ကျော်နိုင် – စည်ပင်ဥပဒေ၊ ကျွန်တော် နှင့် ဂျင်း (၆)



ကျော်နိုင် – စည်ပင်ဥပဒေ၊ ကျွန်တော် နှင့် ဂျင်း (၆)
စည်ပင်ဥပဒေမှ ကန့်ကွက်ရမည့် ပုဒ်မတစ်ခု (ဂျင်းနံပါတ် - ၆)
(မိုးမခ) နိုဝင်ဘာ ၂၅၊ ၂၀၁၇

ပူးတွဲဓါတ်ပုံပါ ပုဒ်မ ၃၂၅ -


ဥပဒေက စည်ပင်ကို ပေးထားတဲ့ လုပ်ပိုင်ခွင့်က "နိုင်ငံခြားသင်္ဘောများမှ စွန့်ပစ်ပစ္စည်းများကို အခကြေးငွေယူ၍ လက်ခံခွင့်"။

မည်သို့သောစွန့်ပစ်ပစ္စည်းဟု ဥပဒေတွင် မကန့်သတ်ထား။ "ဤဥပဒေအရထုတ်ပြန်သောနည်းဥပဒေများက ခွင့်ပြုထားသည့် ပစ္စည်းများ" ဟူ၍လည်း မဖေါ်ပြထားပါ။ သို့ဖြစ်၍ အနုမြူလောင်စာသုံး သင်္ဘောများ၏ အနုမြူစွန့်ပစ်ပစ္စည်းများအထိ လက်ခံခွင့် ပေးထားသည်ဟု ယူဆနိုင်ပါသည်။ မြန်မာနိုင်ငံမှာ အနုမြူစွန့်ပစ်ပစ္စည်းမဆိုထားနဲ့ ဓါတုစွန့်ပစ်ပစ္စည်းတွေအတွက်တောင် သေချာတဲ့ code တွေ၊ Standard တွေ မရှိသေးပါဘူး။ အဲ့ဒီစွန့်ပစ်ပစ္စည်းတွေလက်ခံတဲ့အတွက် ဒေါ်လာငွေတွေရမှာက စည်ပင်၊ ဆိုးကျိုးကို ခံစားရမှာက ကျွန်တော်တို့လို ပြည်သူတွေ။

အဲ့ဒီပုဒ်မကို လုံးဝ ကန့်ကွက်ပါတယ်။ ပြည်သူတွေအတွက် အန္တရာယ် များလွန်း၊ ကြီးလွန်းလှပါတယ်။

ပုဒ်မတွင်ဖေါ်ပြထားပါသေးသည်။ "အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်ပါ သတ်မှတ်ချက်နှင့်အညီ အညစ်အကြေးသန့်စင်အဆောက်အဦကို ဆိပ်ကမ်းတွင်တည်ဆောက်ရန် အစိုးရ၏ ခွင့်ပြုချက်ရယူ၍ ဆောင်ရွက်နိုင်သည်" တဲ့။

ဥပဒေကြမ်းရေးသူတို့ "အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်ပါ သတ်မှတ်ချက်များ" ကို ဖတ်ရှုပြီးကြပါပြီလား။ ကျွန်တော်မထင်ပါ။ ဖတ်ပြီး၍ အပြည့်အဝ နားလည်သဘောပေါက်သည်ဆိုလျှင် အဆိုပါပုဒ်မကို ဤကဲ့သို့ ပေါ့ပေါ့တန်တန် ရေးမည်မဟုတ်ပါ။ အပြည့်အဝ နားလည်သဘောပေါက်လျက်နှင့် ဤပုဒ်မကို ယခုလို ခပ်လွယ်လွယ်ရေးထားသည်ဆိုလျှင် ဥပဒေကြမ်းရေးသူတို့၏ စေတနာသည် အလွန်ကြောက်ဘို့ကောင်းပါသည်။

ထပ်ပြောပါမည်။ ပြည်သူတစ်ယောက်အနေနှင့် ဤပုဒ်မကို လုံးဝ ဖြုတ်ပေးဘို့ တောင်းဆိုပါသည်။

မလိုအပ်ဘဲ စိတ်အနှောင့်အယှက်မပေးလိုသဖြင့် tag မလုပ်ထားပါ။ သို့သော် Dr. Aung Myint Maw ကဲ့သို့သော ပညာရှင်တို့၏ ဤပုဒ်မအပေါ် အမြင်ကိုလည်း အလွတ်သဘော သိလိုလှပါသည်။

Comments