ညိုထက်ညို ● ကျွန်တော့်ကို မွေးဖွားချိန်တွင် မိုးတို့ ထစ်ချုန်းနေပါသည်

ညိုထက်ညို ● ကျွန်တော့်ကို မွေးဖွားချိန်တွင် မိုးတို့ ထစ်ချုန်းနေပါသည်
(မိုးမခ) နိုဝင်ဘာ ၂၆၊ ၂၀၁၇

အဲဒီနေ့ ည ခုနစ်နာရီ လောက်တွင် ကျွန်တော် ညစာစားပြီးသည်။

ခုနစ်နာရီ ဆယ့်ငါး လောက်ကျတော့ ကျွန်တော့် ဖုန်းက မြည်လာသည်။

ကိုယ်မသိသော နံပါတ်တစ်ခု ဖြစ်နေသောကြောင့် ဘယ်သူရယ် ဘယ်ဝါရယ် ခွဲခြားမရဘဲ ကျွန်တော် ဖုန်းကို ကိုင်လိုက်ရသည်။

တဖက်မှ နံပါတ်ရှင်က online ပေါ်တွင် ကျွန်တော် ပုံမှန်ရေးဖြစ်နေသော မြန်မာ့ မြားနတ်မောင် ဖိုရမ်မှ တဆင့် နောက်ဆုံး Facebook မှာပါ ဆက်ပြီး အသိအကျွမ်း ဖြစ်နေသူ တဦး ဖြစ်နေပြီး သူ ဘယ်သူပါ ဟု သူ့ကိုယ်သူ မိတ်ဆက်ပြောပြောရင်း ကျွန်တော် အခုအားလား ဟု တဆက်တည်း မေးသည်။

သူ့ကို လွန်ခဲ့သော တလလောက်က ကျွန်တော် မြန်မာပြည် ပြန်ရောက်ရောက်ချင်း Facebook မှတဆင့် ကျွန်တော့် ဖုန်းနံပါတ်ကို ပေးထားခဲ့ကြောင်း စဉ်းစားမိရင်း သူ အခု ဘယ်ရောက်နေလဲ ဟု ကျွန်တော် ပြန်မေးမိတော့ လမ်းလေးဆယ် မှာ ရောက်နေသည်ဟု ပြန်ဖြေသည်။

သူ့ကို ကျွန်တော့် ထံ လာခဲ့ဖို့ ပြောရင်း ကျွန်တော် ဖုန်းပြန်ချလိုက်ပြီး သူ ခုနက ရှိနေရာ လမ်းလေးဆယ် မှ ကျွန်တော်ရှိရာ ၃၇လမ်းထိပ် သို့  ခဏလေး နှင့် ရောက်လာတော့မှာ သိသောကြောင့် အိမ်ထဲဝင်ပြီး အင်္ကျီလဲရသည်။

ပြီးတော့ တီဗီပေါ်က ကားသော့ကို ယူပြီး ကျွန်တော် အိမ်အောက်ဆင်းလာခဲ့ပါသည်။
……………………………….     …………………………………     ……………………………………

အိမ်အောက်ရောက်ပြီး သူ့ကို စောင့်နေစဉ်မှာပဲ ဖုန်းက ထပ်မြည်လာပြီး သူက ဖုန်းထဲမှာ ကျွန်တော့်အိမ် ဘယ်မှာလဲ ဟု မေးတာကြောင့် သူ ၃၇လမ်း ထဲသို့ ရောက်နေပြီ ဖြစ်ကြောင်း ကျွန်တော် သိလိုက်သည်။

သူ ဘယ်မှာလဲ ဟု ကျွန်တော် ပြန်မေးတော့ ဗလီနားမှာ ဟု ဖြေသည်။

ဖုန်းကို ကျွန်တော် ကိုင်ထားရင်း ခပ်လှမ်းလှမ်းက ဗလီဘက်ကို ကြည့်ရင်း လမ်းလျှောက်မိတော့ ဟိုးရှေ့မှာ ဖုန်းကို နားနှင့် ကပ်ရင်း ကျွန်တော် ရှိရာ လမ်းလျှောက်လာနေသော သူ့ကို လှမ်းတွေ့သည်။ သူက facebook တွင် ကျွန်တော် မြင်ဖူးသည့်အတိုင်း မျက်မှန်တပ်ထားပြီး သူ့မျက်နှာပေါက် က ကလေးမျက်နှာပေါက်မျိုး ဖြစ်နေသောကြောင့် ချာတိတ်တယောက်ဟန် ပေါက်နေသည်။

တယောက်ရှိရာ တယောက်လျှောက်လာရင်း ဗလီရှေ့နားလောက်မှာ ဆုံကြတော့ ကျွန်တော်တို့ နှစ်ယောက် လက်ဆွဲနှုတ်ဆက်မိ ကြသည်။

ဖန်သားပြင် ပေါ်ကနေ မြေပေါ်ကို ဆင်းသက်ဖို့ သူကော ကျွန်တော်ပါ သုံးနှစ်လောက်တော့ ကြာခဲ့သည်။
………………………………….   ………………………………  ……………………………….

