ဗိုလ်သူရိန် ● သင်္ဘောသားတယောက် လစ်ဗာပူးမြို့သို့ အလည်တခေါက် - အပိုင်း (၁)

 ဗိုလ်သူရိန် ● သင်္ဘောသားတယောက် လစ်ဗာပူးမြို့သို့ အလည်တခေါက် - အပိုင်း (၁)
(မိုးမခ) နိုဝင်ဘာ ၇၊ ၂၀၁၇

ဒီတခေါက် သင်္ဘောက ကိုရီးယားကနေ စတီးပလိပ် သံပြား သံချောင်းတွေတင်လာပြီး ဥရောပဘက်ထွက်လာခဲ့ပါတယ်။ ပေါ်တူဂီ စပိန်နိုင်ငံတို့ရဲ့ဆိပ်ကမ်းတွေမှာ ကုန်တချို့ချပြီး နောက်ဆုံး လက်ကျန်ကုန်များကို အင်္ဂလန်နိုင်ငံ လစ်ဗာပူးမြို့  (liverpool) ဆိပ်ကမ်းကြီးမှာ ဆက်ချဖို့ ရောက်ရှိလာပါတယ်။

ကုန်းဘောင်မင်းဆက်များမှ စပြီး အင်္ဂလိပ် ကိုလိုနီလက်ထပ်အထိ အင်္ဂလန်ကို မြန်မာတွေလာရင် လစ်ဗာပူးဆိပ်ကမ်းအထိ သင်္ဘောစီးလာပြီး လန်ဒန်မြို့ကို ရထား ကားများနဲ့ ဆက်လက်ထွက်ခွာကြရပါတယ်။ တမြို့လုံးရဲ့  လမ်းအမည်တွေကလည်း ဆိပ်ကမ်းအမည်တွေသာများပေမယ့် ယခုအချိန်မှာတော့ လစ်ဗာပူးမြို့က ဘဏ်လုပ်ငန်းကိုအဓိကထားလုပ်လာတဲ့အတွက် ဆိပ်ကမ်းများမှာ၂၀ ရာစုနှောင်းပိုင်းကာလလောက် သင်္ဘောတွေအဝင်အထွက် မများတော့ဘူးလို့ သိရပါတယ်။

အင်္ဂလန်ကို သင်္ဘောကုန်သွားချမယ်ဆိုထဲက လန်ဒန်က BBC မှာ အလုပ်လုပ်ရင်း တဖက်မှာကျောင်းတက်နေတဲ့ ဘိုဘိုကို (စာရေးဆရာကြီး လူထုဦးလှ လူထူဒေါ်အမာတို့ရဲ့မြေး) ကြိုးတင်ချိတ်ထားလိုက်တယ်။ သူက လန်ဒန်ကိုလာစေချင်တယ်။ ဒါပေမယ့် ကျွန်တော်တို့ သင်္ဘောပေါ်မှာက အလုပ်ချိန် တနေ့ ၈ နာရီက ၄ နာရီစီ ခွဲလုပ်ရတဲ့အပြင် နားရက်ယူလို့မရပါဘူး။ နောက်ပြီးလစ်ဗာပူးကနေ လန်ဒန်ကို ရထားစီးရင် ၃ နာရီခွဲကားစီးရင် ၆ နာရီလောက်ကြာမှာဆိုတော့ ဘယ်လိုမှ အချိန်စွဲမရ တာနဲ့ ဘိုဘိုကိုပဲ လစ်ဗာပူးလာခဲ့ဖို့ ပြန်ပြောလိုက်ရတယ်။ သူကလည်း ကျောင်းချိန် အသံလွှင့်ချိန်က တဖက်နဲ့ဆိုတော့ သင်္ဘောကပ်ပြီး ၂ ရက်လောက်နေမှ လာနိုင်မယ်ပြောပါတယ်။ ကုန်ချတာက တပတ်လောက်ကြာမယ်ဆိုတော့ သူ့ကို စောင့်နေရင်း လစ်ဗာပူးမြို့ရဲ့  နာမည်အကြီးဆုံးကမ္ဘာကျော် လစ်ဗာပူးဘောလုံးအသင်းရဲ့ အန်ဖီးအားကစားကွင်းကို သွား ရောက်လေ့လာခဲ့ပါတယ်။

