစ်သောကြောင့် အသိပညာဗဟုသုတ များလိမ့်ဦးမည်မဟုတ်။ ထို့ကြောင့် ၎င်းတို့ကျက်မှတ်နေသည့် ထိုစာများမှာ မှန်သလား၊ မှားသလားခွဲခြားနိုင်လိမ့်မည်မဟုတ်။ ထို့ထက်ဆိုးသည်ကား ကျွန်ုပ်တို့နိုင်ငံမှ တစ်လမ်းသွားပညာရေးစနစ် ဖြစ်၏။ မြန်မာနိုင်ငံမှ ကျောင်းသားများမှာ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ။ ကျောင်းမှ သင်ပေးသမျှ ကိုသာ လက်ခံယူကြရ၏။ ၎င်းတို့မှာ ဝေဖန်ပိုင်ခွင့်မရှိ။ အကယ်၍ ဝေဖန်ခဲ့လျှင် နင်ကဘယ်လောက်တတ်လို့လဲ ဟု အပြောခံရမှာ သေချာလှ၏။ အာစရိယဂုဏော အနန္တောအောက်တွင် ကျောင်းသားများ၏ ပြန်လည်ဝေဖန်ပိုင်ခွင့်တို့ ပျောက်ဆုံးကုန်သည်။

ပြဋ္ဌာန်းစာအုပ်မှာ အမှားတွေပါနေတာ မသိဘူးလား ဆိုတော့ ကျွန်တော်တို့ကလည်း သူတို့ပြဋ္ဌာန်းထားတာ သင်ရတာပဲ ဟု မိတ်ဆွေဆရာတစ်ယောက်က ပြော၏။ ဆရာဆရာမများအနေနှင့် မှားနေတာကို မှားနေတယ်ဟု အထက်သို့ တင်ပြပိုင်ခွင့် ရှိပါသလား။ ကျွန်တော်မသိပါ။
ယခု ကျွန်တော် အဝေးသင်တက္ကသိုလ်၊ ဒုတိယနှစ် မြန်မာစာ ပြဋ္ဌာန်းစာအုပ်မှ အမှားများကို ရေးသားဖော်ပြပါမည်။ သို့သော် ပထမနှစ်စာအုပ်များလိုပင် ဒုတိယနှစ်စာအုပ်မှ အမှားများမှာလည်း စာအုပ်တိုင်း စာမျက်နှာတိုင်းလိုလို မှားနေသည်ဖြစ်ရာ အကုန်အစင် ဖော်ပြဘို့ရာ မဖြစ်နိုင်ပါ။ အကယ်၍ တစ်ဦးတစ်ယောက်က ထိုအမှားအားလုံးကို ကြည့်ချင်ပါသည် ဆိုအံ့။ ကျွန်တော့်ဆီလာကြည့်ဘို့ ဖိတ်ခေါ်ပါသည်။

အရေးကြီးဆုံးကား ယခု ကျွန်တော်ရေးသားထားသည်များကို ဂေါ်ဇီလာလောက်ကြီးသူ၏ လက်ထဲ ထည့်ပေးရေး ဖြစ်၏။ ကျွန်တော့်မှာ ဤမျှလောက် အစွမ်းအစမရှိပါ။ သည်စာအုပ်မှ အမှားများပြင်ရေးမှာ ဂေါ်ဇီလာလောက်ကြီးသူကြီးက ဆုံးဖြတ်ချက် ချပေးမှ ဖြစ်နိုင်ပါလိမ့်မည်။ အောက်လူများဆီသွားလျှင်တော့ ဟင်းဟင်း၊ ဒီကိစ္စ ကျွန်တော်/ကျွန်မတို့လည်း ဘာမှ မတတ်နိုင်ပါဘူးဆင့် ဆိုတာနှင့် ပြီးသွားလိမ့်မည်။

(၁) စာအုပ်များ၏ အရည်အသွေး

စာအုပ်အရည်အသွေးဟုဆိုရာတွင် နှစ်ပိုင်းရှိ၏။

တစ်ခုမှာ စာအုပ်၏ရုပ်ပိုင်းဆိုင်ရာအရည်အသွေးဖြစ်ပြီး နောက်တစ်ခုမှာ အတွင်းမှ စာသားများ၏အရည်အသွေး ဖြစ်၏။ ကောင်းမွန်သော စာတစ်အုပ်ဖြစ်ဖို့ရာ ထိုနှစ်ပိုင်းစလုံး အရေးကြီး၏။