သူ နှင့် မတ်တပ်ရပ်ပြီး ခဏ စကားပြောပြီးတော့ ဘယ်သွားရမလဲ ကျွန်တော် စဉ်းစားရသည်။ သူ့ကို မေးကြည့်တော့ ကျွန်တော် အဆင်ပြေတဲ့ နေရာသွားပါ ဟုပဲ ဖြေသည်။ ဒါနဲ့ပဲ နောက်မှ ဆက်စဉ်းစားတော့မည် ဟု တွေးမိရင်း လမ်းအလယ်မှာ ရပ်ထားသည့် ကျွန်တော့်ကားဖြင့် ၃၇လမ်းထဲမှ ကျွန်တော်တို့ ထွက်လာခဲ့သည်။ ကားမောင်းနေရင်း နှင့် သူ ဘယ်မှာနေလဲ ကျွန်တော် မေးတော့ စမ်းချောင်းမှာ ဟုဆိုသောကြောင့် စမ်းချောင်းနားက ဆိုင်တဆိုင်ဆိုင်မှာ ထိုင်ရန် ကျွန်တော် စဉ်းစားမိပြီး စမ်းချောင်းနားမှာ ဘယ်ဆိုင်ရှိလဲ သူ့ကို မေးမိသည်။ သူက သူသောက်နေကျ ဘီယာဆိုင် ရှိသော်လည်း ရပ်ကွက်ထဲက ဆိုင် ဖြစ်နေသဖြင့် အဆင်ပြေပါ့မလား ဟု ဆိုသည်။ ထို့ကြောင့် ဘယ်မှာထိုင်ရင် ကောင်းမလဲဟု ကျွန်တော် ထပ်စဉ်းစားသည်။ သို့သော် မြန်မာပြည် ကနေ ဆယ်နှစ်လောက် ဗြုန်းဆို လေတိုက်ရာ လွင့်သွားပြီး ခုမှ တစ္ဆေတကောင်လို ပြန်ပေါ်လာတာ တလလောက်ပဲ ရှိသေးသောကြောင့် ကျွန်တော် ကိုယ်တိုင်လည်း ဘယ်သွားရမှန်းမသိ ဖြစ်နေသည်။ အဲဒီမှာပဲ သင်္ကြန်တုန်းက တည သူငယ်ချင်း နှစ်ယောက် နှင့် ရောက်ခဲ့သော်လည်း သင်္ကြန်တွင်း ပိတ်နေတာ နှင့် ကြုံခဲ့ရသည့် အလုံလမ်းပေါ်က Spider ကို သတိရလာသည်။ သူ့ကိုမေးကြည့်တော့ သူကလည်း Spider ကိုတော့ သိပါသည်။ ဒါနဲ့ပဲ မျက်လုံးထဲမှာ ခပ်မှောင်မှောင် ရန်ကုန်လမ်းတွေ ပေါ်မှာ သူ့ကိုပဲ လမ်းပြခိုင်းရင်း Spider ရှိရာ ရောက်ခဲ့သည်။
………………………………….  …………………………………  ………………………………..

ကားကို ဆိုင်ရှေ့အကျော်လေးက ပလက်ဖောင်းဘေးမှာ ရပ်ခဲ့ပြီး ဆိုင်ထဲ ဝင်လာတော့ မီးတွေကို မှိန်ထားသောကြောင့် ဆိုင်ထဲမှာ မှောင်နေသည်။ စင်တင်ဖျော်ဖြေပွဲ ရှိသည့် ဆိုင် ဖြစ်သောကြောင့် စင်ဘက် လှမ်းကြည့်မိတော့လည်း စင်တခုလုံး မီးတွေပိတ်ထားသည်။ ဘယ်အချိန် သီချင်းဆိုတာ စမလဲ ဟု ကျွန်တော်တို့ကို ခေါ်လာသည့် ဝန်ထမ်းကလေး ကို မေးကြည့်တော့ ရှစ်နာရီခွဲ မှာ စမည် ဟု ပြန်ဖြေသည်။ ဝိုင်းတွေကို ကြည့်လိုက်တော့ အားလုံးလိုလို လွတ်နေသည်။ ကျွန်တော်တို့ နှစ်ယောက် စင် နှင့် မနီးမဝေး ရှိ ဝင်ပေါက်ဘက် နှင့် ကပ်လျက် အတန်း က ဝိုင်းတဝိုင်း မှာ ဝင်ထိုင်ကြသည်။ ပြီးတော့ ကျွန်တော်တို့ နှစ်ယောက် ရှေ့သို့ မြန်မာ စည်ဘီယာ နှစ်ခွက် အပါအဝင် သီဟိုစေ့ နှင့် ဝက်နံရိုးကြော် ရောက်လာသည်။ ဖိုရမ်ပေါ်မှာ စာရေးရင်း စာ နှင့် သိခဲ့တာ သုံးလေးငါးနှစ် လောက် ရှိပြီ ဖြစ်သော်လည်း လူအနေနှင့်တော့ ခုမှတွေ့တာ နာရီဝက်လောက် ရှိသေးသောကြောင့် စကားစ တွေက တော်တော်နှင့် ရှာမရဖြစ်နေသည်။ ဘီယာနှစ်ခွက် ကုန်ပြီး သုံးခွက် ကူးမှ ကျွန်တော်တို့ နှစ်ယောက် အသံပြန်ထွက် လာသည်။ အဲဒီမှာပဲ စတိတ်စင် ရှိရာဘက်ကို ကြည့်မိတော့ စင်ပေါ်မှာ အော်ဂင်သမား ရောက်နေပြီး မီးတွေ လင်းနေသည်။ တဆက်တည်း Spider သို့ ကြွရောက်လာသော ဧည့်သည်တော်များအား Spider မိသားစု မှ ကြိုဆိုနှုတ်ခွန်းဆက်သ ပါတယ်ရှင် ဟူသော ဟိုးလွန်ခဲ့သော ဆယ်စုနှစ် နှစ်စု နီးပါး လောက်ကတည်းက စကြားခဲ့ရသည့် မိန်းကလေး ခပ်ငယ်ငယ် တယောက် ၏ အသံ ကို ကျွန်တော် ကြားရသည်။ ပြီးတော့ ဆံပင်တွေကို ရွှေရောင်ဆိုးထားသည့် ကောင်မလေး တယောက် စင်ပေါ်တက်လာပြီး ကျွန်တော် မသိသော သီချင်းတပုဒ် ကို စဆိုသည်။
………………………………   …………………………………   ………………………………….