● အန်ဖီး (Anfield) ဘောလုံးကစားကွင်း
သင်္ဘောက ဆိပ်ကမ်းဆင်းခွင့်လက်မှတ် Show pass ရပြီဆိုတော့ Seaman club ကကားနဲ့ အကြိုအပို့ လစ်ဗာပူးမြို့ထဲကို လုပ်ပေးပါတယ်။မြို့ထဲကတဆင့် အန်ဖီးကွင်းကို Taxi ကားငှားပြီးသွားရပါတယ်။ ၂၀ မိနစ်လောက်ကြာတော့ ကမ္ဘာကျော် လစ်ဗာပူးအသင်းရဲ့ အန်ဖီဘောလုံးကွင်းကိုရောက်ပါတယ်။ ပွဲ ကစားရက် မဟုတ်ပေမယ့်လည်း လာရောက်လည်ပတ်သူများ စည်ကားနေတာကို တွေ့ရပါတယ်။ ကွင်းအပြင် အဆောက်အဦးထဲ ရောက်ရောက်ခြင်း Liverpool Football Club Museum ဆိုတဲ့ လစ်ဗာပူးအသင်းရဲ့ ပြတိုက် ဆိုင်းဘုတ်လမ်းညွှန်တွေ့တာနဲ့ အရင်ဝင်ကြည့်မယ်ဆိုပြီး အပေါ်ထပ်ကို တက်သွားလိုက် တယ်။ ပြတိုက် အပေါက်ဝရောက်တော့ဝန်ထမ်းတွေက လက်မှတ်ပြခိုင်းပါတယ်။ ကျွန်တော်တို့က အလကားဝင်ကြည့်လို့ရ တာ အောက်မေ့နေတာ။ ဒါနဲ့ ငွေပေးပြီး ဝင်မကြည့်တော့ဘူး။  ကွင်းထဲ သွားကြည့် ဓါတ်ပုံရိုက်ပြီးပြန်မယ်လို့ ပါလာတဲ့ သူ ငယ်ချင်းများနဲ့တိုင်ပင်ကာ အဲဒီဝန်ထမ်းကိုပဲ ကွင်းထဲ ဘယ်လိုသွားရလည်း မေးလိုက်ပါတယ်။ ဝန်ထမ်းက ကျွန်တော်တို့ကို သေချာကြည့်ပြီး သဘောပေါက်ကာ လမ်းညွှန်ပေးပါတယ်။

ခုနက တက်လာတဲ့နေရာကို ပြန်သွားပါ။ ဘယ်ဘက်ကို ဝင်လိုက်ပါ။ အဲဒိမှာ ကွင်းထဲဝင်လို့ရတဲ့ လက်မှတ်ရောင်းနေပါတယ်။ အဲလက်မှတ်နဲ့ဒီပြတိုက်ကို ပြန်လာကြည့်လို့လည်း ရပါတယ်လို့ သေချာရှင်းပြတော့ ရှက်လိုက်တာ ကိုရွှေတောသားတွေ။ ဆရာကြီးဦးအောင်သင်းပြောတဲ့ တဖြေးဖြေးနဲ့ အင်တာနေရှင်နယ်တောသားဖြစ်လာတယ်ဆိုတာ ဒါကို ပြောတာဖြစ်မယ် ထင်တယ်။ လက်မှတ်ရုံကိုရောက်တော့ ကိုယ်တွေလိုပဲ လက်မှတ်ဝယ်သူတွေတန်းစီလို့။ အလှည့်ရောက်တော့ဘယ်လက် မှတ်ဝယ်မှာလည်း မေးပါတယ်။ နောက်က ကပ်ထားတဲ့ ဆိုင်းဘုတ်ကို ဖတ်ကြည့်တော့ ကွင်းထဲမှာ နေတဲ့ကြာချိန်ပေါ်မူတည်ပြီး ဈေးပိုပေးရတာကိုး။ ဒါနဲ့ ဈေးအသက်သာဆုံး လက်မှတ်ကိုဝယ်လိုက်တယ်။ ဆယ့်ခုနှစ်ပေါင် ပေးရပါတယ်။

တစ်ပေါင်ကို မြန်မာငွေ ၁၆၅၀ လောက်ရှိတော့ ၃၀၀၀၀ နီးပါးလောက်ကျပါတယ်။ လက်မှတ်ရလို့ ကွင်းထဲတမ်းဝင်လို့ မရ သေးဘူး။ နောက် နာရီဝက်ကြာရင်ကွင်းရှေ့မှာ စောင့်နေဖို့ ပြောပါတယ်။ ယခုလိုအချိန် ပြတိုက်သွားရောက်ကြည့်ရှု့နိုင်ကြောင်း လမ်းပြန်ညွှန်ပါတယ်။ ဒါနဲ့ ပြတိုက်ဘက် ပြန်တက်ခဲ့ကြတယ်။