စာအုပ်၏ ရုပ်ပိုင်းဆိုင်ရာအရည်အသွေးတွင် စာအုပ်အပြင်အဆင်၊ စာအုပ်ချုပ်ပုံ၊ အဖုံးနှင့် စာရွက်သားများအခြေအနေ၊ စာအုပ်ထဲမှ စာလုံးများအားလုံး ထင်ထင်ရှားရှား ရှိနေစေရေး၊ စာရွက်ကျော်များ ပါမလာစေရေး၊ ဗလာစာမျက်နှာများ ပါမလာစေရေး၊ ရုပ်ပုံများ ထင်ထင်ရှားရှား ပြတ်ပြတ်သားသား၊ လှလှပပရှိနေရေး စသည်တို့ ပါ၏။

နောက်တစ်ပိုင်းမှာ စာသားများ၏ အရည်အသွေးဖြစ်၏။ စာသားများ၏ အရည်အသွေးမှာမူ နယ်ပယ်ကျယ်ဝန်းလှ၏။ ကျွန်တော် အကျဉ်းချုံးပြီး ပြောပါမည်။

ပထမဆုံး အရေးကြီးသည်မှာ စာလုံးပေါင်းသတ်ပုံများ မှန်ကန်ရေး ဖြစ်၏။ စာလုံးပေါင်းသတ်ပုံဟု ဆိုရာတွင် စာလုံးတိုင်း စာလုံးတိုင်းကို ဆိုလိုသည်။ ကျောင်းသင်ပြဋ္ဌာန်းစာအုပ်ဖြစ်သည့်အတွက် စာတစ်လုံးမှ မမှားစေရ၊ မလွဲစေရပါ။ အလွန် ဂရုစိုက်ရန် လိုပါသည်။ ထို့ကြောင့် စာအုပ်များကို စစ်ဆေးသူများအနေနှင့် လက်ရှိတရားဝင်အသုံးပြုနေသော မြန်မာ စာလုံးပေါင်းသတ်ပုံကျမ်းကို ကိုင်ကာ စာတစ်လုံးချင်းစီကို ကျကျနန စစ်ဆေးရန် အရေးကြီး၏။

ဒုတိယ အရေးကြီးသည်မှာ (ဒုတိယဆိုသော်လည်း ပထမကဲ့သို့ပင် အရေးကြီး၏) ပြဋ္ဌာန်းစာများသည် မူရင်းစာများနှင့် လုံးဝကွက်တိ တူညီနေစေရေး ဖြစ်၏။ သို့အတွက် ပြဋ္ဌာန်းစာအုပ်များကို စစ်ဆေးမည့်သူသည် စာရေးဆရာ၏ မူရင်းစာအုပ်များနှင့် တိုက်ဆိုင် စစ်ဆေးရမည် ဖြစ်၏။ စစ်သမှ စာတစ်လုံးချင်းစီကို တိုက်ဆိုင် စစ်ဆေးရမည်။ မူရင်းစာထဲတွင် မပါသည့်စာလုံးများ ပါမလာစေရေး၊ မူရင်းစာအုပ်မှ စာလုံးများ ကျကျန်မနေစေရေးသည် အလွန်အရေးကြီးလှ၏။ မြန်မာစာ သည် လုံးကောက် အနက်အဓိပ္ပာယ် ထွက်သောစာ ဖြစ်လေရာ စာတစ်လုံးကျကျန်ခဲ့ သို့မဟုတ် ပိုသွားသည်နှင့် မူရင်းအဓိပ္ပာယ်မှ များစွာ လွဲချော်သွားနိုင်၏။