အဲဒီမှာပဲ ကျွန်တော် စင်ဘက်ကို လှမ်းကြည့်နေရာက သူ့ဘက် ပြန်လှည့်လိုက်တော့ သူက ဆေးလိပ် သောက်နေသည်။ စင်ပေါ်က ကောင်မလေး ဆိုနေသော မသိသော သီချင်း ကို ခံစား၍ မရသည့် အတူတူ ကျွန်တော် သူ နှင့် ခုနက ပြတ်သွားသော စကား ကို ပြန်ဆက်ရသည်။ သူက ဖိုရမ်မှာ ကျွန်တော် ရေးတာတွေကို ဖတ်ပြီး ဟိုးအရင် ဆယ်စုနှစ် တခု အလွန် နှစ်တွေတုန်းက ကျွန်တော် ထိုင်နေကျ လမ်းလေးဆယ်ထိပ် က ‘ပြည့်ဖြိုးကျော်’ လက်ဖက်ရည်ဆိုင် ကို တကူးတက သွားကြည့်ခဲ့သည့် အကြောင်း ကျွန်တော့်ကို ပြန်ဖောက်သည်ချ နေသည်။ သူ့ဘဝ ကို ကျွန်တော် အနည်းအကျဉ်း မေးကြည့်တော့ သူက  ချင်းပြည်နယ်မှာ မွေးသည့် ချင်းတယောက် ဖြစ်ပြီး မိန်းမကတော့ မြန်မာမ ဖြစ်ကာ သူ့တွင် သမီးနှစ်ယောက် ရှိသည်။ ပြောနေရင်းနှင့် ကျွန်တော် နှင့်တော့ ဖိုရမ် အဖွဲ့ဝင်တွေ အနေနှင့်သာ ဖန်သားပြင်ပေါ်မှာ သိပြီး သူ နှင့်တော့ အပြင်မှာပါ လူချင်းသိနေသည့် အခြား ဖိုရမ် အဖွဲ့ဝင် နှစ်ယောက်သုံးယောက် ကို သူ ဖုန်းခေါ်ဖို့ လုပ်နေသည်။ တယောက် နှင့် ဖုန်း အဆက်အသွယ် ရတော့ ထိုတယောက်က လမ်းမှာပဲ ရှိသေးသောကြောင့် အိမ်ပြန်ပြီးမှ လာခဲ့မည် ဟု ပြန်ဖြေသည်။ အဲဒီမှာပဲ သူ က ဖုန်းကို စားပွဲပေါ် ပြန်ချပြီး ကျွန်တော် နှင့် စကားဆက်ပြောသည်။

ပြောနေရင်း နှင့် စင်ပေါ်ကို နောက် ကောင်မလေး တယောက် တက်လာသည်။ ဆိုသည့်သီချင်း က ကျွန်တော် သိသော ဟိုးအရင်ခေတ်က သီချင်းဟောင်းတပုဒ် ဖြစ်သည်။ ထိုသီချင်း စထွက်စဉ်က အခု ဆိုနေသည့် ဘောင်းဘီတို နှင့် ကောင်မလေး သူငယ်တန်းလောက်ပဲ ရှိဦးမည့် အကြောင်း ကျွန်တော် တွေးနေရင်းနှင့် သူ ပြောတာတွေ ဆက်နားထောင်သည်။ သူက ဖိုရမ်မှာ ကျွန်တော် ရေးတာတွေကို မှန်မှန် ဖတ်သည့်အကြောင်း နှင့် ကျွန်တော် အဲဒီတုန်းက Facebook မှာ မရေးသောကြောင့် ဘယ်သူမှ မသိနိုင်ဘဲ ဖြစ်နေ၍ သူ နှမြောမိကြောင်း ဆက်ပြောသည်။ ပြီးတော့ တဆက်တည်း ကျွန်တော် ဖိုရမ်မှာ စာတွေ ဒီလောက်အများကြီး နိုင်ငံခြားမှာ နေပြီး အလုပ်တဖက် နှင့် ဘယ်လိုရေးနိုင်ပါသလဲ ဟု သူ အံ့သြမိကြောင်း နှင့် ကျွန်တော် ဘာလုပ်လဲ ဟု ကျွန်တော့်ကို မေးပြောပြောသည်။ အဲဒီမှာပဲ ကျွန်တော့် စိတ်တွေက အဲဒီ စာတွေ အတော် လှိုင်လှိုင် ရေးနိုင်တုန်းက နှစ်ကာလတွေဆီ ပြန်ရောက်သွားသည်။