အဲဒီမှာ ရယ်စရာတစ်ခုပြောရဦးမယ်။ ကျွန်တော်တို့ လစ်ဗာပူးကိုရောက်ချိန်က နိုဝင်ဘာလကုန်ခါနီးပါ။ညဆို တအား အေး ပြီး နေ့ဘက်ဆို နေလို့ထိုင်လို့ကောင်းပေမယ့် အနွေးထည်တော့ ဝတ်ထားရပါတယ်။ အန်ဖီကွင်းရောက်တော့ အတူပါလာသူ သင်္ဘောသားလေးက အပေါ်က အနွေးထည်ပါပါလေးသာဝတ်ခဲ့ပါတယ်။ ပြတိုက်ထဲရောက်တော့ နောက်ကနေ ဝန်ထမ်း တစ်ဦးက မေတ္တာရပ်ခံတဲ့ စကားလာပြောပါတယ်။ သူတို့ကွင်းမှာ အခြားဘောလုံးအသင်းအင်္ကျီ မဝတ်ဖို့ပြောပါတယ်။ ကိုယ့် လူက အန်ဖီးတကွင်းလုံးပတ်သာလာရတာ ချမ်းချမ်းတုံတုံနဲ့ မန်ယူအနွေးထည် လက်ကကိုင်ပြီးတော့။ ဒါနဲ့ အမှတ်တရ အင်္ကျီဆိုင်မှာ ဝယ်ဖို့သွားတော့ မြန်မာငွေနဲ့ဆို အပေါ် Track အနွေးထည်တထည်ကို တစ်သိန်းခွဲလောက်ကြနေတော့ မဝယ် ဖြစ်တော့ပါဘူး။ အင်္ကျီဘယ်နိုင်ငံထုတ်လည်း လှန်ကြည့်တော့ အေးနေတာ ပိုအေးသွားတယ်။ Made in Myanmar တဲ့။ ထိုင်ဝမ် သူဌေးတယောက် ကိုယ်စားလှယ်ယူပြီး ဗီယပ်နန် တရုတ် မြန်မာနိုင်ငံက အထည်စက်ရုံတွေမှာ တဆင့် အော်ဒါပြန် ချုပ်ခိုင်းတယ်လို့ သိရပါတယ်။ မြန်မာပြည်ကို ဘာလို့တိုက်ရိုက်ကိုယ်စားလှယ်မပေးတာလည်း စဉ်းစားစရာ။ စီးပွားရေး ပိတ်ဆို့တယ်ဆိုတာ နိုင်ငံရဲ့အုပ်စိုးသူတွေကို တိုက်ရိုက်ထိတာမဟုတ်ဘဲ အလုပ်လက်မဲ့ဖြစ်နေကြတဲ့ ပြည်သူကိုသာ အထိ နာစေတယ်ဆိုတာ စစ်အာရှင်တို့ အသိတရားနောက်ကျခဲ့လေသလား။

လစ်ဗာပူးဘောလုံးအသင်းရဲ့ ပြတိုက်ထဲမှာက နာမည်ကျော်ကစာသမားတို့ရဲ့  အားကစားဝတ်စုံတွေ ဆုတံဆိပ်တွေ ဆုဖ လားတွေ တန်းစီ ပြထားပါတယ်။ နှစ်ပေါင်း ၁၀၀ နီးပါးရှိပြီဖြစ်တဲ့အသင်း စတင်တည်ထောက်ခါစထဲက အားကစား အသုံး အဆောင်များ ခေတ်အဆက်ဆက် အသင်းမန်နေဂျာပုံများ၊ အသင်းပိုင်ရှင် Boss ပုံများ၊ အားကစားလှုပ်ရှားမှုပုံများ တွေ့မြင်ရသလို လစ်ဗာပူး အသင်းရဲ့  ကစားခဲ့ပုံ ဂိုးတွင်းပုံများကိုပြသထားတဲ့ ရုပ်ရှင်ရုံ အသေးစားလေးကိုလည်း တွေ့ရှိရပါ တယ်။ နောက်ပြီး လစ်ဗာပူးအသင်းရဲ့နောက်ဆုံးရရှိထားတဲ့ ဆုဖလားကိုကိုင်ပြီး ဓါတ်ပုံရိုက်လို့ရပါတယ်။ ကိုယ့်ပုံရဲ့ တဖက် မှာ မိမိကြိုက်နှစ်သက်တဲ့ကစားသမားရဲ့ပုံကို Photoshop နဲ့ ထည့်ပေးပါတယ်။ ချက်ခြင်းရိုက် ချက်ချင်းထုတ် တပုံ ငါး ပေါင်ပေးရပါတယ်။