တတိယ အရေးကြီးသည်မှာ အဖြတ်အတောက်များ မှန်ကန်ရေး ဖြစ်၏။ အင်္ဂလိပ်စာတွင် စကားလုံးတစ်လုံးချင်းစီကို ဖြတ်သွားသည်ဖြစ်ရာ အဖြတ်အတောက်မှားမှာ မပူရ။ မှားစရာကို မရှိ။ သို့သော် မြန်မာစာတွင်မူ အဖြတ်အတောက်မှားလျှင် အဓိပ္ပာယ်ပါလွဲသည်။ ထို့ကြောင့် အဖြတ်အတောက်များ မှန်ကန်စေရေး အရေးကြီး၏။ ဤသည့်ကိစ္စမှာ အထက်ဆုံးအရာရှိ၏ တာဝန်ဖြစ်၏။ အောက်ဘက်က မတော်တဆမှားလာခဲ့သည်များကို အထက်ဆုံးအရာရှိက မျက်စိဒေါက်ထောက် ကြည့်ရမည်။ မြန်စရာမလို။ အုပ်ရေ သိန်းနှင့်ချီကာ တစ်နိုင်ငံလုံးကို ဖြန့်မည့်စာအုပ်များ ဖြစ်သည့်အတွက် မှန်ရန်သာ အရေးကြီးလေသည်။

နောက်တစ်ခုမှာ အနက်အဓိပ္ပာယ် ဖွင့်ဆိုချက်များ ဖြစ်၏။ ဤစာအုပ်မှာ သာမန် မဂ္ဂဇင်းတစ်အုပ်၊ ၀တ္ထုစာအုပ်တစ်အုပ် မဟုတ်။ ကျောင်းသုံးစာအုပ်ဖြစ်၏။ ထို့ကြောင့် အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်များ မှန်ကန်ရေးမှာ အလွန်အရေးကြီး၏။ ယခုမှ ပညာရင်နို့ သောက်စို့ခါစ ကလေးများကို အမှားကြီး သင်မပေးမိစေရေး၊ ထိုပြဋ္ဌာန်းစာအုပ်ပါစာများ မှန်ကန်ရေး အရေးကြီးကြောင်း သတိထားရပါမည်။

နောက်တစ်ခုမှာ စံပြအဖြေများ မှားမပေးမိစေရေး ဖြစ်၏။ ကလေးများကို မှားသင်ပေးလိုက်လျှင် တစ်သက်လုံး မှားသွားလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ကလေးများ၏ စိတ်မှာ ပကတိဖြူစင်နေသော စိတ်ဖြစ်၍ အရောင်ဆိုးရလွယ်သည်။ ထိုအရောင်သည် တစ်သက်လုံးစွဲနေတတ်သည်။ ထို့ကြောင့် စ သင်ကတည်းက အမှန်ကိုသင်ပေးရေး အရေးကြီးခြင်း ဖြစ်၏။ စံပြအဖြေများ မှန်ကန်စေရေးမှာ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ဆရာများ၏ အရာဖြစ်ပါသည်။

နောက်တစ်ခုမှာ ဖော်ပြထားသော ပုံများနှင့်စာသား ကိုက်ညီစေရေး၊ ပုံများ မှန်ကန်စေရေး ဖြစ်၏။ အချက်အလက်များ ဖော်ပြမည် ဆိုပါကလည်း ထိုအချက်အလက်များကို အခိုင်မာဆုံးနေရာ၊ မူလနေရာမှသာ ရယူရပါမည်။ မသေချာသည့် သို့မဟုတ် အငြင်းပွားဖွယ် အချက်များ ပါလာပါက တာဝန်ရှိသည့်ဌာနနှင့် ဆက်သွယ်ကာ အတည်ပြုချက် ရယူရပါမည်။

အရေးကြီးသည့် နောက်ဆုံးတစ်ချက်ကို ပြပါဆိုလျှင် ဘာသာရေး၊ လူမျိုးရေးဆိုင်ရာ ကိစ္စများဖြစ်ပါသည်။ ထိုကိစ္စများသည် အလွန် အကဲဆတ်သည့်ကိစ္စဖြစ်၍ ထိခိုက်စော်ကားသည့် အသုံးအနှုန်းများ၊ အမုန်းပွားစေမည့် အသုံးအနှုန်းများမပါစေရေးကို မှန်ဘီလူးနှင့် ရှာကာ စစ်ထုတ်ပစ်ရန် လိုပါသည်။

ဤသည်မှာ ကျွန်ုပ်က အကျဉ်းရုံးပြခြင်းမျှသာ ဖြစ်၏။ အခြားအရေးကြီးသည့်အချက်များ များစွာကျန်ရှိနေနိုင်ပါသေးသည်။

ဆက်ပါဦးမည်။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၃ နိုဝင်ဘာ၊ ၂၀၁၇

Comments