ဘာပဲဖြစ်ဖြစ် အဲဒီတုန်းက စာတွေ အများကြီး ရေးနိုင်ခဲ့သည့် အကြောင်း ကို သူ့ ကို တထိုင်တည်း ရှင်းပြဖို့ မဖြစ်နိုင်သောကြောင့် ကျွန်တော့် အလုပ်က အေးအေးဆေးဆေး ဖြစ်သောကြောင့် စာရေးဖို့ အချိန်ရပါကြောင်း သမန်ကာရှန်ကာ လောက်သာ ပြန်ဖြေလိုက်သည်။ စားပွဲပေါ်ကို ဘီယာနှစ်ခွက် နှင့် ဆေးဘဲဥသုတ် တပွဲ ထပ်ရောက်လာသည်။ စင်ပေါ်ကို ကောင်မလေး နောက်တယောက် တက်လာသည်။ ဆိုင်ထဲကို လူတွေ ထပ်ရောက်လာပြီး ဝိုင်း သုံးပုံတပုံ ခန့် ပြည့်စ ပြုလာသည်။ ကျွန်တော် ဆိုင်နောက်ဘက်ကို ဝင်၍ အပေါ့သွားသည်။ ခဏကြာတော့ ဖုန်းဆက်ခေါ်ထားသည့် ဖိုရမ် က နောက်ထပ်တယောက် သူ့မိန်းမ နှင့် နှစ်နှစ်သုံးနှစ် အရွယ် သူ့သမီးကလေး ကိုပါ ခေါ်ကာ ကျွန်တော်တို့ထံ ရောက်လာသည်။ ကျွန်တော်တို့ နှုတ်ဆက်ကြပြီး ဘီယာ  ဆက်သောက်ကြပြန်သည်။ ခေါက်ဆွဲကြော် ပွဲကြီး တပွဲ နှင့် ဘီယာတွေလည်း ထပ်ရောက်လာပြန်သည်။ ဆယ့်တစ်နာရီ ထိုးခါနီးတော့မှ ကျွန်တော်တို့ ပတ်စာခွာသည်။ လက်ထဲ ရောက်လာသော ကျသင့်ငွေ စာရွက်ကလေး ကို ကြည့်လိုက်တော့ သုံးသောင်းကျော်ကျော် ကျသည်။ ဆိုင်အပြင် ကို ရောက်တော့ နောက်မှ ထပ်ရောက်လာသည့် မိသားစု ကို ကျွန်တော် နှင့် သူ နှုတ်ဆက်ပြီး ကျွန်တော့် ကားဆီ ပြန်လာခဲ့သည်။

ကားပေါ်ရောက်တော့ သူက နောက်ထပ် မြန်မာ့မြားနတ်မောင် ဖိုရမ်အဖွဲ့ဝင် တယောက်ထံ ဖုန်းထပ်ဆက်နေသည်။ ထို ကျွန်တော် နှင့်လည်း ဖိုရမ်မှာ စာချင်း ခင်နေသည့် ဖိုရမ်အဖွဲ့ဝင် ဖြစ်သူက သူနေသော သမိုင်းဘက်မှာ ရှိသည့် ဘီယာဆိုင်တဆိုင် မှာ တယောက်တည်း ရောက်နေ၍ လာခဲ့ကြပါ ဆိုသောကြောင့် ပတ်စာခွာ ပြီးသော်လည်း ဖျာမသိမ်းနိုင်ကြဘဲ ကျွန်တော် နှင့် သူ သမိုင်းဘက်ကို ထွက်ခဲ့ကြပြန်သည်။ မောင်းရမည့် လမ်း တွေကိုတော့ ကျွန်တော် ဘာမှ မမှတ်မိတော့သောကြောင့် သူ့ကိုပဲ လမ်းညွှန်ခိုင်း ရသည်။ သမိုင်းရောက်တော့ လမ်းမကြီး ပေါ်က ဖဲ့ပြီး လမ်းသွယ်လေး တလမ်း ထဲမှာ ကားကို ထိုး၍ သူ နှင့် ကျွန်တော် လမ်းမပေါ် အကွေ့လေးမှာ ရှိသည့် မြေညီထပ်မှာ ဖွင့်ထားသော ဘီယာဆိုင် တဆိုင်ထဲ ဝင်ခဲ့ကြသည်။ ဝင်ဝင်ချင်း တွေ့သော စားပွဲမှာပဲ ကျွန်တော်တို့ကို စောင့်နေသော ကျွန်တော့်ထက် ဆယ်နှစ်လောက် ငယ်ပုံရသည့် လူငယ်တယောက် ကို တွေ့သည်။ သူ နှင့်ကတော့ သိပြီး ဖြစ်သောကြောင့် ကျွန်တော် နှင့်သာ ဖက်လှဲတကင်း နှုတ်ဆက်ကြပြီးနောက် ကျွန်တော့်အတွက် ဘီယာတခွက် ထပ်ရောက်လာသည်။ ဘီယာသောက်နေရင်း တန်းလန်း နှင့်ပဲ အမှတ်တရ ဆဲလ်ဖီ ဆွဲကြပြန်သည်။ အဲဒီမှာပဲ ကျွန်တော့်အမေ ထံက ဖုန်းဝင်လာသည်။ ဆိုင်အပြင် လမ်းမပေါ်ကို ထွက်ပြီး ဖုန်းကိုင်လိုက်တော့ ကျွန်တော် အိမ်ပြန်နောက်ကျနေ၍ ထုံးစံအတိုင်း အမေ စိတ်ပူပြီး ဆက်တာ ဖြစ်နေသည်။ မပြန်ချင်သေးသော်လည်း ကျွန်တော် မလာမချင်း အမေ စောင့်နေတော့မှာ သိသောကြောင့် ကျွန်တော် ပြန်ရန် ဆုံးဖြတ်လိုက်ရသည်။ ပြီးတော့ စားပွဲရှိရာ ပြန်လာပြီး အခု ညမှပဲ လူချင်း စသိပြီး နောက် ဘယ်အချိန်မှ ပြန်ဆုံမည် မသိသည့် သူတို့နှစ်ယောက်ကို ကျွန်တော် နှုတ်ဆက်ပြီး အိမ်ကို ပြန်ခဲ့သည်။
……………………………………….    ………………………………..   …………………………………..

