ဌေးမင်းခိုင် ● အိပ်မက်များဆီသို့ ပျံသန်းခြင်း


ဌေးမင်းခိုင် ● အိပ်မက်များဆီသို့ ပျံသန်းခြင်း
(မိုးမခ) နိုဝင်ဘာ ၁၂၊ ၂၀၁၇

တလောက လူငယ်လေးတဦး လေယာဉ်ပျံတည်ဆောက်ပြတာနဲ့ပတ်သက်လို့ အမျိုးမျိုးဝေဖန်ကြတာကို ရိပ်ခနဲ ဖတ်လိုက် ရတယ်။ အဲဒီ့မှာ စိတ်မကောင်းစရာအချက်တချက်ကို တွေ့လိုက်ရတယ်။

တချို့ကလည်း ပေါ်ပြူလာဖြစ်ချင်လို့ လျှောက်လုပ်တာလို့ ဝေဖန်ကြတယ်။ တချို့ကလည်း ဘာပဲဖြစ်ဖြစ် လူငယ်တယောက် ရဲ့အိပ်မက်ကို အားပေးသင့်တယ်၊ တီထွင်လိုစိတ်ကို အားပေးရမယ်လို့ ဆိုပါတယ်။

မှန်ပါတယ်၊ လူငယ်တယောက်ရဲ့အိပ်မက်ကို ရေလောင်းပေါင်းသင်ပေးရမှာ လူ့အဖွဲ့အစည်းတခု ပြုသင့်တဲ့ ကုသိုလ်ပါ။






ဒါပေမဲ့ တချို့အိပ်မက်တွေက စိုက်ချင်တိုင်း စိုက်လို့ရတဲ့ အိပ်မက်တွေ မဟုတ်ပါဘူး။ မျိုးစေ့လေး ကြဲရုံနဲ့ အပင်ထမပေါက်တဲ့ အိပ်မက်တွေလည်း ရှိပါတယ်။ အထူးသဖြင့် အတတ်ပညာနဲ့ဆိုင်တဲ့ အိပ်မက်တွေမှာပေါ့။

အဲလိုပြောလို့လည်း ဒီကလေး မတတ်ရကောင်းလားလို့ အတတ်ပညာကြိမ်လုံးနဲ့ ရိုက်ချင်တာ မဟုတ်ပါဘူး။

ဒါပေမဲ့ ပျံသန်းခြင်းအိပ်မက်မက်တဲ့သူမှာ အနိမ့်ဆုံး အားနဲ့အရွေ့တို့ရဲ့ အဆက်အစပ် (နယူတန်ရဲ့နိယာမတွေ) လောက် တော့ သိရပါမယ်။ အခြေခံအားဖြင့် ယာဉ်ပျံတစီးပေါ် သက်ရောက်တဲ့အား ဘယ်နှစ်မျိုးရှိတယ်၊ ဘယ်လိုအခါမျိုးမှာ ဒီယာဉ် ပျံ ကြွတက်မလဲဆိုတဲ့ အခြေခံအချက်တွေလောက်တော့ သိရပါမယ်။ ဘာက ယာဉ်ကို ကြွတက်စေမလဲ၊ ပန်ကာကလား၊ တောင်ပံလား အဲလောက်တော့ သိရပါ့မယ်။ ဒီ့ထက်ပိုလာရင်တော့ Bernoulli's Law တို့ ဘာတို့ပေါ့။

ရိုက်ညီနောင်တို့ ယာဉ်ပျံထွင်တယ်ဆိုတာ စိတ်ကူးတည့်ရာ လျှောက်လုပ်တာ မဟုတ်ပါဘူး။ သိပံ္ပနည်းကျပါ။ (အောက်မှာ လွန်ခဲ့တဲ့ နှစ်တရာ​​လောက်က ​​ရိုက်ညီနောင်တို့ အသုံးပြုခဲ့တဲ့ ပျံသန်းခြင်းအီကွေးရှင်းကို ပြထားပါတယ်) ဒါတောင် ရိုက် ညီနောင်တို့ ဆယ်နှစ်ကျော် ကြိုးစားခဲ့ရပါတယ်။