နာရီဝက်ပြည့်တော့ ကွင်းရှေ့ကို ပြန်ဆင်းလာခဲ့တယ်။ ဝင်ရောက်ကြည့်ရှုမယ့်သူ ၃၀ ကျော်လောက်တွေ့ရပါတယ်။ အမေ ရိက ဥရောပတိုက်ကသူတွေ တွေ့ရသလို အာရှက တရုတ် ဖိလစ်ပိုင်မလေးရှားနိုင်ငံက လူမျိုးတွေလည်း လာရောက်လည် ပတ်ကြတယ်။ လိုက်လံရှင်းပြမယ့်သူ Guide ရောက်ရှိလာပြီး ကွင်းထဲကို စတင်ခေါ်ဆောင်သွားပါတယ်။ အပေါ်လှေကားထစ် တွေကို တက်လိုက်တာနဲ့ လစ်ဗာပူးမြို့  လစ်ဗာပူးအားကစားအသင်းရဲ့ ကြိုးကြာနီ အမှတ်တံဆိပ် စတင်မြင်ရပါတယ်။ ပြီး တော့ ဓါတ်လှေကားနဲ့ ဆက်တပ်ရပါတယ်။ ''ကွာဘ'' ဆိုတဲ့စကားလုံးနဲ့ သုဝဏ္ဏကွင်းကို ခဏမေ့ထားပါတယ်။

ပထမဆုံးလိုက်ပို့တဲ့နေရာက ကွင်းအပေါ်ဆုံးပွဲကြည့်စင်အထက်က အရက်ဘားနဲ့ စားသောက်ဆိုင်တခုကိုပါ။ ငါတို့ကို အစားအသောက်ကျွေးမွေးတာလည်းပါဦးမှလား ကြံဖန် ငတ်ကြီးကျနေပါသေးတယ်။ လိုက်လံရှင်းပြသူက ဒီနေရာကနေ ဘောလုံးပွဲကြည့်လို့ရသလိုဆိုင်က အစားအသောက်တွေကို ကြိုက်တာမှာယူစားလို့ရတယ် ပြောပါတယ်။ တခုံကို တနှစ် စာ ပွဲစင်အတွက် ဝယ်ယူရမယ်။ ဘယ်လောက်ရှိမလဲ မေးပါတယ်။ တော်တော်များများက ဒေါ်လာ နှစ်သောင်းလောက် အထိပြောကြပါတယ်။ ရှင်းပြသူက ခေါင်းတငြိမ့်ငြိမ့်နဲ့။ ပြီးမှ သူက တခုံကို စတာလင်ပေါင် ၂၅၀၀၀ ပါ။ အနည်းဆုံး ၂ ခုံ ဝယ်ရမှာဖြစ်ပါတယ်။ မြန်မာငွေသိန်း ၄၀၀၀ ကျော်ပါ။ ကျွန်တော်လည်း အင်းကနဲသက်ပြင်းချကာ ခုံကို ခပ်တည်တည် ဝင်ထိုင်ပြီး ဓါတ်ပုံတော့ ရိုက်ခဲ့လိုက်တယ်။