နောက်တနေ့ မနက်ကျတော့ ခေါင်းတွေကိုက်ပြီး ကျွန်တော် အိပ်ရာက နိုးလာသည်။ ပြီးတော့ အဝတ်အစား လဲ၍ အိမ်အောက်ဆင်းခဲ့သည်။ ဆိပ်ကမ်းသာလမ်း အောက်ဘက် သို့ လမ်းလျှောက်ထွက်ခဲ့ပြီး မုန့်ဟင်းခါးဆိုင် တဆိုင် သို့ ဝင်သည်။ မုန့်ဟင်းခါး စားပြီးနောက် လက်ဖက်ရည်ဆိုင် ထိုင်ရန် မဟာဗန္ဓုလ လမ်း အတိုင်း ပြန်လျှောက်လာပြီး လမ်းလေးဆယ်ထိပ် အရင် စားဖျော်ရုံး ဖွင့်သည့် တိုက်ကြီး ကို ဖြိုပြီး ဘာမှပြန်မဆောက်ဖြစ်သော ကွက်လပ်ကြီး ၏ ထောင့်မှာ ဖွင့်ထားသည့်  ‘ရွှေလင်ဗန်း’ ကို ဝင်သည်။ ဆိုင်ထဲမှာတော့ လူ နည်းနည်း ရှင်းနေသည်။ ဆိုင်ဘေးက ကျန်သည့် ကွက်လပ် မြေနေရာလွတ် မှာတော့ ‘ယုဇနဥယျာဉ်မြို့တော်’ ကို ပြေးဆွဲသည့် စုပေါင်းတက်စီကား တွေက အလှည့်ကျ လူခေါ်နေကြသည်။ အဲဒီမှာပဲ ဆိုင်အဝင်ဝ စားပွဲမှာ ထိုင်ရင်း မနေ့ညက အကြောင်းတွေကို ပြန်စဉ်းစားမိသည်။ စဉ်းစားမိတော့ ပထမဆုံး ကျွန်တော့်ဆီ အိမ်တိုင်ရာရောက် ရောက်လာသည့် ကျွန်တော့်ထက် သုံးလေးနှစ် လောက်ငယ်သော ကလေးမျက်နှာ နှင့် ချင်းကလေး က ခေါင်းထဲ ရောက်လာသည်။ ပြီးတော့ ချင်းကလေး မေးသော ကျွန်တော် ဘယ်လိုလုပ်ပြီး အလုပ်တဖက်နှင့် စာတွေ အများကြီး ရေးနိုင်ပါသလဲ ဆိုသော မေးခွန်း ရောက်လာသည်။ အဖြေကတော့ ရိုးရိုးကလေးပင် ဖြစ်သည်။
……………………………………..  …………………………………   …………………………………..

အဲဒီ ကျွန်တော် စာတွေ အများကြီး ဖိုရမ်မှာ ရေးနေသော နှစ်ကာလတွေ ဆီက ကျွန်တော်က ကျောင်းသားတယောက် ပြန်ဖြစ်နေသည်။ သို့သော် ဟိုအရင်ကလို နိုင်ငံရပ်ခြား ကျောင်းသားတယောက် အနေနှင့် မဟုတ်တော့ဘဲ ပြည်တွင်း ကျောင်းသား ဘဝ ရောက်ခဲ့ပြီ ဖြစ်သောကြောင့် ကျွန်တော့် ပခုံးပေါ်က လျှော့လျှော့ပေါ့ပေါ့ တွေးလျှင်ပင် တန်တစ်သန်းလောက် လေးဟန်ရှိသည့် ဝန်ထုပ်ကြီးက လျှောကျသွားသည်။ ကျောင်းလခကို အစိုးရ က အကြွေး အနေနှင့် သတ်မှတ်ပေးသည်။ ကျသင့်သည့် ပမာဏ ကလည်း နိုင်ငံရပ်ခြား ကျောင်းသားတယောက် ပေးရသော ကျောင်းလခ နှင့် စာလျှင် လေးပုံတပုံ လောက်သာ ဖြစ်သည်။ တကိုယ်စာ နေစရိတ် နှင့် စားစရိတ် အတွက်လည်း အခြား ပြည်တွင်းက ကျောင်းသားတွေ နည်းတူ အခန်းခ ပေးဖို့ နှင့် စားဖို့လောက်တော့ လုံလောက်သော ထောက်ပံ့ကြေး ရသည်။ ကျွန်တော့်မှာက ကြွေးဟောင်းဆပ်ရမည့် အခြေအနေ မရှိ။ မိဘတွေကို ထောက်ပံ့ဖို့ မလို။ ကြွေးသစ်ချစရာလည်း ဘာမှမရှိ။ ကျွန်တော့်မှာ အနှောင်အဖွဲ့ မရှိ။ ကျောမှာ ကျောပဲ ရှိသည်။ ထိုသို့သော အနေအထားတွင် ကျွန်တော့်မှာ အချိန်ပို အချိန်အားတွေ အများကြီး ရှိလာသည်။