ပြောချင်တာက အတတ်ပညာဆိုင်ရာ အိပ်မက်အတွက် အနည်းဆုံးတော့ အခြေခံနိယာမတွေကို နားလည်ခြင်းဆိုတဲ့ ရေခံ မြေခံတော့ ရှိမှ ရပါမယ်။ ဟ မရှိလို့ မရဘူးလားဆို .. မရပါဘူးလို့ပဲ အပြတ်ပြောရမှာပါ။ အဲဒါဆို အ-အ အိပ်မက် မက်သလိုပဲ ဖြစ်နေပါလိမ့်မယ်။ အိပ်မက်တော့ မက်ပါလိမ့်မယ်၊ ပြန်လည် ပြောပြနိုင်စွမ်းတော့ မရှိပါဘူး။



မင်းက ကြီးကြီးကျယ်ကျယ်ဘာကို ဝေဖန်ချင်တာတုန်းဆို ... တစ်က အဲဒီ့ကလေးဟာ ပျံသန်းဖို့အတွက် အခြေခံအချက် တွေတော့ သိမှဖြစ်မယ်လို့ တွေးမိလား။ တွေးမိရင် ဘယ်လိုလိုက်ရှာမလဲ၊ ဘယ်သူ့ကို မေးမလဲ။

အဲလိုပြောလို့ ကလေးကို အပြစ်တင်တာ လုံးဝမဟုတ်ပါဘူး။ တကယ်လို့ ကလေးက မသိခဲ့ရင်တောင် ဝန်းကျင်က အဲလို အသိကို ဖြည့်ပေးရမှာပါ။ သူ့ဝန်းကျင်ကရော ဟေ့ကောင် မင်း ပျံချင်ရင် ဒါတွေဒါတွေတော့ သိမှဖြစ်မယ်လို့ ဖြည့်ပေး ပါရဲ့လား။

တကယ်လို့ ကလေးက လိုက်ရှာချင်ရင်တောင် လိုက်ရှာဖို့ စာကြည့်တိုက်တွေ ဘာတွေ ရှိပါသလား။ ဝယ်မယ်ဆိုရင်ရော ရှိပါသလား။

ကျနော်ပြောချင်တာ အဲဒါပါပဲ။

အိပ်မက်မက်တာတော့ ဟုတ်ပါတယ်။ လူအတွေ မက်တဲ့အိပ်မက်ဆို ဘာလုပ်လို့ ရမလဲ။ အဲဒီ့အတွက် (အဲလိုမအအောင်) ကျနော်တို့လူ့အဖွဲ့အစည်းက ဘာတွေများ ဖြည့်ဆည်းပေးပါသလဲ။ ကျနော်တို့ပညာရေးကရော ဘာတွေများ ဖြည့်ဆည်းပေး ထားပါသလဲ။

ဒေါက်တာသန်းထွန်းက သမိုင်းသင်တာ မ-အ အောင်လို့လို့ ပြောပါတယ်။ ကျနော်ကလည်း ပညာရေးဆိုတာ မ-အ အောင် လို့ ပြောလိုက်ချင်ပါတယ်။

မဟုတ်ရင် .. တယောက်ချင်းစီ အ-သွားပါမယ်။ ပြီးတော့ လူ့အဖွဲ့အစည်းပါ အ-သွားပါမယ်။

ဒါဆို .... ဟုတ်ကဲ့ လူငယ်လေးတွေရဲ့ အိပ်မက်တွေကို အ-နေတဲ့ လူ့အဖွဲ့အစည်းက ဘယ်လိုဖြည့်ပေးကြမလဲဗျာ .. ။

ဗလာအိပ်ထဲက ပစ္စည်းတွေ ဆွဲထုတ်ပြတာ မျက်လှည့်ပွဲမှာပဲ ရှိပါတယ်။

အိပ်မက်တွေလည်း မက်ကြပါ။

မအအအောင်လည်း ကျနော်တို့ ဝိုင်းဝန်းကြိုးစားကြရပါ့မယ်။

(ဒီပို့စ်လေးဟာ အဲ့လူငယ်လေးကို ဝေဖန်တာ၊ သူ့ကို ဝေဖန်တဲ့သူတွေကို ပြန်ဝေဖန်တဲ့ပို့စ် လုံးဝမဟုတ်ပါကြောင်း)
0