ရဲရင့်သက်ဇွဲ ● သိသလိုလို မသိသလိုလို


ရဲရင့်သက်ဇွဲ ● သိသလိုလို မသိသလိုလို
(မိုးမခ) နိုဝင်ဘာ ၉၊ ၂၀၁၇

တကယ်ချစ်ခဲ့တာလား
မချစ်ခဲ့ဘူးလား
ဘုရားသခင်သိစရာမလို
မင်းတယောက်ထဲသိဘို့လိုတယ်။

သစ္စာတရားဆိုတာကို
တကယ်ယုံကြည်ခဲ့ကြတာလား
မယုံကြည်ခဲ့ကြဘူးလား
ဘုရားသခင်သိစရာမလို
မင်းတယောက်ထဲသိဘို့လိုတယ်။

မွေးရာပါ ဝဋ်နာကံနာတခုလို
ချစ်ခြင်းတရား ငါ့ကိုစွဲကပ်
ကျေနပ်တယ်
မင်းရဲ့ရှေ့မှောက် ဒူးထောက်ခစား
နှလုံးသားနဲ့  ဦးနှောက် အားပြိုင်လွန်ဆွဲ
သီတာဒေ၀ီကို ရယူမယ့်လေးတင်ပွဲအလား
မင်းရဲ့အဆုံးအဖြတ်မှာ ဘဝကို ပုံအပ်မယ့်သူပါ။

ကမ္ဘာမြေအနှံ့ 
စိမ်းလန်းသော ငြိမ်းချမ်းသော
မေတ္တာတရား လွှမ်းခြုံ
ငါ့ကိုယ်ငါထက် မင်းကို ယုံခဲ့ပုံများ
ကမ္ဘာကုန်ကျယ်သရွေ့
ငါနောက်ကျခဲ့ပုံတွေ ပြဇာတ်ဆန်လှချည့်ရဲ့ …။

ရဲရင့်သက်ဇွဲ

Comments