ထိုအခါ ကျွန်တော် စာတွေ ပိုဖတ်ဖြစ်လာသည်။ စာတွေ ပိုရေးဖြစ်လာသည်။ အဲဒီကာလ တွေက ကျွန်တော် လက်မငြိမ်သေးသောကြောင့် သတ်သတ်မှတ်မှတ် ဝတ္ထုရယ်၊ ဆောင်းပါးရယ် သိပ်မရေးဖြစ်သေးသော်လည်း မြန်မာ မြားနတ်မောင် ဖိုရမ် မှာတော့ နိုင်ငံရေး မှ အစပြု၍ အခြား ထွေထွေရာရာ တွေအဆုံး အတော် စုံစုံလင်လင် ဝင်ရေးဖြစ်သည်။ ထိုအထဲမှ အချို့ အစအန ကလေးတွေက နောင်မှာ ဝတ္ထုတိုကလေးတွေ အက်ဆေးကလေးတွေ ဖြစ်သွားသည်။ နောက် မဇ္ဈိမ အပါအဝင် အခြား online ပေါ်က နေရာ တချို့တလေ မှာလည်း ရသ ဝတ္ထုတို ကလေးတွေ ဆောင်းပါးတွေ ရေးဖြစ်သည်။ အဲဒီကာလ တွေကိုပဲ မနေ့ညက ချင်းကလေးက တအံ့တသြ မေးဟန်တူသည်။

နောက်တော့ အလုပ် လုပ်ရသော ကာလ သို့ ရောက်လာသည်။ ထိုအခါ မနက် ငါးနာရီခွဲ မှာ အိပ်ရာက ထရသည်။ ခြောက်နာရီ မှာ အိမ်က ထွက်ရသည်။ ထိုမှတဖန် ညနေ ငါးနာရီ မှ အိမ်ကို ပြန်ရောက်သည်။ ပြန်ရောက်ပြီး ဘာမှ ကြာလိုက်သည် မထင်ရခင် အိပ်ရာပြန်ဝင်ရသည်။ တနင်္လာ မှ သောကြာ အထိ ထိုအစဉ်အတိုင်း အချိန်တို့ လည်ပတ်ရသည်။ စာက ဘယ်လိုမှ မရေးနိုင်တော့။ ထိုအခါတွင် တစ်ခါက ဆရာသော်တာဆွေ ပြောခဲ့ဖူးတာကို  ဖျတ်ခနဲ ကျွန်တော် ပြန်သတိရသည်။
စာဖတ်သူတွေ သိကြသည့်အတိုင်း ဆရာ က မနက်အစောကြီး ထပြီး စာရေးလေ့ ရှိသည်။ မနက် ငါးနာရီ လောက်မှစပြီး စာရေးတာ မနက် ရှစ်နာရီ ကိုးနာရီ လောက်တွင် အဆုံးသတ်သည်။ ထို့နောက် စာမရေးဖြစ်တော့ဘဲ နေ့လယ်ဘက်တွင် ခဏအိပ်သည်။ စာဖတ်စရာ ရှိတာ ဖတ်သည်။ သွားစရာရှိတာ သွားသည်။ ထို့နောက် ညနေ ရောက်လာသည်။ ထို့နောက် ည ရောက်လာသည်။ ဒါက ဆရာ့ဘဝ အချိန်ဇယား ဖြစ်သည်။

ထိုသို့ ဆရာ လုပ်နေတာကို မြင်နေရသည့် (ကြည့်ရတာ စာပေ နှင့်လည်း နီးစပ်ပုံမရသည့်) ဆရာ့ မိတ်ဆွေတစ်ဦး က ဆရာ့ကို ပြောသည်။ ကြည့်ရတာ ဆရာ လုပ်နေတာတွေ ကြည့်ကြည့်ပြီး အလကားနေရင်း မျက်စိစပါးမွေး လည်း စူးဟန်တူသည်။ စာရေးဆရာတွေ တစ်ရက်တစ်ရက် ဘာမှမလုပ်ဘဲ လတ်လျားလတ်လျား အလေလိုက်နေကြသည် ဟု ထင်ပုံလည်း ရသည်။ ပြောပုံမှာ ဆရာ စာရေးတာ မနက် ရှစ်နာရီ ကိုးနာရီ ဆို ပြီးပြီပဲ၊ တစ်နေ့လုံး အားနေတဲ့ အတူတူ အလကား ထိုင်နေမည့် အစား အခြား ဝင်ငွေရသည့် တစ်ခုခု လုပ်ဖို့ကောင်းသည် ဟူ၍ဖြစ်သည်။

ဤနေရာတွင် ဆရာသော်တာဆွေ သူ့မိတ်ဆွေကို အပြင်မှာ ဘယ်လိုပြန်ရှင်းပြသည် မသိသော်လည်း သူ့စာဖတ်သူ တို့ကိုတော့ ထိုအကြောင်းကို ရေးပြပြီး စာရေးဆရာ တစ်ယောက် ၏ ဘဝ ကို ရှင်းပြသည်။ ဆရာ့ ရှင်းပြချက် မှာ ဤသို့ဖြစ်သည်။