ပြီးတော့ ဘောလုံးသမားတွေရဲ့ နားနေ စားသောက်ခန်းမကို လိုက်ပို့ပြန်ပါတယ်။ ပွဲရက်တွေမှာ ဘူဖေးအစားအသောက် စီစဉ်ပေးထားပြီး ကျောနံပါတ်အလိုက် ထိုင်ခုံတွေမှာ အမည်နဲ့တွဲရေးထားပါတယ်။ ဒီနေရာမှာ ကမ္ဘာပတ်လာတဲ့ကျွန်တော် ဂွမ်း တော့တာပါပဲ။ ကျွန်တော်က ဘောလုံးပွဲဆို ကိုယ့်ရွာနဲ့ သူများရွာ ကိုယ့်နိုင်ငံနဲ့ သူများနိုင်ငံကမ္ဘာ့ဖလားဆို Final ပွဲလောက်မှ ကြည့်တဲ့သူ၊ ဘောလုံးကို ဗဟုသုတတစ်ခုအဖြစ်သာ ကြည့်တက်တဲ့သူဆိုတော့ လစ်ဗာပူး အသင်းဆိုတာကြား
ဖူးတယ်၊ အဖြူနဲ့ အနီဝတ်စုံဆိုတာမြင်ဖူးတယ်လောက်ပါပဲ။ ဘယ်အသင်းက ဘယ်သူပါတယ်ဆိုတာ မသိဘူး။ ဘက်ခမ်းနဲ့ ဘရက်ပစ်တောင် တခါတလေမှားနေတာ။ ဒါနဲ့ အတူပါလာသူ သင်္ဘောအရာရှိလေးကို အသာလေးကပ်မေးလိုက်တယ်။ ဒီ အသင်းမှာ အခု နာမည်အကြီးဆုံးက ဘယ်သူလည်းလို့။ ဂျရက်တဲ့။ ဘယ်ရမလည်း ကိုယ်က အဲခုံလိုက်ရှာပြီး ထိုင်လိုက် သူများတွေလို ဓါတ်ပုံရိုက်လိုက်။

ဆက်လက်ပြီးတော့ ကွင်းထဲကို လိုက်ပို့ပါတယ်။ ထိုင်ခုံလေးတွေက သမ္မတရုပ်ရှင်ရုံကလိုအော်တို အနီရောင်ခေါက်ခုံလေး တွေနဲ့။ ကစားကွင်း မြက်ခင်းပြင်ကြီးက စိမ်းစိုနေသလို ဘေးပတ်လည်ကွင်းကြီးတစ်ခုလုံးက အနီရောင်ကို လွှမ်းနေပါတာ။ တကယ့် TV ပြင်မှာ တွေ့ရသလိုပါပဲ။ ထူးခြားတာတွေက အပေါ် ပွဲကြည့်စင်အပေါ်ကနေ နည်းပြထိုင်တဲ့နေရာ ကစားသမား ထိုင်တဲ့နေရာ အထိ ဘာမှ မကာထားပါဘူး။ သူတို့တွေ ရေသန့်ဘူးတွေ ဖိနပ်တွေမကြောက်ကြဘူးလား မသိ။ တခါတလေ ကွင်းထဲဝင်တဲ့ ပရိတ်သတ်တွေရှိတာ ဒါကြောင့်ကိုး။ နည်းပြကစားသမားထိုင်တဲ့ ထိုင်ခုံအထိ သွားထိုင်ကြည့် ကွင်းပတ် ကြည့်လို့ ရပေမယ့်ကစားကွင်း မြက်ခင်းစိမ်းပေါ်တော့ ဧည့်သည်များကို အဝင်မခံပါဘူး။ ပွဲနေ့မဟုတ်ပေမယ့် သန့်ရှင်းရေး ဝန်ထမ်းများက အမြဲအလုပ်လုပ်နေတာကို တွေ့ရပါတယ်။ ကစားကွင်းကြီး တခုလုံးကို ထိုင်ခုံပေါင်း ၅၄၀၀၀ ကျော်ရှိသလို ကစားပွဲနေ့မှာလည်း ခုံအပြည့် လူအပြည့်ပါပဲလို့ ပြောပြပါတယ်။ တစ်ခုံကို စတာလင်ပေါင် ၅၀ ပေးရပါတယ်။ မြန်မာငွေနဲ့ မြှောက်သာ ကြည့်ပေတော့။

စာရေးဆရာကြီးမောင်ထင်ပြောသလို ကျွန်တော်တို့နိုင်ငံက စကားတွေ ဝါဒဖြန့်တာတွေ အလံတရာလောက် ရှေ့ရောက် နေပြီး လက်တွေ့လုပ်ငန်း စီမံကိန်းတွေက မိုင်တရာလောက်မှာကျန်ခဲ့တယ်ဆိုသလိုမျိုး မြန်မာ့အားကစား အရှေ့တောင် အာရှ လွှမ်းရမယ်ဆိုတဲ့ဆောင်ပုဒ်ကစလိုက်ရင် အောက်ခြေပိုခိုင်မာမယ် ထင်ပါတယ်။ မြန်မာ့ အားကစား ဖွံ့ဖြိုးတိုးတက် ပါစေ။

ဆက်လက်ဖေါ်ပြပါဦးမည်။
ဗိုလ်သူရိန်
၎ ၁၁ ၂၀၁၇
ခေတ္တ နယူးကယ်လီတိုးနီးယား (New calidonia)

Comments