ဆရာ့ အလိုအရ စာရေးဆရာ မှန်သမျှသည် အမြဲတမ်း စာထိုင်ရေးနေနိုင်သည် မဟုတ်သော်လည်း အိပ်ချိန်မှတပါး နိုးကြား နေသမျှ ကာလပတ်လုံးတွင် ရေးစရာ အကြောင်းအရာ တွေကို အဆက်မပြတ် ရှာဖွေနေရသည်။ မြင်သမျှ ကြားသမျှ ကြုံ သမျှ ဘယ်နေရာ ဘယ်ဌာနတွင် ရောက်နေသည်ဖြစ်စေ မျက်စိကို ဖွင့်ထားရသည်။ နားကိုစွင့် ထားရသည်။ တစ်နည်းဆိုလျှင် စာရေးဆရာ ဟူသည် သူလျှိုတစ်ယောက် ကဲ့သို့ ဖြစ်နေသည်။ လူတွေကြားသို့ ကိုယ့်ကိစ္စနှင့်ကိုယ် သွားနေစဉ်မှာပင် လူတွေကို လိုက်ကြည့်နေရသည်။ စာရေးဆရာ နှင့် မဆိုင်တာမရှိ၊ စာရေးဖို့ ကြီးသောအကြောင်း ငယ်သောအကြောင်း မရှိ။ ဆင်းရဲချမ်းသာ ဂုဏ်သိက္ခာမှအစ အကျင့်စာရိတ္တအဆုံး ဆူကြုံနိမ့်မြင့် မရှိ။ တပြေးညီသော စိတ်ဖြင့် စာရေးဆရာ သည် သူ့ အာရုံငါးပါးနှင့် တွေ့ထိသမျှ အဝဝကို ချင်ချင်းကြီးစွာ ယူငင်သိုမှီး နေရသည်။ တဆတ်ဆတ် ခုန်နေသော ရင်နှင့် စိတ်ထဲ ပေါ်လာသမျှ၊ မျက်စိထဲ ဖျတ်ခနဲ မြင်သမျှ၊ နားထဲ ရှပ်ခနဲ ကြားသမျှ အားလုံးကို သတိအစဉ် ယှဉ်လျက် အမြဲတစေ စောင့်ကြည့်နေရသည်။

ထိုသို့ နေ့စဉ် ရယူသိုမှီး ထားသော အချက်အလက် အကြောင်းအရာ များသည် အကြောင်းတိုက်ဆိုင်သည့် တစ်ချိန်ချိန်တွင် ဝတ္ထုတစ်ပုဒ် ဖြစ်လာမည်။ ဆောင်းပါးတစ်ပုဒ် ဖြစ်လာမည်။ ကဗျာတစ်ပုဒ် ဖြစ်လာမည်။ သို့သော် ဘယ်အချိန်တွင် အကြောင်းတိုက်ဆိုင်ပြီး ဘာဖြစ်လာမလဲတော့ ဘယ် စာရေးဆရာမှ ကြိုမသိ။ သို့သော် အစဉ်မပြတ် လူ နှင့် သူ၏ ပတ်ဝန်းကျင် ကို မျက်ခြည်မပြတ် စောင့်ကြည့်နေရတာကိုက စာရေးဆရာ တစ်ယောက် မဖြစ်မနေ လုပ်ရမည့် ဝတ္တရား ဖြစ်နေသည်။ ထို့ကြောင့် စာရေးဆရာ ဟူသည် တခြား ဘာမှမလုပ်နိုင်။ စာရေးတာ နှင့် စာရေးဖို့အတွက် အကြောင်းအရာ ရှာဖွေနေရတာကိုက စာရေးဆရာ အတွက် အလုပ် ဖြစ်ပါသည် ဟု ဆရာက သူ့အမြင်ကို တင်ပြထားသည်။

ဆက်တွေးကြည့်သော် စာရေးသူ တစ်ယောက် နေ့စဉ် ကြုံကြုံသမျှ အရာအားလုံး က သူ့အတွက် ကုန်ကြမ်းလောင်စာ တွေသာ ဖြစ်သည်။ ထို လောင်စာပုံကြီး ပေါ်သို့ ခံစားချက် မီးပွားကလေး တစ်စ ကျအလာကို စာရေးဆရာ သည် မျှော်လင့်ခြင်းကြီးစွာ စောင့်စားရသည်။ မီးပွားကလေး ကျလာသည်နှင့် တပြိုင်နက် လောင်စာများ ပေါက်ကွဲလောင်ကျွမ်း ကာ စာရေးသူ ၏ နှလုံးသား မှ စကားလုံးများ ယိုစိမ့်စီးကျ လာမည် ဖြစ်သည်။

တကယ်တော့ ပြောသာပြောနေကြ ပါသည်။ တကယ် စာရေးကြည့်သောအခါ စာမျက်နှာ ခုနစ်မျက်နှာ ရှစ်မျက်နှာ မျှရှိသော အကြောင်းအရာ ခေါင်းထဲမှာ အသင့်ရှိပြီးသား ကိုပင် အကြမ်းဖြစ်ရန် အနည်းလေး ငါးနာရီ ခြောက်နာရီ လောက် ထိုင်ရေးရ၍ အချောအဖြစ် အပြီးသတ်ရန် ၂၄နာရီမျှ အသုံးပြုရပါသည်။ စာတစ်ပုဒ် ဖြစ်တည်လာရန် ခံစားချက် မီးပွားကလေး ကျအလာ ကို စောင့်ရတာ ကြာသကဲ့သို့ ဖန်တီးရတာကလည်း ကြာသင့်သလောက် ကြာပါသည်။

အမှန်တော့ စာရေးခြင်း ဟူသည် အခြားအခြားသော ဆရာဝန်၊ အင်ဂျင်နီယာ၊ အလုပ်သမား၊ လယ်သမား အလုပ် တို့ကဲ့သို့ တစ်ပြားသားမှ မလျော့သော အလုပ်စစ်စစ်ကြီးသာ ဖြစ်ပါသည်။ တစ်ခုပဲ ကွာသည်မှာ အခြားအခြားသော အလုပ်တွေဆီမှ ရုပ်ဝတ္ထုထုတ်ကုန် တွေ ထွက်လာကြပြီး စာရေးဆရာ ထံမှ စိတ်ဝတ္ထုထုတ်ကုန် တွေ ထွက်လာကြတာပဲ ဖြစ်ပါသည်။ မည်သည့် အလုပ်ကို လုပ်ကိုင်သည်ဖြစ်စေ လူတစ်ယောက်တွင် ၂၄နာရီ မျှသာ ရှိ၍ ထိုအထဲမှ အချိန်အစိတ်အပိုင်း တွေကို အသုံးပြုရလေရာ စာရေးဆရာ သည်လည်း အခြားအခြားသော အလုပ်သမား တို့ကဲ့သို့ လုံလောက်သော အချိန်ကို သုံး၍ စာရေးခြင်း အလုပ်ကို ပြုလုပ်ကြရပါသည်။ အဲဒါအပြင် နောက်ထပ် အရေးကြီးသော အချက်တစ်ချက် ကလည်း ရှိနေသေးသည်။ စာရေးဆရာ မှန်သမျှ စာ မဖတ်မနေ ဖတ်ကြရ၍ (ဖတ်ရန် ဝတ္တရားလည်း ရှိပါသည်) စာဖတ်ဖို့ အတွက် လည်း မဖြစ်မနေ အချိန်ကို သုံးရပြန်ပါသည်။ စင်စစ် စာရေးဆရာ တစ်ယောက်သည် (ကြည့်မရသော သူတို့ အမြင်ကပ်ကာမှ ကပ်စေ) စာရေးတာနှင့် စာဖတ်တာကလွဲ၍ အခြားဘာမှ မလုပ်နိုင်တော့တာကတော့ အမှန်ပဲ ဖြစ်သည်။ လုပ်ရမည်ဆိုလျှင် လည်း စာရေးနိုင်မည် မဟုတ်တော့တာ အမှန်ပင် ဖြစ်သည်။

တွေးနေရင်းနှင့် ကျွန်တော် ရေငတ်လာသောကြောင့် ရှေ့က ကျင်းပြီးသား လက်ဖက်ရည်ခွက်ထဲသို့ ရေနွေးဓာတ်ဗူးထဲမှ ရေနွေးကြမ်းကို ငှဲ့လိုက်ရပါသည်။ ထိုစဉ်မှာပင် ဆိုင်ထဲသို့ လူတွေ ဆက်ရက်ကျသလို ကျလာသည်။ နာရီပတ်မလာမိ၍ စားပွဲပေါ်တွင် တင်ထားသော ဖုန်းကလေးကို ခလုတ်နှိပ်၍ ကြည့်လိုက်မိတော့ နေ့လယ် ၁၂နာရီ ငါးမိနစ်ပင် ရှိနေတာကို တွေ့သည်။ ကျွန်တော့်ဘေး ကပ်လျက် စားပွဲ ကို ကြည့်မိတော့ ကျွန်တော် ဝင်လာကာစက ထိုင်နေသော လူကြီးနှစ်ယောက် မရှိတော့ဘဲ ကုမ္ပဏီဝတ်စုံလား ဘဏ်ဝတ်စုံလား မသိ။ ဝတ်စုံ အနီရောင်ကလေးဝတ်ထားသည့် ကောင်မလေး တစ်ယောက် က သူ့ နှစ်ဆင့်ထမင်းချိုင့်ကလေးကို ဖွင့်နေသည်။ ကောင်မလေး၏ ဘေးမှာတော့ ကောင်မလေးအရင် ကြိုရောက်နေပုံ ရသည့် ဂျင်းဘောင်းဘီဝတ်ထားသည့် ကောင်လေးတစ်ယောက် ထိုင်နေသည်။ ကောင်မလေးက ထမင်းချိုင့် အဖုံးကလေး ကို ဖွင့်လိုက်တော့ ကောင်လေးက သူ့ရှေ့သို့ ခုပဲ ရောက်လာသော မြီးရှည်ပန်းကန်ထဲက မရှိမဲ့ ရှိမဲ့ အသားစင်းကောဖတ် ကလေးတွေကို တူနှင့်ညှပ်၍ ကောင်မလေးချိုင့်ထဲ ထည့်ပေးသည်။ ကောင်မလေးက ဇွန်းကလေးနှင့် ထမင်းတလုပ်ကို ခပ်ပြီး ပါးစပ်ထဲသို့ ထည့်သည်။ အဲဒီမှာပဲ ထမင်းစေ့ကလေး တစေ့ လွင့်ပြီး ကောင်မလေး ရင်ဘတ်အောက်နားသို့ ကျသွား သည်။ ကောင်လေးက ကပျာကယာ ကောင်မလေးအင်္ကျီရှေ့မှာ ကပ်နေသော ထမင်းစေ့ကလေးကို လက်နှင့်ဖယ်ပေးသည်။ ကောင်မလေးကရယ်ရင်း ကောင်လေးလက်ကို တွန်းလွှတ်သည်။ အဲဒီမှာပဲ ကောင်မလေးက ကျွန်တော့်ဘက်သို့ ကြည့် လိုက်သောကြောင့် ကျွန်တော် မျက်နှာပြန်လွှဲ၍ ခွက်ထဲက ရေနွေးကြမ်းအကျန်ကို သောက်လိုက်ရသည်။

အဲဒီမှာပဲ မိုးတွေက ညို့လာသည်။

စိတ်ထဲက မိုးထစ်ချုန်းသံတွေကို ကျွန်တော် ဖြည့်စွက်နေမိစဉ်မှာပင် မဟာဗန္ဓုလလမ်းမပေါ်သို့ မိုးစက်တွေက ကျလာပါသည် ။      ။

ညိုထက်ညို
0